ကျနော်တို့လည်း အများနည်းတူ သိချင်တယ်

ဆွေဝင်း
၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပသော မီဒီယာဖွံ့ဖြိုးရေး ဆွေးနွေးပွဲတခုတွင် တွေ့ရသော ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ   ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည်မှာ သီတင်းပတ် သုံးပတ်သို့ပင် ရောက်ရှိလာပြီ ဖြစ်သည်။ ယခုအမှုကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ဦးဆောင်စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ ၎င်းတို့ထံမှ ရရှိလာသော သတင်းအချက်အလက်များကို နိုင်ငံတော်သမ္မတရုံုးနှင့် ပြန်ကြားရေး ဝန်ကြီး ဌာနတို့က ထုတ်ပြန်ပေးလျက် ရှိသည်။

သို့သော် အမှုနှင့် ပတ်သက်၍ အာဏာပိုင်တို့၏ ကိုင်တွယ်အရေးယူပုံနှင့် သတင်းထုတ်ပြန်ပေးမှုတို့ကို  ပြည်သူများက အားမလို အားမရ မကျေနပ်မှုများလည်း ရှိနေသည်။ ဒုတိယတရားခံ ဦးအောင်ဝင်းဇော်ကို အခင်းဖြစ်ပွားပြီး ၁၂ နာရီ အကြာ ဇန်နဝါရီ ၃ဝ ရက် မနက်တွင် ဖမ်းမိခဲ့သည်ဟု ဆိုသော်လည်း ၎င်း၏ ညီဖြစ်သူ အောင်ဝင်းခိုင် ဆိုသူ ပါဝင် ပတ်သက်မှုကို သီတင်း ၂ ပတ်ကျော် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကျမှ သမ္မတရုံုးက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က ရေးဆွဲခဲ့သော ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရဲတပ်ဖွဲ့သည်၊ ပြည်ထဲရေး ဝန်ကြီးဌာန အောက်တွင် ရှိပြီး၊ ပြည်ထဲရေး ဝန်ကြီးဌာနကို စစ်တပ်က ထိန်းချုပ်ထားသည်။ ယခုအမှုတွင် ပြည်သူများသာမက၊ နိုင်ငံတော် သမ္မတနှင့် အစိုုးရ သတင်းထုတ်ပြန်ရေး အတွက် တာဝန်ယူထားသော ပြန်ကြားရေး ဝန်ကြီး ဌာနပါ တပ်မတော်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်းအမှောင်ချခြင်း ခံထားရသလော ဆိုသည်ကို Myanmar Now သတင်းဌာနက ပြန်ကြားရေး ဝန်ကြီး ဒေါက်တာဖေမြင့်ကို မေးမြန်းထားပါသည်။

မေး။      ။ ဦးကိုနီ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ဝန်ကြီး တယောက်အနေနဲ့ရော၊ နိုင်ငံသားတယောက် အနေနဲ့ပါ ခံစားချက် ဘယ်လိုရှိတယ် ဆိုတာကို ပြောပြပါ။

ဖြေ။      ။ ဦးကိုနီက ကျနော်နဲ့ အရင်ကတည်းက ရင်းနှီးတဲ့ ပုဂ္ဂိုလ်တယောက်ပါ။ အခုခရီးစဉ်မှာ အတူတူ သွားတယ်။ တပတ်လောက် အတွင်းမှာ နေ့တိုင်း တွေ့ဆုံ စကားပြောတယ်၊ ပြီးတော့ ပြန်လာတယ်။ ပြန်လာပြီးတော့ အခု ခရီးစဉ်က အောင်မြင်တယ် ဆိုပြီးတော့ ကျနော်တို့ တဖွဲ့လုံးက ခံယူကြတယ်၊ အဲဒီတော့ နောက်လည်း တွေ့ကြ ဆုံကြဦးမယ် ဆိုပြီးတော့ လေဆိပ်မှာ နှုတ်ဆက်ပြီးတော့ ဆင်းကြတာပေါ့ဗျာ။ အဲဒါပြီး ခဏနေတော့ ဦးကိုနီ လုပ်ကြံခံရတယ်၊ သေနတ် အပစ်ခံရတယ် ဆိုပြီးတော့ ကြားရတာပေါ့ဗျာ။ ကြားရတော့ ကျနော်တို့ သွားကြည့်တယ်။ သူ့ကို သွေးအိုင်ထဲမှာ တွေ့ရတယ်။ ခုနလေးကတင် စကားပြောလာတဲ့ မိတ်ဆွေတယောက် ဒီလိုဖြစ်သွားတယ် ဆိုတော့ တော်တော် လူပ်လူပ်ရှားရှား ခံစားရတယ်။

မေး။      ။ လေယာဉ်ပေါ်ကနေ စဆင်းလိုက်တဲ့ အချိန်ကနေပြီး ဦးကိုနီ လဲနေတဲ့နေရာထိ အဲဒီအချိန်ကာလ အကြောင်း အသေးစိတ် ပြောပြပေးပါလား ခင်ဗျ။

ဖြေ။      ။ ကျနော်တို့ဆင်းလာပြီးတော့ ဆိုက်ရောက် ဧည့်သည်တွေ နားကြတဲ့ နေရာမှာ  နှုတ်ဆက်တဲ့ သဘောမျိုးနဲ့ ကျနော်တို့ စုကြတယ်။  ခရီးစဉ် အဆင်ပြေတဲ့ အတွက် ဝမ်းသာတယ်။ နောက်လည်းပဲ ကျနော်တို့ ခရီးသွားတဲ့ အတွေ့အကြုံတွေကို ဖလှယ်မယ်။ နောက်ထပ် ပြောဆို ဆွေးနွေးစရာတွေလည်း ရှိတာပေါ့ဗျာ၊ အဲဒီတော့ အဆက် အသွယ်တွေ နောက်လည်း တယောက်နဲ့ တယောက် ထိတွေ့မှုတွေ ရှိကြမယ် ပေါ့နော်။ ပြောပြီး နှုတ်ဆက်ပြီး တော့ ဆင်းသွားတာပေါ့ဗျ။ သွားတုန်းကတော့ VIP အဆောင် ဆိုတဲ့ နေရာမှာ စုပြီးတော့ ထွက်ကြတယ်။ အပြန်ကျတော့ ပြန်ရောက်ပြီ ဖြစ်တဲ့ အတွက် ဒီလိုပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထွက်ကြတာပေါ့။

ပြည်တွင်း သွားလာနေရင်တော့ ပုံမှန်အားဖြင့် ကျနော်တို့လည်း အဲဒီနေရာမျိုးကပဲ ထွက်ကြတာပဲ။ အဲဒီနေ့မှာတော့ ကျနော်တို့က အကြောင်းအားလျော်စွာ ဟိုဘက်နားကို ရောက်နေတယ်။ အဲဒီအချိန်မှာ သေနတ်သံတွေ ကြားနေကြတယ် လို့ ပြောတယ်။ အဲဒီအခါမှာ ဘာဖြစ်သလဲ မေးနေမြန်းနေကြတယ်။ နောက် ဦးကိုနီလို့ ပြောတယ်၊ တက္ကစီသမားလို့ ပြောတယ်။ သတင်းတွေက အဲဒီအနားမှာပဲ ကြားနေတယ်။ နောက်တော့ ကျနော်တို့ အဖွဲ့နဲ့ အတူတူ သွားတဲ့ တယောက်ကပဲ ဦးကိုနီ သေနတ် မှန်ပြီး လဲနေပြီ ဆိုတော့၊ ပြည်ထဲရေးက ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးရယ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဒုဝန်ကြီး ဗိုလ်ချူပ်သန်းထွဋ်ရယ် လိုက်သွားကြတယ် ပေါ့။ အဲဒီမှာ သူ့ကို တွေ့တယ်။

မေး။      ။ ဒီလိုနိုင်ငံတော်အဆင့် ခရီးစဉ်မှာ လုပ်ကြံခံရတယ် ဆိုတာ အတွင်းသတင်းပေး ရှိတယ် ဆိုတဲ့ သံသယတွေ ရှိတယ်။ လေကြောင်းလိုင်း နံပါတ်တွေ၊ အချိန်တွေကအစ တယောက်ယောက်က ကြိုတင်ပြီး ပေါက်ကြားအောင် လုပ်တယ် လို့ သံသယတွေ ရှိတယ်။ ဆရာရော ဒီလို သံသယရှိလား။

