တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) ကို လက်မှတ် ရေးထိုး နိုင်ရန် အစိုးရနှင့် ညှိနှိုင်းနေဆဲ ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ဒီဇင်ဘာ ၁၃၊ ၂၀၁၆ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစောင် ထုတ်ပြန်လိုက်သည်။
UNFC ၏ ထုတ်ပြန်ချက် ကိစ္စ နှင့် လက်ရှိငြိမ်းချမ်းရေး အခြေအနေ ကိစ္စရပ်တို့ အပေါ်တွင် ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က UNFC ၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းနေမှု အခြေအနေကို ပြောပြပါဦး။
ဖြေ။ ။ ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့အတွက် ညှိနေဆဲပါပဲ ။ သူညှိ ကိုယ်ညှိနဲ့ ။ သူ့ဘက် ကိုယ့်ဘက် မအားလပ်တဲ့ အချိန်နဲ့ ဖြစ်နေတော့ အဆင်မပြေသေးဘူးဆိုတဲ့ သဘောပါ။ အစိုးရဘက်က အဆိုပြုထားတဲ့ ရက်တွေကို ကြည့်ပြန်တော့လည်း ကျနော်တို့ ဘက်က အဆင်မပြေ။ ကျနော်တို့ဘက်က အဆိုပြုတဲ့ ရက် တွေ ကျတော့လည်း အစိုးရဘက်က မအားမလပ် တိုက်ဆိုင်နေတော့ တဖြည်းဖြည်း ရွေ့နေတဲ့ သဘော တော့ ရှိတယ်။ ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေပါတယ်။
မေး။ ။ ဒီနေ့ UNFC က ထုတ်ပြန်ချက်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ် ကာလက ပေးခဲ့တဲ့ ကတိတွေ တည်ပေးဖို့ ဆိုပြီး ပါတယ်နော်။ ဘာ့ကြောင့် ထည့်သွင်း ပြောဆိုဖြစ်သလဲ ဆိုတာ ရှင်းပြပါဦး။
ဖြေ။ ။ ဆိုလိုတာကတော့ ရွေးကောက်ပွဲကာလတုန်းက NLD အနိုင်ရရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင်က ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အပေါ်မှာ ထားရှိတဲ့ NLD ရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရ ဖြစ်လာပြီးတဲ့နောက်မှာ အကောင်အထည် ဖော်ဖို့အတွက် ကတိ ကဝတ်တွေအတိုင်း လိုက်နာကျင့်ပြီး အကောင်အထည်ဖော်မယ်ဆိုရင် ကျနော်တို့ မြင်တာကတော့ ကောင်းတယ်။ ကျနော်တို့ဘက်က လက်ခံနိုင်ဖွယ်ရှိတယ်။ အားလုံးအောင်မြင်နိုင်တယ်ဆိုတဲ့ အခြေခံကို ကျနော်တို့ ပြောတာ ဖြစ်ပါတယ်။
တကယ်တမ်း NLD အစိုးရဖြစ်လာပြီးတဲ့ နောက်ပိုင်း သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က နည်းနည်း အခက် အခဲ ရှိနေတဲ့ အနေအထားကို တွေ့ရတယ်။ ဒါလည်း အနေအထားတခုအရ ကျနော်တို့ လက်ခံတယ်။ သို့သော် ဒီအခက်အခဲတွေကို ကျော်လွှားဖို့အတွက်က ကြိုးစားတဲ့အခါမှာ တဖက်တည်းနဲ့ မရဘူး။ အချင်း ချင်း ညှိနှိုင်းပြီး လမ်းစတွေကို အတူတကွ ရှာဖွေဖို့ လိုတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
ရှင်းရှင်းပြောရရင် ဒီလို ပြန်ဖော်ပြတာက ဒါတွေက ကောင်းတယ်။ ကျနော်တို့ဘက်က သဘောတူ လက်ခံ တယ်။ ဒါပေမယ့် ဒီအတိုင်းလုပ်ဖို့ကတော့ လိုအပ်တယ်ဆိုတာတွေကို ကျနော်တို့က Remind လုပ်တဲ့ သဘောပါပဲ ။
မေး။ ။ ရွေးကောက်ပွဲ မဲဆွယ်ကာလက တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး NLD က ပေးခဲ့တဲ့ ကတိစကားတွေ အများကြီးပဲ။ လက်ရှိမှာ အစိုးရဖြစ်လာတော့ အကောင်အထည်ဖော်မှုက ဘယ်လို မြင်ရသလဲ။
