ရန်ကုန်မြို့မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှ စတင်ကာ မော်တော်ယာဉ်လိုင်း ပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီ (မထသ) ကို ဖျက်သိမ်းပြီး စနစ်သစ်နဲ့ စတင်ပြေးဆွဲ နေပြီ ဖြစ်ပါတယ်။ ထိုသို့စနစ်သစ်တခု စတင်ပြောင်းလဲရာမှာ ကားစီးရေ မလုံလောက်မှုတွေ၊ ခရီးလမ်းကြောင်း သေချာစွာ မသိရှိမှုတွေကြောင့် ခရီးသွားပြည်သူတွေအနေနဲ့လည်း အခက်အခဲ တွေကြုံခဲ့ရပါတယ်။ ထိုသို့အခက်အခဲတွေကြားက ခရီးသွားပြည်သူအချို့ရဲ့ ရင်ဖွင့်သံတွေကို ဖော်ပြလိုက်ပါတယ်။ ဧရာဝတီသတင်းထောက် သီဟတိုးနဲ့ ထွန်းထွန်းတို့က စုစည်းထားကြတာ ဖြစ်ပါတယ်။
မခင်ဦးသာ – တောင်ဥက္ကလာ
ကားကသိပ်တော့မကြာဘူး၊ အရမ်းကြပ်တယ်၊ ဘယ်လိုမှအဆင်မပြေဘူး၊ တက္ကစီနဲ့လာရတယ်၊ အရင်က ပုံမှန် ၄၀၀၀ လောက်က အခု ၅၀၀၀ ပေးလာရတယ်၊ တက္ကစီတိုင်းကလဲ မလိုက်ဘူး၊ လမ်းပိတ်တယ် ဘာညာနဲ့၊ သုဝဏ္ဏလမ်းဆုံ၊ ကြက်ဘဲဈေး၊ ပုဇွန်တောင် ဘက်တွေမှာ ကားတွေ ပိတ်နေတယ်၊ လမ်းရှင်းပေးမယ့် မော်တော်ပီကယ်တွေလဲ မတွေ့ဘူး၊ ဖြစ်နိုင်ရင် ကားတွေပိုတိုးချ ထားပေးစေချင်တယ်၊ စောစောလာစီးတဲ့သူတွေကတော့ အဆင်ပြေတယ်။ ၈ နာရီနောက်ပိုင်းဆို ဘယ်လိုမှအဆင်မပြေကြဘူး။
ကိုရဲထွဋ် – လှိုင်သာယာ
ကျနော်ကတော့ မနက်အစောကြီး ၆ နာရီလောက်ထပြီး စီးလာတာ အဆင်ပြေတယ်၊ ၈ နာရီ နောက်ပိုင်းစီးတဲ့သူတွေကတော့ အဆင်မပြေကြဘူးပြောတယ်၊ ကားတွေနဲ့တယ်၊ လူဦးရေ များတဲ့ မြို့နယ်တွေဆိုတော့ အဆင်မပြေဘူး၊ အရင်ကဆို ကားလိုင်းက ၂၀ လောက်ရှိတာ အခုက ကားလိုင်း ၃ စီးတည်းဆိုတော့ ကားတွေမလုံလောက်ဘူး။ အလုပ်သမားတွေများတဲ့ မြို့နယ်တွေကို ကားတွေ ပိုဆွဲပေးမှ အဆင်ပြေမယ်၊ အစိုးရရဲ့ ပြောင်းလဲချင်တဲ့စေတနာကို နားလည်တယ်၊ ဖြေးဖြေးချင်း လုပ်စေချင်တယ်၊ ဒီလူ ဒီကား ဒီပုံစံနဲ့ပဲဆိုရင်တော့ အဆင်မပြေဘူး။
ကိုဉာဏ်လင်းထက် – ယုဇနဥယျာဉ်အိမ်ရာ
ကားတွေ တစီးနဲ့တစီးလာတာ အရမ်းကြာတယ်၊ ကားကျဲတော့ လူတွေ ပိုကြပ်လာတယ်၊ လမ်းက တော့ အရင်ထက် ပိုချောင်လာတယ်၊ ယာဉ်စီးခတွေ ပိုကုန်တာတော့ မရှိသေးဘူး။ မြို့ထဲ အလုပ်ဆင်းတဲ့သူတွေတော့ နှစ်ဆင့်စီးရတာတွေ၊ ပိုက်ဆံပိုကုန်တာတွေရှိတယ်၊ ကားတွေ လုံ လောက်မှုမရှိတဲ့ အခြေအနေကို အမြန်ဆုံးဖြည့်ဆည်းပေးစေချင်တယ်၊ ဒီအတိုင်းကတော့ ကားနည်းတဲ့အတွက် အဆင်မပြေဘူး။
