အစိုးရနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုထားတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) တို့ဟာ နေပြည်တော်မှာ ဒီလကုန် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ မတိုင်မီ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်ခွင့် မရခဲ့ပါ။ ALP နဲ့ CNF တို့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဘာကြောင့် လုပ်ခွင့်မရသလဲ၊ ၂၁ ရာစု ပင်လုံ အစည်းအဝေးမတိုင်မီ လုပ်ခွင့်မရတဲ့အတွက် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ ဆိုတာကို ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ကို ဧရာဝတီသတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ နေပြည်တော်မှာ ဒီလ ၆ ရက်နေ့က ကျင်းပသွားတဲ့ UPDJC အစည်းအဝေးဆုံးဖြတ်ချက်အရ ALP နဲ့ CNF အဖွဲ့တို့ကို ၂၁ ပင်လုံ အစည်းအဝေးမတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်မရဘူးလို့ ကြားသိရပါတယ်။ ဘာကြောင့် ကျင်းပခွင့် မရတာလဲ။ အဓိက အကြောင်းပြချက်က အဆင်သင့် မဖြစ်သေးဘူးဆိုတာ ဟုတ်ပါသလား။
ဖြေ ။ ။ အကြောင်းပြချက်ကို မယ်မယ်ရရ မပြောဘူး။ ဒါပေမယ့် သူတို့ရဲ့ လေသံတွေကို တီးခေါက်မိသလောက် ရခိုင်ပြည်ရဲ့ တည်ငြိမ်မှု အနေအထားတွေ အပေါ်မှာ စိုးရိမ်မှု ရှိတယ်ဆိုပြီးတော့မှ ပြောတယ်။ ဒါဆို ရခိုင်ပြည်နယ်မှာ ဘာမှ လုပ်လို့မရတော့ဘူးလား။ တခြားအဖွဲ့အစည်းတွေ၊ တခြားပွဲတွေ အမြဲတမ်းလုပ်နေကြတာပဲ။ အများကြီးလုပ်နေကြတာပဲ။
ပယ်ချတယ်လို့တော့ မဟုတ်ဘူး။ ရခိုင်နဲ့ ချင်းပြည်နယ်မှာ အခုအချိန်မှာဆိုရင် အချိန်မလောက်နိုင်ဘူး ဆိုပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံက ပြောတာရှိတယ်။ အားလုံး နေရာမှာတော့ ကျင်းပရမှာဘဲ။ ဘယ်အဖွဲ့အစည်းကိုမှ ချန်မထားဘူး ဆိုတာတော့ ပြောတယ်။ ပြောချင်တာက မျက်နှာကြီးရင် ကြည့်တာ မကောင်းဘူး။ သားသမီးချင်း အတူတူမှာ မိဘဆိုရင် သားသမီးချင်း အတူတူကို တန်းတူညီမျှ ကြည့်ဖို့လိုတယ်။ အားနည်းနေတဲ့လူကို ပိုပြီးတော့ အားပေးရမှာ အစိုးရဆိုတာ မိဘနေရာမှာ ရှိတယ်။ တနည်းအားဖြင့်ဆိုရင်တော့ လုပ်ဖော်ကိုင်ဘက်ပေါ့။ သားသမီးနဲ့ မိဘ ဆက်ဆံတာတော့ မဟုတ်ဘူး။ တန်းတူ ရည်တူ ဆက်ဆံပြီးတော့မှ ဆွေးနွေးဖော်၊ ဆွေးနွေးဘက်အနေနဲ့ သွားနေကြတာ။ ကျမတို့ကို ဆွေးနွေးဖော် ဆွေးနွေးဘက်အဖြစ် အားနည်းနေတယ်ဆိုရင် ပိုပြီးတော့ ကူညီ ထူပေးရမယ်လို့ မြင်တယ်။ အခုက နောက်မှ လုပ်ပါဆိုရင် အရမ်း ခံစားချက် မကောင်းဖြစ်တယ်။
မေး ။ ။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပြုလုပ်ပြီးမှ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ကိုသွားရမှာ မဟုတ်ဘူးလား။
ဖြေ ။ ။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ လူမျိုး တမျိုးအတွက် အင်မတန်မှ အရေးကြီးတဲ့ ဆွေးနွေးပွဲပါ။ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲပြီး မှUPC (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) ကို တင်ပြရမှာ ဖြစ်တယ်။ အဲဒါက NCA ရဲ့ မူလည်း ဖြစ်တယ်။ NCA လမ်းပြမြေပုံ မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြီးမှ UPC ကို ကျင်းပမယ် လို့ ရေးထားပြီး TOR မှာရော၊ မူဘောင်မှာလည်း ရေးထားတယ်။
အခုဟာက နွားရှေ့ထွန်ကျူး ဆိုသလိုဖြစ်တယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ မပြီးဘဲ UPC ကို သွားနေတာ ၂ ခါရှိပြီ။ ဦးသိန်းစိန် လက်ထက်မှာ တခါ။ နောက်တခုကလည်း ၂၁ ရာစု ပင်လုံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုတဲ့ပွဲလို့ ပြောရင်လည်း ပြောလို့ရတာပေါ့။ ၂ ခါရှိသွားပြီ။ ဘာ အကျိုး ရလာဒ်မှ မရဘူး။ လူစုတယ်။ ပြောသင့်တာတွေကို ထိထိရောက်ရောက် လိုအပ်ချက်တွေအလိုက် သွားနိုင်တာ သိပ်မရှိဘူး။ ထိရောက်မှု အရမ်း အားနည်းတယ်။
ကျမတို့သွားရမှာက အမျိုးသားအဆင့်မှာ ဆွေးနွေးမှုတွေကို ကြိုတင်လုပ်ရမယ်။ အမျိုးသားအဆင့်က ဆန္ဒနဲ့ အညီ UPC မှာ တင်ပြရမှာ။ အဲဒါက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို UPC ကိုသွားတယ်ဆိုတော့ ကွက်ကျော်တယ်လို့ ပြောချင်တယ်။
မေး ။ ။ အပစ်ရပ်အဖွဲ့တွေ အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို တချို့နေရာမှာ ကျင်းပခွင့်ရနေတယ်။ တချို့နေရာတွေမှာ ကျင်းပခွင့် မရဘူးဆိုတော့ အဖွဲ့တွေကြားမှာ ခွဲခြား ဆက်ဆံနေသလို ဖြစ်မနေဘူးလား။
ဖြေ ။ ။ ကျမတို့က အဲဒီလို ခံစားနေရတယ်။ ပါတီကလည်း အဲဒီလို ခံစားတယ်။ ကျမတို့လူမျိုးတွေလည်း အဲဒီလိုပဲ ခံစားမှာ။ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ နေပြည်တော် တို့မှာ ကျင်းပဖို့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက် အစည်းအဝေးမှာ အစိုးရနဲ့ တပ်မတော်ဘက်က တင်လာတယ်။ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ အခြေစိုက်ရာ ဒေသဟူသမျှမှာ ကျင်းပဖို့ ပြန်ပြီးတော့ ကျမတို့က အဆိုတင်တယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက် ၅ မှာ အဆင်သင့်ဖြစ်တဲ့ နေရာဒေသတိုင်းမှာ ကျင်းပခွင့်ရတယ်လို့ ဖြစ်သွားတယ်။
အဆင်သင့်ရပြီး ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပမယ်ဆိုရင် ကြီးကြပ်ရေး ကော်မတီဖွဲ့ဖို့ လိုတယ်။ ကြီးကြပ်ရေး ကော်မတီ ဖွဲ့လိုက်ပြီဆိုတာနဲ့ ဘာအစည်းအဝေးမှ မရှိတော့ဘူး။ အားလုံး လုပ်လို့ရတယ်။ အခုက ကြီးကြပ်ရေး ကော်မတီဖွဲ့ဖို့ ကျမတို့ပါတီက အဆင်သင့်ဖြစ်ပြီ။ ALP ကိုလည်း လှမ်းပြောတယ်။ အဆင်သင့်ဖြစ်လားပေါ့။ ကြီးကြပ်ရေးကော်မတီမှာ ထည့်မယ်ဆိုတာ မူအရမို့ မူကိုနားလည်တယ်လို့ ဒေါက်တာအေးမောင်က ပြောပြတယ်။ သူတို့မှာလည်း လူတွေ ရွေးချယ်ထားပြီးသား ရှိတယ်ဆိုတာမျိုး ပြောဆိုထားဖူးတာ ရှိတယ်။ ဒါဆိုရင် တခြားပါတီတွေကလည်း အဆင်သင့်ဖြစ်ဖို့ဆိုတာ ယုံကြည်တယ်။ CSOs တွေကလည်း အားလုံး စိတ်ပါဝင်စားစွာ စောင့်ကြည့် နေကြပြီ။ အဲဒီလို အနေအထားမျိုးမှာ ကျမတို့ဘက်မှာ ကြီးကြပ်ရေးကော်မတီ မဖွဲ့ရသေးဘူးဆိုတာ အစိုးရ ဘက်က နှောင့်နှေးချက်ပဲဖြစ်တယ်။ ကျမတို့ဘက်က နှောင့်နှေးချက် မဟုတ်ဘူး။
မေး ။ ။ ၂၁ ပင်လုံ ဒုတိယ အကြိမ်က ၂၈ ရက်နေ့မှာ ကျင်းပမယ်ဆိုတော့ ALP၊ CNF အနေနဲ့ ၂၁ ပင်လုံ မတိုင်ခင် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ဖြစ်လိုက်ဘူးဆိုရင် ဘယ်လိုမျိုး နစ်နာဆုံးရှုံးမှုတွေ ဖြစ်နိုင်လဲ။
ဖြေ ။ ။ ၂၁ ရာစု ပင်လုံမှာ တင်မယ့် အချက်တွေဟာ ပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားပြုနိုင်တယ်လို့ ပြောလို့ မရဘူး။ ပြည်သူတွေရဲ့ ဆန္ဒကို စဉ်းစား တွေးခေါ်ပြီး ဒီလိုဟာမျိုး ရှိနိုင်တယ်လို့ ပြောလို့ရတာ ဖြစ်သွားနိုင်တယ်။ ပြီးရင် ကျမတို့ ပါတီရဲ့ တင်ပြချက်ပဲ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ အင်မတန် အရေးကြီးတယ်။ အမျိုးသားတရပ်လုံးရဲ့ အသံ၊ ခံစားချက်၊ အမြင် သဘောထားတွေကို ကောက်ယူဖို့၊ စုစည်းဖို့ရာအတွက်ပဲ ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဖို့ ဖြစ်တယ်။ အမျိုးသားတရပ်လုံးရဲ့ ဆန္ဒကို ကျမတို့လိုချင်တဲ့သဘောဖြစ်တယ်။
မေး ။ ။ ဒီလိုအခြေအနေမျိုးမှာ ဆရာမတို့ အနေနဲ့ ဘယ်လိုဆက်သွားကြပြီး ဘာလုပ်မယ်လို့ ဆုံးဖြတ်ထားလဲ။
ဖြေ ။ ။ ကျမတို့ကတော့ ၂၁ ပင်လုံမတိုင်ခင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ခွင့်ရဖို့ အခုအထိ ဆက်လက် ကြိုးစားနေဆဲဖြစ်တယ်။ အနေအထားတွေကိုတော့ ပါတီကို တင်ပြထားတယ်။
မေး ။ ။ UPDJC မှာ အပစ်ရပ်အဖွဲ့တွေလည်းပါတော့ ALP၊ CNF တို့ ၂၁ ပင်လုံ မတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ခွင့် မရရှိတဲ့အပေါ်မှာ ဘာမှ ပြောဆိုဆွေးနွေးတာ မရှိဘူးလား။
ဖြေ ။ ။ တချို့အဖွဲ့အစည်းတွေက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နေပြီ။ တချို့ အဖွဲ့ အစည်းတွေကလည်း လုပ်ခွင့်ရထားတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတာက ဒီညီလာခံ မတိုင်ခင်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခွင့်မရဘူး၊ လုပ်ဖို့ အချိန်မရလိုက်ဘူး ဆိုရင်လည်း နောက်ညီလာခံတွေ မတိုင်ခင်မှာ လုပ်လို့ရတာပဲဆိုတဲ့ အနေအထားမျိုးကို UPDJC မှာ ပါနေကြတဲ့ တချို့သော လက်မှတ်ထိုးထားကြတဲ့ EAOs အဖွဲ့ အစည်းတွေက လက်ခံတဲ့ အနေအထားတွေရှိပါတယ်။
အဲဒါကြောင့် ALP နဲ့ CNF တို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို မလုပ်လိုက်ရဘူးဆိုရင် နောက်လုပ်ရင်လည်း ရကောင်း ရနိုင်တယ်ဆိုတဲ့ အမြင်မျိုးကနေ နိုင်ငံတော်အတိုင်ပင်ခံ ပြောတဲ့ အတိုင်းကို သူတို့တွေက ဆုံးဖြတ်ချက် မဟုတ်သေး ပေမယ့် တချို့နိုင်ငံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေက ဒေါ်အောင်ဆန်းစုကြည် ပြောတာကို တခါတည်းပဲ ထောက်ခံ လိုက်ကြတဲ့ အပေါ်မှာတော့ ဒီ EAOs က ဘာမှ မပြောလိုက်မိဘူးဆိုတဲ့ အမြင်မျိုးကိုပဲ ကျမသုံးသပ်တယ်။
မေး ။ ။ အခုလို ဆုံးဖြတ်ခံလိုက်တဲ့ အပေါ်မှာ ALP နဲ့ CNF အနေနဲ့ကရော ဘာမှ မဆွေးနွေးခဲ့ဘူးလား။
ဖြေ ။ ။ ဆွေးနွေးပါတယ်။ JICM (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး) ခေါ်ပေးပါ ဆိုပြီးတော့ တောင်းဆိုတဲ့အထိ ဆွေးနွေးတာရှိပါတယ်။ ကျမတို့ဘက်က အစွမ်းကုန်ကို နောက်ဆုတ်ဖို့အတွက် ဆွေးနွေးတယ်။
မေး ။ ။ လက်ရှိ အပစ်မရပ်သေးတဲ့ အဖွဲ့တွေကို လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါလာဖို့ ဝိုင်းဝန်းကြိုးပမ်းနေကြတဲ့ အချိန်လည်းဖြစ်တယ်။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်နေတာဟာ NCA မထိုးရသေးတဲ့ အဖွဲ့တွေ အပေါ်မှာရော ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်နိုင်လဲ။
ဖြေ ။ ။ အခုလို အနေအထားမျိုး ဖြစ်သွားတဲ့အပေါ်မှာ NCA မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ကလည်း NCA ထိုးထား တာတောင်မှ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ကို သွားဖို့ရန်အတွက် ဒီလိုအခြေအနေမျိုးတွေ ရှိနေတယ်ဆိုရင် NCA မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း စဉ်းစားစရာတွေ၊ စိုးရိမ်မှုတွေ ဆက်ဖြစ်သွားနိုင်တယ် ဆိုတဲ့ အမြင်မျိုးလည်း ဖြစ်သွားနိုင်တယ်။
လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ တစုံတခု အားနည်း နေတယ် ဆိုရင် အားသာချက် ဘယ်လိုဖြစ်နိုင်မလဲ။ ဘယ်လို လုပ်ပေးနိုင်မလဲ ဆိုတဲ့ အနေအထားမျိုးကိုသာ အစိုးရဘက်က စဉ်းစားပြီးတော့မှဘဲ အစိုးရဘက်က ကမ ကထ လုပ်ပေးသင့်တယ်လို့ ကျမမြင်တယ်။ အခု ရခိုင်မှာ မကျင်းပနိုင်ဘူး ဆိုရင် ဘာကြောင့် ရခိုင်မှာ အားနည်းနေရတာလဲ။ ရခိုင်မှာ ကျင်းပဖို့ကို ဘယ်လို အားပေး ကူညီရမလဲ ဆိုတဲ့ အနေအထားမျိုးက အစိုးရမှာ ဖြစ်သင့်တယ်။ မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုသလိုမျိုး ခွဲခွဲခြားခြား မလုပ်သင့်ဘူး။
မေး ။ ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရဘဲ ၂၁ ပင်လုံတက်ရင် ဘာမှ အဓိပ္ပာယ်မရှိဘူးလို့ ပြောနေတော့ အခု ကျင်းပခွင့်မရရင် လာမယ့် ၂၈ ရက်နေ့မှာ ပြုလုပ်ဖို့ ရာထားတဲ့ ၂၁ ပင်လုံကို ALP အနေနဲ့ တက်မှာလား။ မတက်ဘူးလား။ ဘယ်လိုဆုံးဖြတ်ထားလဲ။
ဖြေ ။ ။ ALP အနေနဲ့ကတော့ အခြေအနေကို စောင့်ကြည့်နေသေးတယ်။ ဗဟိုကော်မတီကို အစီရင်ခံထားတယ်။ ဗဟိုရဲ့ ဆုံးဖြတ်ချက်ကို ကျမတို့အနေနဲ့ ရယူသွားမှာဖြစ်ပါတယ်။