ပုဂံဒေသကို ကမ္ကာ့အမွေအနှစ် စာရင်းဝင်နိုင်ရေးနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ပုဂံဘုရားများကို ရှေးမူမပျက် ပြုပြင်နိုင်ရန် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) မှ ပညာရှင်များက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် ပုဂံဘုရားများ ပြင်ဆင်ရန် လုပ်ဆောင်ရာတွင် UNESCO အနေနှင့် ကြုံတွေ့ရသည့် အခက်အခဲများ၊ ပုဂံဒေသ ကမ္ကာ့အမွေအနှစ် စာရင်းဝင်ရောက်ရေးအတွက် အဟန့်အတား ဖြစ်စေနိုင်သည့် အခြေအနေများအပေါ် UNESCO အဖွဲ့၏ မြန်မာနိုင်ငံ တာဝန်ခံ ဒေါ်ဥမ္မာမျိုးကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် သူဇာ က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ UNESCO အနေနဲ့ ငလျင်ကြောင့် ပုဂံဘုရားတွေ ပျက်စီးသွားတဲ့အခြေအနေမှာ ဘယ်လို အကူအညီပေးနေတာ ရှိပါသလဲ။
ဖြေ ။ ။ အရေးပေါ် ပြင်ဆင်မှုတွေကို ၂ လ အချိန်ယူပြီး ပြင်ဆင်ပြီးသွားပြီဆိုတော့ အခုက အသေးစိတ် ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့အတွက် ကျမတို့တွေ အခြေအနေ၂ မျိုးနဲ့ သတ်မှတ်ထားပါတယ်။ ပထမအခြေအနေ တခုကို အချိန်ကာလ ၂ နှစ် သတ်မှတ်ထားပါတယ်။ ၂ နှစ် အတွင်းမှာ ကျမတို့တွေ ရှေးဟောင်းတန်ဖိုး၊ ရှေးဟောင်း အနုပညာ တန်ဖိုး၊ သမိုင်း အထောက်အထား တန်ဖိုးတွေ ကြီးမားတဲ့ အပျက်အစီးများပြီးတော့ မြန်မြန်ပြန်ပြီး ပြုပြင်ထိန်းသိမ်းဖို့ လိုတဲ့ ရှေးဟောင်း အမွေအနှစ်တရားတွေကို ပြုပြင်ထိန်းသိမ်းဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒုတိယ အဆင့်ကို ၅ နှစ်လို့ သတ်မှတ်ထားပါတယ်။ ၅ နှစ်အတွင်းမှာ ပုဂံ ဧရိယာ တခုလုံးကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိဖို့ အတွက်ကတော့ ၅ နှစ်လောက် ကြာမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီလိုအဆင့်တွေ စနစ်တကျ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ဖို့အတွက် ကျမတို့အနေနဲ့ လမ်းညွှန်တွေ၊ လုပ်ငန်းအကောင်အထည် ဖော်ရမယ့် သတ်မှတ်ချက်တွေကို ယူနက်စကိုက ပညာရှင်တွေက ရေးဆွဲပေးနေပါတယ်။ အဲဒီအခြေအနေက အခု နောက်ဆုံး အဆင့်ကို ရောက်နေပါပြီ။ အဲဒါတွေ အကုန်လုံးကို အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို ရယူပြီးတဲ့အခါမှာ ဘယ်သူလာလာပြီးရော ပြင်ဆင်ထိန်းသိမ်းတာတွေကို ကူညီချင်တာပဲ ဖြစ်ဖြစ် ဝင်လုပ်ချင်တာပဲ ဖြစ်ဖြစ် ဒီလမ်းညွှန်နဲ့ သတ်မှတ်ချက်တွေအတိုင်းပဲ အားလုံးက စနစ်တကျ စီမံဆောင်ရွက်နိုင်အောင်လို့ စီစဉ်ထားပါတယ်။
မေး။ ။ UNESCO က ပုဂံဒေသကို ကမ္ကာ့အမွေအနှစ် စာရင်း ဝင်အောင် ဘယ်လို ကူညီဖို့ လုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ အခု ငလျင်ဖြစ်သွားတာက ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးနဲ့ ပတ်သက်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါကတော့ စီမံခန့်ခွဲရေးပေါ့နော်။ ကမ္ကာ့အမွေအနှစ် စာရင်းဝင်ဖို့ ဆိုရင် ဒီဆိုဒ်ကြီးက ဘယ်လောက် တန်ဖိုးရှိတယ်။ အခြားဘယ်နေရာနဲ့မှ မတူတဲ့ ထူးခြားတဲ့ တန်ဖိုးရှိတယ်ဆိုတဲ့အရာကို ပြရပါတယ်။ နောက်တခါ ဒီလောက်တန်ဖိုးရှိတဲ့ အရေးကြီးတဲ့ ဒီဆိုဒ်ကြီးကို ဘယ်လို စီမံခန့်ခွဲမလဲ၊ မပျောက်ပျက်အောင် ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ အုပ်ချုပ်မယ့်အပိုင်း ရှိပါတယ်။ ဒီငလျင်က သဘာ၀ ဘေးအန္တရာယ် ဖြစ်တယ်။ ဒါမျိုးက ကြုံနိုင်တယ်။ ဆောင်ရွက်လို့မရတဲ့ သဘာဝဘေးအန္တရယ်တွေ ဖြစ်လာတဲ့အခါမှာ ဘယ်လိုနည်းနဲ့ နိုင်ငံတော်အစိုးရ တာဝန်ယူပြီးတော့ စီမံခန့်ခွဲသလဲ။ လုပ်သား ပြည်သူတွေကလည်း ဘယ်လိုတာဝန်အသီးသီးနဲ့ ပူးပေါင်း ဆောင်ရွက် ကြသလဲ ဆိုတာကို ဖော်ပြနိုင်ဖို့အတွက်က ငလျင်ဖြစ်သွားတဲ့ ကိစ္စကလည်း အကောင်းဆုံးဥပမာ ဖြစ်သွားတဲ့အနေနဲ့ ကျမတို့ကလည်း စီမံခန့်ခွဲရေး အပိုင်းမှာ ထည့်သွင်းပြီးတော့ ဖော်ပြရမှာ ဖြစ်ပါတယ်။
မေး။ ။ အခု လက်ရှိအခြေအနေမှာ UNESCO ကူညီပေးနေတာက ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဘုရားတွေ ပြုပြင်ဖို့နဲ့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရေး တပြိုင်နက်ထဲ ဆောင်ရွက်နေတာလို့ ပြောလို့ရမလား။
ဖြေ။ ။ မှန်ပါတယ်။ ကျမတို့မှာ အခု အဓိက လုပ်ငန်းကြီး ၂ ခု ဖြစ်သွားတာပေါ့နော်။ အစတုန်းကတော့ ပုဂံဒေသကို ကမ္ကာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေး အဆိုပြုလွှာ တင်သွင်းနိုင်ဖို့အတွက်ရယ်၊ စီမံခန့်ခွဲရေးအပိုင်းကို တင်သွင်းနိုင်ဖို့ အတွက်ရယ် လုပ်ဆောင်နေတာပါ။ ဒါပေမယ့် အခု ငလျင်လှုပ်သွားတော့ ငလျင်နဲ့ ပတ်သက်ပြီး တော့လဲ စနစ်တကျ စီမံခန့်ခွဲနိုင်အောင် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း ကျမတို့က ယဉ်ကျေးမှု ဝန်ကြီးနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ယူနက်စကိုက လုပ်ငန်းကြီး ၂ ခု ဖြစ်သွားတာပေါ့။
မေး။ ။ UNESCO အနေနဲ့ ပုဂံဒေသက ဘုရားတွေ ပျက်စီးလို့ ပြုပြင်နိုင်ဖို့ ကူညီတဲ့အခါမှာ ဘယ်လို အခက်အခဲ တွေ့ရပါသလဲ။
ဖြေ။ ။ အခက်အခဲရယ်လို့ အများကြီးတော့ မရှိပါဘူ။ ဖိအားတော့ နည်းနည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာက ဗုဒ္ဓဘာသာဝင် တွေ ဖြစ်တယ်။ ဘုရားပုထိုး စေတီတွေ ပျက်စီးတယ် ဆိုတော့ အားလုံးက မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်ပြုပြင်ဖို့ စိတ်အားထက်သန်တာပေါ့နော်။ ပြန်လည် ပြင်ဆင်ချင်တဲ့ စိတ်ကလေးတွေ ရှိကြတာကို ကျမတို့က နည်းနည်းလေး စောင့်ပါဦး။ အချိန်အတိုင်းအတာ တခုလောက်ပဲ။ အကြာကြီး မဟုတ်ပါဘူး။ စောင့််ပြီး စနစ်တကျ ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် လမ်းညွှန်တွေ၊ သတ်မှတ်ချက်တွေ ပြီးမှပဲ ပြုပြင်ထိန်းသိမ်းတဲ့ အလုပ်တွေကို လုပ်ပါလို့ တင်ပြရတာမျိုးတွေ ရှိပါတယ်။
မေး။ ။ အဲဒီအရာတွေက ဘယ်လိုပုံစံမျိုး ဖိအားဖြစ်စေတာပါလဲရှင်။
ဖြေ။ ။ အဲဒါကတော့ ကျမတို့မှာ ဘာသာရေးဆိုင်ရာ သာသနာနဲ့ ပတ်သက်တဲ့ ဆရာတော်ကြီးများကနေ မြန်မြန်ပြင်စေချင်တာ၊ နောက်ပြီး အလှူရှင်တွေကနေ မြန်မြန်ပြန်ပြင်ဆင်ချင်တာပေါ့၊ ပြောပြတဲ့အခါမှာတော့ သဘောပေါက် လက်ခံကြတာ များပါတယ်။
မေး။ ။ လက်ရှိ UNESCO အနေနဲ့ ပုဂံဒေသကို ကူညီဖို့ အတွက် ထောက်ပံ့ငွေ ဘယ်လို သုံးစွဲသွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ယူနက်စကိုကတော့ အစကတည်းက နည်းပညာ အကူအညီပေးတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ထောက်ပံ့မှု ကတော့ အများကြီးနဲ့ ပေးနိုင်တာမျိုး မရှိပါဘူး။ ကန့်သတ်ချက်လေးတွေ ရှိပါတယ်။ ပုဂံဘုရား ပြုပြင်တာနဲ့ ပတ်သက်လို့ကတော့ အခုချိန်ထိ အများပြည်သူ ပါဝင်လှူဒါန်းထားတဲ့ ငွေတွေ အများကြီး ရှိပါတယ်။ အဲဒါတွေနဲ့လည်း ပုဂံဒေသ ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော် အစိုးရအနေနဲ့ကလည်း ဘတ်ဂျက်ကတော့ အများကြီးလိုလိမ့်မယ်လို့ ကျမ မထင်ပါဘူးရှင့်။
မေး။ ။ ပုဂံဒေသအနေနဲ့ ကမ္ကာ့အမွေအနှစ် စာရင်းဝင်ဖို့အတွက် ဘယ်အရာတွေက အဟန့်အတားဖြစ်နေတယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ အဟန့်အတားရယ်တော့ မရှိပေမယ့် ဖြေရှင်းရမယ့် ကိစ္စတွေတော့ ရှိပါတယ်။ ဥပမာ ဇုန်နယ်နိမိတ် ပြန်လည် သတ်မှတ်ရေးပေါ့။ ဘယ်နေရာတွေကိုတော့ အမွေအနှစ်ဇုန် အဖြစ် သတ်မှတ်မယ်။ ဘယ်နေရာတွေ ကိုတော့ ကြားခံဇုန် အဖြစ် သတ်မှတ်မယ်ဆိုတာတွေကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ကနေပြီးတော့ သတ်မှတ် ပေးဖို့ လိုအပ်နေပါသေးတယ်။ ဆိုဒ်တခုကို စီမံခန့်ခွဲတဲ့နေရာမှာ သူ့ရဲ့ သတ်မှတ်နယ်နိမိတ်၊ အတိအကျ သိပြီးတဲ့အခါမှ ဒါကို စနစ်တကျ စီမံခန့်ခွဲလို့ ရနိုင်မှာပါ။ အခု ကျမတို့ ယူနက်စကိုဘက်ကတော့ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် စတဲ့ ကမ္ကာ့အမွေအနှစ်သတ်မှတ်ရာ ဇုန်တွေကလွဲပြီး ကြားခံနေရာတွေ မှာတေ့ာ ကန့်သတ်ချက်တွေ အများကြီး မရှိတော့ဘူးပေါ့။ လေထုညစ်ညမ်းစေတာတို့ အမြင်ပုံရိပ်ကို အနှောင့်အယှက် ဖြစ်စေတဲ့ ဂေဟစနစ်နဲ့ ဆန့်ကျင်ပြီး မဆောက်ဖို့၊ ဓာတုစက်ရုံတွေ၊ ဓာတ်မြေသြဇာ စက်ရုံတွေ၊ ဘိလပ်မြေစက်ရုံတွေ မဆောက်ဖို့တို့ ကြားခံသတ်မှတ်ထားတဲ့ ဇုန်တခု လုပ်ပေးဖို့ ဆိုပြီးတော့ ကျမတို့က အဆိုပြုတင်ပြထားတာ ရှိပါတယ်။ အဲဒီအတွက်ကို အစိုးရဘက်ကနေပြီး သဘောတူညီချက်ရဖို့ စောင့်နေပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်လောက်က ပုဂံဒေသကို ကမ္ကာ့အမွေအနှစ် စာရင်းဝင်ဖို့ အဆိုတင်ဖူးတယ်လို့ သိရပါတယ်။ အဲဒီတုန်းက ဘယ်အချက်တွေကြောင့် ပျက်ပြယ်သွားရတာပါလဲ။
ဖြေ။ ။ ၁၉၉၄ ခုနှစ်တုန်းက ကမ္ကာ့အမွေအနှစ် စာရင်း တင်တုန်းက ၂ လမ်းသွား လမ်းမကြီးနဲ့ ဂေါက်ကွင်းကို ထောက်ပြပြီးတော့ ပယ်ချခဲ့တာတော့ မဟုတ်ဘူး။ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေနဲ့ ၂ လမ်းသွား လမ်းမကြီးနဲ့ ဂေါက်ကွင်းက သိပ်ပြီး မဆီလျှော်တဲ့ အခါမှာ ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတဲ့ စီမံခန့်ခွဲရေး အစီအစဉ်ကို ပြန်တောင်း တာပါ။ အဲဒီတုန်းက မြန်မာနိုင်ငံအစိုးရ ဘက်ကနေပြီး ကမ္ကာ့အမွေအနှစ် စာရင်းတင်တဲ့အခါမှာ စီမံခန့်ခွဲရေး အစီအစဉ်ကို သေချာစွာ မတင်ပြနိုင်ခဲ့တဲ့ အတွက် စီမံခန့်ခွဲရေး အစီအစဉ်ကို သေချာစွာ တင်ပြနိုင်ဖို့ရယ် နောက်ပြီးတော့ ဒီလို ဖွံ့ဖြိုးလာတဲ့ အနေအထားတွေကို ဘယ်လို ထိန်းသိမ်းကြပ်မတ်မလဲဆိုတဲ့ ယဉ်ကျေးမှု အမွေအနှစ်များ စောင့်ရှောက်ရေး ဥပဒေ တွေ ထွက်နိုင်ဖို့အတွက်ကို ယူနက်စကိုက အကြံပြုပြီး တင်ပြခဲ့တာပါ။
အဲဒါက ပယ်ချခဲ့တယ်လို့ မဆိုလိုပါဘူးရှင့်။ ဆက်ပြီးတော့ ဒီစီမံခန့်ခွဲရေးနဲ့ ပတ်သက်တာရယ်၊ ဥပဒေနဲ့ ပတ်သက်တာ တွေကို ထပ်မံပြီးတော့ တင်ပြဖို့ တောင်းဆိုခဲ့တာပါ။ ဒါပေမယ့် လူတွေက ဒါကို မှားယွင်းပြီးတော့ ယူနက်စကိုက ပယ်တယ်လို့ ပြောနေတာပါ။ ယူနက်စကိုက ပယ်တာ မဟုတ်ပါဘူး လိုအပ်တဲ့ အချက်တွေကို ထပ်တောင်းတာပါ။ နားလည်မှု လွဲတာပဲ ဖြစ်ဖြစ် ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် နိုင်ငံတော် အစိုးရဘက်က အရင်အစိုးရတုန်းက အဲဒီအခြေအနေကို ပြန်လည်တင်ပြခဲ့တာ မရှိခဲ့တဲ့အတွက်ကြောင့် ဒီအမွေအနှစ်ကို တင်တဲ့အစီအစဉ်က ရပ်ဆိုင်းသွားရတယ်။ တန့်သွားခဲ့ရပါတယ်။
မေး။ ။ UNESCO သတ်မှတ်ချက်တွေအရ ပုဂံဒေသမှာ ဘယ်လိုအချက်တွေ ကိုက်ညီမှု ရှိပါသလဲ။
ဖြေ။ ။ ဒီနေရာက ကမ္ကာပေါ်မှာ တနေရာပဲ ရှိတယ်။ အခြားနေရာနဲ့ မတူဘူး။ ဒါတွေမှာ လူသားတွေထဲမှာ ဘယ်လို တွေ ဖြစ်ပေါ်လာလဲ။ နောက်ပြီး ယဉ်ကျေးမှုတွေမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့နေရာမှာ ဘာတွေ ထူးခြားတာတွေ ရှိသလဲ။ နောက်ပြီးတော့ ဒီလိုမြို့ပြအိမ်ယာတွေ ဖွံ့ဖြိုးလာဖို့အတွက် ဘယ်လိုအခြေခံ အချက်တွေ ရှိလဲ၊ ဒီဒေသရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေက ဆက်ပြီး ရှင်သန်ဖွံ့ဖြိုးနေပြီးတော့ ဒီရှေးဟောင်း ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်း ဘယ်လို အဆက်အသွယ်တွေ ရှိသလဲ စတဲ့ အချက်တွေကို အခြားနေရာများနဲ့ မတူဘဲ ထူးခြားထင်ရှားတဲ့ ဘာအချက်တွေရှိလဲဆိုတာကို တောင်းဆိုတာပါ။ ပုဂံအတွက်ကတော့ ယူနက်စကိုက သတ်မှတ် ထားတဲ့ အချက် ၆ ချက်လုံး ရှိပါတယ်။ ဒါပေမယ့် အဲဒီအချက်တွေ အားလုံးကိုသာ ထည့်သွင်း ဖော်ပြခဲ့မယ်ဆိုရင် သူ့အနောက်က လိုက်ရမယ့် ထောက်ပံ့စီမံရမယ့် အခြေအနေတွေ အများကြီး ရှိလာနိုင်ပါတယ်။ အဲဒီအခါကျတော့ ယဉ်ကျေးမှု ဝန်ကြီးဌာနဘက်ကရော ယူနက်စကိုဘက်က ပညာရှင်တွေကရော ၃ ချက်လောက်ကို ရွေးပြီးတော့မှ သေသေချာချာ ထိထိရောက်ရောက် တင်ပြနိုင်ဖို့အတွက် ဆွေးနွေးပြီးတော့ ရေးသားနေကြတာ ဖြစ်ပါတယ်။
မေး။ ။ ရွာတွေနဲ့ အိမ်တွေကိုရော ပြောင်းရွှေ့ဖို့ လိုအပ်ပါသေးလား။
ဖြေ။ ။ ဒေသခံတွေကတော့ ပြောင်းရွှေ့ဖို့ မလိုအပ်ပါဘူး။ ပုဂံဘုရားတွေနဲ့ အနီးတဝိုက်မှာ ရှိတဲ့ ရွာတွေဟာ ပုဂံခေတ်ကတည်းက ရှိခဲ့တဲ့ ရွာတွေ ဖြစ်ပါတယ်။ ပုဂံဒေသက လူတွေနဲ့ ယဉ်ကျေးမှုနဲ့ အတူ ရှိခဲ့တာ အစဉ်အလာ ဖြစ်နေပါပြီ။ ကျမတို့က ဒီလိုမြို့တွေ၊ ရွာတွေကို ရွှေ့ပြောင်းဖို့ အစီအစဉ် လုံး၀ မရှိပါဘူး။ သို့သော် မြို့တွေက လူဦးရေက တိုးတက်လာတဲ့အခါမှာ ဒီမြို့တွေ ရွာတွေက ချဲ့ရတော့မယ် ဆိုတဲ့အခါမှာတော့ သူတို့က အမွေအနှစ်တွေ အနားကို နီးကပ်သွားမှာ စိုးရိမ်တဲ့အတွက် မြို့တွေ၊ ရွာတွေကို ချဲ့လို့ မရတော့ဘူး ဆိုတဲ့အတွက် မြို့သစ် ရွာသစ်တွေကို ဖော်ထုတ်ပေးဖို့အတွက် အစိုးရကို အကြံပြုထားတာ ရှိပါတယ်။ အခု လက်ရှိ လူတွေကတော့ ဒီလို ပြောင်းစရာ မလိုဘူး။ သို့သော်လည်း ဆက်ချဲ့ချင်တယ်ဆိုရင် မြို့အသစ်မှာ သွားရမှာပါ။
မေး။ ။ UNESCO အနေနဲ့ ဖြည့်စွက် ပြောချင်တာများ ရှိရင် ပြောပေးပါဦးရှင်။
ဖြေ။ ။ နိုင်ငံတော် အစိုးရပိုင်းက စီမံခန့်ခွဲရေး အပိုင်းမှာ ထိထိရောက်ရောက် ဆောင်ရွက်ပေးပြီးတော့ ပြည်သူ လူထု အပိုင်းက ဒီကမ္ကာ့အမွေအနှစ်ဒေသကို သိရှိနားလည်ဖို့ပါ။ အဓိကက ပုဂံဆိုတာ မြန်မာတင်မက ကမ္ဘာမှာပါ တနေရာထဲ ရှိတဲ့နေရာပါ။ ဒီလောက်တန်ဖိုးရှိပြီး ထင်ရှားတဲ့ နေရာလေးကို မပျောက်မပျက်သွားအောင် အားလုံးက အသိရှိရှိနဲ့ ဝိုင်းဝန်းကူညီကြဖို့ ကျမတို့ မျှော်လင့်ပါတယ်။