ရင်ကြားစေ့ရေး လုပ်နေချိန်မှာ ထိပ်တိုက်မတွေ့ဖို့ အများကြီး ဆင်ခြင်ရတာ

ဖြိုးသီဟချို
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း
Want create site? Find Free WordPress Themes and plugins.

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အမှုမှန် ဖော်ထုတ်ရေး အတွက် အစိုးရကို ဖိအား မပေးခြင်းမှာ ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည် ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးခင်မောင်ဝင်းသည် ရန်ကုန်တိုင်း ဒေသကြီး၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည်။

NLD ဥပဒေ အကြံပေး ဦးကိုနီ လုပ်ကြံခံရမှုအကြောင်း လွှတ်တော်တွင် ဆွေးနွေးခြင်း မရှိသေးသည့် အခြေအနေ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီတို့ အကြောင်းများနှင့် ပတ်သက်ပြီး တရားသူကြီးဟောင်း ဦးခင်မောင်ဝင်း အား ဆက်သွယ်မေးမြန်းစဉ် ၎င်းက ပြန်လည် ဖြေကြားထားသည်။

မေး။ ။ ဦးကိုနီ လုပ်ကြံခံရမှု စုံစမ်းဖော်ထုတ်ရေးနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ အဆိုတင်တာ၊ မေးခွန်းထုတ်တာတွေ ရှိပါသလား။

ဖြေ။ ။ ဘယ်သူမှ တင်တာ မရှိသေးပါဘူး။ နောက်ပြီးတော့လည်း ကျနော်တို့က ဘက်လိုက်တဲ့ သဘောမျိုး ဖြစ်လို့ မကောင်းဘူးလေ။ ပြီးတော့ ကျနော်တို့ အဝန်းအဝိုင်းမှာ ကန့်သတ်ချက်ဘောင် ရှိတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လို့ပဲ ပြောပြော၊ ကျနော်တို့ ပါတီဥက္ကဋ္ဌလို့ပဲ ပြောပြောဗျာ၊ ရင်ကြားစေ့ရေး လုပ်နေချိန်မှာ ထိပ်တိုက် မတွေ့ဖို့ အတွက် အများကြီး ဆင်ခြင်ရတာပေါ့။ ဦးကိုနီ ဆိုရင် သူအားသန်တာ ပြောတော့၊ တချို့ဟာတွေ ကိုတော့ တပ်မတော်က ကြိုက်ချင်မှ ကြိုက်မှာပေါ့ ဗျာ။ အဲဒီလိုကိစ္စမျိုးမှာ ကျနော်တို့က လူကြီးတွေ သဘောထား မပါဘဲနဲ့ ကျနော်တို့က ဝင်လုပ်ဖို့ကိုတော့ ဆင်ခြင်ရတာပေါ့ဗျာ။

မေး။ ။ ဦးကိုနီက ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဥပဒေရေးရာပိုင်း အများကြီး အကူအညီပေးခဲ့တာ မဟုတ်ဘူးလား။

ဖြေ။ ။ ဦးကိုနီ ဆိုရင် ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ရွေးကောက်ပွဲ) နိုင်ဖို့ အတွက် အများကြီး အကူအညီ ပေးခဲ့တာ။ ပြည်သူ့လွှတ်တော် ကျတော့ ပါတီတခု၊ အဖွဲ့တဖွဲ့တည်း ရပ်လို့ မရဘူး။ ကျန်တဲ့လူတွေက ရှိသေးတာပေါ့ဗျာ။ ကျနော်တို့ ဥက္ကဋ္ဌ ကလည်း ပြောထားတာပေါ့ဗျာ၊ ကျနော်တို့က တာဝန်ပေးခံရတာပဲ ဖြစ်တယ်၊ အနိုင်ရတယ် လို့တောင်မှ သိပ်ပြီး ပြောစေချင်တာ မဟုတ်ဘူးလေ။ ကျနော်တို့က ကျန်တဲ့ ပါတီ၊ တိုင်းရင်းသား ပါတီတွေကိုလည်း ကြည့်ရတာပေါ့ဗျာ။ ကျနော်တို့က ကိုယ့်လူ ဖြစ်တာကြောင့် သိပ်ပြီးတော့ ခံစားမှု ပိုသွားရင်လည်း ရင်ကြားစေ့ရေး ကိစ္စတွေ သွေဖည်သွားရာလည်း ကျကောင်းကျနိုင်ပါတယ်၊ ဒါပေမယ့် မလုပ်ဘူး လို့တော့ မပြောနိုင် ဘူး၊ ဒီနေ့ မလုပ်ပေမယ့်လည်း နက်ဖြန် လုပ်ချင်လုပ်မှာပေါ့ ဗျာ။

