စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မြေရဲစခန်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ထုတ်ပြန်တဲ့ သမီးရည်းစား စုံတွဲများ ချုံမတွဲဖို့ ကိစ္စ၊ လိင်စိတ်ကြွဆေးများကိစ္စ၊ လူထုပညာပေး ကိစ္စ တွေမှာ ထိရောက်တဲ့ စာအရေးအသားတွေကြောင့် လူပြောသူပြော များလျက်ရှိပါတယ်။ ထို့ကြောင့် မုံရွာမြို့နယ် လုံခြုံရေးကိစ္စ၊ လူထုပညာပေးရေးကိစ္စ၊ ရဲစခန်း ဖေ့စ်ဘုတ်စာမျက်နှာရဲ့ ထိရောက်တဲ့ စာအရေးအသားများကိစ္စ စတဲ့ အချက်အလက်တွေအပေါ် မုံရွာ နယ်မြေ ရဲစခန်းမှူး ရဲအုပ် ရဲအောင်ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် မေစစ်ပိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ မုံရွာ နယ်မြေရဲစခန်း ဖေ့စ်ဘုတ်စာမျက်နှာက စခန်းတွင်း လုပ်ဆောင်ချက်တွေနဲ့ အမှုကိစ္စတချို့ ဖော်ပြထားတာက လတ်တလောမှာ ဖေ့စ်ဘုတ်သုံးသူတွေအကြား စိတ်ဝင်တစား ပြောနေကြတာတွေရှိတယ်။ အဲဒီအပေါ် ပြောပြပေးပါရှင့်။
ဖြေ။ ။ ကျနော့် အနေနဲ့၂၀၁၁ ခုနှစ် ဧပြီလမှာ ဒုရဲအုပ်တာဝန်နဲ့ စပြီး တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဒီစခန်းမှာပဲ အမှုစစ်၊ နယ်ထိန်းခေါင်းဆောင် လုပ်ခဲ့တာ။ ၂၀၁၆ ခုနှစ် မတ်လမှာ နယ်မြေ စခန်းမှူးတာဝန် စတင် ထမ်းဆောင်ခဲ့တယ်။ မုံရွာ နယ်မြေရဲစခန်း ဖေ့စ်ဘုတ်က ဖွင့်ထားတာတော့ မကြာသေးဘူး။ အရင်ကတော့ ကိုယ့်ဖေ့စ်ဘုတ် အကောင့်ကနေပဲ ကိုယ်သုံးခဲ့တာ။ နောက်ပိုင်းမှာ တချို့ရဲစခန်းတွေကလည်း ဖေ့စ်ဘုတ် ပေ့ချ်တွေ ဖွင့်ကြတယ်လေ။ အဲဒါနဲ့ လုပ်ဆောင်ချက်တွေကို ပွင့်လင်းမြင်သာအောင် လုပ်ဆောင်ချင်တာနဲ့ ပေ့ချ်ထောင်လိုက်တာ။
မေး။ ။ ရဲစခန်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားတဲ့ထုတ်ပြန်ချက်တွေက လူထုအကြား ပျံ့နှံ့နေတာ တွေ့ရပါတယ်။ အထူးသဖြင့် စုံတွဲတွေ ချုံမတိုးဖို့ ရေးထားတဲ့ကိစ္စမျိုးပေါ့။ ဘာကြောင့် တင်ပေးဖြစ်တာပါလဲ။
ဖြေ။ ။ နေ့တိုင်းလုပ်နေရင်းနဲ့ ဖြစ်သင့်တာလေးတွေကို တင်ပေးလိုက်တာကနေ လူတွေကြားထဲ ပေါက်ကုန်တာပဲ။ အမြဲလိုလိုပါပဲ။ အနီးသင်၊ အဝေးသင် တက်တဲ့သူတွေရှိတယ်။ တယောက်နဲ့ တယောက်က မတူဘူး။ day တက်တဲ့သူက ပြောရဆိုရ အဆင်ပြေတယ်။ အဝေးသင်တွေကျတော့ လူပေါင်းစုံဆိုတော့ ဦးတို့ကို တွေ့ရင်တောင်မှ သူတို့က ဦးတို့ကို စနောက်စရာကြီးတွေလို့မြင်တယ်။ အခုက ပွင့်လင်း မြင်သာခေတ်ဆိုတော့လေ ဘယ်အမှုက စစ်တာဖြင့် ကြာပြီ မပေါ်သေးဘူး။ အဲလိုမပေါ်သေးဘူးဆိုတဲ့စကားရှိတယ်။ ကျောင်းသားတွေ ဆိုင်ကယ်အခိုးခံရတယ်။ လုယက်မှုဖြစ်တယ်။ အဲဒါတွေကို ဆရာ၊ ဆရာမတွေကတဆင့် တက္ကသိုလ် ပါမောက္ခချုပ်တွေကနေ တဆင့် ပြောရင်းပြောရင်း ဦးတို့ရဲတပ်ဖွဲ့က လူကြီးတွေ သိလာတဲ့အတွက် မပေါ်ဘူးဆိုရင် ရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်လေ။ ဒါကြောင့် အမှုပေါ်အောင် ကြိုးစားတယ်။ အဲလိုစုံစမ်းရင်းနဲ့ ဘာတွေ တွေ့လာရလည်း ဆိုတော့ မလျော်ကန် မသင့်မြတ်တဲ့နေရာတွေမှာ အတွဲတွေချိန်းတာ။ လူသူ အရောက်အပေါက်နည်းတဲ့နေရာမှာ ရောက်နေတာတို့။ နောက်တခါ ဆိုင်ကယ်ပျောက်တယ်ဆိုလည်း အတွဲချိန်းရင်း ပျောက်တာကို ကျောင်းဝန်းထဲမှာ ပျောက်တယ်ဆိုပြီး လိမ်ပြီးတိုင်တာတွေရှိတော့ ခံစားချက်တွေ များလာတယ်လေ။ အဲဒီလိုတွေကြောင့် ဒါတွေတော့ မလုပ်သင့်ဘူး ရှောင်သင့်တယ်လို့ မုံရွာနယ်မြေရဲစခန်း ပေ့ချ်မှာ တင်ရင်းနဲ့ လူတွေက အကုန်ဝင်ကြည့်လိုက် ဝေဖန်လိုက်နဲ့ အားလုံးသိကုန်ကြတာ။
မေး။ ။ ပွင့်ပွင့်လင်းလင်းအရေးအသားအပေါ် အထက်လူကြီးတွေအပိုင်းကရော ဘယ်လိုသုံးသပ်တာရှိလဲ။
ဖြေ။ ။ အရင်တုန်းက ဘယ်လောက်လုပ်လုပ် ပွင့်လင်းမြင်သာမှု ဆိုတာထက် ကိုယ်လုပ်နေတဲ့ လုပ်ကွက်ကို မပြောရဲ မဆိုရဲကြဘူးလေ။ အခုကျတော့ အင်တာနက်စာမျက်နှာကြီးကို တွင်တွင်ကျယ်ကျယ်သုံးလာတယ်လေ။ ဒါကြောင့် ကျနော်က ဥပဒေနဲ့ အညီလုပ်တဲ့အရာတခုကို ဘာတင်ရင် ဘာဖြစ်မလဲပေါ့။ ပထမတုန်းကတော့ ကြောက်ရွံ့စိတ်တွေရှိတယ်။ လူကြီးကများ ငါ့ကို ဆူလိုက်မလားပေါ့။ အဲလိုနဲ့ တစတစ စမ်းပြီး တင်ကြည့်ရင်း တဖြည်းဖြည်းနဲ့ လုပ်လိုက်တာပါ။ ကျနော် မုံရွာနယ်မြေရဲစခန်းက ဘာလုပ်လိုက်တယ်ဗျာ ဆိုတာလေးမျိုး တင်ခဲ့တာပေါ့။ ပွင့်ပွင့်လင်းလင်း ရေးဖြစ်ခဲ့တာပေါ့။ အခုချိန်ထိတော့ ဘာမှ ပြန်မလာဘူး။ ပြည်သူသိအောင် တင်ပြပေးတဲ့ အနေအထားမှာတော့ မင်းလုပ်တာကောင်းတယ်။ မကောင်းဘူးဆိုတဲ့ ဖိအား ဘာမှ မရှိဘူး။
မေး။ ။ ပို့စ်အများစုမှာ ရေးထားတဲ့ အသုံးအနှုန်းက အစိုးရဌာနတွေက သုံးနေကျ အသုံးအနှုန်းတွေနဲ့ ကွဲပြားနေတဲ့ အပေါ်မှာရော ဘယ်လိုများ ပြောပြချင်တာရှိပါသလဲ။
ဖြေ။ ။ တိုင်ချက်ဖွင့်ရင်း သူတို့ပြောစကား နားရည်ဝ၊ အံဝင်ခွင်ကျ ဖြစ်မယ့် အသုံးအနှုန်းတွေ သုံးမိသွားတာပေါ့။ နေ့တိုင်း နစ်နာသူတွေရဲ့ စကားသံတွေကို ကြားရတာတွေများ လာတော့ မှတ်သားစရာတွေလည်းပါတယ်။ အတွေ့အကြုံနဲ့ ပေါင်းစပ်တော့ တခါတလေ ကိုယ့်ခံစားချက်လည်း ပေါ်လာတဲ့အခါ အံဝင်ခွင်ကျဖြစ်ပြီး ရေးဖြစ်သွားတာ။
မေး။ ။ စုံတွဲတွေ ချုံမတိုးဖို့ဆိုတဲ့ ပို့စ်တင်ပြီးတဲ့ နောက်ပိုင်းမှာ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လိုက်နာမှုတွေ ရှိလာလား။
ဖြေ။ ။ သူတို့အချင်းချင်းတော့ ထိန်းသွားကြတယ်။ အရင်လိုတော့ အရမ်းကာရော ပစ်စလတ်ခတ်နေတာ မတွေ့ရ တော့ဘူး။ သူတို့ချင်း ထိန်းတယ်ဆိုတာက ရှက်လို့ကြောက်လို့ ဖြစ်နိုင်သလို သိက္ခာကို ထိန်းသိမ်းတဲ့သဘောပေါ့။ ကျနော်တို့က တင်လိုက်တာကို မိဘဆွေမျိုး အသိုင်းအဝိုင်းက တွေ့လား ရဲစခန်းက တင်လာပြီ နင်တို့ချုံတိုးတာက မသမာသူနဲ့ တွေ့ရင် သေကုန်လိမ့်မယ် စသည်ဖြင့် ပြန်ကြားရတာလေးတွေ ရှိလာတာပေါ့။
မေး။ ။ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က အမှုစာရင်းတွေတောင်းတယ်လို့ ပြောထားတာတွေ့ရတယ်။ ဒေသခံတွေကလည်း အမှုအခင်းဖြစ်ပွားတာတွေ များလာတယ်ပြောနေကြတဲ့အပေါ်မှာရော ဘယ်လို သုံးသပ်ချင်ပါသလဲရှင့်။
ဖြေ။ ။ ကျနော် တာဝန်ကျချိန်က ဖြစ်ခဲ့တဲ့ လူသတ်မှု ၂ မှု၊ လုယက်မှု ၂ မှု အပါအဝင် အမှုကြီး ဖြစ်စဉ် ၅ မှုကို ဒေသခံ တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ ဖော်ထုတ်လိုက်နိုင်ပြီ။ ကျနော်က နယ်မြေရဲစခန်းမှူး၊ ဟိုတလောက ဖြစ်သွားတဲ့ သတင်းထောက်ကိုစိုးမိုးထွန်း အမှုကကျတော့ မြို့မ ရဲစခန်းက ကိုင်တွယ်နေတာ။ ကျနော့်အပိုင်းမှာဖြစ်တဲ့ အမှုကြီးတွေကတော့ အကုန်ဖော်ထုတ်လိုက်နိုင်ပြီ