ဖြေ။      ။ ကျနော်ကတော့ ဒီလို ခရီးအတူတူ သွားနေတဲ့ သူတွေထဲမှာတော့ ဒီလိုမျိုး ရှိလိမ့်မယ် လို့ သံသယ မရှိပါဘူး။ ဒါက လူတွေ အများကြီးနဲ့ သွားရတဲ့ ခရီးစဉ်တွေ ဖြစ်တယ်။ သိပ်လျှို့ဝှက်ပြီးသွားတဲ့ ခရီးစဉ်တော့ မဟုတ်ပါဘူး။ ပထမထွက်တဲ့နေ့ ကတည်းကပဲ အဖွဲ့လိုက် ဓာတ်ပုံရိုက်တယ်။ ကျနော်ထင်တယ်… အဲဒါက လျှိူ့ဝှက်ထားတာ မဟုတ်တော့ အများက သိတယ်လု့ိ ထင်တယ်။ သိနေတော့ လုပ်ကြံချင်တဲ့လူ အဖို့ကလည်း ခက်ခက်ခဲခဲ စုံစမ်းရမယ့် ကိစ္စတော့ မဟုတ်ဘူး။

မေး။      ။ ခရီးစဉ်အတွင်းမှာ ဦးကိုနီ နဲ့ အခြား ဒီခရီးစဉ်မှာ ပါလာတဲ့သူတွေကြား ဆက်ဆံရေးကော အဆင်ပြေလား။

ဖြေ။      ။ ကျနော်တို့ ဒီအဖွဲ့က စုစုပေါင်း ၂၁ ယောက်ပေါ့။ ဆက်ဆံရေးက နွေးထွေးတယ်လို့ ပြောရမယ်။ နဂိုတုန်းကတော့ တယောက်ကို တယောက် သိပ်ပြီး မသိကြဘူး။ လေးငါးရက်လောက် ကြာပြီးတဲ့ အခါမှာ ရင်းရင်းနှီးနှီးနဲ့ ရယ်စရာ မောစရာပြော၊ နောက်နောက်ပြောင်ပြောင်နဲ့ အဲဒီလောက်အထိကို အခြေအနေ ဆက်ဆံရေးတွေ ကောင်းတယ်ဗျ။

မေး။      ။ ဒီခရီးစဉ်မှာ ဦးကိုနီကရော မှတ်မှတ်ရရ ဘာတွေပြောဆိုတာ ရှိခဲ့သလဲ။

ဖြေ။      ။ ဦးကိုနီကတော့  ခင်ဗျားလည်း သိပါလိမ့်မယ်။ ကျန်တဲ့သူ တော်တော်များများလည်း သိပါလိမ့်မယ်။ ဦးကိုနီက နိုင်ငံရေး စိတ်ဝင်စားတယ်ဗျာ။ ဥပဒေအရေး စိတ်ဝင်စားတယ်။ နောက် လူမျိုးရေး ဘာသာရေး ပဋိပက္ခတို့ စသဖြင့် တိုင်းပြည်ရဲ့ အရေးကိစ္စတွေ တော်တော်များများ စိတ်ဝင်စားပြီးတော့ ပြောတဲ့၊ ဆိုတဲ့၊ ရေးလည်း ရေးတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်တယ် ပေါ့ဗျာ။ ဆိုတော့ ကျနော်တို့ ခရီးစဉ်တလျှောက်မှာ ကျနော်တို့ ဟိုတိုင်းပြည်က ပုဂ္ဂိုလ်တွေ အစိုးရပိုင်းကရော တခြား အဖွဲ့အစည်းကရော အမျိုးမျိုးသော ပုဂ္ဂိုလ်တွေ အများကြီး တွေ့တယ်။ တွေ့တဲ့အခါမှာ သူတို့ဟာ သူတ့ို တင်ပြဆွေးနွေး ကြတယ်။ အဲဒီအခါမှာ ဦးကိုနီကတော့ တော်တော်များများ ဝင်ဆွေးနွေးတယ်။ ဒါကတော့ သူ့ပင်ကိုယ် သဘာဝပဲ၊ ထူးခြားတယ်လို့ ပြောရမှာ ပေါ့။

မေး။      ။ ရခိုင်ကိစ္စရော ဆွေးနွေးဖြစ်လား။

ဖြေ။      ။ အမျိုးစုံ ပါပါတယ်။ ကျနော်တို့ သွားတာက အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် ပေါ့။ အဲဒီရဲ့ အတွေ့အကြုံတွေ နားထောင်ဖို့ သွားတယ်။ အဲဒီ အကူးအပြောင်း ကာလအစပိုင်းမှာ သူတို့ဆီက မာလုကူ ဆိုတဲ့ ကျွန်းစုမှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတခု တော်တော် ပြင်းပြင်းထန်ထန် ဖြစ်တယ်ဗျ။ အဲဒီမှာ ခရစ်ယာန်နဲ့ မွတ်စလင်တွေ ရှိတယ်။ လူဦးရေက ဆတူလောက် ရှိတယ်။ အဲဒီနေရာမှာ လေးငါးနှစ်လောက် ပြင်းပြင်းထန်ထန် ပဋိပက္ခတွေ ဖြစ်ခဲ့တယ်ဗျ။ ဖြစ်တော့ အဲဒီနေရာက ပုဂ္ဂိုလ်တွေက သူတို့ဆီမှာ ပဋိပက္ခတွေ ဘယ်လို ဖြစ်တယ်၊ ပြေလည်အောင် ဘယ်လို ဖြေရှင်းကြတယ် ဆိုတဲ့ အကြောင်းတွေကို ကိုယ်တွေ့တွေ ပြောတယ်၊ သဘောတရားတွေ ပြောတယ်။ ဒါတွေ ပြောတာ ရှိတယ်။ နောက် အကူးအပြောင်းနဲ့ ပတ်သက်လို့ ပြောတာတွေ ရှိတယ်။  ဦးကိုနီ က ပြောဆို ဆွေးနွေးတတ်တဲ့ လူတယောက် ဆိုတော့ အဲဒီကိစ္စတွေမှာ သူတော်တော် ပြောဆို ဆွေးနွေးခဲ့တယ်။

မေး။      ။ ဦးကိုနီ က မွတ်စလင်တွေ မြန်မာပြည်မှာ နှိပ်ကွပ်ခံနေရတယ် ဆိုတာ မျိုးရော ပြောဆိုခဲ့တာ ရှိလား။

ဖြေ။      ။ ကျနော်တို့က လေ့လာရေးအဖွဲ့ ဆိုတော့ ဟိုဘက်က ဆွေးနွေးတာတွေကို နားထောင်ရတယ်၊ မရှင်းတာ မေးတယ်။ တချို့ဟာတွေကို ဆွေးနွေးတယ် ပေါ့ဗျာ၊ ဒီသဘောလောက် ပါပဲ။ အဲဒီအခါမှာ ကျနော့်အထင် သိပ်ပြီး ထူးခြားတဲ့၊ ပြင်းထန်တဲ့ ဆွေးနွေးမှုတွေ မတွေ့ရပါဘူး။ ပြီးတော့ သူက အကျိုးအကြောင်းနဲ့ စကားပြောတဲ့ လူတယောက် ဖြစ်လို့ သူသိပ်ပြီးတော့ ငြင်းခုံတာမျိုးတွေ မတွေ့ရဘူး။ သူ့အယူအဆကိုတော့ ရှင်းလင်းအောင်တော့ ပြောတဲ့သူမျိုး ပါ။

မေး။      ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူလူထုက သတင်းအမှောင်ချ ခံထားရသလို ဖြစ်နေတယ်။ လုံခြုံရေးအရ လျှို့ဝှက်ဖို့ မလိုတဲ့ အချက်တွေပါ ပြည်သူလူထုက မသိရဘူး။ ဒါဟာဘာဖြစ်လို့လဲ။

ဖြေ။      ။ ကျနော်ကတော့ ဒီအမှုက ထူးခြားတဲ့ အမှု တခုလည်း ဖြစ်တယ်။ အရေးကြီးတဲ့ ကိစ္စတခုလည်း ဖြစ်တယ်။ သုံးသပ်ပြောဆို နေတာတွေကလည်း အများကြီး ထွက်ပေါ်နေတဲ့ အခါမျိုးမှာ စုံစမ်း စစ်ဆေးရေး လုပ်ရတဲ့ ပုဂ္ဂိုလ်တွေ အဖို့တော့ တော်တော်လေးကို အလေးအနက် ထားပြီးတော့ လုပ်နေလိမ့်မယ်လို့ ကျနော် မြင်တယ်။ သို့သော် ဒီလို အမှုမျိုးမှာ သူတို့ရဲ့ စုံစမ်းထောက်လှမ်းတဲ့ လုပ်ထုံးလုပ်နည်းတွေတော့ ကျနော်လည်း သိပ်ပြီးတော့ နားမလည်ဘူးပေါ့ ဗျာ။ ကျနော်တို့ ကြားရသလောက် ဆိုရင် တချို့ကိစ္စတွေမှာ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေ လွတ်သွားမှာ စိုးလို့ပေါ့။ သူတို့ အသုံးအနှုန်းတော့ ကျနော်လည်း အတိအကျ မသိဘူး။

အခုအချိန်မှာ ဆိုရင် ၂ ပတ် ကျော်ကျော်လောက် ရှိပြီ။ ၂ ပတ် ကျော်ကျော်သည် ရှည်ကြာတယ် လို့ ပြောမလား၊ ဒီလောက်ကတော့ ကြာနိုင်လား ဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူးပေါ့ဗျာ။ ဒီကြားထဲမှာ တကယ့်လက်သည် တရားခံက ထင်ထင်ရှားရှားကြီး ဆိုတော့ ဖမ်းမိတယ်။ နောက်ထပ် ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တယောက်ကိုလည်း ဖမ်းမိပြီလို့ ဆိုထားတယ်။ ဆိုတော့ ဒါကနေပြီးတော့ နောက်ထပ် ဘာတွေ ဘယ်လောက် ရှိဦးမလဲ၊ အဲဒါတွေကို ဆက်စပ် ဖော်ထုတ်နေတယ် လို့ ထင်တယ်။ ဒီထက် ကြာလာရင်တော့ ဒီအမှုဟာ ကြာနေတယ် လို့ ပြောလာတာတွေ ရှိမယ်လို့ ကျနော်ထင်ပါတယ်။

မေး။      ။ ဒီ သတင်းအမှောင်ချတယ်ဆိုတာ ပြည်ထဲရေးနဲ့ တပ်မတော်က အရပ်သားအစိုုးရကို သတင်း အချက်အလက် မပေးလို့လား။ ဝန်ကြီးကိုယ်တိုုင်ရော ကျနော်တို့ပြည်သူတွေလို သတင်းအချက်အလက် ဘာမှ မသိရဘူးလား။

ဖြေ။      ။ ဒီအမှုအခင်းကတော့ အင်မတန်မှ အရေးကြီးတဲ့ အမှုအခင်း ဖြစ်တယ်။ ဒီအမှုကို စုံစမ်း ထောက်လှမ်းဖို့ အတွက်ကို လုံခြုံရေး အဖွဲ့လိုမျိုး ဒီလိုမျိုးနဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေက ဆောင်ရွက်နေတယ်။ ကျနော်တို့လည်း ဒီအဖြေတွေကို အများနည်းတူ သိချင်တယ်။ ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ ကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက လုပ်တဲ့ကိုင်တဲ့ ကိစ္စတွေ အဲဒီနေရာတွေမှာ ဖြစ်ပေါ်တဲ့ အကြောင်းရပ်တွေကို အများ သိအောင်လို့ ကျနော်တို့ သတင်း အချက်အလက်တွေကို ရယူပြီး ဖြန့််ချိပေးတဲ့ အလုပ် လုပ်တာပေါ့ဗျာ။

