တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA )ကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေး ဆွေးနွေး နေမှုကလည်း ယုံကြည်မှုတွေ လျော့ပါးလာသလို ယခုလအတွင်း ကျင်းပမည့် ဒုတိယအကြိမ် ၂၁ ပင်လုံအစည်း အဝေးကို KIO ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က တက်မယ်၊ မတက်ဘူးဆိုတာက ယတိပြတ် ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။ ဒီအခြေအနေတွေနဲ့ ပတ်သက် ပြီး ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်နဲ့ တွေ့ဆုံပြီး စစ်ရေး ၊ နိုင်ငံရေး အခြေအနေတွေနဲ့ အစိုးရအပေါ် အမြင်သဘောထား တွေကို မေးမြန်းထားပါတယ်။
မေး။ ။ တပ်မတော်နဲ့ KIA တို့အကြား လက်ရှိ စစ်ရေးအခြေအနေ ဘယ်လိုရှိပါလဲ။
ဖြေ ။ ။ အရင်လထက် နည်းနည်းတော့ လျော့ပေမယ့် နေ့တိုင်းလိုလိုတော့ တိုက်ပွဲတွေ ရှိတယ်။ တချို့နေရာမှာ ရည်မှန်းချက်ကို သူတို့ရောက်သွားတယ်။ တချို့နေရာမှာ ပြင်ဆင်နေတယ်။ တပ်မဟာ (၁) ပူတာအိုဘက်မှာ သူတို့ ဘက်က ရိက္ခာတွေပို့၊ စစ်ကြောင်းတွေ အပြောင်းအလဲလုပ်နေတယ်။ အဓိက ၄နေရာမှာ ကျနော်တို့ ဖယ်ပေးလိုက် တယ်၊ ရှိသမျှအင်အား အားလုံးသုံးတိုက်တယ်ဗျာ။ တိုက်သင်္ဘောတွေ မပါတာဘဲ ရှိတာပေါ့။ သာလွန်အင်အား Total War ပုံစံမျိုးနဲ့ တိုက်နေတယ်လို့ မြင်ပါတယ်။ အင်အားရော နည်းပညာရော အကုန်လုံးပါပဲ။
ထိခိုက်ဒဏ်ရာရတဲ့ အရေအတွက်တို့ ကျဆုံးတဲ့ အရေအတွက်တို့က သေချာတော့ မသိဘူး။ ဒါပေမယ့် ဆယ်ဂဏန်း တော့ ရှိပါတယ်။
မေး ။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတာရော ဘယ်လိုဖြစ်သွားပြီလဲ။
ဖြေ ။ ။ ဆွေးနွေးရေးကိုတော့ အနှောင့်အယှက် အဟန့်အတား ဖြစ်စေတာပေါ့၊ ဆွေးနွေးရေးက ယုံကြည်မှုကို အဓိက အခြေခံပြီး လုပ်ရတာပါ။ တိုက်ပွဲတွေ များလာရင် တဖက်နဲ့တဖက် ယုံကြည်မှုဆိုတာ ပျောက်သွားတတ်ပါ တယ်။ KIO ကတော့ နိုင်ငံရေးဆွေးနွေးမှုပုံစံတွေ အားလုံးကို UNFC ရဲ့ ဦးဆောင်မှုနဲ့သွားမှာပါ၊ စစ်ရေးအရ သော် လည်းကောင်း အခြားလိုအပ်တဲ့ ခေါင်းစဉ်များအရသော်လည်းကောင်း တွေ့ဖို့ လိုအပ်လို့ရှိရင် KIO က တွေ့မှာ ဖြစ်ပါ တယ်။ နောက်ဆုံးတွေ့တာက ချင်းမိုင်မှာပါ။
တိုက်ပွဲတွေက မမျှော်လင့်ဘဲနဲ့ ဖြစ်တဲ့ တိုက်ပွဲမျိုး မဟုတ်ဘူး။ စီမံကိန်းချပြီးမှ တိုက်တဲ့ စစ်ဆင်ရေး၊ မမျှော်လင့်ဘဲ ဖြစ်တဲ့ တိုက်ပွဲတွေဆိုရင်အမြန်ဖြေရှင်းဖို့ လိုတယ်။ ဒါပေမယ့် တမင်တကာ စစ်ဆင်ရေး လုပ်နေတယ်။
