ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒီမိုကရေစီ အသွင် ကူး ပြောင်းမှုဟာ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရပြီး ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းပြည် စီးပွားရေး အခြေအနေတွေနဲ့ အစိုးရ အခက်အခဲတွေ ဖြစ်နေချိန်မှာပဲ ရခိုင်အရေးလို ကိစ္စရပ်တွေနဲ့ မြောက်ပိုင်း တိုက်ပွဲတွေကြောင့် မြွေပူရာ ကင်းမှောက် ဆို သလို အကြပ်အတည်း မျိုးစုံနဲ့ ရုန်းကန်နေရဆဲပါ။
ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ရခိုင် အမျိုးသား ပါတီ(ANP)က ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ်၊ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဦးလှစောကို ဧရာဝတီ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက အောင်မြင်နိုင်ပါ့မလား။ ဘယ်လို စိန်ခေါ်မှုမျိုးတွေနဲ့ ရင်ဆိုင် နေရလဲ။
ဖြေ။ ။ စိန်ခေါ်မှုတွေကတော့ ပိုကြီးလာတယ်လို့ မြင်တယ်။ ကျနော်တို့ မထင်မှတ်ဘဲနဲ့ ရခိုင်မှာ ပေါက်ထွက်သွားတဲ့ ပြဿနာမျိုးပေါ့။ ၂၀၁၂ တုန်းကတော့ ပြဿနာဖြစ်တယ်ပေါ့ဗျာ။ အခုဟာက နိုင်ငံတကာနဲ့ ဆက်စပ်ပြီးတော့ အကြမ်းဖက် သမားတွေပါ ဆက်နွယ်လာတဲ့ အခါကျတော့ ဒီပြဿနာက အစိုးရသစ်အတွက် အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုပဲ။ အကိုင် အတွယ် မတတ်ဘူးဆိုရင် မွတ်စလင် အုပ်စုတွေရော၊ တခြား အာဆီယံ နိုင်ငံတွေကလည်း ဝိုင်းအုံလာကြမှာပဲ။ ဒါလည်း စိန်ခေါ်မှုတခုပဲ။
နောက်ပြည်တွင်းမှာဆိုရင် လူတွေကတော့ အပြောင်းအလဲတခုကို မျှော်လင့်တယ်ပေါ့ဗျာ။ ဒါပေမယ့် ပြည်သူတွေရဲ့ လူမှု ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်နိုင်မှုက အားနည်းတယ်နော်။ အဲဒီအပိုင်းတွေ ရှိတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့အပိုင်းကို ပြောရင်လည်း ဦးသိန်းစိန်လက်ထက်မှာ တစုံတရာ တိုးတက်မှုလေးတွေ ပြခဲ့တယ်။ အခု ကျတော့ အခြေအနေက ပိုဆိုးလာတယ်နော်။ အခြေအနေတွေက ပိုတင်းမာလာနေတယ်နော်။
လက်ရှိအစိုးရကတော့ တရားဝင် ဒီမိုကရက်တစ် ဖက်ဒရယ် နိုင်ငံတော်ကြီးကို တည်ဆောက်မယ်လို့ ပြောတယ်။ ဒါပေမယ့် ဖက်ဒရယ်ရဲ့ အငွေ့အသက်လေးတောင် မခံစားရဘူး ဆိုတော့ ပြည်နယ်တွေက ဗဟိုအစိုးရအပေါ်မှာ အားမလို အားမရ တွေ ဖြစ်နေရတယ်။ ပြဿနာတွေရော၊ စိန်ခေါ်မှုတွေရော တော်တော်ကြီးတယ်။
မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်ဘဲနဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို သွားလို့ ရမယ် ထင်လား။ တခြား နည်းလမ်းတခုခု ရှိဦးမလား။
