"ရှေးဟောင်းဆိုတဲ့ အမြင်ဘက်က ကြည့်ပြီး လုပ်ရပါမယ်"

ဧရာဝတီ
ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေး (YHT)မှ အကြီးတန်း စီမံကိန်း အရာရှိ ဦးကြံတိုင်းအောင် / မေစိုးစံ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တွင်း ရှေးဟောင်း အဆောက်အအုံပေါင်း များစွာရှိရာ ယခုအခါ ယင်းရှေးဟောင်း အဆောက်အအုံ များကို မူလ အဆောက်အအုံ ပုံစံမှ ပြောင်းလဲ၍ စီးပွားရေးလုပ်ငန်း အသုံးချမှုများ ရှိလာသည်။

ထို့ကြောင့် ရှေးဟောင်း အဆောက်အအုံများကို စီးပွားရေး လုပ်ငန်းသုံးပုံစံ ပြောင်းလဲလုပ်ကိုင်မှု၊ ထိန်းသိမ်းမှု များနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေး (YHT)မှ အကြီးတန်း စီမံကိန်း အရာရှိ ဦးကြံတိုင်းအောင်နှင့် ဧရာဝတီ သတင်းထောက် မေစိုးစံက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။  ။ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံအဖြစ် သတ်မှတ် ဆုံးဖြတ်ထားရှိတဲ့ ပုံစံကို သိချင်ပါတယ်။

ဖြေ။  ။ သက္ကရာဇ် တခုတည်းကို အခြေခံခြင်း မဟုတ်ဘူး။ တချို့က နှစ်တရာ ရှိမှပေါ့၊ ကျနော် တို့က အဲဒီလို မဟုတ် ဘူး။ ဒုတိယ ကမ္ဘာစစ် မတိုင်မီ ၁၉၄၅ ခုနှစ် မတိုင်မီ အဆောက်အအုံမျိုးတွေ စပြီး စာရင်းမှာ ပါပြီ။ အဲဒီ နောက်ပိုင်း အဆောက်အအုံတွေ မပါဘူး။

နောက်တခုက အဆောက်အအုံတန်ဖိုး သမိုင်းတန်ဖိုး မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ဒီအဆောက်အအုံတွေက ဘယ်လို ဆက်စပ်ခဲ့သလဲ။ ဗိသုကာဆိုင်ရာတန်ဖိုး အဆောက်အအုံမှာ ဆက်စပ်တဲ့ လူမှုရေး ပတ်သက်မှု ၊ စီးပွားရေးနဲ့ ပတ်သက်မှု စတဲ့ အချက်တွေက ဘယ်လိုရှိနေတယ် ဆိုတဲ့အပေါ်မှာ အခြေခံပြီးတော့ စာရင်းကောက်ယူတာ ဖြစ် တယ်။ အဆာက်အအုံ တိုင်းသည်လည်း သမိုင်းတန်ဖိုး ရှိချင်မှရှိမယ်။ သို့သော် တချက်မဟုတ် တချက်ကတော့ တိုက် ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ပါဝင်ပတ်သက်မှုက ရှိနေပါတယ်။ ကျနော်တို့က သက်တမ်း တခု တည်းနဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး။

မေး။  ။ YHT က ကောက်ယူထားတဲ့ စာရင်းအရ ရန်ကုန်မြို့မှာ ရှေးဟောင်း အဆောက်အအုံပေါင်း ဘယ်လောက် ရှိလဲ။

ဖြေ။  ။ အဆောက်အအုံ စာရင်းတွေ လိုက်ပြုစုထားတာ ရှိပါတယ်။ အခု လောလောဆယ် မြို့ထဲ ၆ မြို့နယ် ကောက်ပြီး သွားပါပြီ။ စာရင်းအရဆိုရင် မြို့တွင်း ၆ မြို့နယ်မှာ ၃၀၀၀ နီးပါးလောက် ရှိတယ်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) ဆိုက်မှာလည်း ရှေးဟောင်း အဆောက်အအုံ စာရင်းတွေ တင်ပေးထားတာ ရှိတယ်။ ၁၈၉ လုံး ပဲရှိ တယ်။ သူတို့က အကြီးတွေကိုပဲ ကောက်ယူထားတာ ဖြစ်တယ်။ ဝန်ကြီးများရုံး၊ ဆေးရုံကြီးတို့ သာသနိက အဆောက် အအုံ၊ စေတီ၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတို့ စတဲ့ အကြီးစားတွေပါ။
ရန်ကုန် ရှေးဟောင်း အမွေအနှစ်က ကောက်ယူထားတဲ့ စာရင်းကတော့ အဆောက်အအုံ အကြီးအသေး အကုန်ပါ တယ်။ YCDC စာရင်းက ပုဂ္ဂလိကပိုင် မပါဘူး။ ကျနော်တို့ စာရင်းမှာတော့ ပုဂ္ဂလိကပိုင်လည်း ပါတယ်။ လူနေအိမ်တွေ လည်း ပါတယ်။ ကျနော်တို့က အစိုးရပိုင်ရော ပုဂ္ဂလိကပိုင်ရော ၃၀၀၀ လောက် ရှိတယ်။

