မကြာခင်မှာ နွေဦးကာလ ပိတောက်ပန်းတွေနဲ့အတူ မြန်မာတို့ရဲ့နှစ်သစ်ကူး ပွဲတော်တခုဖြစ်တဲ့ သင်္ကြန်ကာလကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ၈၈မျိုးဆက်မှ ကိုမြအေးက သူ့ဘဝရဲ့မှတ်တိုင်တခု ဖြစ်တဲ့ “ကွီးတို့သင်္ကြန်”လို့ အမည်ပေးထားတဲ့ တေးစီးရီး ထွက်ရှိခဲ့တဲ့အပေါ် ဧရာဝတီမှ သတင်းထောက် ယုဖြူဟန်က မေးမြန်းထားပါတယ်။
မေး။ ။ ကိုမြအေးအနေနဲ့ “ကွီးတို့သင်္ကြန်”ကို လုပ်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါ။
ဖြေ ။ ။ အရင်ကတည်းက သင်္ကြန်သီချင်းခွေတခွေ လုပ်ချင်တဲ့ ရည်ရွယ်ချက်ရှိတယ်။ ထောင်ထဲမှာ သီချင်းတွေ ရေးဖြစ် တာရှိတယ်။ အချိန်တွေက အားနေတဲ့အခါကျတော့ သင်္ကြန်သီချင်း ၃ ပုဒ်ရေးဖြစ်တယ်။ အဲဒီ ၃ ပုဒ်ထဲက ၂ ပုဒ်ကို အခွေထဲမှာ ထည့်ထားတယ်။ ဇော်ပိုင်နဲ့ ဖိုးကာရဲ့သီချင်းပေါ့။
ကျန်တဲ့ ၈ ပုဒ်ကတော့ အပြင်မှာ ရေးတာပေါ့၊ ဒီနှစ်သင်္ကြန်မှာ မှတ်တမ်းလေးတခုအဖြစ် လုပ်ချင်တာလည်း ပါတယ်။ အဲဒါ ကြောင့် အချိန်ယူပြီး ကျကျနန ပြင်ဆင်ဆောင်ရွက်ခဲ့တာဖြစ်တယ်။
မေး ။ ။ အချိန်ဘယ်လောက်ယူခဲ့ရလဲ။
ဖြေ ။ ။ ၈ လ လောက်ယူခဲ့ရတယ်။
မေး ။ ။ တခွေလုံးကို ကိုမြအေးက ရေးခဲ့တာဆိုတော့ သင်္ကြန်ကို တော်တော်ရင်ခုန်ပုံရတယ်။ ဒီသင်္ကြန်သီချင်းတွေကရော ကိုယ်တွေ့လား။
ဖြေ ။ ။ သင်္ကြန်ဆိုတာက မြန်မာပြည်မှာ လူငယ်တွေ အကုန်လုံးက ပျော်ကြတယ်လေ။ ကျနော်တို့ ငယ်ငယ်တုန်းက လည်း သင်္ကြန်ဆိုတာ ပျော်ကြတာပဲ။ လူငယ်ဆိုတာ လူငယ်ပီပီသသ ဖြတ်သန်းတာမျိုးကို အစ်ကိုက သဘောကျတယ်။ လူငယ်က လူငယ်လိုမဟုတ်ဘဲ လူကြီးဆန်နေရင် သဘောမကျဘူး။
နိုင်ငံရေးလုပ်တယ်၊ အစ်ကိုတို့ ကျောင်းတုန်းကလည်း လူငယ်ပီပီသသဘဲ အဆောင်တွေမှာ ဂစ်တာသွားတီးတယ်၊ လူငယ်ပီပီ၊ အဲဒီလိုမဟုတ်ဘဲ လူငယ်က လူကြီးစကားလုံးတွေပြောပြီး လူကြီးဆန်နေရင် မအပ်စပ်ဘူးလို့ မြင်တယ်။ ဆိုလိုချင်တာက သင်္ကြန်မှာ လူငယ်က လူငယ်ပီပီ ပျော်။
တခုတော့ရှိတယ်။ ပတ်ဝန်းကျင်မှာ မူးယစ်ရမ်းကားတဲ့ကိစ္စတွေ မူးယစ်ဆေးဝါးကိစ္စတွေ၊ ဗရုတ်သုတ်ခ ကိစ္စတွေ ရှောင် ရှားသင့်တယ်။ သင်္ကြန်ဆိုတာ မြန်မာပြည်မှာရှိတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံပျော်ကြတဲ့ပွဲဆိုတော့ အမြဲ အမှတ်တရ ဖြစ်နေတယ်။
မေး ။ ။ မှတ်တိုင်တခုလို့ရော ပြောလို့ရမလား။
ဖြေ ။ ။ အမှတ်တရလေး လုပ်ချင်လို့ အချိန်ယူပြီးလုပ်တာလေ၊ သေချာတိုင်ပင်ပြီးမှ လုပ်ထားတာပေါ့။ ပြောရမယ်ဆိုရင် သီချင်း ၈ ပုဒ်က ရေးရတာ အချိန်တိုတာပေါ့။ ရတဲ့အချိန်လေးမှာ တိုင်ပင်လေးတွေ မှတ်ထားပြီးတော့ တခုလွယ်တာက ဖုန်းတွေမှာ recording တွေပါတော့ ဒီ တိုင်းလေးတွေ ဆိုထားပြီးတော့ သံစဉ်တွေပြန်ရှာရတာပေါ့။
မေး ။ ။ သင်္ကြန်သီချင်းတွေအပြင် တခြား နိုင်ငံရေး၊ ဘာသာရေးသီချင်းတွေ ရေးသွားဖို့ရှိပါသေးလား။
ဖြေ ။ ။ နိုင်ငံရေးသီချင်းတွေကတော့ အရင်ကတည်းကရေးတယ်။ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး တေးသံဆိုတာ ရေးခဲ့တယ်။ ဒါပေမယ့် အခုကာလမှာ အဲဒီလို သီချင်းတွေရေးဖို့ ဆန္ဒသိပ်မရှိဘူး။ သီချင်းကတော့ ဝါသနာပါတယ်။ အရင်ကတည်းက ဝါသနာပါတာဆိုတော့ ထောင်ထဲမှာလည်း ရေးထားတာတွေ ရှိပါတယ်။ များသောအားဖြင့် romatic တွေများတယ်။ သီချင်းကတော့ ကျနော် စိတ်အပန်းဖြေတဲ့အရာပေါ့။ သီချင်းဝါသနာပါတယ် စာရေးတယ်၊ ဝတ္ထုတိုရေးတာ ဝါသနာပါတယ်။ ကျနော့်ရဲ့ ဝါသနာပေါ့။
မေး ။ ။ သင်္ကြန်အပေါ်မှာ ကိုယ်ပိုင်အမြင်လေးပြောပြပေးပါ။
ဖြေ ။ ။ သင်္ကြန်ကတော့ နှစ်ဟောင်းက အညစ်အကြေးတွေ အတာရေနဲ့ ဖြန်းပက်ပြီးတော့ နှစ်သစ်ကို စင်စင်ကြယ် ကြယ်နဲ့ ဖြတ်သန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကြတာပဲလေ။
တကယ်တမ်းပြောရရင် သင်္ကြန်ဆိုတာ ရိုးရာပွဲ တခုပဲလေ။ မြန်မာပြည်မှာ နေတဲ့လူတွေ အားလုံးနဲ့သက်ဆိုင်တယ်။ ကျ နော် အကြိုက်ဆုံးကတော့ သင်္ကြန်မှာ လူမျိုးမရွေး၊ ဘာသာမရွေးမဏ္ဍပ်တိုင်းမှာ စတုဒီသာကျွေးတာကိုပဲ။ အရမ်းကြိုက် အရမ်းချစ်တဲ့ မြန်မာလူမျိုးတွေရဲ့ ဓလေ့စရိုက်ပေါ့။
မေး ။ ။ သင်္ကြန်ဆိုရင် မြို့မငြိမ်းရဲ့သင်္ကြန်သီချင်းကို ကျော်သွားတဲ့သီချင်းမရှိတာ ဘာကြောင့်လို့ထင်ပါသလဲ။
ဖြေ ။ ။ ဆရာမြို့မငြိမ်းလို ဂီတပညာရှင်ကတော့ မြန်မာပြည်မှာ မရှိသေးဘူးခင်ဗျ။ မကျော်နိုင်ဘူး။ သင်္ကြန်မှာ မန်းတောင်ရိပ်ခိုမပါရင် သင်္ကြန်မပြီးဘူး။ ဆရာမြို့မငြိမ်းရဲ့သီချင်းကိုကျော်မယ်ဆိုတာ စိတ်ကူးယဉ်တာပဲ ဖြစ်လိမ့်မယ်။
မေး ။ ။ ဒီ အခွေလေးကို ဘယ်တေးသံသွင်းကနေ ဘယ်လိုနှုန်းထားနဲ့ ဖြန့်ချိထားတာလဲ။
ဖြေ ။ ။ ဒီအခွေကို တီးတဲ့တီးဝိုင်းက ကိုဝင်းမော် (ရွှေသံစဉ်)ပါ။ ရှိုင်းမယ်လိုဒီမှာ အသံသွင်းပါတယ်။ ဗမာဗုံကတော့ ကိုသန်းဝင်းဖြစ်ပါတယ်။ မာစတာတေးသံသွင်းက တနိုင်ငံလုံးကို ဖြန့်ချိပါတယ်။ အခွေထဲမှာ သီချင်းစာအုပ်ရော CD ရော DVD ရော အဲဒါကို ဆိုင်အရောင်းဈေး ၃၀၀၀ကျပ်ပါ။
မေး ။ ။ ခုလ ၇ ရက်နေ့က ဖြန့်ချိခဲ့တာဆိုတော့ အခုချိန်မှာဆိုရင် ရောင်းချရမှုအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ အခုလောလောဆယ် ပြန်ကြားရတာတော့ တော်တော်များများ ကြိုက်တယ်လို့ကြားရပါတယ်။ ဘယ်လောက် ရောင်းရလဲ အတိအကျတော့မသိသေးပါဘူး။ သေချာတာ တခုကတော့ ကူးခွေထွက်သွားတာပါပဲ။ ဆိုင်တွေပေါ်မှာတော့ ကူးခွေနဲ့ ကျနော်တို့အခွေကတော့ ဈေးကကွာတာပေါ့။ ကျနော်တို့က cover လည်း သေချာလုပ်ထားတယ်။ CD ရော DVD ရော ပါတယ်။ အရင်းအနှီးနဲ့ ဆိုင်ကိုရောက်တဲ့ဈေးက ၂၇၀၀ နဲ့ ချပေးရတာပေါ့။
မေး ။ ။ အခုဆိုရင် အခွေတခွေ ထွက်လာတယ်ဆိုတာနဲ့ online ပေါ်မှာ အရင်ပျံ့သွားတော့တယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ ကျနော် ကိုယ်တိုင်လုပ်ကြည့်တဲ့အခါမှာ ကျနော်မြင်တာကတော့ ကျနော်ကတော့ ဝါသနာပါလို့လုပ်တာပေါ့။ စီး ပွားရေးအနေနဲ့ဆိုရင် လုံးဝ တွက်ခြေမကိုက်ဘူး။ ဘာလို့လဲဆိုရင် အခွေထွက်လိုက်တာနဲ့ online ပေါ်ပျံ့ပြီးတော့ ကူးခွေဖြစ်သွားတယ်။
သီချင်းကောင်းတွေ အရည်အသွေးကောင်းတဲ့ DVD တွေ ဖြစ်လာမှာ မဟုတ်တော့ဘူး။ အဲဒီကိစ္စကို ထိထိရောက်ရောက် မကိုင်တွယ်ဘူးဆိုရင် ရှုံးမှာပဲ။ ထုတ်လုပ်သူတွေက လုပ်ကြတော့မှာမဟုတ်ဘူး။ အခွေရဲ့ကုန်ကျစရိတ်က သိန်း ၃၀၀ ကျော် ပါတယ်။ ကျနော် စပွန်ဆာရထားတာ သိန်း ၆၀ ရှိပါတယ်။ ကျနော့်ဘက်ကစိုက်ထုတ်ထားတာ အချိန်တွေ၊ ငွေတွေပေါ့။
သီချင်းရေးခက ကိုယ့်ဘာသာ ရေးလို့မပါပါဘူး။ ဒီလို အားစိုက်ပြီးတော့ ၈ လနဲ့၁၀ လကြား ကြာတယ်။ သေချာစနစ်တကျ လုပ်ထားတာ သီချင်းတွေကို စီစဉ်ရင်းနဲ့ အချင်းချင်းညီအစ်ကိုတွေလို ဖြစ်သွားတာ ပြီးတော့ ဒီတိုင်းတန်းမထုတ်ဘူး ဒီမိုတခွေစမ်းထုတ်တယ်။ ပြန်နားထောင်ပြီး ပြန်သုံးသပ်တယ်။
ဘယ်အဆိုတော်နဲ့ ဘယ်သီချင်းက လိုက်တယ်ဆိုတာကို ရွေးပြီးလိုအပ်တာတွေကို ပြန်ပြီး ရွေးပြီးပြန်တီးတယ်။ ပြီးမှ အဆိုတော်တွေနဲ့ ပြန်ချောဖို့ ရက်ရွေးတာအချိန်တွေလည်း အများကြီးကုန်တယ်။ ဒါပေမယ့် ဝါသနာလဲပါ၊ မှတ်တိုင် တခုလည်းဖြစ်တော့ သေချာလေးလုပ်လိုက်တာ။ စီးပွားရေးအနေနဲ့က ဘယ်လိုမှ တွက်ခြေမကိုက်ဘူး။ ကွာလတီ မလုပ်နိုင်ကြတော့ဘူး။
ကူးခွေတွေအပိုင်းနဲ့ဖြန့်ချိရေးအပိုင်း နည်းနည်းလုပ်ရမယ်နဲ့တူတယ်။သမာရိုးကျ ဖြန့်ချိပုံနဲ့မရတော့ဘူး။ online download တာက သိပ်မပြောလိုဘူး။ လူငယ်တွေ တော်တော်များများက ဖုန်းထဲထည့်ပြီး နားထောင်ကြတာဆိုတော့လေ၊ အဲဒါလည်း နားလည်တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့ ပိုပြီးတော့ဖွံ့ဖြိုးတိုးတက်အောင်လုပ်သင့်တယ်။
မေး ။ ။ ဒီသင်္ကြန်ကို ဘယ်လိုအစီအစဉ်တွေနဲ့ဖြတ်သန်းသွားဖို့ရှိပါသလဲ။
ဖြေ။ ။ ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းသွားမှာပါ။
မေး ။ ။ ကွီးတို့သင်္ကြန်ကို အားပေးမယ့်ပရိသတ်ကို ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ ဒီအခွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြတယ်။ တဖွဲ့လုံးပေါ့ ဒီအခွေရဲ့ပဲ့ကိုင်ရှင်က ကျနော် တ ယောက်တည်းမဟုတ်ပါဘူး။ ပေါင်းစုပြီး လုပ်ထားကြတာပါ။ နားထောင်ကြည့်ပါ၊ ကြည့်ကြည့်ပါ။ တခုခု မက်ဆေ့ချ်ရရင် ကျေနပ်ပါပြီ။