မေး။ ။ နိုင်ငံတော်သမ္မတရုံး၊ အတိုင်ပင်ခံရုံးတို့က ဒီဖြစ်စဉ်ကို တရားရုံးချုပ်တို့၊ ရှေ့နေရုံးတို့နဲ့ ကော်မတီဖွဲ့ပြီး ကိုင်တွယ် စစ်ဆေးတာမျိုး ဘာကြောင့် မရှိသေးတာလို့ ထင်ပါသလဲ။

ဖြေ။ ။ လုပ်လို့ပဲ တော်တော်လေး လမ်းစပေါ်နေပြီဗျ။ ဒါတွေက သိုသိုသိပ်သိပ် လုပ်ရတဲ့ ကိစ္စလို့ ကျနော် မြင်တာပေါ့ ဗျာ။ ပျောက်သွားမှာလည်း စိုးရတယ်။ ဒီဘက်ကို ရောက်လာပြီ ဆိုရင် ဒီဘက်ကလူက အစဖျောက် လိုက်မှာလည်း စိုးရိမ်ရတယ်။ ဒါကတော့ စုံထောက်တွေရဲ့၊ စစ်ဆေးတဲ့ လူတွေရဲ့ အသိဉာဏ် ကျယ်ပြန့်တဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီကိစ္စမှာတော့ စိတ်မပူပါနဲ့၊ နိုင်ငံတော် အကြီးအကဲတွေက အားလုံး သတိထားပြီးလုပ်နေမှာပါ။ အင်မတန် သိမ်သိမ်မွေ့မွေ့နဲ့ လုပ်လို့ ဒီလောက် တည်ငြိမ်နေတာပါ။

မေး။ ။ တရားဥပဒေ စိုးမိုးရေးနဲ့ ဥပဒေရေးရာ ကော်မတီက ဘာတွေ လုပ်ဆောင်နေပါသလဲ။

ဖြေ။ ။ ကျနော်တို့ဆီကို ရောက်လာတဲ့ အထဲက လုပ်ပေးနိုင်တာတွေ ရှိတဲ့ တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေး၊ တရားလွှတ်တော်ချုပ် အဲဒီလို သက်ဆိုင်တဲ့ ဌာနတွေကို တကယ်အရေးယူဖို့ လိုအပ်တယ် လို့ ကျနော်တို့ဘက်က ခိုင်ခိုင်လုံလုံ မြင်ရရင်တော့ အဲဒီကို ပို့ပြီးတော့ အရေးယူခိုင်းတာတွေ ရှိပါတယ်။ တချို့ ဝန်ထမ်းတွေ အရေးယူတဲ့ အခါမှာ လျှော့ပေးဖို့ ပေါ့။ လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲနဲ့ ချထားတဲ့ အတွက် အလုပ် ပြုတ်သွားတာမျိုးတွေ၊ ကျနော်တို့ ပြန်ပြီး စိစစ်တဲ့ အခါမှာ တချို့လည်း အလုပ် ပြန်ရသွားတာတွေလည်း ရှိပါတယ်။

တချို့ကျတော့ လာဘ်ယူလို့ တိုင်တယ်။ အဲဒါမျိုးကျတော့လည်း အရေးယူဖို့ ပြည်ထဲရေးကို ပို့လိုက်တာပေါ့။ ပြည်ထဲရေး ကလည်း အရေးယူနေပါတယ်။ တချို့ကလည်း တရားလွှတ်တော် အဆင့်ဆင့်ကနေ အရူံး ပေးထားတဲ့ လူတွေက သူ့အမှုကို ပြန်ပြီး နိုင်အောင်လုပ်ပေးပါ ဆိုတာကတော့ ကျနော်တို့ကလည်း ကြိုးတော့ ကြိုးစားကြည့် ပါတယ်။ အဆင်မပြေတာတွေ များပါတယ်။ ဒါကတော့ ကျနော်တို့မှာ လုပ်ပိုင်ခွင့်မှ မရှိတာ။

မေး။ ။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ တရားသူကြီး ၁၁ ယောက် အပြည့်အဝ ခန့်မထားပါဘူး။ လစ်လပ်နေရာတွေ ရှိနေတာကြောင့် နိုင်ငံရဲ့ တရားစီရင်ရေးမှာ ထိခိုက်မှု မရှိနိုင်ဘူးလား။

ဖြေ။ ။ တရားသူကြီးတွေ အပြည့် မခန့်တဲ့အတွက် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်တယ် လို့တော့ တိုက်ရိုက် အချိုးကျခြင်း မရှိပါဘူး။ တရားသူကြီး ၁၁ ယောက် ရှိနေပေမယ့် အဂတိလိုက်စားမှုတွေက ရှိနေရင်လည်း ရှိနေမှာ ပါပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်နိုင်မှ ဒီဥစ္စာတွေက တနွယ်ငင် တစင်ပါ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရားသူကြီးချုပ်ကို ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေက အရမ်း များနေတယ်လေဗျာ။ သူက ဝန်ထမ်းတွေကို ခန့်တယ်ဗျာ၊ ရွှေ့တယ်ဗျာ၊ ရာထူး တိုးပေးတယ်ဗျာ၊ ဖြစ်လာတဲ့ ပြဿနာက သူနဲ့ ပတ်သက် ဆက်နွယ်တဲ့ လူတွေပဲ ဖြစ်တာ။ အပြင်က ရှေ့နေရှေ့ရပ်တွေ ပါရင်တော့ ပိုကောင်းတာပေါ့ ဗျာ။ ဒါကို ကျနော်တို့ တတ်နိုင်တဲ့ လိုင်းကတော့ အကြံပေးနေတာပါပဲ။

မေး။ ။ အဲဒီလို လစ်လပ်နေတဲ့ နေရာကို ခန့်အပ်ရေး အတွက် တိုက်တွန်းသွားဖို့ ရှိပါသလား။

ဖြေ။ ။ အဲဒီ လုပ်ပိုင်ခွင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ နိုင်ငံတော် သမ္မတနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဥက္ကဋ္ဌတို့ပဲ ရှိတာပေါ့။ တယောက်ကတော့ ကွယ်လွန်သွားတဲ့ ဦးမြင့်ဟန် နေရာမှာ ခန့်ဖို့ရာ အတွက် စီစဉ်နေပါတယ်။ တိုးချဲ့ ခန့်ဖို့ ဆိုတာကတော့ သမ္မတနဲ့ တရားလွှတ်တော်ချုပ်ရဲ့ သဘောပေါ့ဗျာ။ အဲဒီလို မခန့်တာတွေကလည်း တရားလွှတ်တော်ချုပ် နေရာမှာတင် မကဘူး၊ တခြားနေရာတွေမှာလည်း ရှိတာပေါ့ဗျာ။

ဥပမာအားဖြင့် လူ့အခွင့်အရေး ကော်မရှင်မှာ ဆိုရင်လည်း လစ်လပ်နေတာပဲ။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှာ ဆိုရင်လည်း သမ္မတ ဦးသိန်းစိန် လက်ထက်က ခန့်ခဲ့တဲ့ ရာထူးတွေ ပေါ့။ ဒါတွေကိုလည်း ပြင်ဆင်ပြီး ပြောင်းလဲ ခန့်အပ်မယ် ဆိုရင်လည်း လိုအပ်နေတာပါပဲ။ နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော် အကြံပေးတွေရဲ့ သဘောထား အပေါ်မှာ မူတည်တာ ပေါ့။ သူတို့ကလည်း တိုင်းပြည်ရဲ့ လိုအပ်ချက်၊ သုံးစွဲရမယ့် ဘက်ဂျက် စသဖြင့် တကယ် အကျိုးရှိမလား မရှိဘူးလား၊ ဒါကို ဖွဲ့စည်းပုံအရ ကြည့်ပြီးတော့ လုပ်မယ့် ကိစ္စတွေပါ။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading