နိုင်ငံပိုင် ကြေးမုံ သတင်းစာက ဖေဖော်ဝါရီ ၂၂ ရက်နေ့ထုတ် စာစောင်တွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်ဆောက်လုပ်ရေး အကြို ညှိနှိုှု်င်းရေး အစည်းအဝေး ပြုလုပ်သည့် သတင်းတွင် ၁၉၆၂ ခုနှစ် ကျောင်းသား ခေါင်းဆောင် ဦးလှရွှေကို ကြက်လှရွှေဟု သုံးနှုန်းဖော်ပြခဲ့သည့်အပေါ် ကာယကံရှင် ဦးလှရွှေ (ခ) ဦးအောင်သာကို ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် မေစစ်ပိုင်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အဘ ဦးလှရွှေကို ကြေးမုံသတင်းစာမှာ ကြက်လှရွှေလု့ိ ဖော်ပြခဲ့တဲ့ ကိစ္စအပေါ် ဘယ်လိုများ ပြောချင်ပါလဲရှင်။
ဖြေ။ ။ ဒါက ထောက်လှမ်းရေးက ပေးခဲ့တဲ့ နာမည်ဝှက်ပေါ့လေ။ အဲဒါကို အဘက ၁၉၈၂ ခုနှစ်လောက်မှာ သိခဲ့တယ်။ အဲဒီနာမည်ပေးထားမှန်းပေါ့။ အဲဒါကို သတင်းစာက ကိုတင်မောင်လတ်က ထည့်လိုက်တာ။ သူ့ကို ခန့်မှန်းမိသလောက်တော့ သူသည် ရဲသို့မဟုတ် စစ် ထောက်လှမ်းရေးကနေ လာတာ ဖြစ်ဖို့များတယ်ပေါ့လေ။ ဒါက ဘဘ ခန့်မှန်းချက်ပါ။ အဲဒီသတင်းကို ဖတ်မိတော့ သူ့ကိုလှမ်းပြောတယ်။ အေးအေးဆေးဆေးပဲ ပြောတာပါ။ ပြင်ပေးဖို့ပေါ့။ သီးခြား ပြဿနာတော့ မလုပ်ပါဘူး။
မေး။ ။ ဒီနေ့ သတင်းစာမှာတော့ ပြင်ဆင်ဖတ်ရှုရန်ဆိုပြီး ပါလာတယ်။ ဒါပေမယ့် ပွဲကို အဘ က မတက်ဘူးဆိုတာပဲ ပါလာတယ်ဆိုတော့ အဲဒါကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အဘကို သရုပ်ဖျက်တဲ့နာမည် ထုတ်တာပေါ့လေ။ တင်မောင်လတ်က အဘအိမ်ကိုလာတယ်။ ထိုင်ပြီး ကန်တော့တယ်။ ခွင့်လွှတ်ပေးပါဆိုပြီး ပြောတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆိုပြီး အကြမ်းဖျင်း သဘောတူလိုက်တယ်။ သင့်တင့်လျောက်ပတ်တဲ့ ပြင်ဆင်ချက် ထုတ်ပေးပါဆိုပြီး တကယ် ထွက်လာတော့ စိတ်ကျေနပ်လောက်တဲ့ ပြင်ဆင်ချက် မဟုတ်ဘူးလေ။ မနက်က ကြေးမုံရုံးကို ကိုယ်တိုင်သွားပြီး အကျိုးအကြောင်းပြောမယ်ဆိုတော့ ဘယ်သူမှမရှိဘူးဆိုပြီး ပြန်လွှတ်လိုက်တယ်။ အစည်းအဝေး မတက်ခဲ့ဘူးဆိုတာကိုပဲပြင်ပေးတယ်။ တကယ်တမ်း ကြက်လှရွှေဆိုပြီး သရုပ်ဖျက်ထားတာနဲ့ ပတ်သက်လို့ သတင်းစာက ဖြေရှင်းမှု မလုပ်ပေးထားပါဘူး။
မေး။ ။ အခုလိုမျိုး နာမည်ဖျက်ထားတဲ့အသုံးအနှုန်းကို ကြေးမုံက တောင်းပန်စာ မထည့်တော့ ဘာများ ဆက်လုပ်ချင်ပါသလဲ။
ဖြေ။ ။ တခြားသူတွေကတော့ ပြောစရာရှိတာ ပြောဖို့ကောင်းတယ်ပေါ့။ သာမန်လူတွေဆိုရင် တရားစွဲမယ် လုပ်ကြတယ်။ အဘက အကျိုးအကြောင်းမှန်၊ အဖြစ်မှန်ကို စာမျက်နှာပေါ် ရောက်ရင် လက်ခံနိုုင်စရာရှိတယ်။ ဒါမှမဟုတ် ထုတ်ပြန်ချက်ထုတ်တာမျိုးပေါ့။
မေး။ ။ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် ဆောက်လုပ်ရေးကိစ္စ အပေါ်မှာရော ဘယ်လို သဘောထားရှိပါသလဲ။
ဖြေ။ ။ ၆၂ ခုနှစ်က ကျန်တဲ့သူက လက်ချိုးရေလို့တောင် ရတယ်။ အဘတို့ိကို မမေးဘဲ တိုင်းဝန်ကြီးချုပ်က နီးစပ်သူတွေကို ခေါ်ပြီး လုပ်ငန်းအဖွဲ့ ဖွဲ့လိုက်တယ်။ အဆောက်အအုံ ဆောက်လုပ်ရေးကိုပဲ တက်ကြွနေကြတယ်။ ကျောင်းသားရာနဲ့ချီ အသတ်ခံခဲ့ရတယ်။ အကျိုးဆက်အနေနဲ့ အပြစ်ပေးမှု မရှိဘဲ အဆောက်အအုံကိုပဲ လုပ်နေတာကို မူအားဖြင့် သဘောမတူဘူး။ ခွေးလိုနွားလို အသတ်ခံခဲ့ရတဲ့ ကိစ္စကို အရေးယူတာမရှိဘဲ အဆောက်အအုံ ဆောက်ချင်တာတော့ ခံစားနေရတယ်။ ဇူလိုင် ၇ ကိစ္စကို ထုတ်ပြန်ချက် လုပ်ပါ။ ဘဘ အမြင်တော့ အဆောက်အအုံ ဆောက်ရေး၊ မဆောက်ရေး က အသတ်ခံရတဲ့လူတွေ ကိစ္စတွေလောက် အရေးမကြီးဘူး။