မေး။  ။ ယနေ့ချိန်ကာလမှာ ရှေးဟောင်း အဆောက်အအုံ တွေကို စီးပွားရေး လုပ်ငန်းသုံးအဖြစ် အသုံးချမှုတွေ ရှိလာတဲ့ အပေါ် ဘယ်လို ထင်မြင်ယူဆပါသလဲ။

ဖြေ။  ။ အဆောက်အအုံတွေကို ပြန်လည် အသုံးပြုတဲ့အခါမှာ နဂို အသုံးချခဲ့တဲ့ ပုံစံအတိုင်း ပြန်အသုံးချနိုင်ရင်တော့ ဒါက အကောင်းဆုံးပဲ။ ဘာမှ အသစ်တွေ လုပ်စရာ မလိုဘူး။ ဥပမာ အရင်တုန်းက ဆေးရုံဆိုရင် မသုံးတာကြာလို့ အခု ပြန်ပြင်မယ်ဆိုရင် ဆေးရုံအဖြစ် အသုံးချတာ အကောင်းဆုံးပါ။ ဆေးရုံကနေ တခြား အသုံးပြုမယ့်ပုံစံ ပြောင်းလဲမယ် ဆိုရင် ကုမ္ပဏီရုံးတို့ ဟိုတယ်တို့ အဖြစ်ပြောင်းရင် ဖွဲ့စည်းပုံတွေက အကုန်လုံး မတူတော့ဘူး။ အသစ်တွေကလည်း အများကြီး ထည့်ရမယ်။ အမျိုးစုံ လုပ်မယ်ဆိုရင် အလုပ်တွေလည်း ရှုပ်တယ်။ အရင်ဟာတွေကိုလည်း အခုအသစ် ပြန် အသုံးချမယ့် နေရာတွေကိုလည်း ပြန်ပြင်ရတာ ရှိတယ်။ ဒီတော့ နဂိုအတိုင်း ပြန်အသုံးချနိုင်တာ အကောင်းဆုံးပါ။ သို့သော် လက်တွေ့မှာ အဲဒီလောက်ကြီး မလွယ်ဘူး။

နောက်တခုက ရှေးဟောင်း အဆောက်အအုံတွေကို ထိန်းသိမ်းတယ်ဆိုတာက ပြောတာလွယ်တယ်။ ဘယ်ပိုက်ဆံနဲ့ ထိန်းသိမ်းမှာလဲ။ အစိုးရမှာလည်း ဒီလောက်ကြီးတော့ ဘက်ဂျက်တွေ ဘာတွေ မရှိဘူး။ အခြားနိုင်ငံတကာ အဖွဲ့ အစည်း တွေ လှူတယ်ဆိုတာကလည်း ဒီလောက်ကြီး မလွယ်ဘူး။ ဒီတော့ ထိန်းသိမ်းတယ် ဆိုတဲ့နေရာမှာ ဒါတွေ အကုန်လုံး ရှေးမူအတိုင်း ပြန်ပြင်ပြီး ပြတိုက်တော့ အကုန်လုံးကို လုပ်လို့ မရဘူး။ ဘယ်လိုအသုံးချမလဲ။ အစိုးရမှာ လည်း ဘက်ဂျက်က မရှိဘူး။ နိုင်ငံတကာ အလှူရှင်တွေကလည်း ဒီလောက်ကြီး ပေးတာမျိုး မရှိပါဘူး။

