အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေး၊ ဘာသာရေး နယ်ပယ်အသီးသီးက ခေါင်းဆောင်တွေရဲ့ အမြင်တွေကို ဧရာဝတီ သတင်းဌာနက မေးမြန်းထားပြီး စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဦးခင်မောင်ဆွေ (ဥက္ကဌ-အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ / NDF )
ဦးကိုနီကိစ္စနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ဘယ်ကိစ္စနဲ့ပဲဖြစ်ဖြစ်၊ တခုခုမကျေနပ်မှု ရှိရင်လည်းပဲ ဒါဟာ တရားဥပဒေဘောင်အတွင်းက ဖြေရှင်းလို့ ရပါတယ်။ အခုလိုမျိုး လုပ်ကြံသတ်ဖြတ်တာက အကြမ်းဖက်မှုဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ရော၊ ပါတီအနေနဲ့ပါ လုံးဝလက်မခံဘူး။ တရားဥပဒေစိုးမိုးမှုကို ကျော်ပြီးတော့ လုပ်တာဟာ သွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းအတွက်ရော မြန်မာ့လူ့ ဘောင်အတွက်ရော အကျိုးမရှိဘူး။
လက်ရှိဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာကြောင့်ဆိုတာကို သတင်းအချက်အလက်တွေ သေချာမသိရသေးပေမယ့် ဒီလို အကြမ်းဖက်မှုတွေ၊ ဥပဒေမဲ့ လုပ်ရပ်တွေ၊ တရားဥပဒေ စိုးမိုးမှုတွေကို ဖောက်ဖျက်ပြီးတော့မှ မိမိတို့ရဲ့ပုဂ္ဂိုလ်ရေး အယူအဆ၊ အဖွဲ့အစည်းရဲ့ လိုအပ်ချက်ကို ဒီလိုအကြမ်းဖက်နည်းနဲ့ တိုက်ခိုက်ပြီးတော့မှ ရယူတယ်ဆိုတဲ့ကိစ္စဟာ အစဉ်အလာအားဖြင့်လည်း မကောင်းဘူး။ နောင်လာနောင်သား မျိုးဆက်တွေအတွက်လည်း အတုယူစရာ ကောင်းတဲ့အရာ မဟုတ်တဲ့အတွက် ဒီလိုလုပ်ရပ်တွေကို ကျနော်တို့ပါတီအနေနဲ့ လုံးဝလက်မခံဘူး။
နောက်တခုက လုံခြုံရေးတွေ အပြည့်တာဝန်ယူထားတဲ့ လေဆိပ်ကြီးမှာ ဖြစ်ရတယ်ဆိုတာက လုံခြုံရေးပိုင်းမှာ ယိုယွင်းမှု ရှိတယ်ဆိုတာကို ဖော်ပြနေတယ်။ နောက်ပြီး ဟိုတုန်းက ကျနော်တို့ထောင်ကျတဲ့ခေတ်တုန်းက ဒီလိုမျိုး အဖွဲ့ဆိုတာက စောင့်ကြည့်ခံနေရတဲ့ အဖွဲ့အစည်းပေါ့။ အခုက နောက်ယောင်ခံလိုက်မယ့်သူလည်း မရှိ၊ လွတ်လပ်ခွင့် ရှိတယ်ဆိုတဲ့ အပေါ်မှာ အခွင့်အရေးယူပြီးတော့ ဒီလိုမျိုး လူမြင်ကွင်းကြီးမှာ လုပ်တာလည်း ပါမှာပေါ့။ တရားဥပဒေ စိုးမိုးမှုမရှိရင် ဘယ်သူ့အတွက်မဆို လုံခြုံမှုက စိုးရိမ်စရာ ဖြစ်နေဦးမှာပါ။ တရားဥပဒေ စိုးမိုးမှုကို အလေးထား လုပ်ဆောင်ဖို့လည်း အရေးကြီးသလို ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံသားတိုင်းဟာ ဥပဒေရဲ့ အကာအကွယ်အပြည့်အ၀ ရသင့်ပါတယ်။
ဦးစိုင်းလိတ် (တွဲဘက်အထွေအထွေ အတွင်းရေးမှူး – ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် / SNLD)
ရှေ့နေဦးကိုနီဟာ ဥပဒေရေးရာနဲ့ ပတ်သက်ပြီး အတော်ကြီး ကျွမ်းကျင်အားထားရတဲ့ ပုဂ္ဂိုလ်ပါ။ အလားတူပဲ NLD အတွက်သာမက ဒီမိုကရေစီရေးအတွက်လည်း အစဉ်တစိုက် လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဦးကိုနီကို အခုလိုမျိုး လူမြင်ကွင်းကြီးမှာ လုပ်ကြံတာဟာ ကျနော်နိုင်ငံရဲ့ ဒီမိုကရေစီအတွက်ရော၊ တရားဥပဒေ စိုးမိုးမှုအတွက်ပါ စိတ်ချရမှု မရှိသေးဘူးဆိုတာကို ပြသရာရောက်ပါတယ်။
နောက်တခုက တရားဥပဒေစိုးမိုးမှုကို အစဉ်တစိုက် လုပ်ဆောင်မယ်လို့ ကြေညာထားတဲ့ အာဏာရ NLD အစိုးရရဲ့ ဥပဒေဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တယောက်ကို တိုက်ခိုက်ခံရတာဟာ ကျနော်တို့ရဲ့ အနာဂတ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့ဆိုတဲ့နေရာမှာ အင်မတန်မှရုပ်ဆိုး အကျည်းတန်စေပါတယ်။ ဝမ်းနည်းဖွယ်ရာ အင်မတန်ကောင်းပါတယ်။
အဲဒါကြောင့် ရှေ့ဆက်ပြီး ဒီထက်မဆိုးလာအောင် သက်ဆိုင်ရာ အစိုးရရဲ့လုံခြုံရေးမှာ တာဝန်ရှိတဲ့ ပြည်ထဲရေးက ပုဂ္ဂိုလ်တွေက အားလုံးဝိုင်းဝန်းပြီး ထိန်းသိမ်းဆောင်ရွက်ရပါမယ်။ အမှုမှန်ကို ဖော်ထုတ်ရပါမယ်။ ဘာကြောင့် လူမြင်ကွင်းကြီးမှာ လုပ်ကြံရတာလည်း ဆိုတာကိုပေါ့၊ ယခင်အစိုးရ လက်ထက်တွေမှာလည်း မပေါ်ပေါက်ခဲ့တဲ့ ကိစ္စတွေကို လုပ်တယ်ဆိုတာက တမင်သက်သက်လုပ်တာ၊ အစိုးရအဖွဲ့ အကျပ်ရိုက်အောင် လုပ်တာလို့ ယူဆရပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်း
ပြောရရင် ဒါဟာအင်မတန်ကို ထိတ်လန့်စရာ၊ ရွံရှာစရာကောင်းတဲ့ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ကိစ္စလို့ ပြောရမှာပဲ။ သူဟာ အစ္စလာမ်ဘာသာဝင်တယောက် ဖြစ်တယ်။ အဲဒီလိုဖြစ်တဲ့အပေါ်မှာ ဒီနှစ်ပိုင်းအတောအတွင်းမှာ ဘာသာရေးယိုးမယ်ဖွဲ့ပြီး တောက်လျှောက်အပုတ်ချတယ်။ သို့တိုင်အောင် အစ္စလာမ်ဘာသာ၊ သာသနာအတွက်ဆိုပြီး သီးခြားရပ်တည် လှုပ်ရှားခဲ့တာ မဟုတ်ဘူး။
သို့သော် အစ္စလာမ် ဘာသာသာသနာ လူမှုအသိုင်းအဝိုင်းကို ထိခိုက်တဲ့ ကိစ္စမှာတော့ လူ့သဘာဝနဲ့အညီ ကိုယ့်လူမျိုးကိုယ့်ဘာသာအတွက် စကားတခွန်းနှစ်ခွန်း ပြောခဲ့တာလောက် ရှိတယ်။ အဲဒီလိုလူကို ဘာသာရေးအရ ငြိုးမယ်ဖွဲ့တယ် ဆိုတာလည်း သူ့ထက်အစွန်းရောက်၊ သူ့ထက် ခပ်ကြမ်းကြမ်းပြောတဲ့သူတွေ ရှိတာပဲ။ အားလုံးကို ခြုံကြည့်ရင်တော့ ဒီလုပ်ကြံမှုဟာ နိုင်ငံရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေက နိုင်ငံရေးလုပ်ကြံမှုလို့ ပြောကြတယ်။ ကျနော်ကတော့ အဲဒီထက်တောင် ပိုတယ်လို့ ခံစားရတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့တယ်။ Rule of Law ရှိရမယ်။ Rule by Law ထက် Rule of Law လည်းမရှိဘူး။ ယိုယွင်းနေပြီ။ ယိုင်နဲ့နေပြီ။ ပြောတာကတော့ ဒါဟာအန္တိမပြယုဂ်ကြီး ဖြစ်သွားပြီပေါ့။ မြန်မာနိုင်ငံမြို့တော်ရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ပရဝုဏ်က မထွက်ခင်လေးမှာ ရုပ်ရှင်ထဲကထက်တောင် ဆန်းပြားတဲ့ လုပ်ကြံမှုမျိုးနဲ့ လူတယောက် လုပ်ကြံခံရတယ်။ ဒါကို ဖမ်းဆီးတားဆီးဖို့ ကြိုးစားတဲ့သူဟာ ပိုးဆိုးပက်စက် ပစ်သတ်ခံရတာတော့ လုံခြုံရေးလည်း လွန်စွာအားနည်းသွားတယ်လို့ ပြောနိုင်တယ်။
အဆိုးထဲက အကောင်းယူပြီး ပြောချင်တာက ပထမဆုံးအားဖြင့် စုစည်းညီညွတ်ဖို့လိုတယ်။ လူနည်းစု ဘာသာရေးကို အကြောင်းပြုခွဲခြားတဲ့ အမုန်းတရား အမုန်းစကားတွေဟာလည်း ဒီဒဏ်ရာဒဏ်ချက်တခုနဲ့တင် ပြေပျောက်ဖို့ ကောင်းတယ်ဆိုတဲ့အသိ ပြည်သူလူထုဆီမှာ စိမ့်ဝင်စေချင်ပါတယ်။ အခုဖြစ်ရပ်ဟာ ရင်ကြားစေ့ရေးအတွက်၊ စည်းလုံးညီညွတ်ရေး အတွက်၊ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အားတခုအသွင်ပြောင်းသင့်တယ်။ ပြီးတော့ အဖျက်အမှောင့် လုပ်တဲ့သူတွေကို ကျနော်တို့ ပြတ်ပြတ်သားသား ရှာဖွေဖော်ထုတ် ရှုတ်ချရမယ်။
ရွှေဝါရောင် ဆရာတော် ဦးပဏ္ဍဝံသ (ခ) ဦးပြည်ကျော်
ဒါနိုင်ငံရေးအရ အကြမ်းဖက်မှုလို့ ပြောလို့ရတယ်။ ခုအချိန်မှာဆိုရင် ပြည်သူလူထု တင်မြှောက်တဲ့အစိုးရ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အားနည်းမှုတွေကို ထောက်ပြသလို ပုံစံမျိုးရှိတယ်။ လုံခြုံရေးနဲ့ ပတ်သက်တာတွေ လျော့ရဲတယ်။ အဲဒီတော့ အခုအချိန်ကစပြီး နိုင်ငံရေးအရ NLD ပါတီမှ မဟုတ်ဘူး။ တခြားနိုင်ငံရေး အင်အားစုတွေထဲက favorite ရှိတဲ့ ပုဂ္ဂိုလ်တွေ သတိထားဖို့ ဒါကသတိပေးလိုက်တာလို့ မြင်တယ်။ ဥပဒေပညာရှင်တယောက် အစားထိုးလို့မရနိုင်တဲ့ လူတယောက် ကျဆုံးသွားတယ်လို့ မြင်တယ်။
ဒါဟာ ဘာသာရေးပဋိပက္ခ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါနိုင်ငံရေးအရ အကြမ်းဖက်တာလို့ ပြောလို့ရမယ်။ အခုထိ သတ်တဲ့တရားခံကို မိတယ်။ နေရပ်လိပ်စာ အတိအကျ မရှိဘူး။ သူ့ကို မြန်မာနိုင်ငံသားလို့ အတိအကျပြောလို့ မရသေးဘူး။ မန္တလေးတိုင်းဒေသကြီး အစိုးရက ဆက်လက်အကောင်အထည် ဖော်ပြီးမှပဲ တိတိကျကျ ပြောလို့ရမယ်။ ဘာသာရေး ပဋိပက္ခအနေနဲ့ ဖြစ်ပေါ်လာစရာအကြောင်း မရှိဘူး။
လူအားလုံးကို ယုံကြည်လို့ မရဘူး။ တဖက်ကလည်း လော်ဘီတွေ အကြမ်းဖက်ပုဂ္ဂိုလ်တွေ ခေတ်စားလာတဲ့ကာလမှာ ဒါကိုသတိတရ သတိထားကြဖို့ အသိပေးတဲ့ပုံစံမျိုး၊ ဘာလို့လဲဆိုတော့ ဒါမျိုးအစဉ်အလာ မရှိခဲ့တဲ့အတွက်ကြောင့်၊ Favorite ရှိတဲ့ သူတွေအနေနဲ့ ဒါကိုသတိထားကြဖို့၊ လုံခြုံရေးနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ နှစ်ဆတိုး သတိထားဖို့ အဲဒါကို ဦးဇင်းပြောချင်တယ်။
ဦးသိန်းထွန်း (ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်/ ကြံ့ခိုင်ရေးပါတီ)
ကျနော်တို့ရဲ့ လက်ရှိအဆင့်က သတင်းတက်လာမှ သိရနားထောင်ရတဲ့ အဆင့်ပါ။ လူမှုကွန်ရက်မှာလည်း ရေးချင်တိုင်း ရေးနေကြတာဆိုုတော့ ကျနော်တို့လည်း သတင်းအမှန်ကို သိချင်တယ်။ ပြည်သူတွေကလည်း အဖြစ်မှန်ကို သိချင်ကြတယ်။ အခုလို လုပ်ကြံခံရတာတော့ ကျနော်တို့ နိုင်ငံအတွင်းမှာ ဒီလိုဖြစ်စဉ်မျိုး ရှားပါးတယ်။ ကမ္ဘာမှာတော့ ရှိချင်ရှိမယ်။
ကျန်ခဲ့တဲ့ရက်တွေတုန်းကလည်း ကျောင်းဆရာလေးတယောက် အသတ်ခံရတယ်။ အဲဒီမတိုင်မီကလည်း မိန်းကလေးတယောက် ရှမ်းပြည်ဘက်မှာ အလှပြင်ဆိုင်မှာနေတုန်း ဝင်ပစ်သွားတာမျိုးတွေ ရှိနေတယ်။ ဒါတွေက အကြမ်းဖက် လုပ်ရပ်တွေပါ။ အခုလို အကြမ်းဖက်လုပ်ရပ်တွေက ကျနော်တို့နိုင်ငံ၊ ကျနော်တို့ ယဉ်ကျေးမှုဓလေ့နဲ့တော့ မဆီလျော်ဘူးလို့ မြင်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေမှာ ရှိချင်ရှိပါလိမ့်မယ်။ ကျနော်တို့နိုင်ငံမှာ ဒီလိုအဖြစ်မျိုးက ထူးထူးခြားခြားကို ဖြစ်လာတဲ့အတွက်ကြောင့် ကျနော်တို့လည်း စိုးရိမ်မိတယ်။ ကိုယ့်အတွက်တင် မဟုတ်ဘူး။ ကိုယ့်နိုင်ငံအတွက်တင် မဟုတ်ဘူး။ ဒီမှာရှိတဲ့ ပြည်သူပြည်သားအားလုံး အတွက်ကို စိုးရိမ်မိတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး၊ ကွင်းဆက်တွေက တရားဝင် ထုတ်ပြန်တဲ့ မြန်မာ့အသံရဲ့ သတင်းတွေကိုပဲ ယုံကြည်ရမှာဖြစ်တယ်။
လုံခြုံရေးလည်း တတ်နိုင်သလောက် လုပ်ကြတာပဲ။ လုံခြုံရေး တတ်နိုင်သလောက် လုပ်သော်လည်း ဒီလိုဖြစ်တာကိုတော့ တော်တော်အံ့သြတယ်။ တရားဥပဒေ စိုးမိုးရေးလည်း အားနည်းတယ်လို့ပဲ ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက် ဆက်တိုက်မှာလည်း ဒီလိုဖြစ်ခဲ့တာတွေ ရှိခဲ့တာပဲ။
အကြမ်းဖက်သမားဆိုတာက အချိန်မရွေး လုပ်ကြံဖို့အတွက် စီမံနေတဲ့သူ ဖြစ်တဲ့အတွက် ဘယ်သူမှ ကြိုမသိနိုင်ဘူး။ ဘယ်လောက်ကြီးပဲ လုံခြုံရေး ချထားသည်ဖြစ်စေ၊ ချထားတဲ့ကြားထဲက ဒီလိုဖြစ်စဉ်တွေ ရှိနေတဲ့အတွက် ဒါကိုနှိမ်နင်းဖို့ဆိုတာက ကျနော်တို့မှာ ရှိတဲ့ရဲနဲ့ ကျနော်တို့မှာရှိတဲ့ လုံခြုံရေးနဲ့ ပြည်သူတွေနဲ့က လိုက်တွေ့ကြည့်ရင် အင်အားက မလုံလောက်ဘူး။ အများကြီး ချထားရမယ့်သဘော ရှိနေတယ်။