တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရတို့ကြား NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေး၊ ဖေဖော်ဝါရီလထဲမှာ ကျင်းပမယ့် ဒုတိယ အကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ တို့ကို တက်ရောက်ကြဖို့ရာ အတွက်လည်း အခုအချိန်အထိ မရေရာသေးပါဘူး။
အစိုးရ တပ်မတော်နဲ့ NCA မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ စစ်ပွဲတွေက ဖြစ်ပွားနေဆဲဖြစ်သလို ထိရောက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့အတွက် နှစ်ဘက် ဆွေးနွေးပွဲတွေဟာ ထိထိမိမိ မရှိသေးဘူးဆိုတာကိုလည်း တွေ့မြင်ရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်လည်းဖြစ် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဗိုလ်ချုပ် ဂွန်မော်ကို ဧရာဝတီ သတင်းထောက်တွေ ဖြစ်တဲ့ ငြိမ်းငြိမ်း နဲ့ ကျော်ခတို့က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ ကချင်ပြည်နယ်ထဲမှာ တပ်မတော်ရဲ့ ထိုးစစ်တွေကြောင့် KIA ရဲ့ စစ်ရေးအရ အရေးပါတဲ့ ဂီးဒွန်၊ လိုင်ဖောင် စတဲ့ စခန်းတွေ အသိမ်းခံလိုက်ရတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း စခန်းတချို့ကို တပ်မတော်က ထပ်သိမ်းလိုက် တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့ တပ်မတော်ကနေပြီးတော့မှ စခန်းသိမ်းတိုက်ပွဲတွေ လုပ်နေတာကြာပါပြီ။ ၄ လ၊ ၅ လလောက် ရှိပါပြီ။ ကျနော်တို့တွေ တချို့စခန်းတွေလည်း လက်လွှတ်ခဲ့ရပါတယ်။ ဒါ ကျနော်တို့ အတွက်ကတော့ နိုင်ငံရေးနဲ့ ဒီစစ်ရေး ဘယ်ဟာကို ရွေးမလဲဆိုတဲ့ ယတိပြတ် ဆုံးဖြတ်ဖို့အတွက် ဖိအားပေးတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။
မေး။ ။ ဒီလိုမျိုးဖိအားတွေ များလာတဲ့အခါကျတော့ ဗိုလ်ချုပ်တို့ အနေနဲ့ ခုနကပြောတဲ့ ယတိပြတ် ဆုံးဖြတ်ချက်နဲ့ ပတ်သက် ပြီး တစုံတရာ ရလာပြီလား။
ဖြေ။ ။ အခုအချိန်မှာ ကျနော်တို့ ဗဟိုကော်မတီမှာ ဆွေးနွေးနေပါတယ်။ လိုအပ်လို့ရှိရင် ပါတီညီလာခံခေါ်ပြီး မကြာခင်မှာ ကျနော်တို့ ယတိပြတ် ဆုံးဖြတ်ချက်ချဖို့ အနေအခြေအနေ ရှိပါတယ်။
မေး။ ။ ကချင်ပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တပ်မတော်ရဲ့ ထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်နေတဲ့ အပေါ်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့က စစ်ပွဲရပ်ဖို့ ကိစ္စကို ပြောဆိုတာ မရှိဘူး။ နှုတ်ဆိတ်နေတယ် ဆိုပြီးတော့ ဝေဖန်နေကြတာ ရှိပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ။ ။ ကျနော်တို့အနေနဲ့ အစိုးရက ပြောသင့်တဲ့ ခေါင်းစဉ်တခုလို့ နားလည်တယ်။ ဒါပေမယ့် အစိုးရက မပြောတာကိုတော့ ကျနော်တို့ ဘာမှ မဝေဖန်တော့ဘူး။ အဲဒီတော့ အစိုးရကလည်း မပြောဘူးဆိုတော့ အစိုးရကလည်း ဒီတိုက်ပွဲတွေ အပေါ်မှာ အားပေးတယ်လို့ပဲ နားလည်ပါတယ်။
မေး။ ။ လောလောလတ်လတ် ဖြစ်သွားတဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က မြောက်ပိုင်း မဟာမိတ် စစ်ဆင်ရေးမှာ MNDAA ၊ AA ၊ TNLA တို့နဲ့အတူ KIA လည်းပါခဲ့တယ်။ အဲဒီစစ်ဆင်ရေးကို ဘာကြောင့် ပါဝင်ခဲ့တာလဲ ဆိုတာ ရှင်းပြပေးပါလား။
ဖြေ။ ။ ဒီမြောက်ပိုင်းဒေသ စစ်ဆင်ရေးရဲ့ ပါဝင်တဲ့ အဖွဲ့တွေရဲ့ နာမည်က မြောက်ပိုင်း မဟာမိတ်အဖွဲ့လို့ ကျနော်တို့က ခေါ်ပါတယ်။ တကယ်တော့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုဆိုတာကတော့ TNLA ရယ်၊ AA ရယ်၊ ကိုးကန့် (MNDAA) ရယ် ဖြစ်ပါတယ်။ အခု ကျနော်တို့ ဒီမြောက်ပိုင်း မဟာမိတ် အဖွဲ့လို့ခေါ်တဲ့ အထဲမှာတော့ ကျနော်တို့ KIA တခုလုံး ပါဝင်တာ မဟုတ်ဘဲနဲ့ KIA ရဲ့ အစိတ်အပိုင်း တချို့ဖြစ်တဲ့ တပ်မဟာ ၄ နဲ့ ၆ ကို ပါဝင်ဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ မဟာမိတ်ဖြစ်တယ်။ ပြီးတော့ နယ်မြေချင်း စပ်ဆက်နေတယ်။ ပိုပြီး အရေးကြီးတာက ဒီတိုက်ပွဲတွေမှာ ကျနော်တို့ မပါဝင်ဘူးဆိုရင် မဟာမိတ် အချင်းချင်းရဲ့ ယုံကြည်မှုတွေ လျော့ပါးနိုင်သလို မလိုလားအပ်တဲ့ နိုင်ငံရေး အရှုပ်အထွေးတွေ ဖြစ်ပေါ်လာမှာစိုးလို့ ကျနော်တို့က မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းပြီးမှ စစ်ဆင်ရေးတွေမှာ ပါဝင် လှုပ်ရှားရတာ ဖြစ်ပါတယ်။
မေး။ ။ ဒါပေမယ့်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပြောနေကြ စကားရှိတာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာမယ်ပေါ့နော်။ ဆိုတော့ အခုလိုမျိုး လက်တွေ့တိုက်ပွဲနဲ့က ပြောင်းပြန် ဖြစ်မနေဘူးလား။
ဖြေ။ ။ တိုက်ပွဲတပွဲကိုပဲ ကြည့်ပြီး ပြောမယ်ဆိုရင်တော့ ဒီလို အဓိပ္ပာယ် ထွက်ကောင်း ထွက်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ ထုတ်ပြန်ချက်တွေ၊ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်တာကတော့ စစ်ရေးအရ ဖိအားမပေးဖို့၊ အဲဒီတော့ ကျနော်တို့ ဥပမာ ဂီးဒွန်လို နေရာမျိုးကို ၂ လ၊ ၃ လ လောက်တိုက်တဲ့ အချိန်မျိုးမှာ ကျနော်တို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက နေရာ တနေရာကို ဝင်ပြီး တိုက်လိုက်တယ်။ အဲဒီတော့ ဒီတနေရာကို ဝင်တိုက်တာကို ဥပမာ နိုဝင်ဘာ ၂၀ ကနေတိုက်တာ ၁၅ ရက်လောက်ပေါ့နော်။ ဒီ ၁၅ ရက်လောက် မဟာမိတ်အဖွဲ့တွေက တနေရာမှာ ဝင်တိုက်တာကို အပြစ်ပြောမယ်ဆိုရင် အစိုးရတပ်က သာလွန်အင်အားနဲ့ လပေါင်းများစွာ တိုက်နေတာကိုလည်း ကျနော်တို့က ထည့်ပြီး စဉ်းစားဖို့လိုပါတယ်။ ဒါကြောင့် တနေရာတည်းမှာပဲ ကွက်ပြီး မှတ်ချက် မချဖို့ အရေးကြီးပါတယ်။
မေး။ ။ အဲဒီတိုက်ပွဲနဲ့ အဆက်ကို ပြောရမယ်ဆိုရင် အစိုးရကရော၊ တပ်မတော်ဘက်ကရော မဟာမိတ်အဖွဲ့တွေကို အကြမ်းဖက် သောင်းကျန်းသူတွေလို့ တွင်တွင်ကျယ်ကျယ် သုံးတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို သဘောထားရှိပါလဲ။