ပြန်လည် အသုံးချတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံသူတွေက ရှိရမယ်။ မရှိရင်ဘယ်လိုမှ မရပ်တည်နိုင်ဘူး။ ရင်းနှီးမြှုပ်နှံတဲ့ နေရာမှာလည်း သူ့အကျိုးချည်းပဲလည်း မဖြစ်ရဘူး။ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ပုံစံကို လုပ်ရမယ်။ ရင်းနှီး မြှုပ်နှံသူလာပြီး အဆောက်အအုံ တလုံးကို ပြင်ပြီး ဘယ်လိ အကျိုးအမြတ် ခွဲယူကြမှာလဲ။ သုံးထပ်ရှိရင် တထပ်ကို တော့ အများပြည်သူအတွက် အသုံးချတဲ့နေရာမျိုး ဖြစ်ကို ဖြစ်ရမယ်။ ဒီအဆောက်အအုံတွေကို အများပြည်သူတွေ ဝင်ရောက် ကြည့်ရှုခွင့်အတွက် နေရာလေးပေးရမယ်။ ပြည်သူကို အကျိုးပြုတဲ့ အရာတခု ပါသင့်တယ်။

မေး။  ။ လက်တလော အနေအထားမှာ ရှေးဟောင်း အဆောက်အအုံပုံစံ ကနေ ဟိုတယ်ပုံစံ ပြောင်းလဲ ဆောင်ရွက် မယ့် အဆောက်အအုံတွေ ရှိပါတယ်။ ဘယ်လို မြင်မိပါသလဲ။

ဖြေ။  ။ ရှေးဟောင်း အဆောက်အအုံတိုင်းကို ပြတိုက်လုပ်ရမယ်လို့ မရှိပါဘူး။ ပြန်လည်အသုံးချလို့ရပါတယ်။ ဥပမာ ယခင် ကိုလိုနီခေတ် ကော်မရှင်နာ ရဲမင်းကြီးရုံး ဟောင်း နေရာကိုလည်း ကန်ပင်စကီး ဟိုတယ် (Kempinski Hotel) အဖြစ် ပြန်လည် အသုံးချလို့ ရပါတယ်။ ကျနော့်အမြင် နည်းစနစ်မှန်မှန်နဲ့ ပြန်လည်ပြုပြင် ထိန်းသိမ်းတာက အကောင်း ဆုံးပေါ့။

အရေးပါမှုမှာ အဆင့်တွေ ရှိပါတယ်။ ဒါပေမယ့် အဓိက ထင်ရှားတဲ့ နေရာမျိုးတွေကို ဆိုရင်တော့ ဒီအတိုင်း ထားတာ က အကောင်းဆုံးပေါ့။ ဒါတွေဆိုရင် အသစ်ပြန်လုပ်တာ ဘယ်လိုမှ မသင့်တော်ဘူးပေါ့။ ကျန်တဲ့ နေရာမျိုးကျတော့ လိုအပ် ချက်နဲ့အညီ အတိုင်းအတာ တခုအထိ ပြန်ပြင်တာတို့ အသစ် ပြန်အစားထိုးတာတို့ လုပ်လို့ရပါတယ်။

ဟိုတယ်အဖြစ် ပြန်လုပ်တာ မကောင်းဘူး မဟုတ်ပါဘူး။ သေချာစွာ နည်းမှန်လမ်းမှန်နဲ့ လုပ်သွားနိုင်ရင် အကောင်းဆုံး ပါ။ထိန်းသိမ်း စောင့်ရှောက်ရေး စီမံမှုအစီအစဉ် (CMP)ဆိုတာ အဖြစ်လည်း ဆွဲရသလို၊ စနစ်တကျလည်း ဆွဲလို့ရ တယ်။ အကြံပေးတို့ ကျွမ်းကျင်သူတွေက ဒီနေရာမှာ နေထိုင်ပြီး လုပ်ပေးနိုင်ရင် ကောင်းတာပေါ့။

မေး။  ။ ရိုးမလုပ်ငန်းစုက မီးရထား ရုံးချုပ်ဟောင်းကို ဟိုတယ်အဖြစ် ပြောင်းလဲမယ့်အပေါ်မှာ ရန်ကုန်မြို့ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ကို တင်ပြထားတာ ရှိပါသလား။

ဖြေ။  ။ ကျနော်တို့နဲ့ နှစ်ကြိမ် သုံးကြိမ်လောက် တွေ့ဖူးတယ်။ ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်က ဖြစ်မလား မသိ ဘူး။ သူ့ကုမ္ပဏီမှာ တွေ့ခဲ့တယ်။ သူတို့လုပ်မယ့် ပုံစံကို ပြောပြတယ်။ အဲဒီလို အဆောက်အအုံတွေကို ပြန်ပြုပြင် မွမ်းမံ တဲ့ နေရာမှာ ထိန်းသိမ်း စောင့်ရှောက်ရေး စီမံမှု အစီအစဉ် (Conservation Management Plan – CMP) လုပ်ရ တယ်။ CMP ရော ဒီဇိုင်းပုံစံနဲ့ ပတ်သက်ပြီး ချပြတာ ရှိပါတယ်။ ရုံးအနေနဲ့လည်း မီးရထားရုံးချုပ် ဟောင်းကို ပြန်လည် ပြုပြင်ပြီး ပြန်လည် အသုံးချမယ့်နေရာမှာ အကြံပြုပေးထားတာ ရှိတယ်။ အခု နောက်ပိုင်းတော့ အဲဒီလိုမျိုး ဆက်သွယ် တာ မကြားမိပါဘူး။

