တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရတို့ကြား NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေး၊ ဖေဖော်ဝါရီလထဲမှာ ကျင်းပမယ့် ဒုတိယ အကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ တို့ကို တက်ရောက်ကြဖို့ရာ အတွက်လည်း အခုအချိန်အထိ မရေရာသေးပါဘူး။
အစိုးရ တပ်မတော်နဲ့ NCA မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ စစ်ပွဲတွေက ဖြစ်ပွားနေဆဲဖြစ်သလို ထိရောက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့အတွက် နှစ်ဘက် ဆွေးနွေးပွဲတွေဟာ ထိထိမိမိ မရှိသေးဘူးဆိုတာကိုလည်း တွေ့မြင်ရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်လည်းဖြစ် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဗိုလ်ချုပ် ဂွန်မော်ကို ဧရာဝတီ သတင်းထောက်တွေ ဖြစ်တဲ့ ငြိမ်းငြိမ်း နဲ့ ကျော်ခတို့က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ ဟိုတနေ့က နမ့်ဆန်မှာ TNLA နဲ့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်တော့ လက်နက်ကြီးတွေနဲ့ ပစ်ကြတယ်။ ကြားထဲမှာ ကလေးတယောက် အပါအဝင် နှစ်ယောက် ဆုံးသွားကြတယ်ပေါ့။ အဲဒီမှာ လူထုကြားထဲမှာ ပြောလာတာရှိတယ်။ လက်နက်ကိုင် တိုက်မှ အမျိုးသား လွတ်မြောက်ရေး ရမှာလားဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာတာတွေ့ပါတယ်။ တကယ်လို့များ အဲဒီလို မေးခွန်းမျိုး ဗိုလ်ချုပ်တို့ကို မေးလာမယ်ဆိုရင် ဘယ်လိုဖြေချင်လဲ။
ဖြေ။ ။ ဒါက ကျနော်တို့ KIO ရဲ့ ပေါ်လစီ ရှိပြီးသားပါ။ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းနိုင်တယ်ဆိုတဲ့ သဘောထားမျိုး အမြဲတမ်း စွဲကိုင်ထားတာပါ။ ဒါကြောင့်မို့လည်း ဒီလောက် တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် ကျနော်တို့က ဆွေးနွေးပွဲကို လာတာ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီမူဝါဒသာ မရှိဘူးဆိုရင် ကျနော်တို့ ဒီမှာလာစရာ အကြောင်း မရှိတော့ပါဘူး။
မေး။ ။ လက်နက်ကိုင် တော်လှန်ရေးတွေက ဘာကြောင့် ရှိနေသေးသင့်သလဲလို့ မေးလာခဲ့လို့ရှိရင် ဗိုလ်ချုပ် ဘယ်လို ဖြေချင်ပါသလဲ။
ဖြေ။ ။ အဓိကကတော့ တန်းတူရေးနဲ့ ဖက်ဒရယ် အရေးဖြစ်ပါတယ်။ တန်းတူ ဆက်ဆံဖို့လိုတယ်။ တန်းတူ ဆွေးနွေးဖို့ လိုတယ်။ တန်းတူ အခွင့်အရေးရှိရမယ်။ ပြီးတော့ စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲအပေါ် ရောက်ရမယ်။
ဒီစစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲက ရလဒ်တွေကို အခြေခံဥပဒေမှာ တရားဝင် ဖော်ပြဖို့ လိုပါတယ်။ အဲဒီတော့ အခုအခက်အခဲက အခြေခံဥပဒေ ပြုပြင်ရေးကို ဘယ်သူမှ စကားမပြောတာက အကျပ်အတည်း ဖြစ်ပါတယ်။
ဒါကြောင့် ကျနော်တို့ အခု ဇန်နဝါရီ ၁၃ ရက်က အစည်းအဝေးမှာလည်း ကောင်းပြီ၊ ဒါဆို ကျနော်တို့က ချီလီနိုင်ငံလိုမျိုး လုပ်မလား။ အခြေခံဥပဒေ ပြင်ဆင်ရေးကို ၁၅ နှစ်၊ ၁၆ နှစ် လုပ်သွားတယ်။ အဲဒီတော့ ကျနော်တို့က အားလုံးပါဝင်ပြီး လက်မှတ်ရေးထိုးပြီးလို့ရှိရင် ဒီအခြေခံဥပဒေ ဘယ်လို ပြုပြင်ပြောင်းလဲမလဲ။ အသစ် ရေးဆွဲမယ့် ကဏ္ဍတွေကို ဆွေးနွေး မလားလို့ မနေ့က အဲဒါကို ခေါင်းစဉ် တခုအနေနဲ့ ဆွေးနွေးဖြစ်ပါတယ်။ အဖြေတော့ မရပါဘူး။
မေး။ ။ လက်ရှိအစိုးရသစ်က သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဗိုလ်ချုပ်တို့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တာတွေ မြင်ရတာတွေ ရှိပါတယ်။ ဆိုတော့ အစိုးရသစ်ရဲ့ သွားနေတဲ့ ပုံစံအရဆိုရင် ဗိုလ်ချုပ်တို့အတွက် မှေးမှိန်တဲ့ အပိုင်းကို သွား နေသလား။ ဒါမှမဟုတ် လက်ရှိ အနေအထားအရ မျှော်လင့်ချက် ရှိသေးလား။
ဖြေ။ ။ အစိုးရသစ်မှာ ဆန္ဒရှိတယ်ဆိုတာကို ကျနော်တို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အကောင်အထည် ဖော်နိုင်စွမ်း မရှိဘူးလို့ မြင်ပါတယ်။ ဥပမာပေါ့ ၂၁ ရာစု ပင်လုံ ပထမအကြိမ် လုပ်လိုက်တယ်။ ဒါဟာ အစသွားတဲ့အချိန်မှာ ကျနော်တို့ ပြောသလိုပဲ ကျနော်တို့ဘက်ကတော့ အစိုးရသစ်ကို အလေးထားတဲ့ အနေနဲ့သွားတယ်။ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ရောက်ချင်လို့ ကျနော်တို့က သွားတယ်။ သို့သော်လည်းပဲ ကျနော်တို့ စိတ်ထဲမှာ တကယ်ကျေနပ်သလား ဆိုလို့ရှိရင် ၂၁ ရာစု ပထမအကြိမ် ညီလာခံကို ကျနော်တို့ ကျေနပ်မှု မရှိပါဘူး။ ဒါကြောင့်မို့လို့ တကယ်တမ်း အကောင်အထည် ဖော်တဲ့ အပိုင်းမှာတော့ အားနည်းတယ်လို့ ကျနော်တို့ ဒီလိုပဲ မြင်ပါတယ်။
မေး။ ။ ၂၁ ရာစု ပထမအကြိမ် ညီလာခံကို ကျေနပ်မှု မရှိဘူးဆိုတာ ဘာကြောင့်ပါလဲ။
ဖြေ။ ။ ညီလာခံဆိုရင် ၁၃ ရက်နေ့က ဆွေးနွေးပွဲမှာလည်း ကျနော့်ဘက်က အဆိုပြုတာ ရှိပါတယ်။ ညီလာခံလို့ ခေါ်မယ် ဆိုရင် ညီလာခံရဲ့ ဂုဏ်အင်္ဂါရပ်နဲ့ ကိုက်ညီအောင် ကျင်းပဖို့လိုပါတယ်။ ပထမအချက်ပေါ့နော်။ ဒုတိယ အချက်ကတော့ ၂၁ ရာစု ပင်လုံလို့ အမည်မှည့်ခေါ်တယ် ဆိုရင် ပြည်ထောင်စု အရေး အဓိကထားပြီး ဆွေးနွေးဖို့လိုတယ်။ ပြီးတော့ ပင်လုံ ကတိကဝတ်နဲ့ ပင်လုံစာချုပ်ကိစ္စတွေကို ဆွေးနွေးရမယ်။ တကယ်လို့ ပင်လုံမှာ ဆောင်ရွက်ခဲ့တဲ့ ဟာတွေကို အသိအမှတ် မပြုဘဲနဲ့ အဲဒီမှာလည်း မဆွေးနွေးဘူးဆိုရင် ဒီဆွေးနွေးပွဲကို ပင်လုံဆိုတဲ့ စကားလုံး ဖြုတ်သင့်တယ်။ တခြားနာမည်ပြောင်း သင့်တယ်လို့ မနေ့က အကြံပြုထားတာ ရှိပါတယ်။ ဒါကျနော်တို့ ဘဝင်မကျတဲ့ အချက်ဖြစ်ပါတယ်။
မေး။ ။ အစိုးရ လိုချင်တာကတော့ ဗိုလ်ချုပ်တို့ (အပစ်မရပ်သေးသော အဖွဲ့များ) အနေနဲ့ ၂၁ ရာစုပင်လုံ ဒုတိယ အကြိမ်ကို လက်မှတ်ထိုးပြီး တက်ဖို့ မျှော်လင့်တာပေါ့။ ဆိုတော့ ဗိုလ်ချုပ်တို့က ၂၁ ပင်လုံကို တက်မှာလား။ တက်မယ်ဆိုလို့ရှိရင် အစိုးရဘက်က ဘာတွေလုပ်ပေးဖို့ လိုအပ်မလဲ။
ဖြေ။ ။ နှစ်ပိုင်း ပြောချင်တာပေါ့နော်။ အခု အားလုံးမေးတာကတော့ ၂၁ ရာစုပင်လုံနဲ့ လက်မှတ်ထိုးတဲ့ ကိစ္စကို တခုတည်း အနေနဲ့ ပြောနေကြတာပေါ့။ တကယ်တော့ လက်မှတ်ထိုးတဲ့ ကိစ္စက သာမန်ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီးမှ ရှေ့ကို တက်လှမ်းရမယ် ဆိုတာ မှန်တယ်။ သို့သော်လည်းပဲ လက်မှတ်ထိုးပြီးလို့ရှိရင် ဘယ်လို သွားမလဲဆိုတဲ့ အပိုင်းကို သေချာ မဆွေးနွေးဘဲနဲ့ လက်မှတ်ထိုးပြီးမှ ညီလာခံကို တက်တဲ့ ပုံစံမျိုး ကျနော်တို့က မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီတခါ လက်မှတ်ထိုးထားတဲ့ ကတိကဝတ်က ရေရှည်မှာ သွားချင်တယ်။
ဥပမာ ခုနပြောသလိုပဲ ၂၁ ရာစု ပင်လုံဆိုတာက ညီလာခံတခု ညီလာခံ ဆိုလို့ရှိရင် စစ်မှန်တဲ့ ကိုယ်စားလှယ်တွေ တက်ရမယ်။ ညီလာခံရဲ့ ဂုဏ်အင်္ဂါ ပြည့်စုံစွာနဲ့ ကျင်းပတဲ့ ညီလာခံမျိုး ဖြစ်စေချင်တယ်။ ကျနော်တို့က အဲဒီလို အခင်းအကျင်းမျိုး ဆိုရင် တက်မှာပါ။ အဲဒီလို အခင်းအကျင်းမျိုး မဟုတ်ဘူး။ အဓိပ္ပာယ် မရှိတဲ့ ညီလာခံ ပုံစံမျိုး ဖြစ်သွားမယ် ဆိုလို့ရှိရင် ကျနော်တို့က တက်မှာ မဟုတ်ပါဘူး။
မေး။ ။ ဗိုလ်ချုပ်တို့ အပစ်မရပ်သေးတဲ့ အဖွဲ့တွေအနေနဲ့ အစိုးရနဲ့ ဆွေးနွေးတဲ့ အထဲမှာ အရေးကြီး ကိစ္စရပ် တခုဖြစ်တဲ့ နိုင်ငံရေး မူဘောင် သုံးသပ်တဲ့ကိစ္စပေါ့။ အဲဒီ ကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ ဘာပြောချင်ပါလဲ။
ဖြေ။ ။ နိုင်ငံရေး မူဘောင်ကတော့ အစကနေ အဆုံး ဆွေးနွေးပြီးတဲ့ နောက်မှပဲ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်သင့်ပါတယ်။ တပိုင်းစီ၊ တပိုင်းစီ လုပ်လို့မရပါဘူး။ ဥပမာ ကျနော်တို့ NCA နိဒါန်းပိုင်းမှာ မူလ ကျနော်တို့ တောင်းဆိုခဲ့တာက နိုင်ငံတော်ကို ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်ဆိုတဲ့ တိကျတဲ့ အဖြေတခုကို ကျနော်တို့ တောင်းခဲ့တယ်။ ဒါပေမယ့် အစိုးရ ကိုယ်စားလှယ်တွေ ပြောတာက နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးရအောင်လို့ ပြောတယ်။ ကျနော်တို့ဘက်က ပြန်စဉ်းစားတာက ကောင်းပြီ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ မူလ တောင်းဆိုထားတာက NCA ကို လက်မှတ်ရေးထိုးမယ်။ ပူးတွဲ ဦးဆောင်ကော်မတီ ရှိလာမယ်။ သုံးပွင့်ဆိုင် ဆုံးဖြတ်ခွင့်တွေ ရှိမယ်လို့ ကျနော်တို့က မျှော်လင့်ခဲ့တယ်။
ဒါပေမယ့် အခုအချိန်မှာ အဲဒီလို မဟုတ်ဘဲနဲ့ ပူးတွဲဦးဆောင်မှုလည်း မရှိတော့ဘူး။ သုံးပွင့်ဆိုင်လည်း မရနိုင်ဘူးဆိုရင် ဒီနိုင်ငံရေး မူဘောင်တခုလုံးမှာ ကျနော်တို့က ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ ကျနော်တို့ စဉ်းစားစရာ အချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေး မူဘောင်ဆိုတာက အားလုံး သေသေချာချာ ဆွေးနွေးပြီးမှ၊ တကယ် အချောသပ်ပြီးပြီဆိုမှ နိုင်ငံရေး ဆွေးနွေးပွဲကို သွားသင့်ပါတယ်။ သို့သော်လည်းပဲ အခုအချိန်မှာတော့ မပြီးခင် ပြန်သုံးသပ်နေတဲ့ အချိန်မှာပဲ နိုင်ငံရေး ဆွေးနွေးပွဲဆိုတဲ့ ဒီပင်လုံ ညီလာခံကြီးကို တပြိုင်တည်း ကျင်းပနေတာဖြစ်တော့ အခက်အခဲတွေ ရှိပါတယ်။ ဒါကျနော်တို့ရဲ့ အမြင်ပါ။
မေး။ ။ ကိုယ့်ဘက်က ရပ်တည်ချက်တွေက အစိုးရအတွက် ပိုပြီးတော့ အခက်အခဲ ဖြစ်စေသလား။
ဖြေ။ ။ အစိုးရနဲ့ တပ်မတော်လို့ ပြောရတာ နိုင်ငံတနိုင်ငံအတွက် အဓိပ္ပာယ် မရှိပါဘူး။ အစိုးရလို့ ပြောလိုက်ရင် အကုန်လုံး ပါတယ်လို့ ကျနော်တို့က ဒီလိုပဲ ယူဆပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဖြစ်နေတာကတော့ အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ နှစ်ဖွဲ့ ဖြစ်နေတာပေါ့လေ။ နောက်တခုကတော့ ငြိမ်းချမ်းရေးကို ဘယ်သူ ပိုလိုချင်သလဲလို့မေးရင် အတူတူပါပဲ။ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတဲ့ အပိုင်းမှာ မတူညီတာပဲ။ သို့သော်လည်းပဲ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပြောနေတာ က တန်းတူရေးပါ။ တန်းတူရေးနဲ့ ဆွေးနွေးကြမယ်။ တန်းတူရေးနဲ့ နေထိုင်မယ်ဆိုရင် ဒါဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလို့ ကျနော်တို့က မြင်တယ်။ တန်းတူ မဟုတ်ဘူးဆိုရင်တော့ ဒီငြိမ်းချမ်းရေးက မစစ်မှန်ဘူးလို့ ကျနော်တို့ဘက်က ဒီလို အယူ အဆနဲ့ပဲ တိုင်းတာမှာ ဖြစ်ပါတယ်။
မေး။ ။ ကျနော်တို့မေးတဲ့အထဲမှာ မပါဘဲ ဗိုလ်ချုပ်အနေနဲ့ ဖြည့်စွက် ပြောချင်တာများ ရှိရင် ပြောပေးလို့ရပါတယ်။
ဖြေ။ ။ အဓိကကတော့ ကျနော်တို့ UNFC အဖွဲ့ဝင်တွေ အနေနဲ့ NCA ကို ဘာဖြစ်လို့ လက်မှတ် မထိုးသလဲလို့ တချို့လူထုတွေက မေးတာပေါ့။ တကယ်တမ်း လက်မှတ်ထိုးရေး၊ မထိုးရေးဆိုတာ တိုက်ရိုက် မေးခွန်းမေးရတဲ့ မေးခွန်း မဟုတ်ပါဘူး။ ကျနော်တို့လည်း တိုက်ရိုက်ဖြေလို့ရတဲ့ အဖြေမရှိပါဘူး။ ဘယ်လို အနေအထား ရောက်ရင် လက်မှတ်ထိုးမယ် ဆိုတဲ့ ကျနော်တို့ရဲ့ စံနှုန်း သတ်မှတ်ချက်တွေ ရှိပါတယ်။ ဥပမာ အခု အားလုံးသိထားတဲ့ UNFC က တင်ပြထားတဲ့ ၉ ချက်ပေါ့။ အဲဒီတော့ ဒီအချက်ပြည့်စုံရင် ကျနော်တို့ လက်မှတ်ထိုးမယ်လို့ အတိအကျ အစိုးရကို စာနဲ့ရော၊ နှုတ်နဲ့ရော အစည်းအဝေးတွေမှာ ပြောထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ဟာ ရေရှည်ခိုင်မြဲမယ့် စာချုပ်ကို လက်မှတ်ထိုးချင်တာ ဖြစ်တယ်။ အဲဒီလို ရေရှည်ခိုင်မြဲတဲ့ စာချုပ်ကို လက်မှတ်ထိုးနိုင်ဖို့ ဆိုလို့ရှိရင် ရှေ့အလားအလာကို တချို့ဟာတွေ ကျနော်တို့ သေချာ ညှိနှိုင်းဖို့ လိုပါတယ်။ ဒါကြောင့်မလို့ လက်မှတ်ထိုးချင်တဲ့ ဆန္ဒမရှိဘူးလို့ မယူဆစေချင်ဘူး။ ဒီအနေအထား ရောက်အောင် ဆွေးနွေး ညှိနှိုင်းနေတယ်လို့ ပြောချင်ပါတယ်။
(ပထမပိုင်း ဖတ်ရှုရန်)
KIA ဗိုလ်ချုပ် ဂွန်မော်နှင့် တွေ့ဆုံမေးမြန်းခြင်း (၁)