ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က မဟာမိတ် စစ်ဆင်ရေး ပြုလုပ်ပြီးတဲ့နောက် ပြည်သူ့လွှတ်တော်နဲ့ ရှမ်းပြည်နယ် လွှတ်တော်တို့မှာ စစ်ဆင်ရေးပြုလုပ်တဲ့ မဟာမိတ် ၄ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ အဆိုတင်မှု၊ ဆုံးဖြတ်မှုတွေ ပြုလုပ်လာပါတယ်။ ပြည်သူ့လွှတ်တော်မှာက မှတ်တမ်းအဖြစ် ထားရှိခဲ့ပေမယ့် ရှမ်းပြည်နယ် လွှတ်တော်မှာတော့ အတည်ပြုခဲ့ပါတယ်။
ဒီလို ဆောင်ရွက်မှုတွေ ပြုလုပ်ပြီးတဲ့ နောက်ပိုင်းမှာ အစိုးရနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထားထားတဲ့ အဖွဲ့တွေ အပါအဝင် အစိုးရနဲ့ အပစ်မရပ်ရသေးတဲ့ အဖွဲ့အသီးသီးကလည်း အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ရန် ကြိုးပမ်းနေမှုများအား ဆန့်ကျင် ကန့်ကွက်မှုတွေကို အဖွဲ့အစည်း အသီးသီးက ဆက်တိုက် ထုတ်ပြန်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။
ထိုအကြောင်းအရာများ အပါအဝင် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေနဲ့ သဘောထား အမြင်တွေကို အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့ထဲက အင်အားအကြီးဆုံး အဖွဲ့တဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်း ထားပါတယ်။
မေး ။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မဟာမိတ် စစ်ဆင်ရေး ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ရှမ်းပြည်နယ် လွှတ်တော်က အကြမ်းဖက် အဖွဲ့တွေအဖြစ် သတ်မှတ်ပေးဖို့ ဆောင်ရွက်မှုတွေ ပြုလုပ်လာပြီးတဲ့နောက်မှာ အပစ်ရပ်အဖွဲ့တွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်တာကို တွေ့လိုက်ရပါတယ်။ ဒီလို ထုတ်ပြန်လိုက်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။
ဖြေ ။ ။ အခုက ကျနော်တို့ နိုင်ငံတော် အစိုးရကလည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်သင့်မြတ်ရေး ကိစ္စကို ကြိုးပမ်း ဆောင်ရွက်နေတာကိုး၊ နိုင်ငံရေးပေါ်လစီသဘောအရ အဲဒီလို ဆောင်ရွက်နေတယ်။ တချိန်တည်းမှာပဲ ဒါကို အကောင်အထည် ဖော်နိုင်ဖို့အတွက် အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ အဆင်သင့်မဖြစ်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပါလာနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်။
လက်နက်ကိုင် ပဋိပက္ခ ဖြစ်ခြင်းအားဖြင့်တော့ ဒီငြိမ်းချမ်းရေး တည်ဆောက်တာတို့ အမျိုးသား ပြန်လည် သင့်မြတ်တာတို့ကို ထိခိုက်မယ့် ဆောင်ရွက်မှုတွေပေါ့။ ဆိုလိုတာက တဘက်တည်းတော့ မကဘူး၊ နှစ်ဘက်ပေါ့။ လက်နက်ကိုင် ပဋိပက္ခနဲ့ပဲ ဒီနိုင်ရေးကို ရှင်းလို့မရဘူး။ နောက်တခုက တချို့တွေက လွှတ်တော်မှာ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်းတွေကို သတ်မှတ်မယ်ဆိုတဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေဟာ မဖြစ်သင့်ဘူးလို့ ကျနော်တို့ အဲသလိုမြင်တယ်။ ဒါက အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မယ့် ဆောင်ရွက်မှုတခုပဲလို့ ကျနော်တို့ မြင်တဲ့အပေါ်မှာ ကျနော်တို့ သဘောထားကို တင်ပြခြင်း ဖြစ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခမှာ မပါတဲ့အဖွဲ့တွေကျတော့ ဘာမှ တိုက်ပွဲမရှိလို့ ရှိရင်တော့ အပစ်အခတ်ရပ်စဲဖို့ ဆောင်ရွက်စရာ မလိုဘူးပေါ့။ ပစ်ခတ်တိုက်ခိုက်မှု ရှိတဲ့ ဒေသမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေမှာက အပစ်အခတ်တွေ ရပ်စဲဖို့ကို ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက်ကြောင့် နှစ်ဘက်စလုံးကို ကျနော်တို့ တိုက်တွန်းထားတယ်။ တွေ့ဆုံပါ၊ ဆွေးနွေးပါ။ နိုင်ငံရေး ဦးတည်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ် ဆိုတာကို တင်ပြခြင်း ဖြစ်ပါတယ်။
မေး ။ ။ အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေအပါအဝင် အခုမြောက်ပိုင်း မဟာမိတ်အဖွဲ့တွေနဲ့ အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးမယ့် အလားအလားတွေကိုရော ဘယ်လို ကြားသိထားတာများ ရှိမလဲခင်ဗျ။
ဖြေ ။ ။ ကျနော်တို့ သတင်းထဲမှာတော့ တွေ့လိုက်တာပေါ့။ တရုတ်ပြည်သွားတုန်းက တွေ့ဖို့အတွက်က မတွေ့ဖြစ်ဘူး။ ကျနော်တို့ အမြင်က တွေ့ဆုံမှုက တဘက်နဲ့တဘက် အမြင်ကို တွေ့ဆုံခြင်းအားဖြင့် ပိုမိုပြီးတော့ နားလည်မှုရှိတာပေါ့။ မတွေ့ဆုံတာက နားလည်မှုတွေ ပိုလွဲမှားမှာဖြစ်တယ်။ ကျနော် သိရသလောက်တော့ အစိုးရဘက်က အပစ်မရပ်ရသေးတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်လက် ညှိနှိုင်းဖို့အတွက်ကို သူတို့ သဘောထားရှိတယ်။ ဒါကို ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်။ တဘက်ကလည်း အစိုးရဘက်က ဒီလိုသဘောထား ရှိလို့ရှိရင်လည်း တွေ့ဆုံဆွေးနွေးရေး နည်းနဲ့သာ အဖြေရှာမယ်ဆိုတဲ့ သဘောထားကို လက်တွေ့ အကောင်အထည် ဖော်ရမှာပဲလို့တော့ အဲဒီလိုမျိုး မြင်ပါတယ်။
မေး ။ ။ မြောက်ပိုင်း မဟာမိတ် စစ်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာတဲ့ ရိုက်ခတ်မှု အပေါ်မှာရော ပြည်နယ် လွှတ်တော်တို့၊ ပြည်သူ့လွှတ်တော်တို့မှာ အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ဖို့ လုပ်ဆောင်လာတာတွေ ရှိလာတဲ့ အပေါ်မှာရော အများက သုံးသပ်နေကြတာက ၂၁ ပင်လုံ ဒုတိယအကြိမ်မှာ အပစ်မရပ်သေးတဲ့ အဖွဲ့တွေ ပါလာနိုင်ဖို့ ခဲယဉ်းသွားပြီးဆိုပြီး သုံးသပ်နေကြတယ်။ ဆိုတော့ အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေ ပါဝင်လာနိုင်ဖို့အတွက် အပစ်ရပ်ထားတဲ့ အဖွဲ့တွေအနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်မှုတွေ ပြုလုပ်သွားမလဲ။ လုပ်နေတာတွေရော ရှိနေလား။
ဖြေ ။ ။ ကျနော်တို့ အပစ်ရပ် လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးအတွက် တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်မှာပါတဲ့ အတိုင်းပဲ ကျနော်တို့က ဆောင်ရွက်ရမှာပဲ။ တဘက်ကလည်း ကျနော်တို့ လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့တွေ ပါလာနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေတာ အခုဆိုရင် နိုင်ငံရေး ဆွေးနွေးရေးမူဘောင် သုံးသပ်တဲ့ နေရာမှာလဲ သူတို့ကို ပါလာအောင်လည်း ညှိနှိုင်းခဲ့ပါတယ်။ သူတို့လည်း ပါလာခဲ့ပါတယ်။ အဓိကကတော့ NCA ကို လက်မခံတာထက် DPN ရပ်တည်ချက် အဆိုပြုချက် ၈-၉ ချက် ညှိနှိုင်းတဲ့အပေါ်မှာ အားလုံးပါဝင်ရေး ကိစ္စ၊ နောက်တခုကတော့ သူတို့ပြောနေတဲ့ သုံးပွင့်ဆိုင် ကိစ္စ၊ ဒါတွေက ဆက်လက် ညှိရမယ်ဆိုတော့ ကျနော်တို့ကတော့ သူတို့ပါစေချင်တာပေါ့။
မေး ။ ။ ဆိုတော့ အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေ ပါဝင်လာနိုင်ဖို့အတွက် ဆရာတို့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေအနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်မှုတွေ ရှိနေလဲခင်ဗျ။
ဖြေ ။ ။ အခုဖြစ်စဉ်ထဲမှာ သူတို့ပါလာနိုင်အောင် လုပ်တာပေါ့။ သို့သော်လည်းပဲ သူတို့ရဲ့ ဆုံးဖြတ်ချက်၊ သူတို့ အပေါ်မှာပဲ မူတည်တယ်ဗျ။ သူတို့တင်ပြတဲ့ ၈-၉ ချက် ညှိနှိုင်းလို့ ပြီးမှသာ သူတို့ Process ကို သွားမလား။ ငြိမ်းချမ်းရေး Process က နားလည်မှုနဲ့ လက်ခံမှုက တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ်မှာ အခြေခံပြီးတော့ သွားရမှာပဲ ဖြစ်တယ်။
လွန်ခဲ့တဲ့ အချိန်တုန်းကလည်း တချို့ အဖွဲ့အစည်းတွေက ပြောတယ် နိုင်ငံရေးပြဿနာ ရှင်းပြီးလို့ရှိရင် စစ်ရေးကလည်း ရှင်းသွားမယ်။ လက်တွေ့မှာ ကျနော်တို့ စစ်တိုက်ရင်းနဲ့ နိုင်ငံရေးဆွေးနွေးဖို့ လုပ်နေခြင်းဟာ တဘက်က အဟန့်အတား ဖြစ်တယ်ဗျ။ စစ်တိုက်လို့ရှိရင် စစ်ရေးအရ အနိုင်ရဖို့အတွက် ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့နေရာမှာ လုပ်သင့်တာ မလုပ်သင့်တာထက် လုပ်လာတဲ့ အပေါ်မှာ ဒါက ယုံကြည်မှုကို ပိုမိုပျက်ပြားစေတယ်ဗျ။
အခုဟာ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်နေတာက တဘက်နဲ့တဘက် ယုံကြည်မှု မရှိတဲ့အပေါ်မှာ တဘက်က ငြိမ်းချမ်းရေး ပြောပြီးတော့ တဘက်က စစ်ရေးအရ မငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်လို့ရှိရင် နားလည်မှုက ပိုမိုပြီးတော့ ကြာလာမယ်။ ပထမဆုံး အပစ်ရပ်နိုင်ဖို့အတွက် အစိုးရ ဆောင်ရွက်ရမယ်။ နောက်တခုကတော့ ဒီနိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ သွားရမယ်ဆိုတာ ဖြစ်လာမယ်။ ခုနပြောသလို (အပစ်မရပ်သေးတဲ့ အဖွဲ့တွေ) ပါလာနိုင်ဖို့အတွက် ကျနော်တို့ ဘယ်လို လုပ်သင့်သလဲဆိုတော့ NCA အပေါ်မှာ အခြေခံပြီးတော့ လုပ်ရမှာပဲ။ အခု နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာ ပါလာနိုင်ဖို့ အတွက်လည်း ညှိနှိုင်းရင်းနဲ့ ကြိုးပမ်းဆောင်ရွက်ယူရမယ်။
မေး ။ ။ မြောက်ပိုင်း မဟာမိတ်အဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ တပ်မတော်ဘက်က မဟာမိတ်အဖွဲ့တွေကို အကြမ်းဖက် သောင်းကျန်းသူ ဆိုတဲ့ အသုံးအနှုန်းမျိုး သုံးလာတယ်။ မဟာမိတ် အဖွဲ့ဘက်ကလည်း ရန်သူလို့သုံးတယ်။ ဒီလို အသုံးအနှုန်းမျိုးတွေဟာ နှစ်ဘက် ပြန်ပြီး တွေ့ဆုံ ဆွေးနွေးနိုင်မယ့် လမ်းစ ပိုပြီးဝေးကွာသွားစေမလား၊ ဆရာတို့အနေနဲ့ရော ဘယ်လိုမြင်လဲ။
ဖြေ ။ ။ စစ်ရေးအရှိန် မြှင့်လို့ရှိရင်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်တာပေါ့။ ငြိမ်းချမ်းရေး လုပ်ချင်သလား၊ မလုပ်ချင်ဘူးလား ဆိုတဲ့ အဖွဲ့အစည်းနဲ့ ပိုဆိုင်တယ်ဗျ။ ဒါပေမယ့် ငြိမ်းချမ်းရေး လိုလားတယ်ဆိုရင် စစ်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆိုတာတော့ ခက်တယ်ဗျ။ ကိုယ့်ရဲ့နိုင်ငံရေး လိုလားချက်အရ ကျနော်တို့က ငြိမ်းချမ်းရေး လိုလားပါတယ် ဆိုပြီးတော့ စစ်ရေးအရ အရှိန်မြှင့်လို့ရှိရင်လည်း ဒါက မသင့်တော်ဘူးလို့ ကျနော်မြင်တယ်။