ဖြေ။ ။ အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးမှု အတွေ့အကြုံအရ ကျနော် ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ အစိုးရသစ်က မူဝါဒ အသစ်နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဘယ်လို သွားမယ်ဆိုတဲ့ ရှင်းရှင်း လင်းလင်း ချထားတဲ့ လမ်းကြောင်းကို သွားနေတယ်လို့ ကျနော် မခံစားရဘူး။ ဆိုလိုတာက ကျနော်တို့ NCA ကို အခြေခံပြီး လမ်းကြောင်း အဟောင်းကို ပြန်သွားနေတယ်ဆိုတဲ့ အနေအထားမျိုးကိုပဲ ကျနော် တွေ့ရပါတယ်။ ကျနော့်အမြင်ကတော့ အစိုးရက ဦးဆောင်နေတယ် ဆိုပေမယ့် နာမည်သာသာ ဦးဆောင် တဲ့ သဘောပဲ ဖြစ်ပြီး တကယ်တမ်း ထဲထဲဝင်ဝင် အနုစိတ်ကိစ္စရပ်တွေကို တိုင်ပင်ဆွေးနွေးညှိနှိုင်းတဲ့အခါမှာ အစိုးရဘက်က ထဲထဲဝင်ဝင် ပါမလာနိုင်သေးတဲ့ အခြေအနေ ရှိတာကို ကျနော် တွေ့ရတယ်။
ဒီတိုင်း ကျနော်တို့ ဆက်သွားရင်တော့ ဖြစ်စဉ်က နှောင့်နှေးနေဦးမှာပဲ။ အဲဒီတော့ အဆင်မပြေမှုတွေနဲ့ပဲ ကျနော်တို့ ကြိမ်ဖန်များစွာ ညှိနေရဦးမယ့် သဘောကို တွေ့နေရပါတယ်။ ကျနော်တို့ဘက်ကတော့ ဒီလို မဖြစ်စေချင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ မကြာမကြာ တွေ့တိုင်း ကျနော်တို့က ဖြစ်ပေါ်တိုးတတ်မှု မရှိလာရင် အကောင်အထည် မပေါ်လာရင် ကျနော်တို့က ပြည်သူလူထုကိုရော နိုင်ငံတကာကိုရော ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး တယောက်ကို တယောက် ဟန်ပြတွေ့ဆုံညှိနှိုင်းနေတဲ့ သဘောမျိုး သက်ရောက်မှာကို စိုးရိမ်ပါတယ်။
တကယ့်စိတ်ဆန္ဒမှန်ကန်တဲ့ သဘောရိုးနဲ့ ငြိမ်းချမ်းရေးကို လိုလားလို့လည်း ထဲထဲဝင်ဝင် ကြိုးပမ်း ဆောင်ရွက်ဖို့ အခက်အခဲရှိတဲ့ ကြားကလည်း ကြိုးစားနေတယ်ဆိုတာကို ဖော်ပြရုံတင် မဟုတ်ဘူး။ တကယ်တမ်းလည်း ကျနော်တို့ ကြိုးပမ်းနေတယ် ဆိုတာကို မြင်စေချင်လို့ပါ။
မေး။ ။ အခုငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အစိုးရသစ်အနေနဲ့ တပ်မတော်နဲ့ ညှိနှိုင်းမှုမှာ ခက်ခဲတာတွေ ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောနေကြတာတွေ ရှိတယ်။ အန်ကယ်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေကို နားလည်အောင် အစိုးရဘက်က သူ့အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုတာမျိုး ရှိလား။
ဖြေ။ ။ ပြောရရင်တော့ ကျနော်တို့ကို ပွင့်ပွင့်လင်းလင်းပြောတာမျိုးတွေ မရှိသေးပေမယ့်လို့ ကျနော်တို့ ယေဘုယျအားဖြင့် မြင်ကြည့်လို့ ရပါတယ်။ ကျနော်တို့လည်း အနေအထား တခုအရတော့ နားလည်ပေး နိုင်ပါတယ်။ သို့သော် ကျနော်တို့ နားလည်ပေးနိုင်ရုံ လောက်နဲ့တော့ တိုင်းပြည်တခုလုံး ရင်ဆိုင်နေရတဲ့ ပြဿနာကို ကျော်လွှားနိုင်ဖို့တော့ အဖြေမဟုတ်ဘူးဗျ။
အဓိက က NLD စည်းရုံးရေးကာလတုန်းက ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ဆောင်ပုဒ်ကလည်း အဓိပ္ပာယ်နဲ့ကို ပြောရရင် အတော်လေးကို နက်ရှိုင်းတယ်လို့ မြင်တယ်။ ပြည်သူလူထု တယောက်ချင်းစီ နိုင်ငံသား တဦးချင်းစီမှာ လည်း ပြောင်းလဲဖို့ လိုတယ်။ ကျနော်တို့ အမူအကျင့်တွေ ကိုလည်း ပြောင်းလဲဖို့ လိုတယ်။ ကျင့်ကြံမှုတွေကိုလည်း ပြောင်းလဲဖို့ လိုတယ်။ လုပ်ရပ်တွေကိုလည်း ပြောင်းလဲဖို့ လိုတယ်။ အခြေခံ စဉ်းစားမှ တစုံလုံးပြောင်းလဲမှုကို ရှေးရှုနိုင်မယ်လို့ မြင်ပါတယ်။
အခုလက်ရှိ NLD အစိုးရ ရင်ဆိုင်နေရတဲ့ ဖြတ်ကျော်ဖို့ ကြိုးပမ်းနေရတဲ့ အခက်အခဲကို ကျနော် ထင်တာတော့ အမြန်ဆုံး ကျော်လွှားနိုင်တယ်လို့ ထင်တယ်။ NLD အစိုးရ တခုတည်း အနေနဲ့တော့ ကျော်လွှားနိုင်ဖို့ အခက်အခဲရှိပါလိမ့်မယ်။ ကျနော်တို့က တစုံလုံးကို ခြုံပြီးတော့ ပြောင်းလဲနိုင်အောင် စပြောင်းလဲ ရမယ်လို့ ထင်ပါတယ်။
မေး။ ။ ရှမ်းမြောက်က ပဋိပက္ခတွေက အပြီးသတ် သွားပြီလို့ ပြောလို့ မရသေးသလို ကချင်ပြည်နယ် ထဲမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတော့ UNFC အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့က အကျပ်အတည်း ရောက်နေပြီလား။ ပွင့်ပွင့်လင်းလင်း ပြောပြပါဦး။
ဖြေ။ ။ ကျနော်တို့ကတော့ အကျပ်အတည်းရှိနေတယ်လို့ မထင်ပါဘူး။ ပြဿနာ ဆိုတာ အခုမှ ရှိနေတာ မဟုတ်ဘူးလေ။ ပြဿနာက ကြီးကြီး ငယ်ငယ် ရှိနေတာတော့ ရှိနေတာပဲ ဆိုတာက တိုင်းပြည် အတွင်းမှာ တကယ့် အရှိတရားပဲ ။ ဒါကို ကျနော်တို့ လက်ခံရမှာပဲ ဖြစ်တယ်။ ပြဿနာ တိုင်းအတွက် ကတော့ ဖြေရှင်းဖို့ လမ်းကြောင်းရှိတယ်လို့ ကျနော်တို့က ခံယူတယ်။ လမ်းစ မရှိဘူးဆိုတာကတော့ မဟုတ်ဘူး။ ရှိတယ်။ ပြဿနာတခုချင်းစီကို ရှင်းတိုင်လည်း ရှင်းရမယ်။ တစုံလုံးကို ပေါင်းပြီး ရှင်းဖို့ လိုရင် လည်း ရှင်းရမယ်ပေါ့။ နည်းလမ်းအသွယ်သွယ်နဲ့ အားလုံးစိတ်ရှည်လက်ရှည် နှစ်ဖက်စလုံးက သဘောတူ လက်ခံပြီး ညှိညှိနှိုင်းနှိုင်းနဲ့ အလွတ်သဘောရော တရားဝင်ပါ အချိန်အခါ မလပ် စွမ်းဆောင် ဆောင်ရွက်ဖို့ လိုတယ်လို့ ကျနော်ထင်ပါတယ်။ လုပ်နိုင်ရင်တော့ ရှိနေတဲ့ မြောက်ပိုင်းပဋိပက္ခတွေကိုလည်း တစုံ တရာ တစချင်းစီ၊ တစုံလုံး မဟုတ်ရင်တောင် တစချင်းစီ ပြေလျော့သွားစေနိုင်တယ်လို့ ခံယူထားပါတယ်။
မေး။ ။ UNFC က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တလျှောက်လုံးမှာ ပါဝင်လာတော့ သမ္မတဦးသိန်းစိန် လက်ထက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ လက်ထက် ၂ ခုမှာ အရင် MPC အခု NRPC တို့ ဖွဲ့စည်းပုံတွေ ကလည်း မတူတော့ အန်ကယ်တို့အတွက် ဆွေးနွေးရတာ ဘယ်မှာ ပိုအဆင်ပြေလဲ ။
ဖြေ။ ။ အတွေ့အကြုံအရပြောရရင်တော့ အစောတုန်းက ကျနော်ပြောသလိုပဲ။ NLD အစိုးရက ပုံစံ အသစ် ၊ နည်းလမ်းအသစ်တွေနဲ့ ဆွေးနွေးမှုတွေကို ကျနော်တို့က အပြောင်းအလဲ သဏ္ဍန်နဲ့ အဖြေရှာ ရင်တော့ အဆင်ပြေနိုင်မယ်လို့ ကျနော်တို့ မြင်တယ်။ ဒါပေမယ့် အခုက အစိုးရသစ်မှာလည်း လမ်းကြောင်း အသစ်နဲ့ သွားနေတဲ့ဟာမျိုး မဟုတ်တော့ အစိုးရဘက်က ဦးဆောင်နေတဲ့ အနေအထားမျိုး မတွေ့ရဘူး။ ကျနော်တို့ကို ပိုပြီးတော့ အချိန်ကို လင့်စေတယ်ပေါ့ဗျာ။ ဒါကို အခက်ခဲဆုံး ခက်ခဲတယ်လို့ မမြင်ပေမယ့် ကျနော်တို့ လမ်းကြောင်းမှန်ပေါ် မရောက်သေးဘူးလို့တော့ သုံးသပ်ချင်ပါတယ်။