ကိုဝင်းဆွေဦး – အင်းစိန်
ကျနော်တို့ရပ်ကွက်ကနေ ကားလိုင်းစနစ်သစ်ပြောင်းတာမှာ ခရီးသည်တွေ အဆင်ပြေစေဖို့ ကားလမ်းကြောင်းတွေကို ကူညီပြောပြပေးတာပါ၊ ကျနော်တို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကိုလည်း အကူအညီတောင်းလို့ပါ။ တချို့ ကားစီးဖို့ ခက်ခဲနေတာတွေကို အတော်အသင့်ပြေလည်သွားအောင် ကူညီပေးချင်လို့ပါ။ ကားလမ်းညွန်ဆိုင်းပုဒ်ကို ဖျက်ဆီးတာကလည်း အများအတွက် အကျိုးရှိဖို့ နိုင်ငံတော်က လုပ်ပေးထားတာကို ဖျက်ဆီးတာတော့ မကောင်းဘူးပေါ့။ သူ့ရဲ့ခံစားချက် နဲ့ ကိုယ့်ရဲ့ခံစားချက်မတူတာတွေတော့ ရှိမှာပေါ့။ ကိုယ့်ပစ္စည်းကို ဖျက်ဆီးရင်လည်း မကြိုက်သလို အများပစ္စည်းကို ဖျက်ဆီးတာလည်း လုံးဝမကောင်းပါဘူး။ အခုလို အခက်အခဲဖြစ်နေတဲ့ သူတွေကို ကူညီပေးရတာကိုလည်း ကျေနပ်ပါတယ်။
ကိုပြည့်ဖြိုးအောင် – လှိုင်မြို့နယ်
ရွာမအကွေ့လမ်းမှာ အပြိုင်မောင်းနေကြတယ်။ လိုင်းကားတွေပါ ဗဟိုလမ်းမှာ အများကြီးတိုးလာတယ်။ လူကတော့ ကြပ်တယ် အဲ့တာက မထူးဆန်းတော့ဘူး။ ပုံမှန်ထက် ရုံးချိန် ၁၅ မိနစ်လောက်ပဲ နောက်ကျပါတယ်။ ကားနံပတ်က ၁၁၊ အရင် ၂၀၄ လမ်းကြောင်း ပြေးဆွဲတဲ့နေရာမှာ အစားထိုးလိုက်တဲ့ကားပါ။ ကားတွေက အသစ်တော့ မဟုတ်ဘူး။ YBS တံဆိပ်တွေ ကပ်ထားတယ်။ ဒါပေမယ့် စီးရတာ အဆင်ပြေတယ်။ ပြောင်းလဲမှုကို သဘောကျလက်ခံတယ်။ တစ်ကနေ စရတဲ့ ဘယ်အရာမဆို အခက်အခဲက ရှိတတ်ကြတယ်။ ဒီအခက်အခဲကို ကိုယ်တိုင် ဖြတ်သန်းရလို့လည်း ဘယ်တော့မှ စိတ်ပျက်ငြီးငြူနေမှာ မဟုတ်ပါဘူး။
မရဲလင်းလင်းသန်း – အလုံမြို့နယ်
ဒီမနက် YBS နဲ့ ဘတ်စ်ကား စီးဖြစ်ပါတယ်။ ကြပ်တာတော့ ကြပ်တယ်။ ဒါပေမယ့် ကားက မိနစ်ခြားပြီးလာတယ်။ ၁၀ မိနစ်တစ်ခါ ၅ မိနစ် တစ်ခါ ဆိုတော့ အဆင်ပြေတယ်။ ပြသနာက သခင်မြပန်းခြံကားဂိတ်မှာစတာ ၊ အဲဒီမှာ ကားဂိတ်ဆုံးတော့ မြို့ထဲကိုစီးဖို့ ၅၇ နဲ့ ၅၆ ပဲရှိတာလေ ၅၇ ကမလာဘူး၊ ၅၆ ပဲလာတယ်။ အဲဒီမှာ အပေါ်လမ်း အောက်လမ်း ကွာတယ်လေ။ ကားနှစ်လိုင်းက တချို့လူတွေက ၅၇ ကားလိုင်း မဆွဲဖြစ်တာကို ကြိုမသိကြဘူး၊ အဲဒါကိုပဲစောင့်နေကြတာပေါ့၊ ကျမကတော့ အပေါ်လမ်းဖြစ်ဖြစ် အောက်လမ်းဖြစ်ဖြစ် ရုံးနား မြို့ ထဲရောက်ရင် ပြီးရောဆိုပြီး ၅၆ စီးဖို့လုပ်တယ်၊ ကားက နာရီဝက်လောက်စောင့်ရတယ်၊ လာတော့ လူကအပြည့်ပဲ တယောက်မှ မဆင်းဘူး၊ မြို့ထဲက ပတ်စီးလာကြတာလား ဘာလား မသိဘူး စပယ်ယာနားက ခြေနင်းခုံမှာပဲ ယောက်ကျားလေးတွေက တွယ်စီးကြတာ ဒါတောင် နှစ်ယောက်လောက်ပဲ ထပ်ဆန့်တယ်၊
နောက်နာရီဝက်စောင့်ပြီး နောက်တစီးလည်း အဲလိုပဲဆိုတော့ ကျမကရုံးနဲ့ သုံးမှတ်တိုင်လောက်ပဲ ဝေးတာ ဆိုတော့ လမ်းလျှောက်လိုက်တယ်၊ တချို့ ဦးလေးကြီးတွေ အဒေါ်ကြီးတွေက အမနဲ့လိုက်လျှောက်မလို့ မေးတယ်၊ သူတို့က လမ်းငါးဆယ်တို့ ဘာတို့သွားမှာလေ မလျှောက်နဲ့ ဝေးတယ်လို့ပြောရတယ်၊ ကားဂိတ်မှာ ဘာ Volunteer မှလည်း မရှိပါဘူး၊ ရှိတဲ့သူတွေကလည်း သေချာမဖြေပေးနိုင်ကြဘူး၊ ကျမတို့သိချင်တာက ကားဘာလို့ကြာလဲ၊ ဒီကားမရှိရင် တခြား ဘယ်လိုလမ်းကြောင်းက အဆင်ပြေသေးလဲဆိုတာပဲလေ၊ အခုက သူတို့ပြန်ဖြေတာက ရှင်းပါတယ်။ ဒီလမ်းကြောင်းအတွက် ဒီနှစ်စီးပဲရှိတာ မလာသေးဘူး အခုထိကားက သူတို့လည်း မသိဘူးတဲ့လေ။ ကျမက သခင်မြပန်းခြံကနေ ၅၆ ပြန်စီးဖို့ အဆင်မပြေခဲ့တာပါ။
ကိုဖြိုးကိုကို – လှိုင်မြို့နယ်
ပထမဆုံး ကားဂိတ်ကို ရောက်တော့ လူအုပ်ကြီးနဲ့ တန်းတိုးတာပေါ့။ အစတည်းက မျှော်လင့်ပြီးသားပါ။ ပထမဆုံးနေ့ဆိုတော့ အဲဒီလိုတွေကြုံရမယ်ဆိုတာ သိပြီးသားပါ။ လူအုပ်ကြီး ဖြစ်နေတာက တချို့က သိပ်မသိ သေးတော့ ဟိုယောင်ယောင် ဒီယောင်ယောင် ဘယ်ကားလိုက်ရမလဲ ဆိုပြီး မစီးရဲတော့ တက်မစီးကြဘူး။ နောက်တစ်ခုကကျတော့ စထွက်ထွက်ချင်း နေ့မလို့ထင်တယ်။ ကားတွေလည်း သိပ်မထွက်ကြဘူး ထင်တယ်။ လမ်းပေါ်မှာရော ကားတွေပေါ်မှာရော ကြပ်ပြည့်နေတာပဲ ဒါပေမဲ့ ခန နည်းနည်း စောင့်လိုက်ရင်တော့ နည်းနည်း ချောင်တဲ့ ကားတစ်စီးပေါ်ကို တက်လိုက်သွားခဲ့တယ်။ အဆင်ပြေပါတယ်။ ကျနော် စီးတဲ့ကားကတော့ ရန်ကုန် – အင်းစိန် သံလမ်းမှတ်တိုင်ကနေ မြေနီကုန်းကို စီးတာပါ။ ကားလိုင်းနံပါတ် ၂၁ ကို စီးခဲ့ပါတယ်။ YBS ကို မစီးခင်တည်းက Application ကနေ ကိုယ်ဘယ်ကားစီးရမလဲ၊ ဘယ်လမ်းကြောင်းအတိုင်း သွားရမယ်ဆိုတာ ကြိုကြည့်ထားလို့ အခက်အခဲကတော့ မရှိခဲ့ပါဘူး။