ဖြေ။ ။ ဒါကိုတော့ ကျနော် ၂ ပိုင်းပြောချင်ပါတယ်။ အခုကတော့ ကျနော်တို့ နားလည်တာက အစိုးရက တရားဝင် အကြမ်းဖက်လို့ သတ်မှတ်တာ မဟုတ်ဘူး။ ဒါပေမယ့် တပ်မတော်ဘက်ကတော့ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် နေရာတိုင်းမှာ အကြမ်းဖက်လို့ ပြောဆို သုံးနှုန်းနေတာ တွေ့ရပါတယ်။
နောက်ဒုတိယ အချက်အနေနဲ့ကတော့ အကြမ်းဖက် ဆိုတာက ဒီလို အမည်နာမကို ကိုယ်ကြိုက်သလို ခေါ်ရုံနဲ့ အတည် ဖြစ်တာ မဟုတ်ပါဘူး။ တကယ်ပဲ အကြမ်းဖက်တဲ့ အဖွဲ့ ဖြစ်သလား၊ မဖြစ်ဘူးလား ဆိုတာကတော့ ပြည်သူလူထုကပဲ ဆုံးဖြတ်ရမှာ။ ပြီးတော့ သူ့ရဲ့ စံနှုန်း၊ စံထားတွေ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ကို ကချင်လူထု အပါအဝင် တခြားပြည်သူ လူထုက အကြမ်းဖက်လို့ မသတ်မှတ်ဘူးဆိုရင် ဘယ်တော့မှ အကြမ်းဖက်ဖြစ်မှာ မဟုတ်ပါဘူး။ ပြီးတော့ ကျနော်တို့ KIO ကလည်း အကြမ်းဖက်တဲ့ လုပ်ရပ်မျိုး မလုပ်ပါဘူး။ ဒါကျနော်တို့ ရဲရဲကို အာမခံပါတယ်။
မေး။ ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကအစ အကြမ်းဖမ်းဖက် သောင်းကျန်းသူတွေလို့ သုံးစွဲ ပြောဆို နေတာကို တွေ့နေရပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါမှာ တပ်မတော်နဲ့ အဓိက ဆွေးနွေးနေရတဲ့ အခါကျတော့ ဒီစကားလုံး အသုံးအနှုန်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုပြီးတော့များ အလှမ်းကွာဝေး သွားစေမလား။
ဖြေ။ ။ အဓိကကတော့ ဆွေးနွေးပွဲတွေအတွက် အခက်အခဲ ဖြစ်စေပါတယ်။ ဒါကြောင့် ဇန်နဝါရီလ ၁၃ ရက်နေ့က ဦးအောင်ကြည် တို့နဲ့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာလည်း ဒီကိစ္စ ကျနော်တို့ တင်ပြပါတယ်။ ကျနော်တို့ကို အကြမ်းဖက်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်က တရားဝင် ထုတ်ဖော်နေတဲ့အခါမှာ ကျနော်တို့ ပြည်တွင်းကို ဆွေးနွေးပွဲတွေ လာဖို့ မဖြစ်နိုင်ဘူးလို့ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။ အဲဒီတော့ ဒါအခက်အခဲ ဖြစ်စေပါတယ်။
မေး။ ။ UNFC က တင်ထားတဲ့ မူ ၈ ခုထဲက ပထမဆုံးအချက်မှာ အစိုးရအနေနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ကြေညာ ပေးဖို့ဆိုတာ ဘယ်လို ပုံစံမျိုးကို ဆိုလိုတာလဲ။
ဖြေ။ ။ အဓိကကတော့ UNFC က တောင်းဆို ထားတာကတော့ အနည်းဆုံး UNFC အဖွဲ့ဝင်တွေ အားလုံးကို အတူတကွ ပါဝင် လက်မှတ်ရေးထိုးရေး ဖြစ်ပါတယ်။ အဲဒီလိုအတူတကွ ပါဝင် လက်မှတ်ရေးထိုးပြီးလို့ရှိရင် လက်မှတ်ထိုးပြီးတာနဲ့ ၂၄ နာရီအတွင်း အစိုးရကနေပြီးတော့မှ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးဖို့ နောက် ကျနော်တို့ EAOs (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ) ဘက် ကနေပြီးတော့လည်း ၄၈ နာရီအတွင်းမှာ အပစ်အခတ်ရပ်စဲကြောင်း ပြန်လည် ကြေညာမယ်ဆိုတဲ့ တောင်းဆိုချက် ဖြစ်ပါ တယ်။ ဒါပေမယ့် အစိုးရဘက်ကနေ ပြောတာကတော့ အဲဒီလို မလုပ်ပေးနိုင်ဘူး။ လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ပဲ အပစ်အခတ် ရပ်စဲကြောင်း ကြေညာနိုင်တယ်လို့ အဲဒီလိုပဲ မနေ့ကလည်း အစိုးရ ကိုယ်စားလှယ်တွေက ပြောပါတယ်။
ကျနော်တို့ ပြောတာ နှစ်ပိုင်းပေါ့။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အားလုံးကို ပါဝင် ခွင့်ပေးပါ။ စာချုပ်မှာ လက်မှတ်ထိုးဖို့ အတွက် အားလုံး ပါဝင် လက်မှတ်ထိုးပြီးတာနဲ့ တပြိုင်တည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေညာပေးပါလို့ တောင်းဆိုတာ ဖြစ်ပါတယ်။ အစိုးရက ဒါကို မလိုက်လျောနိုင်သေးတဲ့ အခါကျတော့ ဒီတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ် ရေးထိုးနိုင်ဖို့ အခက်အခဲဖြစ်နေတာ ဖြစ်ပါတယ်။
မေး။ ။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ မူလ ရည်ရွယ်ချက်တွေက အရမ်းကောင်းတယ်။ ဒါပေမယ့် အခု နောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာက အကျိုးစီးပွားတွေ ကာကွယ်ဖို့အတွက် ဆိုပြီးတော့ ပြောနေကြတာတွေ ရှိတယ်။ အဲဒီလိုမျိုး မေးလာ၊ ပြောလာရင် ဗိုလ်ချုပ်တို့အနေနဲ့ ဘယ်လိုပြန်ပြောချင်လဲ။
ဖြေ။ ။ အကျိုးစီးပွားလို့ ပြောတာက သိပ်ပြီးတော့ အခြေအမြစ် မရှိဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဥပမာ KIO မှာ ဆိုလို့ရှိရင်လည်း ရန်ပုံငွေနဲ့ ပတ်သက်တဲ့ အခွန်ကိစ္စတို့ ဘာတို့ အကုန်လုံးက ဌာနကနေ ကိုင်တာ ဖြစ်ပါတယ်။ တစုံတယောက်က နေပြီးတော့မှ အဓိက ချယ်လှယ်တာမျိုး မရှိဘူး။ အဲဒီတော့ အကျိုးစီးပွားလို့ ပြောလိုက်ရင် အမျိုးသား အကျိုးစီးပွားပဲ ရှိမှာပါ။ တဦးတယောက်ချင်းစီရဲ့ အကျိုးစီးပွားတော့ မရှိပါဘူး။
မေး။ ။ စခန်းသိမ်း တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ တရုတ်ပြည်ဘက်ကို ထွက်ပြေးရတာရှိတယ်။ ဒါပေမယ့် တရုတ် ဘက်က ဒုက္ခသည်တွေကို ကိုယ်ထိလက်ရောက် လုပ်ဆောင်တာတွေရှိပြီး လက်မခံဘူး။ ဆိုတော့ တရုတ်အစိုးရကိုရော KIO အနေနဲ့ ဒီကိစ္စတွေ ပြေလည်ဖို့ ဘယ်လိုတိုက်တွန်းလို့ ရမလဲ။
ဖြေ။ ။ ကျနော်တို့က တရုတ်အစိုးရ ဆိုတာထက် ဒေသဆိုင်ရာ အာဏာပိုင်များနဲ့ ညှိနှိုင်းနေတာဖြစ်ပါတယ်။ တကယ် အကြပ်အတည်း ဖြစ်လာတဲ့ အခါမှာတော့ ကျနော်တို့ လူထုကို တားလို့မရပါဘူး။ ကိုယ့်ရဲ့အသက်ကို ကာကွယ်ရမယ်။ ကိုယ့်အသက်ကို စောင့်ရှောက်ရမယ်ဆိုရင် နယ်စပ်ကို ဖြတ်ကျော်တာမျိုး ရှိပါတယ်။ အဲဒီတော့ ကျနော်တို့က ဒီလိုမလွွှဲ မရှောင်သာ အနေအထားမျိုးဖြစ်လို့ရှိရင် သက်ဆိုင်ရာ အာဏာပိုင်များကို ချဉ်းကပ်ပြီးမှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
(ဆက်လက် ဖော်ပြပါမည်)