ငယ်ပုံရိပ်ကို ပြန်ပြောင်းသတိရစေမယ့် အသွင်ဆန်းဆန်းနဲ့ မြန်မာ့ထန်းလျက်ခဲ

ဧရာဝတီ
မချိုလဲ့အောင်ကို သူမ၏ Tree Food ဆိုင်တွင် တွေ့ရစဉ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

အညိုရောင် ထန်းလျက်ခဲတွေဟာ ပင်ယံထက်က ကျလာတဲ့ လက်ဆောင် ဖြစ်ပါတယ်။ ထန်းလျက်ကို အညာဒေသရဲ့ အမှတ်လက္ခဏာ တမျှော်တခေါ် ထန်းပင်ရှည်ကြီးတွေက ထွက်တဲ့ ထန်းရည်ကနေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ထန်းလျက်ခဲဟာ ရှေးခေတ်အဆက်ဆက်က ရေနွေးကြမ်း ဝိုင်းတွေမှာ အစားအစာတခုအဖြစ် နေရာယူခဲ့ပြီး အစာစားပြီး အချိုတည်းတဲ့ မုန့်အဖြစ် စားရင်လည်း အစာကြေစေတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး ရိုးရာ ထန်းလျက်ခဲကို မုန့်တခုအဖြစ်ကနေ မြန်မာ့ရိုးရာ အော်ဂဲနစ် အမှတ်တရလက်ဆောင်ပစ္စည်းတခုအဖြစ် ပြောင်းလဲဖို့ စွန့်ဦးတီထွင်သူ မချိုလဲ့အောင် အနေနဲ့ စဉ်းစားမိပြီးတဲ့နောက်တော့ ထန်းလျက်ခဲဟာ အစားအစာသက်သက် မဟုတ်တော့ဘဲ မြန်မာတွေရဲ့ ရိုးရာအငွေ့အသက် အပြည့်နဲ့ မြန်မာတွေရဲ့ ဇာတ်လမ်းတပုဒ် ဖြစ်လာခဲ့ပါတယ်။

အသက် ၂၈ နှစ် သာ ရှိသေးတဲ့ မချိုလဲ့အောင်ဟာ ဆရာဝန်တယောက်အဖြစ် ပညာဆည်းပူးခဲ့သူ ဖြစ်ပေမယ့် တီထွင် ဆန်းသစ်မှု အနုပညာလည်း ပါရမီရှိသူ ဖြစ်ပါတယ်။ ထန်းလျက်ခဲကနေ တကိုက်စာထန်းလျက်အတုံးလေးတွေအဖြစ်၊ ထန်းလျက်ထုပ်ရဲ့ ထုပ်ပိုးမှုပုံစံအထိကို သူ့လက်နဲ့ ဖန်တီးယူခဲ့တာ ဖြစ်ပါတယ်။ သူမ၏ ထန်းလျက်ခဲလေးတွေကို သစ်ပင်ထွက်အစားအစာ “Tree Food” လို့ အမည်ပေးထားတာကလည်း တမျှော်တခေါ် ထန်းပင်ရှည်ကြီးတွေကို ရည်ညွှန်းချင်တာ ဖြစ်တယ်လို့ မချိုလဲ့အောင်က ဆိုပါတယ်။ ဧရာဝတီသတင်းဌာနရဲ့ သတင်းထောက် မတင်ထက်ပိုင် က မချိုလဲ့အောင်နဲ့ သူမရဲ့ ထန်းလျက်ခဲလေးတွေ အကြောင်း သွားရောက် မေးမြန်းထားပါတယ်။