ဖြေ။ ။ အရင်က တိုင်းရင်းသား ပါတီတွေရော၊ NLD ရော ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ တွန်အားပေးခဲ့ကြတယ်။ ၈၈ အင်အား စု တွေလည်း လုပ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ အဲဒီအသံကြီးက တိတ်သွားတယ်။ တိတ်သွားပြီးတော့ ပုံစံက ၂၀၀၈ ဖွဲ့စည်း ပုံ ကို လွှတ်တော်ထဲက မပြင်တော့ဘဲနဲ့ လမ်းကြောင်းပြောင်းသွားတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်။ ငြိမ်းချမ်းရေး ညီလာခံ လုပ်မယ်။ ငြိမ်းချမ်းရေး ညီလာခံကနေ ထွက်လာတဲ့ အချက်အလက်တွေကို ဖွဲ့စည်းပုံ ပြောင်းဖို့ ဆိုပြီးတော့ လွှတ်တော်ထဲကို တင်မယ်။
သွားမယ့် လမ်းကြောင်းက လှပေမယ့် လွှတ်တော်ထဲက ၇၅ ရာခိုင်နှုန်းအထက်ရရင် ပြင်နိုင်မယ့် လမ်းကြောင်းထက်ကို ပိုရှုပ်ထွေးနေတယ်။ လွှတ်တော်ထဲကနေ အတည်ပြုမယ်။ အတည်ပြုပြီးတော့ Direct ပြောင်းမယ်။ ဖြစ်စဉ်လေးကတော့ လှတယ်။ ဒီဖြစ်စဉ်ထဲမှာ တပ်လည်း ပါတယ်။ အစိုးရလည်း ပါတယ်။ တိုင်းရင်းသားပါတီလည်း ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းလည်းပါတယ်။ ဒီက ထွက်လာတဲ့ရလဒ်က လွှတ်တော်ထဲရောက်ရင် ချောချောမွေ့မွေ့ ဖြစ်သွားမယ်။ ပုံစံက လှပေမယ့် သွားရမယ့် လမ်းကြောင်းက အဆင့်တွေ များနေတယ်။
လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းကျော်ရင် ပြင်နိုင်မယ့် အနေအထားက တပ်မတော်ရဲ့ နည်းနည်း သဘောထားကြီးရင် ရ သွား နိုင်တယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ကြီးကိုကျတော့ ဖြတ်သန်းဖို့ဆိုတာ မလွယ်ဘူး။ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တပ် မတော်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကြားထဲမှာတောင်မှ Agreement တွေတောင် မရဘူးဆိုတော့ ဇာတ်လမ်းကို မစနိုင်သေးတာ။ ဇာတ်လမ်းကလည်း ၂ ဆင့်၊ ၃ ဆင့် ရှိနေတာ။
လွှတ်တော်က ဦးသိန်းစိန် အစိုးရလက်ထက်မှာလို လူထုတွန်းအားနဲ့ပြောင်းဖို့ အရှိန်ရှိနေတာ။ အဲဒီအရှိန်က လျော့ပြီးတော့ လမ်းကြောင်းအလွဲကြီးကနေ သွားသလို ဖြစ်နေတယ်။
မေး။ ။ ဒီလိုပုံစံဆိုရင်တော့ အခု အစိုးရသက်တမ်းမှာ ဖွဲ့စည်းပုံပြင်နိုင်ရေးက မလွယ်လောက်သေးဘူး။ အချိန်တော်တော် ယူရဦးမှာပေါ့။
ဖြေ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ သွားမယ်ဆိုရင်တော့ မထင်ဘူး။ ၂ ဖက်စလုံးက သဘောထားကြီးကြီးနဲ့ နွေးနွေးထွေးထွေး ဆွေးနွေးကြမယ်။ ပြည်တွင်းစစ်ကြီး လုံးဝ ရပ်သွားမယ်ဆိုရင်တော့ စစ်ပွဲရပ်လိုက်တာနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေက ဖြစ်လာ နိုင်တယ်။ ဆွေးနွေးပွဲတွေ ဖြစ်လာရင်တော့ အဖြေတခုက ထွက်မှာပဲ။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဗမာပြည်သူတွေနဲ့ တိုင်းရင်းသားတွေဟာ အပြောင်းအလဲအတွက် NLD ကို မဲထည့်ခဲ့ကြ တယ်။ ဒါပေမယ့် လက်တွေ့မှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားတွေထက် တပ်မတော်နဲ့ ပိုပြီး နီးစပ်သွားတယ်ဆိုတဲ့ အမြင်မျိုးတွေ ရှိလာကြတော့ အဲဒီအချက်ပေါ်မှာ သဘောတူလား။
ဖြေ။ ။ တပ်မတော်နဲ့ ပိုနီးစပ်သွားလားဆိုတာတော့ အသေးစိတ် မသိနိုင်ဘူး။ ဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲ မြောက်ပိုင်း စစ်ပွဲ မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကြားထဲမှာ သဘောက တထပ်တည်း ကျသလား၊ ကွဲလွဲမှုတွေ ရှိသလား။ တပ်မတော်ကို ဟန့်တားပြောဆိုမှုတွေ ရှိသလားဆိုတာလည်း ကျနော်တို့ ပွင့်ပွင့်လင်းလင်း မသိရဘူး။
တခုတော့ ရှိတာပေါ့။ မြောက်ပိုင်းစစ်ပွဲ ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေ ဘက်ကတော့ ဒေါ်အောင်ဆန်း စုကြည် အပေါ်မှာ အားမလို အားမရ ဖြစ်တဲ့အပိုင်းတွေက အများကြီး။
နောက်တချက်က အစိုးရသစ် ဖွဲ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဖက်ဒရယ် နိုင်ငံ တည်ထောင်ဖို့ဆိုတဲ့ တပ်ပေါင်းစု မဟာမိတ်ပေါ့လေ။ NLD ဦးဆောင်ပါ။ NLD ရဲ့ ဦးဆောင်မှုအောက်မှာ နွေးနွေး ထွေးထွေး ချစ်ချစ်ခင်ခင်နဲ့ တန်းတူရည်တူနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ပြီး သွားမယ့် ပုံစံက မတွေ့ရဘူး။
NLD ကလည်း Landslide နိုင်သွားတဲ့အခါကျတော့ မွန်ပြည်နယ်မှာရှိတဲ့ NLD ၊ ချင်းပြည်နယ်မှာ ရှိတဲ့ NLD တွေဆိုတာ သူ့ဒေသက တိုင်းရင်းသားတွေကို ကိုယ်စားပြုတယ်ထင်ပြီးတော့ အဲဒီလိုလုပ်တဲ့ အခါကျတော့ နိုင်တဲ့ တိုင်းရင်းသား ပါတီ တွေနဲ့ရော မနိုင်တဲ့ တိုင်းရင်းသား ပါတီတွေနဲ့ရော NLD ကြားထဲမှာ နားလည်မှုတွေ၊ ကွာဟမှုတွေ များသွားတယ်။
မေး။ ။ NLD က ကြွေးကြော်ထားတဲ့ အမျိုးသား ရင်ကြားစေ့ရေးမှာ တိုင်းရင်းသား ရင်ကြားစေ့ရေးကိုတောင် မလုပ်နိုင် သေး ဘူးလို့ ပြောချင်တာလား။
ဖြေ။ ။ ကျနော်တို့ ရခိုင်မှာ NLD လည်း တချို့နေရာတွေမှာ နိုင်တယ်။ တခြား တိုင်းနဲ့ပြည်နယ်တွေမှာ ကျတော့ NLD က အပြတ်ကို နိုင်သွားတယ်။ တိုင်းရင်းသားတွေ ကိုယ်တိုင်က NLD ကို ယုံယုံကြည်ကြည် ပေးလိုက်တယ်။ ဒါပေမယ့် တိုင်း ရင်းသားတွေ မျှော်လင့်တဲ့ ဖက်ဒရယ် အငွေ့အသက်လေးတွေ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးမှုလေးတွေ ပြည်တွင်းစစ် ရပ်စဲ မှုလေးတွေမှာ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မလားဆိုပြီး စောင့်ကြည့်နေတာလည်း မဖော်နိုင်ဘူး။
မေး။ ။ ဦးဦးလှစောတို့လို ရခိုင်တိုင်းရင်းသားတွေဟာ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ အကောင်းမြင်ခံရပေမယ့် လူ့ အခွင့် အရေးနဲ့ လူမျိုးရေးကိစ္စတွေမှာတော့ အမြင်ကျဉ်းမြောင်းတယ်ဆိုပြီး ဝေဖန်ခံနေရတာတွေ ရှိတယ်။ အဲဒါဘာကြောင့်လဲ။
ဖြေ။ ။ ကျနော်တို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားပါတယ်။ အဲဒီလိုပဲ တိုင်းရင်းသား အခွင့်အရေးကလည်း အင်မတန် အရေးကြီးတယ်။ ကျနော်တို့မှာ တခြားဒေသနဲ့ မတူတာတခုက တရားမဝင် ဘင်္ဂါလီကိစ္စတွေ ရှိတယ်။ ဘင်္ဂါလီ ကိစ္စတွေအတွက် တိုက်ကွက်ဝင်လာတဲ့ပုံစံက ဘာနဲ့တူလဲဆိုတော့ လူ့အခွင့်အရေးဆိုတဲ့ အလံကြီးကိုင်ပြီး တိုက်ကွက် ဝင် လာတယ်။
