AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ပြောတဲ့ တိုင်းရင်းသား အရေး

ဧရာဝတီ
AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် / ဧရာဝတီ

တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုအကြားဖြစ်ပွားနေတဲ့ ပဋိပက္ခတိုက်ပွဲများ၊ လက်ရှိဖြစ်ပေါ် နေတဲ့ စစ်ရေး နိုင်ငံရေး အခြေအနေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် UWSA ၀ တပ်ဖွဲ့တို့ကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု ၊ ရက္ခိုင့် တပ်မတော် (AA) အဖွဲ့ ရဲ့ ရပ်တည်မှု သဘောထားတို့ကို ဧရာဝတီ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့် က AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကို မေးမြန်းထားပါ တယ်။

မေး။  ။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ စစ်ရေးအခြေအနေ နိုင်ငံရေးအခြေအနေတွေက လက်ရှိမှာ ဘယ်လို အခြေအနေ တွေ ရှိလဲ ပြောပြပါဦး။

ဖြေ။  ။ မြောက်ပိုင်းမဟာမိတ်ရဲ့ စစ်ရေးအခြေအနေကတော့ လောလောဆယ် ထိုးစစ်ဆင်တဲ့ အနေအထားတော့ မဟုတ်ဘူး။ ကျနော်တို့ စစ်ကို ခဏနားထားတယ်။ တဖက်ကလည်း တရုတ် နှစ်သစ်ကူးပွဲလည်း ရှိတယ်။ မဟာမိတ် ကိုးကန့် က လည်း တရုတ်ယဉ်ကျေးမှု အရ နှစ်ကူးပွဲတော် ကျင်းပနေတော့ စစ်ရေးအရ အများကြီး လှုပ်ရှားမှု မရှိဘူး။ တိုက်ပွဲတွေကတော့ ကျနော်တို့ ခွင်တွေမှာ ရှိတယ်။ နိုဝင်ဘာလ ကတည်းက စခဲ့တဲ့ တိုက်ပွဲတွေရဲ့ အဆက်ပေါ့။ မြန်မာတပ်တွေက ဆက်ပြီး ထိုးနေတာတွေ ရှိသေးတယ်။ ဒါ့ကြောင့် ဒီရက်ထဲမှာ ကိုးကန့်ဘက်မှာတော့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

နိုင်ငံရေးအခြေအနေကတော့ အစိုးရအနေနဲ့ တိုက်ရိုက် ကမ်းလှမ်းတာတော့ မရှိဘူး။ လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က မစ္စတာဆွန်ကော့ရှန် (တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးသံတမန်) နဲ့ တွေ့ဆုံပြီး ပြောဆိုတာတော့ ရှိတယ်။ သူ့ဆီ ကနေတဆင့် ကျနော်တို့လည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ တွေ့ဆုံ ဆွေးနွေးဖို့ အတွက် အဆင်သင့်ဖြစ်တယ် ဆိုတဲ့ စကားကို ကျနော်တို့ ပြောပါတယ်။ ထူးထူးဆန်းဆန်းတခု သူပြောပြတာက မြန်မာကာကွယ်ရေး ဦးစီးချုပ် ဆီကနေ ကျနော်တို့ကို ဆွေးနွေးပွဲတွေမှာ ပါလာစေချင်တယ် ဆိုတဲ့ သဘောတွေ ပြောတယ်။ အဲ့ဒါတော့ ကြားမိတယ်။ သို့သော်လည်း မြန်မာအစိုးရဘက်က ပြောဆိုတာတွေကို ပြန်နားစွင့်ကြည့်တော့ အရင်နဲ့မတူတဲ့ အပြောအဆိုတွေ တွေ့ရတယ်။ ဆိုလိုတာက လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့သံကြားတယ်။

အဲ့ဒီမှာ ပြောလာခဲ့တဲ့ စကားသံက ငြိမ်းချမ်းရေးကို အစိုးရက ဦးဆောင်ပြီးမှ သွားမယ်။ အပစ်ရပ်တာကိုတော့ စစ်တပ်က ဦးဆောင်မယ်လို့ ကြားတော့ ကျနော်တို့ တော်တော်လေး နားရှုပ် သွားတယ်။ ဒီကိစ္စတခုက အပစ်ရပ်ကိစ္စနဲ့ ငြိမ်းချမ်းရေး ကိစ္စဆိုတာက အရမ်းဆက်စပ်ပြီး အရေးကြီးတယ်။ တဖက်နဲ့တဖက် ပူးပေါင်း ဆောင်ရွက်မှု အဆင့်မြင့်မြင့် နားလည်မှု မရှိ ဘဲ Peace process လည်း မအောင်မြင်သလို အပစ်ရပ်လည်း မအောင်မြင်နိုင်ဘူး။ ဒါ့ကြောင့် တဖက်နဲ့ တဖက် အကန့်အသတ်နဲ့ ဆက်ဆံနေကြတဲ့ အဖွဲ့၂ခုလို့ စစ်တပ်နဲ့ အစိုးရကို ကျနော်တို့ မြင်နေတယ်။ ဒီ ၂ခုကြားမှာ ကိုယ်စီ လုပ်ပိုင်ခွင့်ကို ခွဲကိုင်ထားတယ်။ ပူးပေါင်း ဆောင်ရွက်မှုလည်း ပြောသလောက် မရှိကြဘူး။ ဒီလိုဆိုတော့ ပိုပြီး အကန့်အသတ်တွေနဲ့ ရှေ့တိုးမရဘူးဖြစ်မယ်လို့ ကျနော်တို့ မြင်ထားတယ်။

မေး။။ အခုက အပစ်ရပ်တာက တပ်မတော်က တာဝန်ယူမယ်ဆိုတာမျိုးက ဘယ်လိုမျိုး သဘောထား လဲ။ ဘယ်လိုသိထားတာလဲ ရှင်းပြပါဦး။

ဖြေ။။ ကျနော်တို့အမြင်အရတော့ စစ်တပ်က သူ့ရဲ့ လုပ်ပိုင်ခွင့်ကို တစက်မှ အကြောပေးမှာ မဟုတ်ဘူး။ တကယ်ဆို လက်ရှိ အစိုးရရဲ့ တာဝန်တွေ ဖြစ်တယ်။ အစိုးရက ညွှန်ကြားတဲ့ အတိုင်း စစ်တပ်က ပူးပေါင်းဆောင်ရွက် ရမယ်။ လက်ရှိ အစိုးရက စစ်တပ်ပေါ်မှာ သြဇာဘယ်လောက် သက်ရောက်ပြီး စစ်တပ်က ဘယ်လောက်အတိုင်းအတာအထိ ပူးပေါင်းဆောင်ရွက် မလဲ။ စစ်တပ်ရဲ့ တကယ် ရည်ရွယ်ချက်အမှန်က ဘာလဲ ဆိုတာကို သိဖို့ လိုပြီ။ ကျနော်တို့မြင်တာကတော့ စစ်တပ်ရဲ့ တကယ့်ရည်ရွယ်ချက် အမှန်က စစ်ကို ဆက်တိုက်ဖို့ပဲလို့ မြင်တယ်။

အရင်အစိုးရ ဆိုရင် ဗိုလ်ချုပ်ဟောင်းတွေဆိုတော့ စစ်တပ်နဲ့ ပုဂ္ဂိုလ်ရေး အရရော လုပ်ထုံးလုပ်နည်း အရရော ဆက်စပ်မှု ပိုရှိတယ်။ ဒီအစိုးရနဲ့ကျတော့ အရင်ထက် ပိုအလှမ်းဝေးတယ်လို့ မြင်တယ်။ သဘောက အခုဒေါက်တာ တင်မျိုးဝင်း နေရာမှာ ဦးအောင်မင်း နေရာနဲ့ ပြန်အစားထိုးကြည့်မယ် ဆိုရင် ဒေါက်တာ တင်မျိုးဝင်းအနေနဲ့ စစ်တပ်နဲ့ ဆက်သွယ်တဲ့နေရာမှာအရင်လောက် မနီးစပ်ဘူး လို့ ကျနော် မြင်တယ်။

မေး။။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပြောထားပါတယ်။ NLDအစိုးရရဲ့ ဒီမိုကရေစီ ပြောင်းလဲရေးမှာ ပူးပေါင်း ပါဝင် နေတယ်လို့။ တဖက်မှာကတော့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတော့ လက်ရှိ ပြည်တွင်း နိုင်ငံရေး အခြေအနေကို  ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။။ အစိုးရကလည်း အစိုးရလို ပုံစံမျိုးနဲ့ပဲ လုပ်နေတယ်။ စစ်တပ်ကလည်း ၂၀၀၈ အခြေခံဥပဒေကို သံပတ်ပေးထားတဲ့ ပုံစံမျိုး ပေါ့လေ။ စကားတခု ပြောလိုက်ရင် တည်ဆဲဥပဒေအရ ဖြစ်တယ်။ ဒါဟာ ဥပဒေနဲ့ အညီဖြစ်တယ်ဆိုတာပဲ ကိုးကားပြီး ၂၀၀၈ ကို ခံစစ်ယူထားတယ်။ ဒါတော့ သူ့အလုပ်တိုင်းပဲ။ အစိုးရ ဘက်ကလည်း စစ်တပ်တခုအပေါ် ရှိသင့်ရှိထိုက်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရယ်၊ သူ့ရဲ့ယန္တရား လည်ပတ်မှု အပေါ်မှာ စနစ်တကျ မရှိလေတော့ ရှေ့ကို မတိုးနိုင်တဲ့ အနေအထားဖြစ်နေတယ်လို့ မြင်တယ်။ နောက် မြန်မာစစ်တပ်ရဲ့ အတွေးအခေါ်နဲ့ ရည်ရွယ်ချက်။ သဘောက အရင်အစိုးရလက်ထက်မှာ ခုန ပြောခဲ့သလို အတိုင်းအတာတခုထိ ရှိတယ်။ အခု အစိုးရလက်ထက်မှာကျတော့ သူတို့က တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို အကြမ်းဖက် အဖွဲ့အစည်းလို့ လွှတ်တော်မှာ တင်လိုက်တယ်။

တင်လိုက်တော့ လွှတ်တော်က အတည်မပြုတာကို သူတို့က အပြင်မှာဆက်ပြီး သုံးနေတယ်။ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ချက်တွေမှာ အကြမ်းဖက်အဖွဲ့အစည်းလို့ သုံးတယ်။ ဒါက လွှတ်တော်က အတည်မပြုထားဘူး။ ဥပဒေအရ ဘယ်လိုမှ အကျုံးမဝင်ဘူး။ ဒီစာလုံးကို သုံးလို့ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲမယ်ဆိုရင် စွပ်စွဲလို့ ရနိုင်တယ်။ ဒါက ဥပဒေနဲ့ မညီတဲ့ အသုံးအနှုန်းတွေ ဖြစ်တယ်။

ဒီအသုံးအနှုန်းကို ရန်လိုတဲ့ သဘောထားရှိလို့ သုံးတယ်။ ဒါမျိုးအသုံးအနှုန်းတွေက တဖက်နဲ့တဖက် ငြိမ်းချမ်းဖို့ အတားအဆီး ဖြစ်စေတဲ့ အသုံးအနှုန်းတွေပါ။ ဒါ့ကြောင့် အစိုးရနဲ့ တပ်မတော်က ပူးပေါင်း ဆောင်ရွက်မှု ထင်သလောက် မရှိနိုင်ဘူးလို့ ကျနော်သုံးသပ်ပါတယ်။

မေး။။ တရုတ်ကိုယ်စားလှယ်နဲ့ တွေ့တုန်းကတော့ တပ်မတော်ဘက်က တွေ့မယ်ဆိုထားပြီး အခုက နှစ်ဘက် ကြားမှာ ဘာမှ မထူးခြားသေးဘူး ဆိုတော့ ဘယ်လိုမျိုးလဲ။

ဖြေ။။ တွေ့မယ်ဆိုတာကတော့ တွေ့ရင် သူတို့က ဘာပြောလာမလဲ ဆိုတာကို ကျနော်တို့က စဉ်းစားစရာ ရှိသေးတယ်။ ကျနော်တို့ဘက်ကတော့ တိုင်းရင်းသား ရပိုင်ခွင့်တွေကို ညီလာခံတွေမှာ ဆွေးနွေးထားကြတယ်။ တယောက်နဲ့ တယောက်တော့ သိပ်မခြားနားကြပါဘူး။ ဒါပေမယ့် တွေ့ဆုံလာတဲ့အချိန်မှာ အရင်လိုမျိုး ငြိမ်းချမ်းရေးအတွက် ကန့်သတ်ချက်တွေ ပြောလာမယ် ဆိုရင် ရှေ့ကို မသွားနိုင်ဘဲ ဖြစ်လိမ့်မယ်။ အရင်တခါတွေ့တုန်းက ကျနော်တို့ကို လက်နက်စွန့်ရမယ်ဆိုတဲ့ကိစ္စကို ရှေ့ကတင်ပြီး ပြောတော့ ကန့်သတ်ချက်ကြီးနဲ့မို့ ရှေ့မတိုးနိုင်ဘဲ ဖြစ်ခဲ့ရတယ်။ အခုချိန်မှာလည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့အစည်းတွေကို အလားသဏ္ဍာန်တူတဲ့ သတ်မှတ်ချက်တွေနဲ့ လာမယ်ဆိုရင်တော့ အဆင်မပြေလောက်ဘူး။

အခုအရမ်းအရေးကြီးတာက ငြိမ်းချမ်းရေးစကားဝိုင်းကို လုပ်မယ်ပဲ ပြောပြော၊ တွေ့ဆုံဆွေးနွေးမှုကို လုပ်မယ်ပဲ ပြောပြော အဲ့ဒါတွေ မလုပ်ခင် အခုလုပ်နေတဲ့ ထိုးစစ်တွေကို အမြန်ဆုံး ရပ်တန့်ဖို့ လိုတယ်။ တွေ့ဆုံမှုလုပ်ပြီး ထိုးစစ်တွေလည်း ကြီးကြီးမားမား လုပ်နေမယ်ဆိုရင် ဒါက အရမ်းကို ခက်ခဲလိမ့်မယ်။ ထိုးစစ်တွေ ရပ်တန့်ဖို့က အရမ်းအရေးကြီးနေပါတယ်။

မေး။။ ဇန်နဝါရီ ၁၉ ရက်က မစ္စတာဆွန်ကော့ရှန်နဲ့ တွေ့တော့ ဘာတွေ ပြောဖြစ်ကြသေးလဲ။ တရုတ်ရဲ့ အနာဂတ် စီးပွားရေး ပိုးလမ်းမမျှော်မှန်းချက် နေရာမှာ တိုက်ပွဲတွေ ဖြစ်တော့ ဒီအပေါ်ရော တရုတ်ဘက်က ဘာတွေ ပြောသလဲ။

ဖြေ။။ ဖိအားပေးတဲ့ အတိုင်းအတာတော့ မရှိဘူး။ တိုင်းရင်းသားပြဿနာမှာ ငြိမ်းချမ်းရေးအတွက် မှန်မှန်ကန်ကန် ရပ်တည်ပေးဖို့ ကျနော်တို့ဘက်က မေတ္တာရပ်ခံတာရှိတယ်။ သူတို့ကလည်း ပြောပါတယ်။ ငါတို့ဟာ ဘက်မလိုက်ဘဲ ကောင်းကောင်းမွန်မွန် ရပ်တည်ပေးမယ်။ မင်းတို့လည်း ရန်မလိုကြဖို့ တဖက်နဲ့ တဖက် ။ အဲ့ဒီလိုတွေ ပြောတာတွေ ရှိတယ်။

ဒါပေမယ့် အဲ့ဒီမှာဘယ်လို ပြောပြရမလဲ ဆိုတော့ ကျနော်တို့ အရင်တွေ့ဆုံမှုတခု လုပ်ဖို့အတွက် Kumming မှာ စီစဉ်တယ်။ အဲ့ဒီမှာ မတွေ့ဘဲ ဒီတိုင်းပြန်လာခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက တဖွဲ့ချင်းစီခွဲပြီး တွေ့ချင်တဲ့ အုပ်စုရှိတယ်။

ကျနော်တို့က အတူတူ တွေ့ချင်တယ်။ အဲ့ဒီမှာ ကျနော်တို့က ပြောပြတယ်။ တဖွဲ့ချင်းစီ တွေ့ဆုံမှုကို ကျနော်တို့က မလိုလားဘူး။ တိုင်းရင်းသားပြဿနာကို အတူတကွ ပူးပေါင်း ဆောင်ရွက်ရမယ်၊ တွေ့ဆုံရမယ်။ ကျနော်တို့ အနေနဲ့ လူသိ မခံနိုင်စရာ အကြောင်းဆိုတာ မရှိဘူး။ အဲ့ဒါက အစိုးရနဲ့ကျနော်တို့ ကြားမှာ ဖြစ်တာပါ။ သူတို့က အဖွဲ့ခွဲပြီး တွေ့ချင်တယ်။ ဥပမာ – ဝနဲ့ ဆိုရင် ကျနော်တို့ကို အတူတကွ မမြင်ချင်ဘူး။ ဒါလည်း သူတို့ဘက်က စိုးရိမ်မှုတွေ ရှိမယ် ထင်တယ်။ ကျနော်တို့ ဘက်က ယူဆချက်က ဝ ကို ကျနော်တို့ ဆွဲခေါ်လာတာက ပြည်တွင်းစစ်ထဲကို ဆွဲခေါ်တာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲကို ခေါ်တာပဲ ဖြစ်တယ်။ အစိုးရအနေနဲ့ အစိုးရိမ်လွန်နေတဲ့ အတိုင်းအတာတွေကို ကျနော်တို့ တွေ့နေရတယ်။

စစ်တိုက်ဖို့ ခေါ်လာတာ မဟုတ်ဘူး။ ငြိမ်းချမ်းရေး စကားဝိုင်းမှာ ဝင်ဆွေးနွေးဖို့ ပြောတာလည်း မဟုတ်ဘူး။ ငြိမ်းချမ်းရေး စကားဝိုင်းမှာ သက်သေအဖြစ်နေပါ။ ဒီညီအစ်ကို ကိုလည်း ကျနော်တို့ ခေါ်လာမယ်။ အဲ့ဒါကို သူတို့က မလိုလားဘူး။ အဲ့ဒါတွေ တွေ့တယ်ဗျ။

အဲ့ဒီတော့ ကျနော်တို့က ပြောပြလိုက်တယ်။ အတူတကွ တွေ့ဆုံမှုက ရေရှည်အတွက်လည်း ကောင်းတယ်။ သီးခြားတွေ့ဆုံမှု ဆိုတာက ပွင့်လင်းမြင်သာမှုလည်း အားနည်းပြီး သံသယကို တိုးပွားစေတယ်။ ကျနော်တို့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ သီးခြားစီခွဲပြီး တွေ့တာက တွေ့ဆုံပြီး နောက်မှာ ပြဿနာအသစ်တွေ ပိုတိုးလာတယ်။ ဒါ့ကြောင့် အတူတကွ တွေ့ဆုံမယ်။ လိုလားတယ် ဆိုတာကို ကျနော်တို့က အသိပေးတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ မြန်မာအစိုးရဘက်က တခါတခါ တွေ့ဆုံတဲ့ အချိန်မှာ သူတို့က အပြစ်ဖို့ပြီး ထောက်ပြတာတွေ ရှိတယ်။ ဒါက ပြဿနာတွေ ဖြစ်လာရင်တော့ အပြန်အလှန် လက်ညှိုးထိုး ကြတယ်။

သူတို့ကလည်း ပြောတယ်။ မင်းတို့ နိုဝင်ဘာလ ၂၀ မှာ ထိုးစစ်ဆင်ခဲ့လို့ ကျန်တဲ့ တိုက်ပွဲကြီးတွေ ဖြစ်လာတယ်လို့ ပြောတယ်။ ကျနော်တို့က ပြန်ပြောပြခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ကျော်လောက် ထိုးစစ်ကို တဖက်သက် ခံလာခဲ့တာ။ ဒီဟာတခုကြောင့်ပဲ တိုက်ပွဲကြီးတွေ ပြန်ဖြစ်လာတယ်လို့ ပြောဆိုခြင်းက ကျိုးကြောင်း သင့်မြတ်ပါသလားပေါ့။ ဒါက ကျိုးကြောင်းမဆီလျော်ဘူး ဆိုတာကို ဖြေရှင်းပြခဲ့တာတော့ ရှိပါတယ်။ သူတို့က နောက်ထပ် တွေ့ဆုံမှုတွေမှာ ညှိနှိုင်းနိုင်မယ့် အနေအထားတွေ ကြိုးစား ဖန်တီးပေးမယ်လို့ ပြောပါတယ်။

နောက်ပြီး မစ္စတာဆွန်ကော့ရှန်က ငါလည်း တတ်နိုင်သလောက် ကြိုးစားပေးမယ်။ တရုတ်နှစ်ကူးပြီးရင် အစိုးရနဲ့သူက တွေ့ဆုံဖို့ ရှိတယ်။ဒါပေမယ့် မင်းတို့ဆီက အစိုးရနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်ဆိုတဲ့ သတင်းစကားမျိုး ထုတ်ပြန်ထားရင် ပြောဆိုလို့ ကောင်းတယ်ပေါ့။ နောက် အစိုးရဘက်က မေးတာရှိပါတယ်။ မြောက်ပိုင်းက ၃ဖွဲ့ဖြစ်ဖြစ် ၄ဖွဲ့ဖြစ်ဖြစ် ဝ မပါဘဲဆိုရင် ဘယ်လိုလဲ ဆိုပြီး မေးပါတယ်။ ကျနော်ကလည်း ပြောပြီးသားအတိုင်း ပြောပါတယ်။ သံသယ မရှိသင့်ဘူးလို့ အဲ့ဒီ အနေအထားမှာ သူက မြန်မာ အစိုးရရဲ့ သဘောထားကိုလည်း စဉ်းစားပြီးမှ တဖက်နဲ့တဖက် တင်းမာမှုမဖြစ်အောင် လျှော့ပေးပြီးမှ စဉ်းစားပေးဖို့ ဖျောင်းဖြတာတွေ နားချတာတွေ ရှိပါတယ်။

မေး။။ မြောက်ပိုင်းအဖွဲ့တွေက ဝနဲ့ စစ်ရေးအရ နယ်မြေအရ ဆက်စပ်မှုတွေ ရှိနေတော့ မဟာမိတ် ဆက်ဆံရေးတွေ ရှိနေတော့ နောက်ပိုင်း အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ အတူတူပူးပေါင်း ဆွေးနွေးမယ့် သဘောမျိုး ရှိနေတာလား။

ဖြေ။။ ဒါကတော့ အမှန်ပါပဲ။ ကျနော်တို့ကတော့ မြောက်ပိုင်းမဟာမိတ်တွေက အစိုးရနဲ့ပြောဆို ဆွေးနွေးမှုတွေမှာ ကျနော်တို့ရဲ့ မိတ်ဆွေ ဝ ကိုလည်း ပါစေချင်တယ်။ သူတို့ကလည်း လိုလိုလားလားပဲ စိတ်ဝင်စားကြောင်း ကျနော်တို့ကို ပြောပါတယ်။ ဒါ့ကြောင့် ကျနော်တို့က ပါစေချင်တယ်။ အစိုးရဘက် ကတော့ စိုးရိမ်မှုတွေရှိတယ်။ ဒါ့ကြောင့် ကျနော် ခုဏက ပြောခဲ့သလို ဒါဟာ စစ်တိုက်ဖို့ ခေါ်လာတာ မဟုတ်ဘူး။ ငြိမ်းချမ်းရေး စကားဝိုင်းကိုပဲ ခေါ်လာတာ ဖြစ်တယ်။ အစိုးရိမ်မလွန်ဖို့ သံသယ အရမ်းမထားဖို့ပေါ့နော်။ ဒါမျိုး ပြောချင်တယ်။

မေး။။ မြောက်ပိုင်း ၃ဖွဲ့ (MNDAA ၊AA၊ TNLA) ရဲ့ တိုက်ပွဲတွေမှာ ဝ က လက်နက်ခဲယမ်းတွေ ထောက်ပံ့ ပေးနေတယ်။ နိုင်ငံရေးကိစ္စတွေမှာ ဝ က နောက်က ကြိုးကိုင်မယ်ဆိုတဲ့ ပုံစံမျိုး ဝေဖန်မှုတွေ ကြားရတယ်။ ဗိုလ်မှူးချုပ်ဘက်ကရော ဒီအပေါ်မှာ ဘာတွေများ ပြန်ပြောပြစရာ ရှိပါသလဲ။

ဖြေ။။ တိုင်းရင်းသားညီအစ်ကို အချင်းချင်းကြားမှာတော့ များသောအားဖြင့် တွေးတတ်တဲ့ သူတိုင်း နားလည်တယ်။ သူ့ကို ချပြီးရင် ကိုယ့်ကို လာချမယ် ဆိုတာ သဘောပေါက်ပါတယ်။ ဒါ့ကြောင့် တယောက်ကို တယောက်က စာနာမှု ထားကြတယ်။ တိုင်းရင်းသားအဖွဲ့တွေ အားလုံးအနေနဲ့ အစိုးရက ကချင်ကိုတိုက်ပြီဆိုရင် ကျန်တဲ့တိုက်ပွဲထဲမှာ မပါတဲ့ အဖွဲ့တွေကလည်း ကချင်ကို တခုခုထိခိုက်သွားမှာ စိတ်ပူကြတာပဲ။ အလားတူ ရှမ်းကို တိုက်မယ်ဆိုရင်လည်း ရှမ်းပြိုလဲသွားမယ် ဆိုရင် ကျန်တဲ့ အဖွဲ့တွေဆီ မြားဦး လာတော့မယ်ဆိုတာ သိတယ်။ ဒီတော့ အနည်းနဲ့အများတော့ ကူကြမှာပဲ။ ဒါက အပြန်အလှန် ကျနော်တို့မှာ စာနာမှုရှိတယ်။ နားလည်မှု ရှိတယ်။ ပြီးရင် လူမျိုးကြီး အုပ်စုပေါ့။ လူတိုင်းကို မပြောပါဘူး။ အင်မတန်မှ လူမျိုးကြီးစိတ်ရှိပြီး ဖိနှိပ်လိုတဲ့ အုပ်စုက ဒါမျိုးလုပ်ပြီဆို ကျနော်တို့က တယောက်ကို တယောက် ကူရမှာပဲ ။ ဒါက ဓမ္မဓိဌာန် ကျပါတယ်။

နိုင်ငံရေးအရ ကြိုးကိုင်တယ်ဆိုတဲ့ ကိစ္စကလည်း ကျန်တဲ့သူတွေလည်း အတွေးအခေါ်ရှိကြပါတယ်။ ကျနော်တို့က အလုပ် လုပ်တယ် ဆိုရင်လည်း အကုန်လုံး ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်။ ကြိုးကိုင်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ တိုင်းရင်းသား မဟာမိတ်တွေကြားမှာ ဆွေးနွေးညှိနှိုင်းတယ် ဆိုတာကတော့ ဖြစ်နိုင်ပါတယ် ဟုတ်ပါတယ်။

မေး။။ ရှေ့ဆက်သွားမယ့် နိုင်ငံရေးဆွေးနွေးမှုတွေ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ဘယ်လိုပုံစံနဲ့ သွားမှာလဲ။ မြောက်ပိုင်းမှာရော UNFC လိုပုံစံမျိုး ဖြစ်လာမယ့် သဘောရှိနေတာလား။

ဖြေ။။ ဒါကတော့ ကျနော်တို့ အကုန်လုံး ပေါင်းစပ်ပြီး ညှိနှိုင်းပြီး လုပ်ကိုင်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ တချို့အဆင့် ကလေးတွေကျတော့ ၁ခု ၂ ခုလောက်ကို ညှိနှိုင်းပြီးမှ ပြောနိုင်မယ့် အနေအထား ရှိပါတယ်။ အခုကတော့ များသောအားဖြင့် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုက လက်တွေ့နယ်ပယ်မှာ တတ်ညီလက်ညီတော့ ရှိကြပါတယ်။ အားသာချက်ကတော့ နည်းနည်း မတူဘူးပေါ့။

ဟိုဘက်က နိုင်ငံရေးပိုင်းမှာ အားသန်တာပေါ့။ ဒီဘက်မှာတော့ စစ်ရေးရော နိုင်ငံရေးရော ပူးပေါင်း ဆောင်ရွက်တယ်။ နိုင်ငံရေးအရ တချို့ကိစ္စတွေက ကျနော်တို့ အစိုးရနဲ့ ပြောဆိုတဲ့အချိန်မှာပဲ လုပ်မယ့်ဟာတွေကို ထုတ်ပြန်ပြောမှာ ဖြစ်ပါတယ်။

ကျနော်တို့ မြောက်ပိုင်းမဟာမိတ်အနေနဲ့ ရပ်တည်ပြီး ပြောနေပေမယ့် DPN ရဲ့ပြောဆိုချက်တွေကို သဘောထား ကွဲလွဲခြင်း မရှိပါဘူး။ နောက်ဆုံး DPN ရဲ့ ၈ ချက်ကလည်း လျော်ကန်သင့်မြတ်တဲ့ တောင်းဆိုမှုတွေလို့ ကျနော်တို့ အနေအထားမတူတဲ့ အစိုးရဘက်က ခွဲခြားထားလို့ အနေအထားမတူလို့ ကျနော်တို့က အဲ့ဒီပေါ်မှာပဲ အခြေအနေက ကိုက်ညီအောင် ရပ်တည်ရခြင်း ဖြစ်ပါတယ်။

မေး။  ။ ကိုယ့်နိုင်ငံသားအချင်းချင်း ဖြစ်ပေမယ့် အစိုးရနဲ့ တွေ့နိုင်ဖို့ တရုတ်ကိုယ်စားလှယ်က ကြားက စကားပါးပေး နေရတယ်။ ဗိုလ်မှူးချုပ်အနေနဲ့ တရုတ်က ကိုယ့် တိုင်းရင်းသား အရေးတွေမှာ စွက်ဖက်မှု ရှိနေတယ်လို့ ခံစားရလား။

ဖြေ။  ။ သူက မစွက်ဖက်ချင်ရင်တောင် ကိုယ်က ဆွဲထည့်နေရတဲ့ ပုံစံမျိုးကို ဖြစ်နေတာ။ လက်ရှိမြန်မာစစ်တပ် နဲ့ ကျနော်တို့နဲ့က ညီအစ်ကို ဆက်ဆံရေး မဟုတ်တော့ဘူး။ စားပွဲဝိုင်းမှာ သဘောထား ကွဲလွဲရုံဆိုရင်တော့ ကျနော်တို့ အချင်းချင်း ပြောလို့ရတယ်။ အခုက တကယ့်အမြစ်ပြတ်ချေမှုန်းမယ် ဆိုပြီးလာတော့ ဒါက ညီအစ်ကိုဆက်ဆံရေး မဟုတ်တော့ဘူး။ ရန်သူဖြစ်သွားပြီ။ ကျနော်တို့က အင်အားနည်းတဲ့သူ ဖြစ်တယ်။ အင်အားကြီးတဲ့သူက တဖက်သတ် အပြောအဆိုနဲ့ စစ်ရေးအရ အသာစီးနဲ့ အမြစ်ပြတ်ချေမှုန်းဖို့ လုပ်လာတော့ အားကိုးအကူညီတောင်းရတဲ့ သဘောပဲ။ တရုတ်နယ်စပ်မှာ တိုက်ပွဲဖြစ်ပြီဆိုရင် တရုတ်နိုင်ငံကိုလည်း ထိခိုက်တာပဲ။ နောက်တချက်က မြန်မာစစ်တပ်က နည်း ပညာအရရော စစ်လက်နက်အရရော အကူအညီနဲ့ မကင်းပါဘူး။ ကျနော်တို့က ပြောတာကတော့ နိုင်ငံရေးအရ ပြောတာပဲ ရှိတယ်။ တကယ်တမ်း ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အခု မြန်မာစစ်တပ်က ချီတက်လာတဲ့ ကားတွေက တရုတ်လုပ်တဲ့ ကားတွေပါပဲ။ ဒါ့ကြောင့် တရုတ်ကို ဆန္ဒအရ မပါစေချင်ရင်တောင် သူမပါလို့ မဖြစ်တဲ့ အနေ အထားတွေ ရှိနေပါတယ်။

မေး။  ။ မြောက်ပိုင်းကိစ္စရပ်တွေမှာ အနောက်နိုင်ငံတွေ ပါဝင်မှုကို လက်မခံပါဘူးဆိုတာမျိုး တရုတ်ကို ကတိကဝတ် ပြုထားတာကြောင့် ဝ အနေနဲ့ NCAကို မထိုးနိုင်ဘူးလို့ ထုတ်ပြန်ထားတယ်။ မြောက်ပိုင်းမဟာမိတ်တွေ အနေနဲ့ရော ဒီလိုမျိုးတွေ ရှိလာနိုင်လား။

ဖြေ။  ။ ယခုလက်ရှိ အချိန်ထိတော့ တရုတ်က ကျနော်တို့အပေါ်မှာ ကန့်သတ်ချက်တွေနဲ့ တောင်းဆိုတာတို့ ဆွဲထားတာတို့ မကြုံဖူး သေးပါဘူး။ ဝ အဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့ နိုင်ငံရေးအနေအထားတွေကို ကျနော်တို့က ဝင်ပြီး ပြောဆိုဖို့လည်း မသင့် ပါဘူး။ သူတို့ ပြောဆိုနေတာတွေ ရှိပါတယ်။ NCA စာချုပ်နဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ လက်မခံနိုင်တာတွေ ပါ တယ်။ Comply လုပ်ဖို့ အခက်အခဲရှိတယ်။ ဒါတော့ သိထားပါတယ်။

တကယ်တမ်း နိုင်ငံရေးအရ ညှိနှိုင်းမှု အတိုင်းအတာ တစုံတရာ ရှေ့ကို ရောက်သွားပြီဆိုရင်တော့ နိုင်ငံခြား တိုင်းပြည်တွေ က အဲ့ဒီလောက်ထိ ဝင်ပါဖို့တော့ မလိုအပ်ပါဘူး။ ဒါပေမယ့် အသိသက်သေအနေနဲ့ ရှိနေတာတော့ ပိုကောင်းတာပေါ့။ တဖက် နဲ့ တဖက် သံသယရှိတယ်။ ယုံကြည်မှု မရှိဘူး။ အဲ့ဒီအချိန်မှာ တဖက်ကို တဖက်စောင့်ကြည့်မယ်။ ပုဏ္ဍားတိုင် လုပ် သလို သမာသမတ် ရပ်တည်နိုင်မယ့် အင်အားစုတွေရှိရင်တော့ ပိုကောင်းတယ်လို့ ပြောလို့ရပါတယ်။ တချိန်ချိန်မှာ အဆင် ပြေ သွားရင် မလိုအပ်တော့ပါဘူး။ ဝင်ပါချင်တယ်ဆိုရင်တောင်မှ နှစ်ဖက်လုံးက လိုလားမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အတွင်း ရေး ဖြစ်သွားတာကိုး။ အခုက အိမ်တွင်းမငြိမ်လို့ အပြင်လူကို ဆွဲခေါ်ရတာပါ။

မေး။  ။ ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပြပါဦး။

ဖြေ။  ။ ကျနော်တို့ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက တရုတ်ကိုယ်စားလှယ်နဲ့ တွေ့တုန်းက ဒုက္ခသည်ကိစ္စတွေကို အကူအညီ တောင်းခဲ့တာ ရှိတယ်။ ဒုက္ခသည်တွေ အရမ်းဒုက္ခရောက်တယ်။ ရာသီဥတု ဘေးအန္တရာယ် ၊ ဆေးဝါးနဲ့ အစားအသောက် ကိစ္စတွေ။ ပြီးခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်ကြရသူတွေအတွက် အထူးသဖြင့်ပေါ့။ လူသားချင်း စာနာဖို့ ပေါ့။ သူ့အိမ်နားမှာ ဆိုတော့ ဒီတိုင်း ပစ်မထားဖို့ပါ။ တိုင်းရင်းသားတွေဆိုတော့ ကျနော်တို့မှာ တာဝန်ရှိတယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း အတိုက်ခံနေရတော့ အားကိုးစရာဆိုလို့ သူတို့ပဲ ရှိတယ်လေ။ ဒါ့ကြောင့် လူသားချင်း စာ နာဖို့ အဓိကပါ။ KIA နဲ့ တိုက်ပွဲဖြစ်လို့ ပြေးလာရတဲ့ ဒုက္ခသည်တွေကိုလည်း ရည်ညွှန်းတာပါ။ အကုန်လုံး မြောက်ပိုင်းမှာ ဖြစ်နေတာတွေ တရုတ်နိုင်ငံနဲ့ ဆက်စပ် နယ်နိမိတ်မှာ ဖြစ်တာတွေကို လူသားဆန်ပေးဖို့ပါ။ သူတို့ကတော့ သေချာ နား ထောင်ပြီး မှတ်ချက်ယူနေတာတော့ တွေ့လိုက် ပါတယ်။   ။

Loading