အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှု နောက်ဆက်တွဲဖြစ်ရပ်များအပေါ် အားမလိုအားမရ ဖြစ်ကြောင်းနဲ့ ဦးကိုနီဟာ မွတ်ဆလင်တယောက်ဖြစ်ပေမယ့် ဘာသာရေးကို ရှေ့တန်းမတင်တဲ့ ဒီမိုကရက် ဥပဒေပညာရှင်လို့ ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ရဲနည်နဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုသွားခဲ့ပါတယ်။
ဧရာဝတီ။ ။ တလအတွင်းမှာ သမ္မတရုံးရဲ့ ထုတ်ပြန် ကြေညာချက် သုံးစောင် ထွက်လာတယ် ။ အဲ့ဒီထုတ်ပြန်ကြေညာချက်တွေအတိုင်းဆို ရှေ့နေဦးကိုနီကို လုပ်ကြံမှုမှာ ဒုတိယဗိုလ်မှူးကြီးအဆင့် အထိရှိနေတဲ့ တပ်မတော်သားဟောင်းတွေ ပါနေတယ်။ ဘဘဦးတင်ဦးက တပ်မတော်သားဟောင်းတယောက်လည်းဖြစ်တယ်၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့အတွက်ကြောင့် ဒီတပ်မတော်သားဟောင်းတွေပါနေတဲ့အပေါ်မှာ ဘယ်လိုမျိုး သဘောထားထင်မြင်ချက်ရှိသလဲ။
ဦးတင်ဦး။ ။ ကျနော့်ကို ဒီလိုမျိုးမေးတော့ ကျနော်ကလည်း တပ်နဲ့ကွဲကာလာတာက နှစ်ကိုပဲ နှစ်ပေါင်း ၄၀ ကျော် ၅၀ နီးပါးရောက်နေပြီဆိုတော့ တပ်နဲ့တော်တော်တော့ ဝေးသွားပြီ။ အကြောင်းအကျိုးကိစ္စတွေ နောက်ပိုင်း သူတို့ရဲ့ ဖွဲ့စည်းပုံ တွေကတော့ သိပ်ပြီးမသိပါဘူး။ နောက်တခု ကျနော်ပြောချင်တာကတော့ လေဆိပ်လုံခြုံရေးပေါ့။ အဲ့ဒီဟာက ဖြစ်တဲ့နေရာက လုံခြုံရေး ပစ္စည်းပစ္စယ ကိရိယာတန်ဆာပလာ အစုံ တပ်ပြုပြီးတော့ ခေတ်မီနည်းပညာတွေနဲ့ မျိုးစုံလုပ်နေတဲ့ ကြားကမှ ဝင်ရောက်ပြီးတော့ လုပ်ကိုင်သွားတယ်ဆိုတော့ ဒီဟာနဲ့ပတ်သက်တဲ့နေရာမှာတော့ အားနည်းချက်ဖြစ်သွားပြီ ဆိုတာတော့ ဖြစ်သွားတာပေါ့။ ကံကောင်းတာက လုပ်တဲ့သူကို ကျနော်တို့မိသွားတာပေါ့။ မိသွားတာက အငှားယာဉ် တက္ကစီမောင်းတဲ့ ပုဂ္ဂိုလ်တယောက် အသက်လည်း ဆုံးသွားတယ်ပေါ့။ ကိုနေဝင်းပေါ့။ မိသွားတာကလည်း ချက်ချင်းကို ပူပူနွေးနွေးမိသွားတာဆိုတော့ ချက်ချင်းအကောင်အထည်ဖော်နိုင်ရင်တော့ ကောင်းတာပေါ့နော်။
လူတွေကို ကြည့်သင့်ကြည့်ထိုက်တဲ့အပိုင်းကို ပေါ့လျော့တာပေါ့။ ဟိုတုန်းကတော့ CID က အတော် ထက်မြက်တယ်လေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးဆိုတာက အထူးသဖြင့် CID ဆိုရင် လူတွေက တော်တော့်ကို လေးစားတယ်ပေါ့လေ။ အမှု့အခင်းနဲ့ပတ်သက်လို့ရှိရင် ကိုလိုနီအုပ်ချုပ်ရေးတော့ မှန်တယ်ပေါ့။ ဥပဒေရေးရာနဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်တာတွေ ရာဇဝတ်မှုကျူးလွန်တာတွေဆိုရင် ထိရောက်စွာလုပ်နိုင်တယ်။ ဆိုလိုတာကတော့ သူတို့ survillance က ဘယ်သူပဲဖြစ်ဖြစ် အစိုးရအဖွဲ့ဝင်ထဲမှာဖြစ်တဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ အတိုက်အခံဘက်ကပဲဖြစ်ဖြစ် ကျော်ကြားတဲ့ နိုင်ငံရေးသမား၊ အနုပညာလောက၊ ပညာရေးလောက ဘာပဲဖြစ်ဖြစ် ဒါတွေက survillance က ရှိရမယ်။ ဒီလိုသာ တိုင်းပြည်ရဲ့အကြီးအကဲတွေ တိုင်းပြည်အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ သွားလာလှုပ်ရှားမယ့်နေရာတွေကို စောင့်ကြည့် ရှင်းလင်း ထိန်းချုပ်ရမယ်။ အဲ့ဒီ လှုပ်ရှားနိုင်မှုကနည်းတာပေါ့လေ။
ဦးကိုနီက အစိုးရတာဝန်နဲ့ ခရီးသွားတာ။ ဒီအစိုးရ လက်ထက်မှာ အမြင့်ဆုံးသွားတဲ့အဖွဲ့ဟာ အဲ့ဒီအဖွဲ့ တဖွဲ့ပဲရှိသေးတယ်၊ နိုင်ငံခေါင်းဆောင်တွေ ခရီးသွားတာတွေက လွဲလို့ပေါ့၊ လုပ်ငန်းနဲ့ သွားရတဲ့အထဲမှာတော့ အမြင့်ဆုံးသွားရတယ်ပေါ့။ သွားရတဲ့ကိစ္စ ကလည်း ကျနော်တို့ အခုလက်ရှိဖြစ်နေတဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ နိုင်ငံတွေထဲမှာ မြန်မာပြည်အကြောင်း နားလည်အောင်ဆိုပြီးတော့ပေါ့။ ခေါင်းဆောင်တဲ့ပုဂ္ဂိုလ်တွေကလည်း ဦးဖေမြင့်တို့လို ပုဂ္ဂိုလ်မျိုး။ ပါသွားတဲ့ပုဂ္ဂိုလ်တွေကလည်း တိုင်းရင်းသားတွေ ဘာသာမျိုးစုံပါပါတယ်၊ နောက် ဥပဒေပညာရှင်တွေလည်း ပါပါတယ်။ နောက်တခုက ဒီအဖွဲ့က တော်တော်ကြီးတဲ့အဖွဲ့။ သူတို့ရဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးကို လေ့လာရင်းနဲ့ တဖက်ကလည်း သူတို့ဖြစ်ပျက်နေတဲ့ကိစ္စတွေကို အသိပေးပြီးတော့ ဒီနိုင်ငံမှာ ဘာသာရေးကိစ္စဖြစ်တာတွေကို မျှမျှတတ တရားဥပဒေစိုးမိုးရေး လုပ်တာကိုလည်း ပြသဖို့ ဒါမျိုးတွေလည်းပါတယ်။
အချိန်တိုအတွင်းမှာ မပေါ်နိုင်ဘူးဆိုတော့ ဒီကိစ္စက စဉ်းစားစရာဖြစ်လာတာပေါ့။ ကြာလည်းကြာသွားပြီ။ ဒီလိုကြာသွားတဲ့အတွက် ဘာဖြစ်မလဲဆိုရင် အမှုက ကြာသွားလေလေ အမှုက အေးစက်လာလေလေ၊ ပေ့ါလာလေလေ၊ ကြာလေ ပျောက်သွားတော့မလို ဒါမျိုးကတော့ မဖြစ်ကောင်းဘူးပေါ့နော်။ ကျနော်ကလည်း ပြောပါတယ် ဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့ ပထမကတော့ တုန်လှုပ်တာပေါ့။ နောက်တော့ အင်မတန် ဝမ်းနည်းတယ်၊ ဆုံးရှုံးလည်း ဆုံးရှုံးသွားတာပေါ့။ အထူးပြောစရာမလိုဘူးပေါ့။ ဒါပေမယ့်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အမှုအခင်းနဲ့ပတ်သက်ပြီးတော့ ချက်ချင်းကို ပြည်သူလူထုကို ထင်သာမြင်သာဖြစ်အောင်လို့ သူ့မိသားစုတွေ ထင်သာမြင်သာဖြစ်အောင် တရားမျှတမှုတွေ ရအောင်လုပ်ပြဖို့ကတော့ များများစားစားလုပ်နိုင်တဲ့ ယန္တယားကတော့ ရှိနေတဲ့ဟာကို များများစားစား ထိရောက် အောင် လုပ်နိုင်ဖို့ လိုတာပေါ့၊ အခုတော့ ခုန ခင်ဗျားပြောသလိုပေါ့ ဘေးက speculation တွေပေါ်လာတာပေါ့။ ကောလဟလတွေ ပေါ်လာတာပေါ့ ကြာလေ ပိုပေါ်လာလေပေါ့။ အဲ့ဒါကို မဖြစ်အောင် လုပ်နိုင်ရမှာ အခုဟာက ဘယ်လိုဖြစ်နေလဲဆိုတော့ ခင်ဗျား ပြောသလိုပေါ့ အောင်ဝင်းခိုင်ထွက်ပြေးသွားတယ် လွက်သွားတယ်ဆိုတာနဲ့ ရပ်နေတယ်။