အခုကတော့ စုံစမ်းရေးအဖွဲ့ ရှိတယ်။ စုံစမ်းရေး အဖွဲ့ကနေ ပြောလာတဲ့အခါမှာ ကျနော်တို့ကနေပြီးတော့ ဆက်လက်ပြီး ဖြန့်ချိသွားရမယ့် သဘောရှိတာ ပေါ့။ မပြီးသေးတဲ့ ကာလမှာတော့ ထထပြောတတ်တဲ့ အလေ့အထတော့ မရှိဘူးပေါ့ ဗျာ။ သူတို့ ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ် သိပြီးတော့ ထုတ်ပြန်လို့ရတဲ့ အခါမျိုးမှသာ ထုတ်ပြန်တာပေါ့။ ဒီလိုမျိုးတွေ ရှိတော့ ကျနော်ထင်တယ်…၊ အဲဒီအချိန်မှသာ ကျနော်တို့ သိနိုင်မယ်လို့ ထင်တယ်။ ဒီကြားထဲမှာ ဘယ်တော့ သိနိုင်မလဲ၊ ဘယ်တော့ ထုတ်ပြန်နိုင်မလဲ ဆိုတာကတော့ သတင်းသမားတွေ အနေနဲ့ ကတော့ မေးမြန်းလို့ ရနိုင်မယ် လို့ ထင်တယ်။

စုံစမ်းရေး လုပ်နေတဲ့ အဖွဲ့ကနေပြီးတော့ ဒါက ဒီလိုဖြစ်ပါတယ်၊ တရားခံ ဘယ်သူ့ကိုတော့ မိထားပါပြီ။ ဘယ်သူ ကတော့ ထွက်ပြေး တိမ်းရှောင်နေပါတယ်၊ နောက်ထပ် ပါဝင်နေသူတွေ ရှိတယ်၊ ဒါကို ဖော်ထုတ်နေတယ် စသဖြင့် သူတု့ိဆီကနေ ထုတ်ပေးလာရင်တော့ ကျနော်တို့ရဲ့ မီဒီယာတွေ သတင်းစာ၊ ရုပ်သံ၊ ဝက်ဆိုက် ဒါတွေက နေပြီးတော့ ဖြန့်ချိပေးမှာ ပေါ့။ ဒီအနေအထား ရှိပါတယ်။

မေး။      ။ လေဆိပ်က စီစီတီဗွီ မှတ်တမ်းတွေ၊ အဖမ်းခံထားရသူတွေရဲ့ ကိုယ်ရေး ရာဇဝင်အချက်အလက်တွေ၊ ဥပမာ ဖမ်းခံထားရသူ အောင်ဝင်းဇော်ဟာ ယခင်က တပ်မတော်အရရှိဟောင်း ဆိုတာ ဟုတ်လား မဟုတ်လား၊ စသည်ဖြင့် ဒါတွေဟာ လုံခြုံရေးအရ လျှို့ဝှက်ထားစရာ မလိုအပ်ဘူး ဆိုတာ ရှင်းလင်းနေတယ်။ ဆိုတော့ လျှို့ဝှက်စရာ မလိုတာတွေပါ အကုန်လျှို့ဝှက်ထားတယ် ဆိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တမင် သတင်းထိမ်ချန်ပြီး ဒီအမှုကို လိုသလို ပုံဖော်ဖို့ ကြိုးစားနေတာလား။

ဖြေ။      ။ ကျနော်တို့ကလည်း အများနည်းတူ သိချင်တာပါပဲ။ စုံစမ်းတဲ့ တာဝန်တွေ ထမ်းဆောင်နေကြတဲ့ သူတွေကည်း အဖြေ ပေါ်အောင်လို့တော့ သူတို့ စွမ်းဆောင်နေကြတယ်လို့ မြင်ပါတယ်။ အဲဒီတော့ သူတို့ အဖြေရတဲ့ အထိကို စောင့်ဆိုင်းရမယ် လို့ပဲ ကျနော်ကတော့ နားလည်ပါတယ်။

မေး။      ။ နိုင်ငံတော်သမ္မတ ကရော ဒီစုံစမ်းစစ်ဆေးနေမှုအခြေအနေနဲ့ ပတ်သက်ပြီး အချိန်နဲ့ တပြေးညီ ရရှိလာတဲ့ အချက်အလက် မှန်သမျှကို ပြည့်ပြည့်ဝဝ ရရှိနေပါသလား။

