ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တို့ဟာ ၂၀၁၆ ခုနှစ် သြဂုတ်လ ကစပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး KIA ဘက်က အဓိက စခန်း ၄ခုနဲ့ စခန်းငယ်တွေကို ဆုံးရှုံးခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားရာ ဝိုင်းမော်မြို့နယ်အတွင်းမှာ ဇိုင်းအောင်၊ ခေါင်ရှောင်နဲ့ မဂါ့ယန် စစ်ရှောင်စခန်းတွေက ဒုက္ခသည်တွေ ကလည်း စခန်းတွေအနီးမှာ လက်နက်ကြီးတွေ ကျတာကြောင့် ထွက်ပြေးခဲ့ရပြီး လက်ရှှိမှာတော့ လိုင်ဇာမြို့နဲ့ KIA ထိန်းချုပ်နယ်မြေ အတွင်းမှာ စစ်ဘေးရှောင် ဒုက္ခသည် ၃၀၀၀ ဝန်းကျင်လောက် လာရောက် ခိုလှုံနေပါတယ်။
တပ်မတော်ရဲ့ ဇန်နဝါရီလ ၈ ရက် ထုတ်ပြန်ချက်မှာတော့ KIA က ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးများ မဖြစ် စေဖို့ ရည်ရွယ်ပြီး အပြစ်မဲ့ ပြည်သူတချို့နဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကို ဒုက္ခသည်စခန်း အမည်ခံကာ လူသား တံတိုင်း ပြုလုပ်ပြီး အကြမ်းဖက် လုပ်ရပ်တွေကို ဆက်လက် ကျူးလွန်နေကြောင်း ရေးသားထားပါတယ်။
ကချင် တိုင်းရင်းသားအရေး တက်ကြွ လှုပ်ရှားနေသူတွေကတော့ တိုက်ပွဲတွေက KIA ရဲ့ဌာနချုပ် ရုံးစိုက်ရာ မြို့တော် ဖြစ်တဲ့ လိုင်ဇာမြို့ကို ခြိမ်းခြောက်နေတာဖြစ်ပြီး လက်ရှိဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးကို အကျပ်အတည်း ဖြစ်စေတယ် လို့လည်း ပြောဆိုနေကြပါတယ်။
အဆိုပါ အချက်တွေအရ လိုင်ဇာမြို့တွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်း ထောက် နန်းလွင်နှင်းပွင့်က လိုင်ဇာမြို့တော်ဝန် ဦးနော်ဆန်းနဲ့ တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ လိုင်ဇာမြို့ဝန်းကျင်မှာ တိုက်ပွဲတွေက ၅ လကျော်ကြာဖြစ်ထားတော့ အခု လက်ရှိ လိုင်ဇာမြို့ရဲ့ အခြေအနေ က ဘယ်လိုရှိပါသလဲ ။
ဖြေ။ ။ ကျနော်တို့ အခု အဓိက က မြို့တွင်းမှာကျတော့ ပတ်ပတ်လည်က ကျနော်တို့ စစ်ရေးအခြေအနေက နည်း နည်း တင်းတဲ့ ပုံစံအနေအထား ရှိသေးတယ်။ မြို့ရဲ့လုံခြုံရေး အနေနဲ့ ပြောရမယ်ဆိုရင် အဓိက ကတော့ အရပ် သူ၊ အရပ်သား တွေရဲ့ လုံခြုံမှုတွေကို ကျနော်တို့က အဓိက တာဝန်ယူရတယ် ဆိုတော့ ဘာပဲဖြစ်ဖြစ် အရေးအကြောင်း ဖြစ်လာတယ် ဆိုရင် ဘယ်လိုလုပ်ကြမယ် ဆိုတာကိုတော့ အစီအမံ လုပ်ထားတာ ရှိပါတယ်။
စစ်ရေး အခြေအနေအရ ဆိုရင်တော့ အပေါ်က ညွှန်ကြားလာရင် လတ်တလော အရေးတကြီးဖြစ်လာလို့ ရှိရင် ဘယ်လို လုပ်ရမယ် ဆိုတာတွေကို ကျနော်တို့ အရပ်သူ အရပ်သားတွေကို ပြောထားတာတွေ ရှိပါတယ်။
မေး။ ။ အရေးအကြောင်း ဖြစ်လာရင် အရပ်သားတွေကို ပြောထားတဲ့ အစီအမံတွေဆိုတာက ဘယ်လိုမျိုးတွေလဲ။
ဖြေ။ ။ အရေးအကြောင်းဆိုရင် တကယ်လို့များ မြို့တွင်းမှာ ဖြစ်လာပြီဆိုရင် ကျနော်တို့က နည်းနည်း ဘေးကင်းတဲ့ နေရာ ရွေးထားပြီးမှ အဓိက အခြေအနေ တခုခု ရောက်လာရင် အသက်ကြီးတဲ့သူတွေနဲ့ ကလေး တွေ သူတို့ကို ဘယ် မှာ ပို့ထား မယ် ဆိုတာ စီစဉ်ထားပါတယ်။ နောက်ပြီး သူတို့ကို ဝိုင်းဝန်းကူညီကြဖို့အတွက် ကျနော်တို့ ရပ်ကွက်တွေ ထဲမှာ နည်းနည်း သန်မာတဲ့သူတွေကို ဘယ်သူကတော့ ဘယ်လိုကူညီရမယ် ဆိုတာ ကျနော်တို့ လုပ်ထားတာ စီစဉ် ထားတာတွေတော့ ရှိပါတယ်။
မေး။ ။ လိုင်ဇာမြို့ထဲမှာ နေထိုင်နေတဲ့ သူတွေထဲမှာ တိုက်ပွဲတွေဖြစ်နေတုန်း မြို့ကို စွန့်ခွာပြီး ပြောင်းရွှေ့သွားကြ တာတွေ ရှိပါလား။
ဖြေ။ ။ ဒီမှာက တခါတည်း ပြောင်းသွားတာတွေ မရှိဘူး။ ဆက်နေနေတယ်။ အခု လောလောလတ်လတ် ဖြစ်လာလို့ ရှိရင် အနေအထား တခုခုဆိုရင် အသက်ကြီးတဲ့သူတွေ နောက်ပြီးတော့ ကလေးတွေအတွက် စီမံမယ်ပေါ့ ။
မေး။ ။ လိုင်ဇာမြို့မှာ လူဦးရေ ဘယ်လောက် ရှိပါသလဲ။ အားလုံးက KIA တပ်မိသားစုဝင်တွေ ချည်းပဲလား။ အရပ် သား တွေရော ဘယ်လောက် ရှိပါသလဲ ။
ဖြေ။ ။ လိုင်ဇာမြို့မှာ အားလုံးပေါ့၊ စစ်ဘေးရှောင် ဒုက္ခသည် (IDP) တွေ အပါအဝင် နှစ်သောင်း လောက် လူဦးရေ ရှိပါ တယ်။ IDP ဆိုတာက ဝေကျိုင် စစ်ရှောင်စခန်းတခုက လိုင်ဇာမြို့အုပ်ချုပ်မှု အောက်ထဲမှာ ပါတယ်လေ။
အရပ် သားတွေလည်း ရှိပါတယ်။ အရပ်သားဆိုတဲ့ အထဲမှာ FRC ကိုင်ထားတဲ့ သူတွေ ဒီက နိုင်ငံသား အရပ်သားတွေ IDP တွေ ရှိပါတယ်။ သူတို့က ပိုများပါတယ်။ ဒီမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ (တပ်မိသားစု) တွေက ရာခိုင် နှုန်း အရ ဆိုရင်တောင် ၃၀ – ၃၅ ရာနှုန်း ဝန်းကျင်ပဲ ရှိပါတယ်။ လိုင်ဇာမြို့မှာ အရပ်သားက ပိုများ ပါတယ်။
မေး။ ။ ဂီဒွန်၊ လိုင်ဖောင်စခန်းတွေ တောင်ကုန်းတွေ ကျတုန်းက စစ်ရေးက တင်းမာနေတဲ့ အခြေအနေ ဆိုတော့ အဲ့ဒီတုန်းကရော လိုင်ဇာမြို့ထဲမှာ ဘာတွေ လုပ်ခဲ့ကြလဲ။ ဘယ်လို အခြေအနေ ရှိခဲ့သလဲ။
ဖြေ။ ။ လိုင်ဖောင် ဂီဒွန်တို့ တုန်းကဆိုရင် အရပ်သား အဝင်အထွက်တွေ ကားအဝင် အထွက်တွေမှာ ကျနော်တို့ ဘက် ကတော့ ပေးတယ်။ ဟိုဘက်(အစိုးရ) ကတော့ မပေးဘူး။ အကန့်အသတ် တွေရှိတယ်။ အခုကလည်း တရားဝင် သွား တာ မဟုတ်ဘူး။ အဓိကကတော့ မြို့သူမြို့သား တွေနဲ့ စစ်ဘေးရှောင် ဒုက္ခသည် (IDP) တွေကိစ္စ အရေး အကြောင်း တော့ သွားရလာရမယ်လေ။ အဲ့ဒီ တချက်ကတော့ ဒီအသင်းတော် လူကြီးတွေ နဲ့ ရပ်မိရပ်ဖ တွေက သူတို့ သွား တောင်းပန်ပြီး သွားရတဲ့ အခြေ အနေတွေတော့ ရှိပါတယ်။
မေး။ ။ လိုင်ဇာမြို့ကနေ အစိုးရ ပိုင် နယ်မြေထဲကို ဆင်းသွားတာမျိုးဆိုရင် အစိုးရ၊ တပ်မတော်တို့က စစ်ဆေးတာ မေးမြန်းတာ ဖမ်းဆီးတာတွေရော ရှိသလား။
ဖြေ။ ။ အခု တပ်က စစ်တာတော့ ပုံမှန် သမားရိုးကျထက် အဆင့်တိုးထားတယ်။ အဲ့ဒါ ရှိတယ်။ သူတို့ အမြဲတမ်း စစ်ဆေးတယ်။ ဗန်းမော်ဘက် လမ်းကြောဆိုရင်တော့ အစစ်အဆေး အမြဲတမ်း ရှိတယ်။
မေး။ ။ တိုက်ပွဲကာလမှာ လိုင်ဇာမြို့တွင်းကို လက်နက်ကြီးတွေ ကျတာမျိုးတွေ ရှိပါသလား။
ဖြေ။ ။ ဂီဒွန်တိုက်ပွဲဖြစ်နေတုန်းကဆိုရင် ကျနော်တို့ လိုင်ဇာမြို့ထဲမှာ စစ်ရှောင်တွေ နေတဲ့ စခန်းနား ဘယ်လောက်မှ မဝေးဘူး။ သူတို့ အိမ်တွေနဲ့ ပေ ၈၀ လောက် အကွာမှာ ကျတယ်။ နောက်ပြီးတော့ သူတို့ ရေချိုးတဲ့ရေလှောင်ကန်နဲ့ ပေ ၃၀လောက် အကွာမှာလည်း လက်နက်ကြီးကျပါတယ်။ နောက် ရွာထဲမှာ ကျတယ်။ ဒီအပေါ်ဘက် အလန်ဘုမ် ရပ်ကွက်နဲ့ နီးတာမှာလည်း ကျတယ်။ လူကတော့ ဘာမှ မဖြစ်ပါဘူး။ မနက်အစောကြီး အိပ်ယာထကာစ ဆိုတော့ အားလုံးက လျှောက်သွားတဲ့ အချိန်မဟုတ်သေးတော့ ကျနော်တို့ နည်းနည်းသက်သာရာ ရသွားတာပေါ့။ အားလုံး လုံလုံခြုံခြုံနဲ့ ဖြစ်သွားတယ်။
မေး။ ။ တဖက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးနေပေမယ့် လိုင်ဇာမြို့ပတ်ဝန်းကျင်မှာ အရင်အစိုးရ လက်ထက် ကလည်း ခါယာ တောင်ကြောတွေမှာ တိုက်ပွဲအကြီးအကျယ် ဖြစ်ခဲ့တယ်။ အခုအစိုးရလက်ထက် မှာလည်း ဂီဒွန်၊ လိုင်ဖောင်ပေါ့။ ဘယ်အခေါက်က စစ်ရေးအခြေအနေ ပိုဆိုးသလဲ။
ဖြေ။ ။ ကျနော် မှန်းကြည့်တာကတော့ ဘယ်လောက်မှ မထူးပါဘူး။ ဒီမှာက လုံခြုံရေးအနေအထားနဲ့ တဖက်က ဖိအားပေးတဲ့ အနေအထားတွေကတော့ လွန်ခဲ့တဲ့ အခေါက်တုန်းကထက် ပိုတောင် ပိုသလိုပါပဲ ။ ဒီလို မှန်းကြပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရအဖွဲ့ကို ကချင် ပြည်သူ ပြည်သားတွေက ငြိမ်းချမ်းရေး အတွက် အားကိုးပြီး မဲထည့်ခဲ့ကြတယ်လို့ သိရပါတယ်။ အခု အစိုးရသစ် ကာလမှာ တိုက်ပွဲတွေ ပိုဖြစ်တာတွေ တိုက်ပွဲ တွေအပေါ်မှာ နှုတ်ဆိတ်တာတွေ ရှိတယ်။ ဒီအပါ်မှာ မြို့တော်ဝန်အနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ။ ။ ကျနော့်အမြင် ပြောရရင်တော့ ဒီအစိုးရနဲ့ စစ်တပ်က သူတို့က တထပ်တည်းပဲလို့ တခုတည်းပဲလို့ မြင်တယ်။ အရင်အစိုးရနဲ့လည်း နှိုင်းရင် ဘာမှ မထူးခြားဘူး။ အခုထူးခြားမှု ဘာမှ မရှိဘူးလေ။ ကျနော်တို့ ၂၁ ပင်လုံ ပထမ အကြိမ်တုန်းက အားလုံးက ငြိမ်းချမ်းရေးလို့ ပြောတာပဲ။ ဒါပေမယ့် လက်တွေ့ကျတော့ ကျနော်တို့မှာ ဘာမှ ခံစားခွင့် မရှိရဘူး။
မေး။ ။ တပ်မတော်ရဲ့ အခုနောက်ပိုင်း ထုတ်ပြန်ချက်တွေမှာ IDP တွေက KIA မိသားစုဝင်တွေ ဖြစ်တယ်။ KIA က လူသားဒိုင်း လုပ်တယ်ဆိုတာမျိုး ပြောဆိုမှုတွေ ရှိတယ်။ ဒီ့အပြင် လိုင်ဇာမြို့ထဲမှာ တပ်မိသားစုတွေပဲ နေတယ်၊ အရပ် သားတွေ မရှိဘူး ဆိုတာမျိုး အပြင်မှာလည်း ပြောနေကြတာတွေ ရှိတယ်။ အဲ့ဒီ့အပေါ်မှာ မြို့တော်ဝန် အနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ သူတို့က သူတို့ထင်မြင်ချက်တွေကို ဆွဲပြီး လုပ်နေပါတယ်။ သူတို့က ဒီက အသေးစိတ်ကို သူတို့ မကြည့်ဘူး။ ဒီမှာ IDP ဘယ်လောက်ရှိတယ် ဆိုတာကိုလည်း သူတို့သိတယ် ကြားတယ်။ အဲ့ဒါကိုလည်း သူတို့က ဒီလိုမျိုး ပြောနေ တာ တွေက သူတို့တဖက်ကိုပဲ စီးနင်းပြီး ပြောတဲ့ ပုံစံတွေ ဖြစ်နေပါတယ်။ ကျနော်တို့က ဘယ်မှာပဲ နေနေ မြန်မာနိုင်ငံ သူ နိုင်ငံ သားတွေပါပဲ။
အခုချိန်မှာ နိုင်ငံရေးအခြေအနေအရ လူကြီးတွေ စုပြီး ပြည်ထောင်စုကြီးကို တစုတစည်းတည်း လုပ်ရ အောင် ဆိုတဲ့ အခါမှာ သူတို့ဘက်က ခွဲခြားသလို ဖြစ်လာတယ်။ ဒီမှာက ကျနော်တို့က ဒီနေ့စားဖို့ ဒီနေ့ဘာလုပ်ဖို့ မနက် ဖြန် ဘာ လုပ် ရမယ် ဆိုတာကိုတောင် မျှော်လင့်ချက်တွေ ထားနိုင်လောက်တဲ့ အခြေအနေမရှိတဲ့ IDP တွေ စုနေကြတယ်။ အဲ့ဒါကို သူတို့က တဖက်ကိုပဲ စောင်းပြီး ပြောတယ်ဆိုတာက မကောင်းပါဘူး။ သူတို့ဘက်ပဲ ဆွဲတင်ပြောတဲ့ပုံ ဖြစ်နေပါ တယ်။
မေး။ ။ တိုက်ပွဲတွေမှာ တပ်မတော်ရော KIA ရော နှစ်ဖက်လုံးက တိုက်ကြတယ်။ ဒီ၂ဖက်လုံးရဲ့ တိုက်ပွဲတွေ ကြားမှာ ပြည်သူတွေက မြေစာပင်ဖြစ်တယ်။ ပြေးရလွှားရတယ်။ အများစုက KIA နယ်မြေထဲ လာနေကြတယ်။ သူတို့ ဘာလို့ အစိုးရဘက်ကို မပြေးကြတာလဲ။
ဖြေ။ ။ အဓိက ကတော့ အစိုးရပါ။ အစိုးရက မေတ္တာထားမယ်ဆိုရင် ကျနော်တို့ဆီကို IDP တွေ ရောက်လာစရာ အကြောင်း မရှိပါဘူး။ ဒါက အစိုးရအဓိကပါ။ တကယ်လို့များ ဟိုဘက်ကို တယောက်စ နှစ်ယောက်စ လာတာနဲ့ စစ် လားမေးလားနဲ့။ နောက်တခုက ရိုင်းရိုင်းပြောရရင် သားမယားပြုကျင့်တဲ့ အဆင့်အထိ ဖြစ်တယ် လေ။ တဖက်က လည်း အချုပ်အခြယ်တွေ များတယ်ဆိုတော့ သူတို့က သွားဖို့လည်း စိတ်ထဲမှာ မလုံမလဲတွေ ဖြစ်ကြတယ်။ တကယ် က သူတို့က တံခါးဖွင့်ပြီး ကောင်းကောင်းမွန်မွန် ခေါ်မယ်ဆိုရင် ဒီ IDP တွေက မသွားစရာ အကြောင်းမရှိဘူးလို့ ကျနော်မြင်ပါတယ်။
အဓိက က သူတို့ရဲ့ လုံခြုံရေးကို အစိုးရက တာဝန်ယူပေးသင့်တယ်။ နောက် စားဝတ်နေရေးတွေကို လုပ်ပေး သင့်ပါ တယ်။ ဘာလို့လဲဆိုတော့ IDP တွေက ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေပဲလေ။ သူတို့က နိုင်ငံခြားသား တွေမှ မဟုတ် ဘူး။ အခု က နိုင်ငံရေးအရ ဒီလိုဖြစ်နေကြတာလေ။
မေး။ ။ တိုက်ပွဲတွေကြောင့် လိုင်ဇာမြို့ အုပ်ချုပ်မှုအောက်မှာ IDP တွေ တိုးလာတာ လူဦးရေ ဘယ်လောက် ရှိပါ သလဲ။
ဖြေ။ ။ ဂျေယန်းနဲ့ ဖုန်လုံယန် စစ်ဘေးရှောင် စခန်းတွေမှာ ဆိုရင် တိုးလာကြတာ ၂၀၀ ကျော် ရှိပါတယ်။ သူတို့ တစိမ့်စိမ့် ဝင် လာတယ်။ တချို့က စာရင်းသွင်းပြီး ဝင်လာကြတာတွေလည်း ရှိတယ်။ တချို့က စာရင်း မသွင်းဖြစ် တာတွေ လည်း ရှိပါတယ်။ စာရင်းက အပြီးသတ် အတိအကျ မတင်ရသေးတော့ ကျနော်တို့ မသိရ သေးပါဘူး။ ဒါပေမယ့် သိရတာ ကတော့ ၂၀၀ ကျော်ကျော် ရှိပါတယ်။
မေး။ ။ မြို့တော်ဝန်အနေနဲ့ သတင်းဌာနကနေ တဆင့် အစိုးရဆီကို ဘာတွေများ သတင်းစကား ပါးချင် ပါသလဲ။
ဖြေ။ ။ ကျနော်တို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်တဲ့ထဲမှာ နိုင်ငံတော်အစိုးရဆိုတဲ့ တာဝန်ယူထားတဲ့ သူတွေက အကူ နေရာမှာ နေပြီး ကြည့်ပေးရမယ့် အဆင့်ပဲ ရှိတာပေါ့နော်။ နောက်ပြီးတော့ တိုင်းပြည်ကြီးက ၁၉၄၈ ခုနှစ်တည်း က လွတ်လပ်ရေး ရတယ်ဆိုတဲ့ နာမည်ပဲရှိတယ် ။ အစိုးရတွေလည်း အပြောင်းအလဲ အများကြီး ရှိခဲ့ပြီ။ စစ်တပ်ကို အခြေခံ ပြီးတော့ နာမည်ပဲ ပြောင်းသွားတဲ့ အစိုးရတွေ အများကြီးပဲ လွန်ခဲ့ပြီ။ အခုကလည်း ဒီအတိုင်းပဲ သွားမယ် ဆိုရင် ကျနော် တို့က ဘယ် တော့မှ ငြိမ်းချမ်းတော့မှာလဲ ။ နောက်ပြီးတော့ သူတို့ လုပ်ပေးနိုင်တာ ဘာတွေ ရှိသေး သလဲ။ မေတ္တာ ရှေ့ထားပြီးတော့ တိုင်းရင်းသားတွေအပေါ်မှာ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ထိုက်သင့် သလောက် သူတို့ လုပ်ပေးနိုင်မယ် ဆိုရင်တော့ ငြိမ်းချမ်း သွားမယ်လို့ ကျနော်မြင်ပါတယ်။
လက်ရှိအစိုးရက တာဝန်ကြီးတယ်။ သူတို့ လုပ်ရမယ့် တာဝန် ထမ်းဆောင်ရမယ့် တာဝန် တွေထဲမှာ အဓိက ကတော့ ငြိမ်းချမ်းရေးပါ။ ကျနော်တို့ နောက်ကျကျန်ရစ်ခဲ့တဲ့ နိုင်ငံတော်ကြီးကို စစ်တပ်ရဲ့ အုပ်ချုပ်ပုံ ပုံစံမျိုးနဲ့ပဲ သွားမယ်ဆို ရင်တော့ နောက်နောင်များမှာလည်း ဒီ့ထက် ဆိုးသွားနိုင်ပါတယ်။ အစိုးရသစ်အနေနဲ့ မေတ္တာရှေ့ ထားပြီး လုပ်သွား မယ် ဆိုရင် မအောင်မြင်စရာအကြောင်းမရှိပါဘူး။ အားလုံး ပြည်သူ ပြည်သားတွေပဲ။ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကလည်း ဒါကိုတောင့်တနေတာပါပဲ။ အခုဖြစ်တာကလည်း ကျနော်တို့ အထဲကနေ ဘယ်အခြေအနေ ဘယ် အဆင့်ထိ လျှောက်လှမ်း မယ်ဆိုပြီး ပြောထားတာတွေ တောင်းဆိုထား တာတွေ အချက်တွေ သူတို့ဆီ မရောက်တာ မသိတာလည်း မဟုတ်ဘူး။ အဲ့ဒါကို ဥပေက္ခာပြုထားတဲ့ပုံမျိုး ဖြစ်နေတယ်။
စစ်တပ်ရဲ့ ကြီးစိုးမှုအောက်မှာ စစ်အရှိန်နဲ့ပဲ ဖိအားပေးပြီး ကျနော်တို့ကို အုပ်ချုပ်သွားမယ်ဆိုရင်တော့ ဘယ်တော့မှ ငြိမ်း ချမ်းရေးတော့ ရှိမှာ မဟုတ်ဘူး။ အလှမ်းပိုဝေးမယ်လို့ပဲ မြင်ပါတယ်။ အဲ့ဒါက သူတို့ ဆင်ခြင်ရမယ်လို့ ကျနော် ပြောချင်ပါ တယ်။ ။