မေး။  ။ ရှေးဟောင်း အဆောက်အအုံတွေကို လေ့လာတဲ့သူတွေ အတွက်ရော ပြုပြင်လိုက်လို့ တန်ဖိုး လျော့ကျ သွားနိုင် မလား။

ဖြေ။  ။ အဲဒါက အရင်ပေးပြီးသွားတဲ့ အပေါ်မှာတော့ ဘာမှ သွားလုပ်လို့ မရတော့ဘူး။ ကျနော်တို့ အဖွဲ့ကလည်း ရိုးရိုး NGO အဖွဲ့ပါ။ အရင်ပေးပြီးသား အရင်အစိုးရမှာ သော်လည်းကောင်း၊ အခုအစိုးရမှာ သော်လည်းကောာင်း လုပ်ထား တာကို ပြောလို့တော့ မရဘူးပေါ့လေ။ ကျနော်တို့အဖွဲ့အနေနဲ့ ဘာကို အကောင်းဆုံး လုပ်ပေးနိုင်မလဲဆိုရင် တတ်နိုင် သရွေ့ အရင်ပုံစံကနေ ပြောင်းလဲရင် ပြောင်းလဲမှုတွေ လုပ်ရတော့မယ်။ အဲဒီလို လုပ်တဲ့အခါမှာ အရင်က ရှေးဟောင်း သမိုင်းတန်ဖိုးတွေကို မထိခိုက်အောင် မပျက်စီးအောင် ထိခိုက်တယ်ဆိုလည်း အနည်းဆုံးဖြစ်အောင် အတွက်သာ ကူညီ ပေးနိုင်ပါမယ်။

လေ့လာတယ် ဆိုတဲ့အခါမှာလည်း အနည်းအများတော့ ရှေးဟောင်း လက်ရာက ကျန်နေဦးမှာပေါ့ ဟိုးအရင်က အတိုင်း နီးနီးတော့ မရှိနိုင်တော့ဘူး။ ဘာကြောင့်ဆို ပြတိုက် လုပ်မယ်ဆိုရင်လည်း တချို့ဟာက ခေတ်အခြေအနေနဲ့ ဆီလျော် အောင် အတိုင်းအတာ တခုအနေနဲ့ ပြောင်းလဲမှုက ရှိရပါမယ်။ အရင်တုန်းက အတိုင်းဆိုပြီး အရင်တုန်းက ပစ္စည်းကို ပြန်အစားထိုးဖို့ကလည်း မလွယ်ပါဘူး။ ရှေးဟောင်းကို ထိန်းသိမ်းတယ် ဆိုတဲ့အခါမှာလည်း အကုန်လုံးကို ရှေးတုန်းက အတိုင်း ချွတ်စွပ် တူနေစရာ မလိုဘူး။

မေး။  ။ ရှေးဟောင်း အဆောက်အအုံနဲ့ ပတ်သက်လို့ အကြံပြုပေးချင်တာများ ရှိပါသလား။

ဖြေ။  ။ ဒီအဆောက်အအုံတွေကို တနည်းတဖုံ ပြန်အသုံးချတာ ကောင်းပါတယ်။ အဲဒီလိုမှ မလုပ်လည်း ဒီအဆောက် အအုံတွေ ပိုပျက်စီးကုန်မှာပါ။ ရေရှည်ခံဖို့ ဘယ်က ပိုက်ဆံနဲ့ ပြုပြင် ထိန်းသိမ်းကြမှာလဲ။ အဆောက်အအုံတိုင်း သည် လည်း ပြတိုက်ချည်းပဲ လုံး၀ မဖြစ်နိုင်ဘူး။ တကယ် ထိန်းသိမ်းရမယ့် အဆောက်အအုံကိုလည်း ထိန်းသိမ်းရမယ်။ ပြန်လည် ပြုပြင်တဲ့အခါမှာလည်း ရှေးဟောင်းဆိုတဲ့ အမြင်ဘက်က ကြည့်ပြီး လုပ်ရပါမယ်။  ။

Did you find apk for android? You can find new Free Android Games and apps.
Loading