ဖြေ။      ။ ကျနော်တို့ကတော့ ပြန်ကြားရေး ဝန်ကြီးဌာန ပေါ့။ နိုင်ငံတော်သမ္မတ အနေနဲ့ကတော့ ဒီစုံစမ်းစစ်ဆေးရေး သည် ဘယ်အတိုင်းအတာ ရောက်နေတယ်၊ ဘယ်လောက် သိရမလဲ ဆိုတာကတော့ သူသိချင်လို့ မေးမြန်းရင် သူသိနိုင်တယ် လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။

မေး။      ။ ခု ဒီလုပ်ကြံမှုနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေတဲ့ Global New Light of Myanmar သတင်းစာ မျက်နှာဖုံုးမှာ ဦးကိုနီဓာတ်ပုံနဲ့ သတင်းကို ဇန်နဝါရီ ၃ဝ ရက် မနက်စောစောမှာ အင်တာနက်မှာ တွေ့ရ တယ်။ တကယ် သတင်းစာ ထွက်လာတော့ ဒီသတင်းနဲ့ ဦးကိုနီ ဓာတ်ပုံဟာ အထဲရောက်သွားတယ်။ ဆိုတော့ ဘယ်လိုဖြစ်သွားတာပါလဲ။ ဒါဟာ နိုင်ငံရေးအရ တွက်ဆပြီး ဆရာတို့ သဘောနဲ့ ဆရာတို့ လုပ်လိုက်တာလား၊ ဒါမှ မဟုတ် သမ္မတရုံး၊ သို့တည်းမဟုတ် ပြည်ထဲရေးက ညွှန်ကြားတာလား၊ ဖိအား ပေးတာလား။

ဖြေ။      ။ အဲဒါတော့ ကျနော်လည်း တိတိကျကျ မသိဘူး။ သို့သော် စာမျက်နှာ ရှေ့ပိုင်းမှာ ဘယ်ပုံမျိုးကို တင်မယ်၊ ဘယ်သတင်းမျိုးကို တင်မယ် ဆိုတဲ့ဟာတွေတော့ အယ်ဒီတာတွေ ယေဘုယျ မှုဝါဒတော့ ရှိတယ် ဗျ။ ဒါပေမယ့် အသေးစိတ်ကတော့ သက်ဆိုင်ရာ အယ်ဒီတာအဖွဲ့တွေ လုပ်ကြတာပါပဲ။ ကျနော်လည်း တခါတလေ သတင်းစာ တွေကို ညဘက်ကြည့်တာ ရှိပါတယ်။ အဲဒီညကတော့ စီစစ်တာတွေ လုပ်ဖြစ်လား မလုပ်ဖြစ်လား ဆိုတာတော့ သေချာ မမှတ်မိတော့ဘူး။

မေး။      ။ ဦးကိုနီ အသတ်ခံရတာ အများထင်မြင်နေတဲ့ နိုင်ငံရေးကြောင့်လား၊ ဒါမှမဟုတ် လူမျိုးရေး ဘာသာရေး ကြောင့်လား၊ ဒါမှမဟုတ် ဒါသူ့ပုဂ္ဂလိကကိစ္စ တခုကြောင့်လား။ တခုခုများ သိရပြီလား။

ဖြေ။      ။ ဒီအမှုမျိုးကတော့ တော်တော်ရှုပ်ထွေးတဲ့ အမှုမျိုး ဖြစ်မှာပေါ့ ဗျာ။ ကျနော်တို့ မှန်းဆတာတွေကတော့ အမျိုးမျိုး အဖုံဖုံ လျှောက်ပြီးတော့ မှန်းဆလို့ ရတာပေါ့။ မှန်းဆချက်တွေကတော့ ပြောဖို့ ခက်ပါတယ်။ ဦးကိုနီကို ဒီလို လုပ်ချင်ရင် ဦးကိုနီသည် ရန်ကုန်မြို့ထဲ ဟိုအစည်းအဝေး၊ ဒီအစည်းအဝေး၊ အဖွဲ့အစည်းကိစ္စရော ပုဂ္ဂိုလ်ရေးအရလည်း ဒီလိုပဲ သွားလာလှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ တမင်တကာ ကြံစည်ပြီးတော့ လူရှေ့ သူရှေ့ တောင်မှ လုပ်ရဲတဲ့ သူတွေ အတွက်တော့ ခက်ခဲစရာ အကြောင်း မရှိဘူးပေါ့ဗျာ။ အဲဒါကို ဒီလိုလေဆိပ်လိုနေရာမျိုးမှာ လုပ်တာကတော့ ဒီလုပ်ကြံမှုကို ပေါ်လွင်စေချင်တဲ့ သဘော ရှိတာပေါ့ဗျာ။ လူတွေကို တုန်လှုပ်ချောက်ချား စေချင်တဲ့ စိတ်၊ မလုံခြုံတဲ့ စိတ် ဒီလိုမျိုး ဖြစ်စေချင်တာပေါ့။ ထင်ထင်ရှားရှား လုပ်တယ် ဆိုတော့ မတည်ငြိမ်မှုတွေ ဖြစ်အောင် လုပ်တယ် ဆိုတဲ့ ကောက်ချက်မျိုးတော့ ချလို့ ရနိုင်တယ်။ ဒီအပြင် အများကြီး စဉ်းစားပြီးတော့ စဉ်းစားမှု တခုတည်းနဲ့တင် ဘယ်သူဘယ်ဝါ လုပ်တယ် ဆိုတာ ကောက်ချက်ချဖို့တော့ မလွယ်ဘူး ထင်တယ်။

မေး။      ။ ဒီအမှုမှာ ပါဝင်သူတွေ အားလုံး တရားဥပဒေ ရှေ့မှောက်ကို ခေါ်ဆောင် အပြစ်ပေးနိုင်မယ် လို့ ဆရာ ယုံုကြည်ပါသလား။

ဖြေ။      ။ အားလုံးလို့ ပြောတာတော့ ခက်တာပေါ့။ ဥပမာ ပြောရရင် ကြီးကျယ်သွားမလားလု့ိတော့ မပြောတတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတယ်၊ ဂဠုန်ဦးစောရဲ့ တပည့်တွေက ကိုယ်ထိလက်ရောက် သွားလုပ်တယ်။ ဂဠုန်ဦးစောက ခိုင်းစေတယ် လို့ဆိုတယ်။ ပြီးတော့ သူတု့ိကို အပြစ်ပေးလိုက်တယ် ပေါ့နော်။ သို့သော် အခုကာလ အထိကို ဂဠုန်ဦးစောတင် မဟုတ်ဘူး၊ ဘယ်သူတွေက ဘာတွေဘာတွေ စသဖြင့် သီအိုရီတွေက ရှိတယ်။ ဒီလို အမှုအခင်းမျိုးတွေမှာတော့ ဟိုဟာဟိုလို ဖြစ်နိုင်တယ်၊ ဒီဟာဒီလို ဖြစ်နိုင်တယ် ဆိုတာတွေကတော့ ရှိနိုင်တာပေါ့။

ဆိုလိုချင်တာက ဂဠုန်ဦးစောလည်း မိပြီ၊ သူ့တပည့်တွေလည်း မိပြီဆိုတော့ သာမန်အားဖြင့် ကွင်းဆက်ကတော့ ပျက်သွားပြီလို့ ထင်တယ်။ အခုကတော့ ဒီဟာကို အလေးအနက်ထားပြီး စုံစမ်း ထောက်လှမ်းနေတယ် လို့တော့ ကျနော်တို့ ကတော့ နားလည်တယ်။ လောလောဆယ် လက်ငင်း လုပ်ကြံတဲ့ လူတွေလည်း မိထားပြီ၊ နောက်ကွယ်က ခိုင်းစေတဲ့ သူ တယောက်ကိုလည်း မိထားပြီ။ စောစောကပြောတဲ့ အတိုင်းအတာမျိုးကတော့ ကျနော်ကတော့ အချိန်တန်ရင် မိမယ်လို့ ထင်တယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading