ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်သမားတဦးရဲ့အနီးကပ် ပစ်ခတ်လုပ်ကြံမှုကိုခံရပြီး သေဆုံးသွားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့မှ ခေါင်းဆောင်များနဲ့ နိုင်ငံရေး ခေါင်းဆောင်းတချို့ရဲ့ အမြင်တွေကို ဧရာဝတီ သတင်းဌာနက မေးမြန်းပြီး စုစည်းဖော်ပြလိုက်ပါတယ်။
သမ္မတဖြစ်ခွင့်ကို နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တားဆီးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအစိုးရရဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နေရာ ရရှိနိုင်ဖို့ စွမ်းဆောင်ခဲ့သူများအနက် ဦးကိုနီဟာ အဓိကပုဂ္ဂိုလ်တဦးအဖြစ် ပါဝင်စွမ်းဆောင် ခဲ့သူဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှာလည်း ဥပဒေကြောင်းအရ အားထားရသူတဦး ဖြစ်တယ်လို့ သုံးသပ်သူအချို့က ပြောဆိုကြပါတယ်။

ခူဦးရယ် ( အထွေထွေအတွင်းရေးမှူး – ညီညွတ်သော တိုင်းရင်းသားများဖက်ဒရယ်ကောင်စီ / UNFC )
ဦးကိုနီလုပ်ကြံခံလိုက်ရတဲ့အတွက် မိသားစုဝင်တွေ၊ နိုင်ငံသူနိုင်ငံသား အားလုံးနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း ပြောလိုပါတယ်။ အခုလို ကျနော်တို့တိုင်းပြည် အကူးအပြောင်းကာလမှာ အရေးကြီးတဲ့ ပညာရှင်တယောက် ဆုံးရှုံးသွားတာဟာ ကျနော်တို့ခေါင်းဆောင်တယောက် ဆုံးရှုံးသွားသလို ထပ်တူထပ်မျှပါပဲ။ အထူးသဖြင့် ဦးကိုနီကို ကျနော်သိရသလောက်ဆိုရင် ဘာသာ၊လူမျိုးရေး အစွဲအလန်း မရှိဘူး။ ပုဂ္ဂိုလ်စွဲ၊ဝါဒစွဲ မရှိဘူး။ တိုင်းပြည်အပေါ်ထားရှိတဲ့ စေတနာတခုတည်းနဲ့ အလုပ်လုပ်တယ်လို့ ကျနော် ဒီလိုပဲနားလည်တယ်။ သူသေဆုံးသွားတာက ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ။

ဒေါ်ခင်ဥမ္မာ တာဝန်ခံ (မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ / Burma Partnership)
ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက စနစ်ဟောင်းကိုဆက်ဆုပ်ကိုင်ပြီး ဒီစံနစ်ဟောင်းပေါ်ကနေ ဆက်ပြီးအကျိုးအမြတ် ထုတ်ချင်တဲ့သူတွေနဲ့ စနစ်သစ်ကိုပြောင်းဖို့ ကြိုးစားနေတဲ့သူတွေကြားထဲက လွန်ဆွဲပွဲက ကြီးပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ လူတွေ NLD ကို မဲပေးကြတယ်ဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှု ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဒီသတင်းစကားကြောင့် လူတွေက ပြောင်းလဲချင်လို့ကို မဲပေးခဲ့ကြတယ်။ ဘာတွေ ပြောင်းလဲချင်ကြတာလဲဆိုရင် အဓိကကတော့ စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီစနစ်နဲ့ ပြောင်းဖို့ ကြိုးစားနေကြတုန်းပေါ့။
ဆရာဦးကိုနီက အင်မတန်ဗျူဟာမြောက်တဲ့ ဥပဒေပညာရှင်၊ တိုက်စစ်မှူးကောင်းတယောက်လို့ ကျမဒီလိုမြင်တယ်။ ကျမတို့နိုင်ငံရဲ့ အပြောင်းအလဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ မပြောင်းလို့ရှိရင် ဘယ်လိုမှမပြောင်းဘူးဆိုတာ သူသိတယ်။ ဥပဒေ ပညာရှင်တယောက် ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီဖွဲ့စည်းပုံမှာ ဟိုနားတစ၊ ဒီနားတစ၊ ဟိုတပိုင်း၊ ဒီတပိုင်း လိုက်ပြောင်းလို့ ပြောင်းသွားမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒီဖွဲ့စည်းပုံဟာ ဘယ်လိုမှ ဆက်သွားလို့မရဘဲနဲ့ ဖွဲ့စည်းပုံ အသစ်တခု ကျမတို့ နိုင်ငံမှာရှိမှ ဒီမိုကရေစီအုတ်မြစ် ချလို့ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်တဲ့ ဥပဒေပညာရှင်တယောက် ဖြစ်တယ်။
ဒါကြောင့်မို့လို့ သူကဒီအပေါ်မှာ ပြည်သူတွေကို တောက်လျှောက်ပညာပေးတယ်။ အသိပေးတယ်။ မျက်စိဖွင့် ပေးတယ်။ တချိန်တည်းမှာပဲ NLD ၂၀၁၅ ရွေးကောက်ပွဲ နိုင်ရေးတခုတည်း မဟုတ်ဘဲနဲ့ အထူးသဖြင့် စစ်အာဏာရှင်ကနေ ချပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို သုံးပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ နေရာကို သူတို့ကြိုးနဲ့ သူတို့ကိုပြန်ချည်ပြီး သူတို့ရေးဆွဲခဲ့တဲ့စာအုပ်ထဲကနေ ဟာကွက်ယိုကွက်တွေရှာပြီး ဒီဥပဒေတွေကို ဆွဲထုတ်လာတာ။ ကျမတို့နိုင်ငံမှာ ဒီလောက်ဗျူဟာမြောက်တော်တဲ့ ဥပဒေပညာရှင်ဆိုတာ မရှိဘူး။
စစ်အာဏာရှင်ရဲ့ ယန္တရားကိုတပ်မက်ပြီး ဆက်ထိန်းထားချင်တဲ့ သူတွေဘက်က ကြည့်မယ်ဆိုလို့ရှိရင် သူတို့ရဲ့ပစ်မှတ်က သူတို့ရဲ့အာဏာကို ထိပါးမယ့်သူဆိုရင် ဆရာဦးကိုနီလိုလူမျိုးက ထိပ်ဆုံးကပါတယ်ဆိုတာကို ဒီလိုပဲသုံးသပ်ရပါတယ်။ အခုလိုအချိန်မှာ အထူးသဖြင့် ကျမတို့နိုင်ငံရဲ့ လုံခြုံရေးပိုင်းဆိုင်ရာမှာ တကယ်တမ်း တိုင်းပြည်ရဲ့ကဏ္ဍအသီးသီးမှာ ဦးဆောင်နေရတဲ့သူတွေရဲ့လုံခြုံရေးဟာ ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ ဦးကိုနီလုပ်ကြံခံရတာက သက်သေပဲ။ ဒီမိုကရေစီပြောင်းလဲဖို့လုပ်တဲ့ အခုလိုအသွင်ကူးပြောင်းရေးကာလမျိုးမှာ အမှုမှန်ပေါ်ပေါက်ရေး တရားရေး ဆိုတာတွေကို တာဝန်ရှိနေတဲ့ ပြည်သူ့အစိုးရအနေနဲ့ သေသေချာချာဖော်ထုတ်ပေးဖို့ လိုလိမ့်မယ်။

ဗိုလ်မှူးကြီး စိုင်းလ (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း – RCSS/SSA)
ကျနော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီ ဖြစ်ပေါ်ထွန်းကားမှု အပိုင်းမှာ အင်တိုက်အားတိုက်ပါဝင်ပြီး ဦးစီးဦးဆောင်လုပ်ခဲ့တဲ့ ဦးကိုနီ အခုလို ဖြစ်သွားတဲ့အပေါ်မှာ မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းပါတယ်။ ကျနော်တို့နိုင်ငံအတွက်လည်း ဆုံးရှုံးမှုတခုလို့ မှတ်ယူပါတယ်။ လုံခြုံရေးက အရာရောက်တဲ့ ပုဂ္ဂိုလ်မျိုးအတွက် မရှိမဖြစ် လိုအပ်တယ်။ မရှိမဖြစ်ဆိုတာကတော့ အစိုးရကပဲ တာဝန်ယူပေးရမယ်လို့ မြင်တယ်။ ဒီအပေါ်မှာ လုံခြုံရေးအပိုင်းမှာ ပေါ့လျော့မှု တခုလို့ ကျနော်တို့ ပြောလို့ရတယ်။

ဒေါ်တင်တင်ညို ( ဥက္ကဋ္ဌ – မြန်မာ့အမျိုးသမီးသမဂ္ဂ / BWU)
ဦးကိုနီဆိုတာက ပြည်သူတွေရှေ့က မားမားမတ်မတ်ရပ်တည်ပေးတဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ လူတယောက်လေ။ ဒီလိုမျိုး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်လိုက်တာက လူမျိုးရေး အကြား၊ ဘာသာရေး အကြား ပြဿနာတွေဖြစ်သွားတဲ့ ပုံစံမျိုးကို ဦးတည်မှာကို စိုးရိမ်ပါတယ်။ ဦးကိုနီက မွတ်စလင်ဘာသာဝင်တယောက် ဖြစ်တယ်။ ကျမတို့နိုင်ငံမှာ အစိုးရ အပြောင်းအလဲဖြစ်တဲ့ ၂၀၁၁ နောက်ပိုင်း မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ပြဿနာ အများကြီးဖြစ်ခဲ့တယ်။ အခု ဦးကိုနီလုပ်ကြံခံလိုက်ရတဲ့ ကိစ္စကလည်း အဲဒီလိုမျိုး မတည်ငြိမ်မှုတွေ ပိုမိုကြီးထွားသွားတာမျိုး၊ မုန်းတီးမှုတွေ ပိုဖြစ်သွားတာမျိုးတွေကို ကျမတို့ အရမ်းစိုးရိမ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဦးကိုနီကိစ္စကို နိုင်ငံတော်က အချိန်ပေး သေသေချာချာ စုံစမ်းစစ်ဆေးပြီး အဖြစ်မှန်မဖော်ထုတ်ဘဲနဲ့ အရင်တုန်းက အသတ်ခံခဲ့ရတဲ့ ကိုပါကြီးတို့လိုမျိုး၊ ဒေါ်ခင်ဝင်းတို့လိုမျိုးသာ ဖြစ်သွားမယ်ဆိုလို့ရှိရင် ဒီနိုင်ငံဟာ လုံခြုံမှုလုံးဝမရှိတဲ့ အနေအထားမျိုးဖြစ်ရင် ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်တခုကို တည်ဆောက်လို့ရမယ်လို့ မမြင်ဘူး။ ဒီအတွက် ကျမတို့ စိုးရိမ်တယ်။ အရမ်းလည်း စိတ်မကောင်း ဖြစ်မိတယ်။ ဒီရှုပ်ထွေးမှုအပေါ်လည်း တော်တော်လေးကို အံ့သြတုန်လှုပ်မိတယ်။

ဒေါ်မေဝင်းမြင့် ( မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်/ NLD)
အန်တီလည်း အရမ်းအံ့သြတယ်။ လေဆိပ် လူမြင်ကွင်းကြီးမှာ ဖြစ်တာလေ။ သက်သက်ကို ငါတို့လုပ်ရင် ဖြစ်တယ်ဆိုတာကို ပြလိုက်တယ်လို့ ယုံကြည်တယ်။ ဆရာဦးကိုနီအတွက်လည်း တော်တော်စိတ်မကောင်း ဖြစ်မိတယ်။ ဒီမိုကရေစီ အတွက်ရော ပါတီအတွက်ရော အမြဲတမ်း တောက်လျှောက်ရပ်တည်ပြီး လုပ်ခဲ့တာ။ သူကျန်ခဲ့တဲ့ မိသားစုအတွက်လည်း စိတ်မကောင်း ဖြစ်မိတယ်။ တခုပဲ အန်တီတို့ ခေါင်းဆောင်တွေအတွက်လည်း စိတ်ပူမိတယ်။ အန်တီတို့ ခေါင်းဆောင်တွေအပြင် တခြားဒီမိုကရေစီအတွက် လုပ်နေတဲ့ ခေါင်းဆောင်တွေအတွက်လည်း စိတ်ပူမိပါတယ်။
နိုင်ငံက ဒီမိုကရေစီ အကူးအပြောင်းဖြစ်နေတဲ့ အချိန်မှာ ဒီဖြစ်စဉ်ကြောင့် အဟန့်အတား မဖြစ်စေချင်ဘူး။ နောက်ပြီး တခြားဆက်နွယ်တဲ့ ကိစ္စမျိုးတွေလည်း မဖြစ်လာစေချင်ဘူး။ နိုင်ငံသူနိုင်ငံသားတွေကလည်း အတွေးအခေါ် မြင့်ပါတယ်။ အေးအေးဆေးဆေး စောင့်ကြည့်နေလိမ့်မယ်လို့ မြင်ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင် (ရန်ကင်း)
“ ဒါက ဘာသာရေး ပြဿနာ မဟုတ်ဘူး။ နိုင်ငံရေး ပြဿနာ။ ဒီမိုကရေစီလုပ်ငန်းစဉ် တခုလုံးမှာ တစိုက်မတ်မတ် ပါဝင်လာတဲ့ ပညာရှင်တယောက်။ NLD အဖွဲ့မှာလည်း ဗဟိုဥပဒေအကြံပေး။ ရှေ့လုပ်ငန်းစဉ်တွေမှာ အနှောက်အယှက်ဖြစ်အောင် ပိတ်ဆို့တဲ့သဘောပဲ။ ဒါက မွတ်စလင်တွေ ဆုံးရှုံးမှုတင် မဟုတ်ဘဲ တိုင်းပြည်တခုလုံး ဆုံးရှုံးမှုပဲ။ ဒီအတိုင်းတော့ ရပ်နေလို့ မရဘူး။ ဦးကိုနီရဲ့ လမ်းကြောင်းအတိုင်း NLD အပေါ်မှာ ရှေ့ဆက်ဝိုင်းဝန်းရံဖို့ လိုတယ်။ ပြည်သူလူထုကလည်း ဒီအတိုင်းပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပေါ့။ ဒီအပေါ်မှာ လူမျိုးရေးဘာသာရေး ဖြစ်အောင် ရန်တိုက်ပေးနေတယ်ဆိုတာ နားလည်ရမယ်”

ဒေါက်တာ အလင်္ကာဦး (ဖဲကြိုးနက် ဆရာဝန်များအဖွဲ့)
ဦးကိုနီရဲ့အခုဖြစ်ရပ်အပေါ် အလွန်စိတ်မကောင်း ဖြစ်ရတယ်။ ပညာရှင်တဦး ဆုံးရှုံးရတယ်။ ဒီကိစ္စက တရားဥပဒေ စိုးမိုးမှုက တိုင်းသူပြည်သားတွေအတွက် အရေးတကြီး လိုအပ်နေပြီဆိုတဲ့ သတိပေးခေါင်းလောင်းသံပါ။ တရားဥပဒေ စိုးမိုးရေးအတွက် လုံခြုံရေးက အရေးကြီးနေပါပြီ။