သူတို့ရဲ့ ရိုဟင်ဂျာဆိုတဲ့ ကိစ္စကြီးကို လူ့အခွင့်အရေး တံဆိပ်ကပ်လိုက်တော့ ကျနော်တို့က မခုခံလို့ကို မရတော့ဘူး။ လူ့ အခွင့်အရေးကို အရေခြုံပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံကြီးကို စိမ့်ဝင် ထိုးဖောက်လာတာ။ အဲဒါကို ဒီဘက် ပြည်မက လူတွေက နားမလည်ဘူး။ ကျနော်တို့က လူ့အခွင့်အရေးကို တန်ဖိုးထားတယ်။ မွတ်စလင်တွေဟာလည်း လူသားတွေပဲ။ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကျနော်တို့ တန်ဖိုးထားတယ်။ ဒါကြောင့် ကျနော်တို့က လူ့အခွင့်အရေးကို ပြော တယ်။ လူ့အခွင့်အရေးကို အရေခြုံတယ်။ တောင်းတာက လူ့အခွင့်အရေး အပြင်ဘက်ကို တောင်းတယ်။ ဒါကို အရမ်း စိုးရိမ် တယ်။ အခုဆို သက်သေပြသွားပြီ။
အခု ဘူးသီးတောင်၊ မောင်တောမှာ ဖြစ်တဲ့ကိစ္စက လူ့အခွင့်အရေး တောင်းရုံသက်သက် မဟုတ်တော့ဘူး။ သူတို့က ဂျီဟတ် စစ်ပွဲတွေ ဘာတွေ လာပြီ။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တယ်ဆိုတာကိုလည်း အစိုးရက တရားဝင် ထုတ်လာပြီ။
တရားမဝင် လာနေတဲ့ မွတ်စလင် ဘင်္ဂါလီတွေက လူ့အခွင့်အရေးကို အော်တယ်။ ကျနော်တို့က သူတို့အော်နေတဲ့ လူ့ အခွင့်အရေးကို မယုံဘူး။ ယေဘုယျ လွှမ်းခြုံကြည့်လိုက်ရင်တော့ ရခိုင်တွေက လူ့အခွင့်အရေးကို တန်ဖိုးမထားဘူး ဖြစ် သွား တာပေါ့။
မေး။ ။ ရခိုင်အရေးကို ရခိုင်တွေကသာ အသိဆုံးပဲလို့ ပြောကြတယ်။ လက်ရှိ အစိုးရရဲ့ ရခိုင်အရေးကို ချဉ်းကပ်တဲ့ အခါ မှာလည်း မထောက်ခံကြဘူးဆိုတော့ အခု ဖြစ်ပေါ်နေတဲ့ ရခိုင်အရေး ပြေလည်ဖို့ ဘာတွေ လုပ်သင့်တယ်ထင်လဲ။
ဖြေ။ ။ အဖြေရှာဖို့ ဆိုရင် နံပါတ် ၁ အချက်ကတော့ ဒီရိုဟင်ဂျာပေါ့။ ဒီရိုဟင်ဂျာဆိုတာ မရှိဘူးကို သမိုင်းဆရာ တော်တော် များများကလည်း ပြောနေပြီ။ ဦးသိန်းစိန် အစိုးရနဲ့ ဒီအစိုးရ လက်ထက်မှာလည်း ရိုဟင်ဂျာဆိုတာကို ပြောပြီ။ ကာချုပ်ကြီး ကလည်း ရိုဟင်ဂျာ မရှိဘူး ဆိုတာကို ပြောပြီ။ ရိုဟင်ဂျာဆိုတဲ့ နာမည်ကြီးကို ဒေါ်အောင်ဆန်းစုကြည်က အစပေါ့။ Officially Ban လုပ်ပစ်လိုက်ရမယ်။
အဲဒီလူတွေကို ရိုဟင်ဂျာဆိုတာကို မင်းတို့ မေ့လိုက်တော့။ ဒါပေမယ့် လူသားအနေနဲ့ ရသင့်ရထိုက်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံမှာနေ၊ ဥပဒေကို လိုက်နာ။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သဟဇာတဖြစ်အောင် နေဖို့ ကြိုးစားပါဆိုတဲ့ဟာကို အရင်လုပ်ဖို့ အကြံပြုချင်တယ်။ နောက်တခုက Illegal migration တွေကို စိစစ်ရမယ်။ နိုင်ငံသား ပေးသင့်ပေးထိုက်တဲ့ သူ ကို ပေးရမယ်။ ပေးသင့်ပေးထိုက်တဲ့သူတွေ အများကြီး ရှိပါတယ်။ တချို့ဆိုရင် မိသားစု ၃၊ ၄၊ ၅ ဆက်ကို နေလာပြီပဲ။
သူတို့ရဲ့ လူမှုရေး၊ စီးပွားဖွံဖြိုးမှုတွေ အတွက် အကူအညီပေးရမယ်။ ဗမာပြည်အနှံ့ လွတ်လပ်စွာ ခရီးသွားခွင့်၊ ပညာသင်ခွင့် တွေ ပေးရမယ်။ တချိန်တည်းမှာ ပြည်တွင်း ပြဿနာက နည်းနည်းလေး။ အပြင်က ဝင်ဆောင့်တဲ့ ပြဿနာက ပိုများတယ်။ အပြင်က ကုလသမဂ္ဂက လာမယ်။ UNHCR က လာမယ်။ လာပြီးတော့ မွတ်စလင် ပြဿနာကို ဝင်ဆောင့်တယ်။
အရင် တပ်မတော် အစိုးရ လက်ထက်ကလည်း ပြစ်မှုကြီးတွေ အများကြီး ကျူးလွန်ခဲ့တယ်။ ဒါက သမိုင်းမှာရှိတယ်။ သူတို့ မှာက လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး Abuse တွေ အရမ်းများတယ်။ အဲဒါကို အသုံးချပြီးတော့ အပြင်ကနေ တိုက်တယ်။ အခု အစိုးရသစ် တက်လာတဲ့ အခါကျတော့ တပ်မတော်ကိုလည်း ပုံချလို့ မရတော့ဘူး။
အဲဒီတော့ ဒီမြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ပြဿနာကို နောက်ပုံစံတမျိုးနဲ့ တင်ဖို့ လုပ်လာတယ်။ ဘူးသီးတောင် မောင်တောမှာ ဖြစ်တဲ့ တိုက်ခိုက်မှုဟာ ပြည်ထောင်စုကို ခြိမ်းခြောက်တာဖြစ်တဲ့အတွက် တပ်မတော်က လုပ်တယ်။ ဒါကို ဘယ်အစိုးရကမှ လက်မခံဘူး။ ဒါကို ကျနော်တို့ အတိုင်ပင်ခံရုံးကလည်း Statement တွေ ထွက်တာပဲ။ ဒီလို ဆောင်ရွက်တဲ့အခါ တပ် မတော် ဘက်က မတော်မတရား ဆောင်ရွက်မှုတွေ ရှိတယ်ဆိုပြီး အော်လာတယ်။ အာဆီယံကလည်း ဝင်ပြောလာတယ်။
အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ကျနော်တို့နိုင်ငံအပေါ်မှာ ပတ်ဝန်းကျင် နိုင်ငံတွေက အရင် ၅ နှစ်ကထက်တောင်မှပဲ အထင် အမြင် သေးပြီးတော့ ဝိုင်းအုံလာတဲ့သဘော ရှိတယ်။ အရင်က စစ်သားတွေဆိုတော့ သိပ်မာမာတင်းတင်း မပြောရဲဘူး။ ဒါပေမယ့် ဝမ်းနည်းဖို့ ကောင်းတာက ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ လေးစားတယ်။ ကက်ဘိနက်ကို မလေးစားဘူး။ တိုင်းပြည်ကို မလေးစားဘူး။ ဒါမကောင်းဘူး။
အခု ဘင်္ဂလားဒေရှ်မှာ အကြီးအကျယ်ကို ဆန္ဒပြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားမော်ကား လုပ်ရပ်တွေနဲ့ လုပ် နေ ကြတာ နော်။ နိုင်ငံတကာ အဝန်းအဝိုင်းထဲမှာလည်း ကျနော်တို့ တိုင်းပြည်က Role က နည်းနည်းကျနေတယ်။ အဲဒါ ကို လည်း ကျနော်တို့ ပြန်ပြီးတော့ ကယ်ရမယ်။ ကျနော်တို့မှာ တော်တော်လေး အကြပ်အတည်း ဖြစ်နေတယ်။
ကျနော်မြင်တာက ကက်ဘိနက်ဟာ အင်အား တောင့်တင်းဖို့ လိုတယ်။ ဝန်ကြီးတွေ စီးပွားတက်အောင် လုပ်ရမယ်။ နိုင်ငံ တကာကို ပြောတဲ့အခါမှာလည်း ပြတ်ပြတ်သားသား ပြောရမယ်။ ပြည်တွင်းမှာ ဒေါ်လာဈေးတွေ တက်တယ်။ Export တွေ မထွက်ဘူး။ Import တွေ အရမ်းများနေတယ်။ အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ လုပ်ရဲကိုင်ရဲရှိတဲ့ သတ္တိရှိတဲ့ ကက်ဘိနက် အဖွဲ့ ဖြစ်ဖို့ လိုတယ်။ ကျနော်တိို့က အဲဒါအကြံပေးတာ။
NLD ဆီမှာ တော်တဲ့လူတွေ ရှိပါတယ်။ သူတို့ကို သုံးပါ။ မတော်ရင် ထားခဲ့လိုက်တော့။ တနှစ် သုံးပြီးပြီ။ ဖယ်ပစ်လိုက် တော့။ တွဲလောင်း၊ တွဲလောင်းနဲ့ တိုင်းပြည်အရမ်း နစ်နာတယ်။