နောက် ဒုတိယကတော့ ပင်လုံပေါ့။ မကြာခင်မှာ ညီလာခံကျင်းပမယ်လို့ ပြောသော်လည်းပဲ UNFC အနေနဲ့က လေ့ လာသူအနေနဲ့ မဟုတ်ဘဲနဲ့ တန်းတူ ရည်တူ ဆွေးနွေးနိုင်တဲ့ စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုရင် တက်မယ် ဆိုတဲ့ သဘော လွန်ခဲ့တဲ့ ချင်းမိုင် အစည်းအဝေးမှာလည်း အမြင်သဘောထားတွေကို ပြည့်ပြည့်စုံစုံ တင်ပြပြီး ဖြစ်တယ်။
၂၁ ရာစုပင်လုံ ပထမအကြိမ်ကတော့ ညီလာခံလို့ နာမည်တပ်ထားပေမယ့် ဂုဏ်အင်္ဂါနဲ့ မညီဘူးလို့ မှတ်ယူတယ်။ ညီလာခံရဲ့ ဂုဏ်အင်္ဂါနဲ့ ညီညွတ်အောင် ကျင်းပရမယ်။ နိုင်ငံကို ပြည်ထောင်စုကြီးကို အတူတကွ ဘယ်လိုတည် ဆောက်ကြမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးရမှာ ဖြစ်တယ်။
ဒီလို ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ KIO အနေနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံရဲ့အနှစ်သာရတွေ ကတိတွေကို ထည့် သွင်းဆွေးနွေးရမယ်။ တကယ်လို့ ပင်လုံစာချုပ်ကိုလည်း အဓိကထားပြီး မဆွေးနွေးဘူး။ အသိအမှတ်မပြုဘူးဆိုရင် ဒီညီလာခံရဲ့နာမည်မှာ ပင်လုံဆိုတာကို ဖြုတ်လိုက်ဖို့ သင့်တယ်လို့ အကြံပြုထားတာလည်း ရှိပါတယ်။
အဲဒါတွေကို မဆွေးနွေးဘူး၊ အသိအမှတ်မပြုဘူးဆိုရင်တော့ ဘာနဲ့တူသလဲဆိုတော့ ကျနော်တို့ ငယ်ငယ်တုန်း က ကျောင်းမှာ သင်ခဲ့ကြသလိုပေါ့။ ညစာစားပွဲမှာ နှုတ်သီးရှည် ငှက်ကို ပန်းကန်ပြားမှာ ဟင်းရည်ထည့်ပေးတဲ့ ညီလာခံ မျိုးဆိုရင်တော့ ခက်ပါတယ်။
မေး ။ ။ အခု NLD အစိုးရ ဦးတည်နေတဲ့ လမ်းကြောင်းကိုဘယ်လိုမြင်ရလဲ ။ ဘာတွေများ သုံးသပ်မိတာ ရှိပါသလဲ။
ဖြေ ။ ။ NLD အနေနဲ့သွားချင်တဲ့ ဆန္ဒကတော့ မပြောင်းလဲဘူးလို့ နားလည်ပါတယ်။ ဒါပေမယ့် သူတို့ မလုပ်နိုင်တဲ့ အပိုင်းကတော့ ဝေဖန်ရခက်ပါတယ်။ ဘယ်အချိန်မှာ လုပ်မလဲ။ ဒါမှမဟုတ် မလုပ်နိုင်တော့ဘူးလား ဆိုတာကို စောင့်ကြည့်ရမှာပါ။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားတွေရဲ့ခံယူချက် ဆွေးနွေးလိုချက်တွေ အပေါ် မှာ နားလည် တယ်လို့ မြင်ပါသလား။
ဖြေ ။ ။ လူမျိုးတမျိုး ၊ တိုင်းရင်းသားတမျိုးကို အခြားတမျိုးက အပြည့်အဝ နားလည်ဖို့ ခက်ပါ တယ်။ ဒါပေမယ့် စာနာစိတ်နဲ့ နားလည်နိုင်မှု ရှိမယ်။ အရေးကြီးတာကတော့ နားလည် စာနာတာ ထက် ဆွေးနွေးကြတဲ့အခါ နိုင်ငံရေးဆွေးနွေးပွဲက တန်းတူရည်တူ ဆွေးနွေးနိုင်ဖို့ လိုပါတယ်။
တန်းတူရည်တူဆိုတာက အသိအမှတ်ပြုမှုပါ ။ လူမျိုးတမျိုး တိုင်းရင်းသား တမျိုးနဲ့တမျိုး အပြန် အလှန် လေးစားရမယ်။ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ခွင့်ရှိရမယ်။ ဒီလိုလုပ်လိုက်လို့ ဒီနိုင်ငံဟာ အစိတ်အစိတ်အမွှာမွှာ ပြိုကွဲ သွားမယ်။ တခြမ်းစီ ဖြစ်နေမယ်လို့ မဟုတ်ပါဘူး။
တန်းတူရည်တူ အလေးထားပြီးတော့နေတဲ့ ပြည်ထောင်စုတွေ အများကြီး ရှိပါတယ်။
ခေါင်းဆောင် တချို့က ကမ္ဘာမှာ မရှိတဲ့ ပုံစံတွေကို တောင်းဆိုတယ်လို့ ပြောတယ်။ ဒါဆိုရင် ကမ္ဘာမှာ ရှိတဲ့ ပုံစံတွေ သူများကျင့်သုံးနေတဲ့ ပုံစံတွေကျတော့ အစိုးရက ဘာဖြစ်လို့ မလိုက်လျောနိုင်တာလဲ ဆိုတာကို စဉ်းစားဖို့လိုပါတယ်။
မေး ။ ။ ဒီပုံစံအတိုင်း ဆက်သွားနေမယ်ဆိုရင် ငြိမ်းချမ်းရေးက ပိုဝေးလာနိုင်သလား။ အစိုးရကို ဘာတွေများ အကြံပြုချင်ပါသလဲ။
ဖြေ ။ ။ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ ပုံစံအရေးကြီးပါတယ်။ မတူညီတဲ့ သဘောထားတွေကို နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ အားလုံးပါဝင်ပြီးမှ ဆွေးနွေးနိုင်ဖို့ ဖြစ်တယ်။ အခုကတော့ အားလုံး မပါဝင်နိုင်ဘဲနဲ့ တချို့လူတွေ ပါဝင်တယ်။ တချို့လူတွေ မပါဝင်ဘူးဆိုတဲ့ ပုံစံမျိုးပါ။
မေး ။ ။ KIO အနေနဲ့ စစ်ရေးအခြေအနေ တင်းမာမှုတွေကြောင့် စစ်ရေးကို ရွေးမလား။ နိုင်ငံရေးကို ရွေးမလား ဆိုပြီး ဗိုလ်ချုပ်ပြောထားဖူးတယ်နော်။ အခု ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ပါတီညီလာခံ ခေါ်ဖို့ အစီအစဉ်ရှိပါတယ်။ အချိန်ကို နည်းနည်းစောင့် နေတာပါ။ ဘာလို့လည်း ဆိုတော့ ချင်းမိုင်မှာတုန်းက အစိုးရခေါင်းဆောင်တွေ ပြောပါတယ်။ တိုက်ပွဲတွေ ဘယ်လောက်ပဲ တိုက်တိုက် တချိန် ချိန်မှာ ပြန်ဆွေးနွေးရမယ်တဲ့ ။ ဒါပေမယ့် ဒီလောက် တိုက်ပွဲတွေ ပြင်းထန်ပြီး တစုံတရာ ပျက်ပြယ်သွား လို့ ပြန်ဆွေးနွေးရင် အစကနေ ပြန်ဆွေးနွေးရမှာ ဖြစ်ပါတယ်။
KIO က အစကနေ ပြန်ဆွေးနွေးရမယ့် ပုံစံမျိုးကို မဖြစ်စေချင်ဘူး။ ကျနော်တို့ သူတို့ကို ပွင့်ပွင့်လင်း လင်း ပြောပါတယ်။ အစိုးရ၊ တပ်မတော်က တိုက်ချင်တဲ့ ဆန္ဒရှိနေရင်လည်း မတတ်နိုင်ဘူး။ သူတို့ တိုက်လို့ ဝရင် ပြန်ဆွေးနွေးဖို့ပဲ ရှိတယ်။ ဒါပေမယ့် အဲအချိန်မှာတော့ အစကနေ ပြန်စရမှာ ဖြစ်ပါ တယ်။
မေး ။ ။ ရှမ်းမြောက်တိုက်ပွဲတွေက တရုတ်ရဲ့ အနာဂတ်ပိုးလမ်းမလမ်းကြောင်း မျှော်မှန်းချက်တွေ ကို ထိခိုက် တယ် လို့ သုံးသပ်ချက်တွေ ရှိတယ်။ တရုတ်သံတမန် မစ္စတာဆွန်ကော့ရှန်နဲ့ ဗိုလ်ချုပ်တို့ အဖွဲ့ တွေနဲ့ တွေ့တုန်းက ဘာတွေ များ ပြောတာရှိသလဲ။
ဖြေ ။ ။ တရုတ်နိုင်ငံအစိုးရက အမြဲတမ်း ပြောနေတာ ၂ ချက်ပါ။ ပထမအချက်ကတော့ ဆွေးနွေးတဲ့ နည်းလမ်းကို အသုံးပြုဖို့ ၊ ဒုတိယတချက်ကတော့ နယ်စပ်တလျှောက်မှာ တိုက်ပွဲတွေကို မလိုလားဘူး။ ဒါကြောင့် တရုတ်အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တတ်နိုင်သလောက် ကူညီပေးမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
မေး ။ ။ အခုလို နိုင်ငံရေး၊ စစ်ရေးအခြေအနေရော ဝိုးတဝါးဖြစ်နေတဲ့ ကာလမှာ ဧရာဝတီသတင်း ဌာနကနေတဆင့် တပ်မတော်နဲ့ အစိုးရပိုင်းခေါင်းဆောင်တွေကို ဘာများအမှာစကား ပါးချင်ပါသလဲ။
ဖြေ ။ ။ နိုင်ငံရေးဆွေးနွေးပွဲတွေကို မှန်မှန်ကန်ကန်နဲ့ တန်းတူလုပ်ဖို့ တောင်းဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ NCA ကို ကျနော်တို့ အားလုံး လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ ပူးတွဲ ဦးဆောင်ကော်မတီဖွဲ့စည်းဖို့ ဝိုင်းဝန်းတောင်းဆိုခဲ့ကြ ပေမယ့် မရခဲ့ပါဘူး။ နောက်ပိုင်း NCA မှာ အားလုံးပါဝင် လက်မှတ်ထိုးဖို့ တောင်းဆိုခဲ့တယ်။ ဒါလည်း မရခဲ့ပါဘူး။
တချို့အဖွဲ့ကို လက်မှတ်ထိုးဖို့ လိုအပ်တယ်လို့ ပြောပြီး တချို့ကို မလိုအပ်ဘူးလို့ ပြောတယ်။ တချို့အဖွဲ့ကို NCA မထိုးလို့ တိုက်နေတယ်လို့ ပြောနေတယ်။ တကယ်တော့ အစိုးရနဲ့ တပ်မတော်ပိုင်းက မီဒီယာတွေ အားလုံးက NCA မထိုးလို့ တိုက်တယ်လို့ လူထုကို အသိပေးနေတာပေါ့။ ဒါဟာ လမ်းကြောင်းမှားတယ်လို့ ကျနော် ပြောချင်ပါတယ်။
မေး ။ ။ စစ်ရှောင်နေရတဲ့ ဒုက္ခသည်တွေရော ကချင်ပြည်နယ်ရဲ့အေးချမ်းရေး အနာဂတ်ကို စောင့်နေကြတဲ့ ပြည်သူ တွေကိုရော ဘာများ အမှာစကားပါးချင်ပါသလဲ။
ကျနော်တို့ KIO အနေနဲ့ကတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး နည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် ကျနော်တို့က အမြဲအဆင်သင့်ပါပဲ။ နိုင်ငံရေးနည်းနဲ့ မှန်ကန်တဲ့နည်းနဲ့ မဖြေရှင်းနိုင်ဘူး ဆိုရင် ဒါဟာ ယာယီဖြေရှင်းနည်းသာ ဖြစ်လို့ ဒီလမ်းကြောင်းကို ကျနော်တို့ ရွေးမှာ မဟုတ်ပါဘူး။ ဒီလိုအနေအထားမျိုး မှာ အားလုံးနားလည်ပေးဖို့နဲ့ ကချင်လူထုတရပ်လုံးကလည်း တောင့်ခံနိုင်ဖို့ အားလုံးကို မှာကြားချင်ပါတယ်။
လက်ရှိမှာတော့ စားရေးသောက်ရေးနဲ့ နေထိုင်ရေး ဆေးဝါး အကူအညီတွေ ပိုလိုအပ်လာတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် ကျနော်တို့ ဒီကနေ အစီအစဉ်တွေ လုပ်ပေးနေပါတယ်။