တကယ် ငြိမ်းချမ်းရေး လုပ်ချင်ရင် တိုက်ပွဲတွေရပ်ပေါ့။ မတိုက်မခိုက်ကြနဲ့ပေါ့။ ပြီးလို့ရှိရင် အခြေခံပြဿနာတွေ ဆွေးနွေးပေါ့။ ဘာဖြစ်လို့ လက်နက်ကိုင် ပဋိပက္ခဖြစ်ရတာလဲ။ အစိုးရအဖွဲ့က လုပ်ရမှာဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကလည်း လုပ်ရမှာပေါ့နော်။ ငြိမ်းချမ်းရေးဆိုတာ ကိုယ်က ဘယ်သူ့အတွက် လုပ်နေတာလဲ။ ပြည်သူ့အတွက် အကျိုးရှိသလား။ အကျိုးမရှိဘူးလားဆိုတာ အခုကျနော်တို့ နိုင်ငံမှာ ငြိမ်းချမ်းရေး အကုန်လုံး ပြောနေကြတယ်ဗျ။ သို့သော်လည်း ငြိမ်းချမ်းရေး တည်ဆောက်ရင် ဘယ်လို တည်ဆောက်မလဲဆိုတဲ့ ငြိမ်းချမ်းရေး လိုလားမှုနဲ့ ဆောင်ရွက်မှုနဲ့ ဆောင်ရွက်ရမှာပဲ ဖြစ်တယ်။
ဘာပဲပြောပြော အစိုးရအတွက်လည်း ငြိမ်းချမ်းရေးဆိုတာ အရေးကြီးတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ငြိမ်းချမ်းရေးက အရေးကြီးတယ်။ အခု လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကလည်း ငြိမ်းချမ်းရေး၊ လက်မှတ်မထိုးတဲ့ အဖွဲ့တွေကလည်း ငြိမ်းချမ်းရေး၊ ပြည်သူလူထုကလည်း ငြိမ်းချမ်းရေး စစ်ပွဲ ရပ်ပါဆိုပြီးတော့တော့ တနိုင်ငံလုံးတော့ ပြောနေကြတာပဲဗျ။ လက်တွေ့ အကောင်အထည်ဖော်လို့ မရဘူးဆိုတာက ကိုယ့်ရဲ့ အတွင်းစိတ်မှာ ခံစားလာရတဲ့ ကြုံတွေ့တဲ့ အခက်အခဲ၊ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေက ဒီငြိမ်းချမ်းရေး လိုလားမှုနဲ့ စိတ်ရဲ့ စေ့ဆော်မှုက မတူလို့ရှိရင်တော့ ဒါက အကောင်အထည် ဖော်ဖို့တော့ ခက်တယ်ဗျ။
မေး ။ ။ လာမယ့် ၂၁ ပင်လုံ ဒုတိယအကြိမ်မှာ အပစ်ရပ် အဖွဲ့တွေဘက်က မျှော်မှန်းချက်က ဘာဖြစ်မလဲဗျ။
ဖြေ ။ ။ ကျနော်တို့က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ကြိုးစားနေတယ်။ အခုလာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာလည်း သဘောတူညီချက် တခုခုရအောင် ကျနော်တို့ ကြိုးစားဆောင်ရွက်မယ်။ ဒါကကျနော်တို့ လိုလားချက်လေ။ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာကို တောင်းဆိုတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေက တောင်းဆိုတာ။ အခုနိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ်ဆိုတော့လည်း ကျနော်တို့ လုပ်ဖြစ်အောင် ကြိုးစား ဆောင်ရွက်ရမှာပဲ။ အခုကတော့ အစိုးရဘက်ကလည်း လုပ်မယ်။ တပ်မတော် ဘက်ကလည်း ဒါကိုလုပ်မယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဘက်ကလည်း လုပ်မယ်ဆိုတော့ ကျနော်တို့ လာမယ့် ပထမဆုံး နိုင်ငံရေး ဆွေးနွေးပွဲမှာ အခု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကတော့ ဒီအစိုးရသစ် လက်ထက်မှာ ဒုတိယ အကြိမ်ပေါ့။ ဆုံးဖြတ်ချက် တခုခု ကျနော်တို့ ငြိမ်းချမ်းရေး သဘောတူညီချက် တခုခုတော့ ကျနော်တို့ ဆုံးဖြတ်နိုင်ဖို့ အကောင်အထည် ဖော်နိုင်ဖို့လည်း ကျနော်တို့ မျှော်လင့်တာပေါ့။ ဒါကိုလည်း ကျနော်တို့ လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေက ကြိုးစားပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နေကြတယ်။