မေး။ ။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပေမယ့် နောက်ကလူတွေက မလိုက်နိုင်ဘူး။ ပြီးတော့ လူမှန် နေရာမှန် မဖြစ်သေးဘူး။ အပြောင်းအလဲကလည်း အပေါ်ပိုင်းမှာ ဝန်ကြီးတွေကိုပဲ ပြောင်းနိုင်ပြီး အောက်ခြေအထိ အပြောင်း အလဲတွေ မရောက်ဘူး။ ညွှန်ချုပ်ကနေ အောက်အထိ အရင်ခေတ်စနစ်ဟောင်းထဲက နည်းနာတွေအတိုင်းပဲ ဆက်လက် လည်ပတ်နေတာပေါ့။
ဖြေ။ ။ ခင်ဗျားပြောတာကို ကျနော်လုံးဝ လက်ခံတယ်။ ဒီယန္တရားကြီးဟာ သူ့ဘာသာ လုပ်ချင်တိုင်း လုပ်လို့ရတဲ့ သဘော ဖြစ်နေတယ်။ ဒီမိုကရေစီ အစိုးရတက်လာလည်း သူတို့လုပ်ချင်တိုင်း လုပ်လို့ရတဲ့ အနေအထား ဖြစ်နေတယ်။ အရင်တုန်း က ဆိုရင်တော့ သူ့ဆရာနဲ့ သူ့တပည့်နဲ့။ ဗိုလ်ချုပ်တွေက ဆရာလုပ်တယ်။ အောက်မှာ ရှိနေတဲ့ ယန္တရားပေါ့။ သူတို့မှာ လည်း ညံ့ဖျင်းတာတွေ ရှိတာပေါ့။
အခုက ဒီဝန်ကြီးတွေဟာ မှားမှာကိုလည်း သူတို့ကြောက်တယ်။ ဒေါ်အောင်ဆန်းစုကြည် အငြိုငြင်ခံရမှာကိုလည်း ကြောက် တယ်။ အောက်က လူတွေကိုလည်း မမောင်းရဲဘူး။ သူတို့က ဘယ်လိုဖြစ်လဲ ဆိုတော့ မြင်းကောင်းတော့ ရပါရဲ့။ သူတို့က အဲဒီမြင်းကို မရိုက်ရဲဘူး။ မမောင်းရဲဘူး ဖြစ်နေတယ်။
မေး။ ။ ရွေးကောက်ပွဲမှာ ANP က ရခိုင်ပြည်နယ်မှာ နိုင်တယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရကိုတော့ ဦးဆောင် မဖွဲ့နိုင်ဘူး။ ပြည်ထောင်စု အဆင့်ကိုကျတော့ လွှတ်တော် ကိုယ်စားလှယ်တွေ အဖြစ်နဲ့ ရောက်လာတယ်။ အဲဒီတော့ လွှတ်တော်ထဲမှာ ဘာတွေ ဆောင်ရွက်နိုင်ခဲ့တာ ရှိလဲ။ ရခိုင်ပြည်နယ်အတွက် ဘာတွေ ဆောင်ရွက်နိုင်ခဲ့တာ ရှိလဲ။
ဖြေ။ ။ ကျနော်တို့တော့ အားရကျေနပ်မှု မရှိသေးဘူး။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတောင်မှ ရခိုင်ပြည်နယ် ဘတ် ဂျက် က ဘီလီယံ ၂၅၀ နီးပါးရတယ်။ အခုဟာက ပိုကျသွားတယ်။ နိုင်ငံတော်ရဲ့မူမှာ ဒီမိုကရက်တစ် ဖက်ဒရယ်လစ်ဇင်ကို သွားမယ်ဆိုရင် ဒီမိုကရက်တစ် ဖက်ဒရယ်လစ်ဇင်ရဲ့ အငွေ့အသက်လေးတွေတော့ နည်းနည်းပေးရမယ်။ အခု ဘတ်ဂျက် တောင် ကျသွားတယ်။
ပုဒ်မ ၂၆၁ ကိစ္စမှာလည်း သဘောထားကြီးလိုက်ရင် ရပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်တွေ အုပ်ချုပ်လိုက်ပါ ဆိုရင် ပြီးတာ ပဲ။ NLD နဲ့ ရခိုင်နဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ကြပါဆိုရင် ပြဿနာ မရှိဘူး။ နည်းနည်းနိုင်တဲ့သူက ၂၆၁ ကို Advantage ယူပြီး လုပ် သွားတာကတော့ သဘောထား မကြီးရာ ကျတယ်။
မေး။ ။ အခု တိုင်းပြည်မှာ တော်တော် အရေးကြီးကိစ္စဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့ အစိုးရက လုပ်နေတယ်။ အဲဒီလို အချိန်မှာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် လွှတ်တော်ရဲ့ အခန်းကဏ္ဍက ဘယ်လို ရှိနေလဲ။ လွှတ်တော်ထဲက ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီ တွေကရော အလုပ်ဖြစ်ရဲ့လား။
ဖြေ။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် လွှတ်တော်က စိတ်မဝင်စားဘူးဗျ။ NLD အများ စု ရှိတဲ့ လွှတ်တော်၊ တပ်မတော်သား အများစုရှိတဲ့ လွှတ်တော်တွေဟာ ဖက်ဒရယ်မော်ဒယ်နဲ့ ပတ်သက်ပြီးတော့ ခေါင်းထဲ မှာ ကြိုစဉ်းစားထားတာ မရှိဘူး။
တကယ်တော့ ကြိုစဉ်းစားရမယ်။ ဒီတိုင်းရင်းသားတွေကို ငါတို့ ဗမာတွေနဲ့ အတူတူ ချစ် ချစ် ခင်ခင် နေထိုင်နိုင်ဖို့အတွက် သူတို့ကို ငါတို့ဘာတွေ စီစဉ်ပေးရမလဲ။ ဘယ်လို ဖက်ဒရယ်မော်ဒယ်ကို တည်ဆောက် မလဲ။ ငါတို့ ဘက်က ဘယ်လို အလျှော့ပေးရမလဲ။ သူတို့ဘက်ကလည်း အစွန်းမရောက်ဖို့အတွက် ဘယ်လိုညှိရမလဲ ဆို တာ ကို ဒါလေးကို ပျော့ပျော့ပြောင်းပြောင်းတွေးဖို့ လိုတယ်။
အဲဒါမျိုးကို တပ်မတော်ဘက်ကလည်း သိပ်မတွေးဘူးထင်တယ်။ တပ်မတော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အခိုင် ကိုင် ထား တယ်။ ၂၀၀၈ ကိုတောင် ဖက်ဒရယ်လို့ ပြောနေတယ်။ NLD ထဲမှာလည်း ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ Theory Teaching တွေ မရှိဘူးဆိုတာ ကျနော်ယုံတယ်။ တကယ်တော့ CEC ထဲမှာ တာဝန်ရှိတဲ့သူတွေပေါ့ဗျာ။ ဦးဝင်းထိန်တို့ ဘာ တို့ ဆိုရင် ကျနော်ထင်တယ်။ ဦးဝင်းထိန်က ဖက်ဒရယ်လစ်ဇင်နဲ့ ပတ်သက်ရင် ဇီးရိုးပဲ။ သူက လွယ်လွယ်လေးထင်တာ။
အဲဒီတော့ ဖက်ဒရယ်လစ်ဇင်ကို သွားတဲ့အခါမှာ Very Sensitive Issues ပဲ။ လွှတ်တော်ကိုလည်း ကျနော် အားမရဘူး။ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင်တောင် လွှတ်တော်က အလိုလို စိုးရိမ်နေတယ်။ ဦးနေဝင်း လက် ထက် က စပြီး ဦးသိန်းစိန် လက်ထက် အစပိုင်းလောက်အထိ ဖက်ဒရယ်ဆိုတာကို ကြောက်နေကြတာ နောက်မှ တဖြည်း ဖြည်း ယာဉ်ပါးလာပြီးတော့ ဦးအောင်မင်းတို့ ကိုယ်တိုင် ပြောလာတယ်။
အခုလည်း လွှတ်တော်ထဲမှာ ဖက်ဒရယ်ပြောဖို့က တကယ့်ခက်တာကြီးတခုလို ဖြစ်နေတယ်။ အကုန်လုံး နွေးနွေးထွေးထွေး နဲ့ သွားချင်တယ်။ ဘယ်လိုလုပ် ဖက်ဒရယ်လမ်းကြောင်းကို သွားမှာလဲ။ ဖွဲ့စည်းပုံအရလည်း သွားလို့မရဘူး။ ပြည်တွင်း ငြိမ်းချမ်းရေး အရလည်း သွားလို့မရဘူး။ လွှတ်တော်ထဲမှာလည်း မဆွေးနွေးဘူးဆိုရင် ဖက်ဒရယ်ဆိုတာ တံဆိပ်ကပ် ထား တာ လောက်ပဲ ရှိလိမ့်မယ်။
မေး။ ။ နောက်ဆုံးသိချင်တာက ဦးဦးလှစောက လွှတ်တော် ဥက္ကဋ္ဌကို စကားစစ်ထိုးဖို့တောင် စိန်ခေါ်ထားတယ်လို့ သိရ တယ်။ ကျော်ဟိန်းလို ပြောရင် ပျင်းတောင် ပျင်းသေးတယ် ဆိုတာလေ။ အဲဒီစကားကို ဘာကြောင့် လွှတ်တော်ထဲမှာ ပြော ရ တာလဲ။
ဖြေ။ ။ ပလောင် ကိုယ်စားလှယ် တယောက်က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အဆိုတင်တယ်။ သူ့အဆိုကို ပယ် လိုက်တယ်။ ထုံးစံအတိုင်း မီဒီယာသမားက အင်တာဗျူး လုပ်တယ်။ ကျနော်တို့မှာလည်း အားကိုးစရာဆိုလို့ မီဒီယာပဲ ရှိ တယ်။ ဒါပွင့်ပွင့်လင်းလင်း ပြောတာ။ ကျနော်တို့ လွှတ်တော်ထဲမှာ ဘာလုပ်လဲ။ ရင်ထဲမှာ ဘာအခံရှိလဲဆိုတာကို မီဒီယာ က တဆင့်ပြောတာ။ မီဒီယာ လွတ်လပ်မှုကို ကျနော်တို့ တန်ဖိုးထားတယ်။ ကျနော်တို့ မပြောဘူးဆိုရင် ပြည်သူတွေ သိမှာ မဟုတ်ဘူး။
ဒီလောက် တိုင်းပြည်မှာ အရေးကြီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆွေးနွေးပါမယ်ဆိုတဲ့ ကိစ္စကို လွှတ်တော်တွင်းက ပယ်တယ်ဆိုတာ တရားမျှတမှုမရှိဘူး။ တချက်။ နောက်တချက်က တိုင်းရင်းသားပါတီတခုက တင်တဲ့အဆိုကို ပိတ်ပင် တာ မျိုး ကျသွားပြီ။ အဲဒါပါပဲ။ အဲဒါကို သူတို့က လွှတ်တော်ထဲမှာ နှိပ်နှိပ်ကွပ်ကွပ်လေးပြောသလို ကျနော့်ကိုလည်း ပြော တယ်။
လူကြီးလူကောင်း မဆန်ဘူး။ ဘုမသိ ဘမသိပေါ့။ ကျနော် ပြောရရင် ဘုမသိ ဘမသိဆိုတာ သံတမန်စကား မဟုတ်ဘူး။ လွှတ်တော်ထဲမှာ ပြောရမယ့်စကား မဟုတ်ဘူး။ လမ်းဘေးမှာ ပြောတဲ့စကား။ မင်းကွာ ဘုမသိ ဘမသိနဲ့ဆိုပြီးတော့လေ။ ကျနော့်ကို သတိပေးတယ်ပေါ့ဗျာ။ အဲဒါနဲ့ သူပြောတာ ပြီးတဲ့အခါမှာ ထလိုက်တယ်။
ကျနော်က ရှင်းရှင်းလေးပဲ ပြောမှာပါ။ ကျနော် တစုံတရာ သိတယ်။ ကျနော့်ကို Warning ပေးစရာ မလိုပါဘူး။ ကျနော့်ကို စကားပြောခွင့်ပေး။ ကျနော့်ကို ဥပဒေအရ အရေးယူမယ်ဆိုရင်လည်း ယူပါ။ အဲဒီလို ရင့်ရင့်သီးသီး ပြောတာတော့ မကြိုက် ဘူး။ ကျနော့်မှာလည်း ပြောစရာ အချက်အလက်တွေက အများကြီး။ ဒီလောက်ပဲ ကျနော်ပြောမှာ။ ဒါပေမယ့် ကျနော့်ကို ပြောခွင့်မပေးဘူး။
ပြောလို့မရဘဲ ထွက်လာတဲ့အခါမှာ သတင်းစာ သမားတွေက မေးတဲ့အခါ သူပြောတဲ့ ဘုမသိ ဘမသိ ဆိုတဲ့ စကားလုံးကို ကန့်ကွက်တယ် မကြိုက်ဘူးလို့။ ဘုမသိ ဘမသိဆိုရင် သူရော ဘယ်လောက်သိသလဲ။ အဲဒါလေး ပြောတာပါ။ နောက် ပြောချင်တာက ကျနော့်ကို အမေရိကန် IRI ကနေပြီးတော့ တရားဝင်ဖိတ်တယ်။ ဖိတ်စာလည်း ကျနော့်ဆီမှာ ရှိတယ်။ လေယာဉ်လက်မှတ်လည်း ကျနော့်ဆီကို ပို့ပြီးပြီ။ ၃ ယောက်ဖိတ်တဲ့အထဲမှာ ကျနော့်ကို Cancel လုပ်ပြီးတော့ ကရင် အမျိုးသား တယောက်ကို ထည့်လိုက်တယ်။ ဒါကလည်း ကျနော့်ကို ထိခိုက်စေတာပဲ။ ပြောစရာတွေက အများကြီးပဲ။
ကျနော်တို့ ရခိုင်ကော်မတီက တင်တဲ့အဆိုတွေကို ပယ်တာတွေ ရှိတယ်။ ဒီဟာတွေက မလုပ်သင့်တဲ့ ကိစ္စတွေပဲ။ နောက် တခု လူကြီးလူကောင်း မဆန်ဘူးဆိုတော့၊ ခင်ဗျားတို့ကရော လူကြီးလူကောင်းဆန်သလား။ လူတယောက်နေရာကို ဖယ် လိုက်ပြီးတော့ နောက်တယောက် ထည့်တယ်ဆိုရင် ဘာကြောင့်ပယ်သလဲ။
ကျနော့်ထက်သူက Language Communication ကောင်းလား။ ပိုပြီးတော့ သိလား။ တခုခုဖြစ်အောင်ပေါ့။ ကျနော် ညံ့ တယ် ဆို ထားခဲ့ပေါ့။ ဘာမှ မသိရဘဲနဲ့ အခုလို လုပ်တာက ကျနော့်ဘက်ကလည်း ခံပြင်းတယ်။ မကျေနပ်မှုကလည်း များ လာတယ်။ အဲဒီတော့ ကျနော် တော်တော်လေး နိုင်ငံရေး သည်းခံပါတယ်။ ဒါပေမယ့် ဘုမသိ ဘမသိဆိုတာ Personal ဖြစ်နေတဲ့အတွက် ခင်ဗျားတို့ထက် ကျနော် သိတယ်ဆိုတာကို ပြောချင်လို့ ရင့်ရင့်သီးသီး ပြောလိုက်တာပါ။ ။