မေး။ ထန်းလျက်နဲ့ မချိုလဲ့အောင် ဇာတ်လမ်းအစကို ပြောပြပေးပါဦး။

ထုတ်ပိုးပြီးသား ထန်းလျက်အမျိုးမျိုး

ဖြေ။ ထန်းလျက်ကနေ ကျမတို့တွေ ငယ်ငယ်တုန်းကတည်းက စားတယ်ဆိုပေမယ့် အမှတ်တမဲ့ပဲ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတယ် ဆိုပေမယ့် ကြီးလာတဲ့အခါ ကိုယ်လက်လှမ်းမီတဲ့နေရာတွေမှာ တခြားမုန့်တွေက အရမ်းများနေပြီ။ တရက်တော့ ကျမ စားသောက်ဆိုင်တခုမှာ ထမင်းသွားစားတယ်၊ စားပြီးတဲ့အခါ ဘေးမှာ ဒီထန်းလျက်ဘူးကို တွေ့သွားတယ်၊ ဒါငါငယ်ငယ်က စားခဲ့တာပဲ၊ မစားတာလည်း တော်တော်ကြာပြီပဲ၊ အချိုလည်း တည်းချင်နေတာနဲ့ ဖောက်စားလိုက်တယ်၊ အဲဒီမှာ ထန်းလျက်ရဲ့ ပုံမှန်အတုံးလေးတွေက နည်းနည်းကြီးနေတယ်။ နှစ်ကိုက် သုံးကိုက်လောက် စားပြီးသွားတော့ ကျန်တဲ့ဟာကို နှမြောတာပေါ့၊ စက္ကူနဲ့ထည့်ပြီးပဲ သယ်သွားရမလား ပစ်လိုက်ရမှာလား မသိဘူး၊ အဲဒီမှာ တွေးမိတာ လူတွေက အလဟသ မဖြစ်အောင် ဘာလို့ မထုတ်လဲပေါ့၊ အဲဒါနဲ့ ထန်းလျက်ကို ဘာလို့ အတုံးသေးသေးလေးတွေ မထုတ်သလဲ လျှောက်စပ်စုကြည့်မိတယ်၊ အဲဒါက ၂၀၁၄ ကလောက်ပါ။

အဲဒီကိစ္စကို အရမ်းသိချင်တော့ ချက်ချင်းလိုက်စုံစမ်းတာ၊ အဲဒီလိုနဲ့ အနီးဆုံး ပဲခူးနားက ထန်းတောကို ရောက်သွားတယ်။ ဘာလို့ဒီလို အတုံးသေးသေးလေးတွေ မထုတ်သလဲ အဖြေတော့ ရှိရမယ်ဆိုပြီး ထန်းလျက်လုပ်တဲ့သူတွေကို သွားမေးတယ်။ သူတို့က အတုံးသေးသေးလေးတွေ မလုပ်ပေးနိုင်ဘူးပြောတယ်။ အဘတယောက်က “ဒါခက်တယ်၊ ညည်းမသိပါဘူး” ပြောတော့ ပိုပြီး စိတ်ဝင်စားသွားတယ်။ ကိုယ့်ဘာသာ လုပ်ကြည့်မယ်ဆိုပြီးတော့ စမ်းလုပ်ကြည့်တယ်။ စမ်းရင်း စမ်းရင်းနဲ့ အတုံးသေးသေးလေးတွေ လုပ်လို့ ရသွားတယ်။

ဇီး ထန်းလျက်

ဒါပေမယ့် အတုံးသေးသေးလေးတွေက စပြီး စမ်းလုပ်ကြည့်တုန်းက အရည်တွေ ပျော်ကုန်တာ။ အဆင်မပြေဘူး။ ဗူးလေးတခုထဲ ထည့်ပြီး သူငယ်ချင်းတယောက်ရဲ့ ပန်းချီပြပွဲမှာ တခြားမုန့်တွေနဲ့ ရောပြီး မြည်းစားခိုင်းကြည့်တယ်၊ ခဏပဲရှိသေး အရည်တွေ ပျော်ကုန်တော့ စိတ်ညစ်ပြီး အသာလေး ပြန်ယူသွားရတယ်။ အဲနောက် အခါခါ ပြန်စမ်းလုပ်ကြည့်တယ် ဘယ်လိုနည်းနဲ့ဆို အရည်ပျော်မသွားအောင် လုပ်လို့ရမလဲပေါ့။ အခါခါ စမ်းရင်းစမ်းရင်းနဲ့ပဲ အရည်မပျော်တော့ဘူး။

အဆင်ပြေသွားတဲ့အခါကျတော့လည်း ပြန်စဉ်းစားကြည့်တယ်၊ So What? အဲ့ဒီတော့ ဘယ်သူက ဝယ်မှာလဲ၊ အဲ့ဒီတော့ ဘာဖြစ်လဲ ဆိုတဲ့မေးခွန်းတွေ ထွက်လာတယ်။ အတုံးအကြီးကနေ သေးသွားရုံနဲ့တော့ ဘယ်သူက ဝယ်မှာလဲ၊ ပလပ်စတစ်အိတ်နဲ့ ထုတ်ပြီး ရောင်းကြည့်သေးတယ်၊ ဘယ်သူမှ မဝယ်ဘူး။ ဘာလုပ်ရင်ကောင်းမလဲပေါ့။ တရက်တော့ စီးတီးမတ်မှာ ဈေးဝယ်ရင်း ချောကလက်တန်းကို ရောက်သွားတယ်၊ ကျမအဲဒီမှာ တွေးမိတယ်၊ ချောကလက်ဆိုတာ အစားအသောက်တခုထက် ပိုတယ်၊ ချောကလက်ထဲမှာ မတူတဲ့ အရသာပေါင်းစပ်မှုတွေလည်း ရွေးချယ်စရာ အများကြီးပဲ။ ဘာဖြစ်လို့များ ထန်းလျက်ကို လုပ်လို့မရရမှာလဲလို့ စဉ်းစားမိတယ်။
အဲဒီအချိန်ကစပြီး ထန်းလျက်ထဲကို တွေ့သမျှအကုန်ကောက်ထည့်တော့တာပဲ။

တဖြည်းဖြည်းလုပ်ရင်းနဲ့မှ ဆန်းလာတာ။ လူတွေ လက်ခံနိုင်သေးလားဆိုတာလည်း စမ်းသပ်ရသေး တယ်။ သိတဲ့သူတွေ လိုက်ကျွေးကြည့်ရတယ်။ စစပိုင်းမှာတော့ လက်မခံနိုင်တဲ့သူတွေ များတယ်။

နောက်ပိုင်းကျ တဖြည်းဖြည်း adjust လုပ်ရင်းနဲ့ပဲ လူတွေလက်ခံနိုင်တဲ့ Flavor ဆိုပြီး ထွက်လာ တယ်။ Flavor အရသာလေးမျိုး ထွက်လာတယ်။ ဂျင်း၊ သံပုရာ၊ ဇီးနဲ့ ဒိန်ချဉ်ဆိုပြီး။ အကုန်လုံးက ဒီအတိုင်းပဲ မီးဖိုချောင်ကနေ ထွက်လာတာပါ။

မေး။ ဒီ TREE FOOD ဆိုတဲ့ အမှတ်တံဆိပ်ကို ဘယ်အချိန်မှာ စပြီးထူထောင်လိုက်တာလဲ။

ဖြေ။ အမှန်တော့ စမ်းသပ်နေတာနဲ့တင် နှစ်နှစ်လောက်ကြာသွားတယ်။ ဈေးကွက်ထဲ ရောက်တာတော့ ၂၀၁၅ စက်တင်ဘာမှာမှ ရောက်တယ်။

မေး။ ဈေးကွက်ထဲ စရောက်တဲ့ပုံကို ပြောပြပါ။

ဖြေ။ တကယ်တော့ Souvenir ဈေးကွက်ထဲ စရောက်သွားတယ်။ အစတုန်းကတော့ ပုလင်းနဲ့။ နောက်ပိုင်းတော့ အဆင်မပြေဘူး။ အရမ်းလေးတာရယ်၊ ဈေးကြီးတာရယ်၊ environmentally friendly မဖြစ်တာရယ်ကြောင့် ကတ်ထူစက္ကူအိတ်ကို ကိုယ်တိုင်ပဲ handmade လုပ်လိုက်တယ်။ ကိုယ့်ဘာသာ လက်ရေးနဲ့ ဒီဇိုင်းကလည်း ကိုယ့်ဘာသာပဲ ပန်းချီဆွဲပြီး လုပ်လိုက်တယ်။

ကန်တော်ကြီးပဲလေ့စ်က ဆိုင်တဆိုင်မှာ အရင်တင်တယ်။ နောက်ကိုယ်သိတဲ့ ဆိုင်တွေကို ဒီလိုပဲ ရောင်းပေးပါဆိုပြီး တင်တာ။ လေဆိပ်က ဆိုင်တချို့မှာလည်း ရှိတယ်။

မေး။ ထန်းရည်ကုန်ကြမ်းကို ဘယ်ကယူလဲ။

ဖြေ။ အထက်ဘက် ကျောက်ပန်းတောင်း (မန္တလေးတိုင်း) နဲ့ ပခုက္ကူ (မကွေးတိုင်း) ကပါ။

မေး။ နောက်တော့ ဘယ်လို အခက်အခဲနဲ့ စိန်ခေါ်မှုတွေရင်ဆိုင်ရလဲ။

ဖြေ။ အခက်အခဲကတော့ အခုအချိန်ထိအောင် ရှိနေတုန်းပါပဲ။ အမြဲလည်း ရှိနေမှာပါ။ စစချင်းတုန်းကတော့ ပိုက်ဆံက တပတ်မလည်ဘူး ဖြစ်နေတာ။ စိုက်ထုတ်လိုက် ဝင်လာလိုက်၊ ထွက်သွားလိုက်၊ နောက်တခုက ကုန်ကြမ်းပေါ့။ ကုန်ကြမ်းက အကန့်အသတ်ရှိတယ်။ လွယ်လွယ်နဲ့ ရတဲ့ ကုန်ကြမ်းမျိုးလည်း မဟုတ်ဘူး။ အခက်အခဲလို့ပြောရင် အများကြီးပဲ။ တခုချင်းစီတောင် မမှတ်မိနိုင်တော့ဘူး။

အော်ဒါတွေ စရလာတော့ ပထမဆုံးရင်ဆိုင်ရတာကတော့ လူမလောက်တော့တာ။ ပထမတော့ တယောက်တည်း လုပ်နေတာ၊ လူမလောက်တော့ လူခေါ်တော့ အဆင်မပြေ၊ ပစ္စည်းပေါ်မှာ အာရုံစိုက်ရတဲ့အပြင် လူကိုလည်း အာရုံစိုက်ရတဲ့ ပြဿနာ၊ လူပြဿနာက သေးသေးလေးလို့ ထင်ရပေမယ့် တကယ်တမ်းကျ အကြီးကြီးပဲ။ နောက်ပြီး ဈေးနှုန်းပြဿနာတွေ ဘယ်လိုဖြေရှင်းရမလဲ မသိတာ၊ အမှန်တော့ ကိုယ်က မသိတာပေါ့။ မသိတာတွေကို သင်ရင်း သင်ရင်နဲ့ပဲ လုပ်နေရတုန်းပဲ။

မေး။ အခုဒီထန်းလျက်တွေ ဈေးကွက်ထဲ ရောက်တာ တနှစ်ကျော်ပြီ။ လျျှောက်ခဲ့ရတဲ့ခရီးကို ပြန်ကြည့်လိုက်ရင် ဘယ်လိုမြင်မိလဲ။

ဖြေ။ အင်တာဗျူးတွေ ဖြေတဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန် Reflection လုပ်ကြည့်တော့ ငါတော်တော် သတ္တိရှိပါလားပေါ့။ အဲဒီအချိန်အချိန်မှာ အမှားတွေ ယူခဲ့တာ၊ လုပ်ခဲ့တာ တန်ပါလားလို့ စဉ်းစားမိတယ်။ အခုချိန်မှာ ပြန်ကြည့်ကြည့်လိုက်တော့ အသက်ငယ်တုန်းမှာ လုပ်ခဲ့တဲ့ အမှားတွေက အရမ်းတန်တယ်။ အခုချိန်မှာဆို အမှားလုပ်မိမှာ ကြောက်နေပြီ။ တချိန်က ဘာမှမကြောက်ဘဲ သတ္တိရှိရှိ လုပ်ခဲ့တာတွေ ကိုယ်လိုချင်တာတွေအတွက် လုပ်ခဲ့တာတွေက ကိုယ့်အတွက်တန်တယ်လို့ထင်တယ်။

မေး။ နိုင်ငံခြားကနေ အော်ဒါတွေ ရတာမျိုးရှိပြီလား။

ဖြေ။ အဲဒီလောက်ကြီးတော့ မဖြစ်သေးပါဘူး။ လေဆိပ်မှာ ကြုံလို့ ဝယ်သွားတာ၊ လက်ဆောင်ပေးဖို့ ဝယ်သွားကြပြီး ဟိုရောက်မှ အွန်လိုင်းကနေ ပြန်မှာကြတာပေါ့။ ထူးထူးခြားခြား ဟိုတလောကတော့ ဂျာမန်မင်းသားတယောက်ပေါ့။ သူကလေဆိပ်မှာ တွေ့လို့ ဝယ်သွားပြီး ကြိုက်လို့ ထပ်ပို့ပေးလို့ ရမလား လှမ်းမှာတယ်။ သူ့သူငယ်ချင်းတွေကို ခရစ်စမတ်လက်ဆောင်ပေးချင်လို့ပါတဲ့။ ဘာပဲပြောပြော ချောကလက်က ခရစ်စမတ်လက်ဆောင် မဟုတ်တော့ဘဲ ကျမရဲ့ ထန်းလျက်က ခရစ်စမတ်လက်ဆောင် ဖြစ်သွားတော့ အရမ်းပျော်တာပေါ့။

မေး။ ရေရှည်တည်တံ့တဲ့ စီးပွားရေးလုပ်ငန်းဖြစ်ဖို့ တွေအရေးပါလဲ။

ဖြေ။ နှစ်ပိုင်းရှိတယ်။ တခုကတော့ ထိတွေ့လို့ရတဲ့ ငွေကြေးပေါ့၊ ငွေကြေးက အရေးကြီးတယ်။ နောက်တခုကကျတော့ ကိုယ့်ရဲ့ စိတ်ခွန်အား၊ ဒါကို ဘာပဲဖြစ်ဖြစ် ဆက်လုပ်မယ်ဆိုတဲ့ စိတ်၊ စစွန့်ဦးတီထွင်လုပ်ကြတဲ့ လုပ်ငန်းတွေ အနေနဲ့ ပစ္စည်းတခုက ရှုံးနေပြီဆိုရင် မလုပ်နဲ့တော့၊ မလုပ်နဲ့တော့ ဆိုတာ အရှုံးပေးဖိုု့ ပြောတာ မဟုတ်ဘူး၊ အရှုံးပေးလိုက်ရင် ကိုယ့်အတွက် အခွင့်အရေးဆုံးရှုံးသွားတာပဲ။ ဒီလမ်းကြောင်းကို ဆက်လျှောက်ဖို့ ပြောတာ။ ဒီပစ္စည်းမအောင်မြင်ရင် နောက်ပစ္စည်းတခု ပြောင်းထုတ်ကြည့်မလား၊ ဒါလေးကို နည်းနည်းလေးပြောင်းကြည့်မလား၊ တခုခုပေါ့။ ဘာပဲဖြစ်ဖြစ် ဆက်လျှောက်မယ်ဆိုတဲ့ စိတ်ခွန်အားရှိရမယ်။

မေး။ မချိုလဲ့အောင် အစားအသောက်ပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ ပြောပြပါလား

ဖြေ။ အစားအစာဆိုတာ အစားအသောက်တခုထက် ပိုပါတယ်။ အနုပညာတခုလို့ မြင်တယ်။ ဟိုဟာလေးထည့်လိုက် ဒီဟာလေးထည့်လိုက် ထည့်တာ သိပ်လွယ်တယ်လို့ ထင်ရတယ်။ ဒါပေမယ့် အရမ်းအနုပညာ ပါပါတယ်။ အစားအစာမှာ ဘယ်လို အရောင်လေးတွေ ထည့်မလဲ၊ ဘယ်လိုဖန်တီးမလဲ၊ ဘယ်အရသာနဲ့ ဘယ်အရာသာကို ဘယ်လိုအချိုးအစား သုံးမလဲဆိုတာ ပန်းချီဆွဲတဲ့ အရောင်တွေလိုပဲ၊ ဘယ်အတိုင်းအတာ ရောက်ရင် ဘယ်အခြေအနေရောက်ရင် ရပ်ရမလဲဆိုတဲ့ အချိန်အဆတွေ အကုန်လုံးက အနုပညာနဲ့ တူတယ်။

အစားအစာဆိုတာ သွင်ပြင်လက္ခဏာတခုပါ။ နိုင်ငံတခုနဲ့ တခု မတူဘူး၊ ဒေသတခုနဲ့တခု မတူဘူး။ အစားအသောက်တွေဟာ ကိုယ့်ကို ဖော်ပြနေတဲ့ Identity သွင်ပြင် လက္ခဏာတခုပဲ။ အရှေ့ပိုင်းက ဘယ်လိုစားလဲ အနောက်ပိုင်းက ဘယ်လိုစားလဲ။ နောက်တခုက ကိုယ့်ရဲ့ ဘဝနောက်ခံအကြောင်း၊ ကိုယ့်ရဲ့ အတွေ့အကြုံ၊ ကိုယ့်ရဲ့ ယဉ်ကျေးမှု အားလုံးကို အစားအသောက်က ဖော်ပြနိုင်တယ်။

မြန်မာပြည်က အစားအစာတွေရဲ့ အရသာက အရမ်းပြင်းတယ်။ နိုင်ငံရဲ့ နောက်ခံသမိုင်းအရရော ရာသီဥတုအရရော ဘာဖြစ်လို့ ဒီလိုအရသာတွေ ဖြစ်လာသလဲဆိုတဲ့ သမိုင်းနဲ့ ချီပြီး ရှိတယ်။

ကိုယ်ဘာအစားအစာ စားလဲဆိုတာက ကိုယ့်ရဲ့ Identity ကို ပြနေတယ်။ လူတွေရဲ့  ပင်ကိုစရိုက်ကို သူစားတဲ့အစားအစာက ပြောပြနေတယ်။

ကျမရဲ့  ထန်းလျက်ဟာ လူကြီးတွေနဲ့ လူငယ်တွေကြား ပေါင်းစည်းပေးတဲ့ အရာတခုလို့ မြင်တယ်။

မြန်မာပြည်က လူတွေနဲ့ အဝေးရောက်နေတဲ့ မြန်မာတွေ ကြားထဲက ဆက်နွယ်မှု တခုလို့လဲ မြင်တယ်။ နိုင်ငံခြားရောက်နေတဲ့ သူတွေက မြန်မာပြည်က အရာတွေကို တမ်းတကြမှာပဲ။

ငယ်ငယ်က စားခဲ့ရတာတွေ ငယ်ပုံရိပ်တွေကို သတိရမှာပဲ။ ဒီထန်းလျက်လက်ဆောင်လေး ပေးတဲ့အခါ သူတို့ ငယ်ငယ်က ပုံရိပ်တခု အနေနဲ့ မြင်ယောင်မိလိမ့်မယ်။

ကိုယ့်အစားအစာက ကိုယ်ကိုယ်တိုင် Promote လုပ်ပေးမှပဲ ကိုယ့်ရဲ့ ယဉ်ကျေးမှုတွေ ကိုယ်ပိုင်လက္ခဏာတွေ [Identity] က တခြားနိုင်ငံကို ပျံ့နှံ့နိုင်လိမ့်မယ်။

ဧရာဝတီအင်္ဂလိပ်ပိုင်းသတင်းထောက် တင်ထက်ပိုင်၏ Burmese Jaggery ‘A Reflection of Childhood’ for Local Entrepreneurကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading