ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ယာဉ်လိုင်းပေါင်း ၆၀ နဲ့ စတင် ပြေးဆွဲသွားမယ့် ယာဉ်လမ်းကြောင်း အသစ်အတွက် Yangon Bus Itineraries Application ရေးသားသူ ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (UCSY) မှ တတိယနှစ် ကျောင်းသား ကိုရဲမြင့်သူကို ဧရာဝတီ သတင်းထောက် ကိုသီဟတိုးက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ပထမဆုံး ဒီ Bus Itineraries ဆိုတဲ့ Application စတင် ရေးဆွဲဖြစ်ပုံကို ပြောပြပေးပါ။
ဖြေ။ ။ ကျနော် ဒီ Yangon Bus ကားလိုင်းတွေ အတွက် Bus Itineraries ဆိုတဲ့ Application လေး ရေးထားတယ်။ Application ကို အဓိက ရေးဖြစ်တာကတော့ Yangon Bus Service တွေ စပြီး ပြောင်းလဲ ပြေးဆွဲမယ် ဆိုတော့ Facebook မှာ ဓာတ်ပုံတွေ၊ အချက်အလက်တွေ တက်လာတယ်။ လမ်းကြောင်းတွေကို ကြည့်မယ် ဆိုရင် စာရွက်တွေ၊ ပုံတွေ အများကြီးနဲ့ ကြည့်ရတာ အဆင် မပြေတော့ အဆင်ပြေအောင် Application တခုအနေနဲ့ လုပ်ကြည့်မယ် ဆိုပြီး လုပ်ဖြစ်သွားတာပါ။
မေး။ ။ Application ကကော တယောက်တည်း ရေးထားတာလား၊ အချိန် ဘယ်လောက် ယူခဲ့လဲ။
ဖြေ။ ။ Application ကို ရေးတာက ကျနော်တယောက်တည်း ရေးထားတာပါ။ အချိန် ဘယ်နှရက် ယူခဲ့လဲ ဆိုတော့ Application လုပ်မယ်လို့ အိုင်ဒီယာ ရပြီးပြီးချင်း ပြီးခဲ့တဲ့ စနေနေ့မှာ စလုပ်တယ်၊ ပြီးတော့ အခု ဗုဒ္ဓဟူးနေ့မှာ စသုံးလို့ရတယ် ဆိုတော့ စုစုပေါင်း ၄ ရက်လောက်တော့ ကြာသွားတယ်။
မေး။ ။ Application က Play Store မှာ Download ဆွဲလို့ ရနေပြီလား။
ဖြေ။ ။ Application က Play Store မှာ ကျနော် Account မလုပ်ထားတဲ့ အတွက် Play store မှာတော့ Download ဆွဲလို့ မရဘူး။ ကျနော် အွန်လိုင်းမှာတော့ Download Link ချပေးထားပါတယ်။ နောက်ထပ် Version တွေတော့ ထပ်လုပ်ဖို့ စိတ်ကူးထားပါတယ်။
မေး။ ။ Application ကို သုံးကြည့်ပြီး အသုံးပြုပြီးသူတွေက ဘယ်လို Feedback တွေပေးကြလဲ။
ဖြေ။ ။ Application အပေါ် စမ်းသုံးကြည့်တဲ့ သူငယ်ချင်းတွေက ဘယ်လိုမျိုး Feedback ပေးလဲဆိုတော့ ဒီဇိုင်းက နည်းနည်း ရိုးတယ် ပေါ့။ ကျနော် ဒီဇိုင်းရိုးထားတာက ဘယ်ဖုန်း အမျိုးအစားမဆို အသုံးပြုရ လွယ်ကူအောင် ရိုးရိုးရှင်းရှင်းပဲ ဖန်တီးရေးဆွဲထား လို့ပါ။ Application ကတော့ အားလုံး အတွက် အခမဲ့ပါပဲ ခင်ဗျ။
မေး။ ။ Application အသုံးပြုမယ့် သူတွေကို ဘာများ ပြောချင်ပါသေးလဲ။
ဖြေ။ ။ ဒီ Application ကို သုံးကြည့်ကြဖို့၊ ကျနော် ပြောချင်တာက ဖုန်းအမျိုးအစား အားလုံးနဲ့ အဆင်ပြေ သင့်လျော်အောင် လွယ်လွယ်ကူကူ သုံးလို့ ရအောင် ကျနော် ရေးဆွဲထားပါတယ်။ မြန်မာဖောင့်ကော ယူနီကုဒ်ကော အသုံးပြုလို့ ရပါတယ်။ Application သုံးပြီး အသစ်ဆွဲမယ့် ယာဉ်လိုင်းကြောင်းလိုင်း တွေကို လွယ်ကူစွာ စီးနိုင်မယ် လို့ မျှော်လင့်ပါတယ်။