ဧရာဝတီ။ ။ အခုဟာက ဒီထုတ်ပြန်ချက်အတိုင်းပဲ ဒီမှာတင် ရပ်နေပြီ။ ဒါပေမယ့် အဲ့လိုမျိုး ရပ်နေတဲ့အတိုင်းပဲ လက်ရ ဖမ်းမိတဲ့ လူနှစ်ယောက်ကို လူသတ်မှုနဲ့ပဲ အမှုစွဲတင်မယ်ဆိုရင်ရော လက်ခံမလား။
ဦးတင်ဦး။ ။ ဒီအမှုက စဉ်းစားကြည့်ရင် ခက်သားပဲ၊ တချို့ cause တွေကတော့ တကယ်ပဲ လွတ်သွားသလား၊ လွတ်သွားတဲ့လူက တကယ့် အစစ်အမှန် ဒီအထဲမှာပါတဲ့အကောင်လား၊ ဒါပေမယ့် တခြား ကျန်တဲ့ဟာတွေ ဖြိုလိုက်ပြီးတော့ ဒီကောင်ကို မီးမောင်းထိုးပြလိုက်ပြီးတော့ ထားတာလား၊ ဒါကတော့ မပြောတတ်ဘူးလေ။ ကျနော်တို့ နည်းနည်းစဉ်းစား လာတာပေါ့။ ဒီလွတ်သွားတဲ့အကောင်က ဘယ်ရောက်နေသလဲ ဆိုတာလည်း မပြောနိုင်ဘူး။ ဒီကောင် သေများသေနေပြီလား။ ဖျောက်လိုက်ပြီလား။ ဖျောက်လိုက်ပြီဆိုရင်လည်း ဘာကြောင့်ဖျောက်လိုက်သလဲ။ ဒါမျိုးတွေ ဖြစ်လာတော့မှာပေါ့။
ဧရာဝတီ။ ။ ကျနော်တို့ရော အဘတို့ရော ကျန်တဲ့အများပြည်သူတွေကလည်း ဒါမျိုးတွေပဲ မေးကြတာလေ၊ မေးခွန်းတွေ မေးရတဲ့ အကြောင်းအရင်းကလည်း ဒီသတင်းတွေ ထုတ်ပြန်တဲ့အပေါ်မှာ သတင်းအချက်အလက် အပြည့်အစုံ သေသေချာချာ မသိရရလို့ပဲလေ။
ဦးတင်ဦး။ ။ ကျနော်တို့ကလည်း ညတိုင်းညတိုင်း ဒီအမှုနဲ့ပတ်သက်ပြီးတော့ တခုခုပေါ့ တရားဥပဒေ စိုးမိုးမှုအောက်မှာ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ အကောင်တွေဟာ မိကိုမိပြီးတော့ တရားဥပဒေရဲ့ရှေ့မှောက်မှာ တရားစီရင်တာကို မြင်နိုင်ရပါစေ၊ သူ့မိသားစုတွေ တခါတည်း သိသိသာသာကြီး ထိုက်ထိုက်တန်တန်ဖြစ်သွားတယ်ဆိုတာမျိုးဖြစ်အောင် လုပ်ကိုင်ပေးရမှာ ဖြစ်သလို ပြည်သူလူထုအတွက်ကလည်း ဒီလိုလုပ်ပေးမှသာလျှင် တရားဥပဒေစိုးမိုးရေးဖြစ်ပြီးတော့ နောက်ကိစ္စ အ၀၀ မှာလည်း အတားအဆီး အဟန့်အတားဖြစ်မယ်၊ ဒီလိုမျိုးအတွေးတွေက ကျနော်တို့လည်း ရှိတာပေါ့နော်။ ခင်ဗျားမေးလို့ ပြောတာပါ။ ကျနော်တို့လည်း ဟိုစဉ်းစား ဒီစဉ်းစား တကယ်လွတ်သွားတဲ့အကောင်က နာမည်ဖော်လိုက်တဲ့အကောင်က တကယ့်ကောင်ဟုတ်ရဲ့လား။ တကယ့်အကောင်က ဘယ်ကောင်များဖြစ်မလဲ မပြောတတ်ဘူး။ တကယ် ဒီကောင်ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။ ရှိမှ ရှိသေးရဲ့လား။ ဘယ်နေရာမှာ လွတ်နေသလဲ၊ ဘယ်သွားထားသလဲ၊ အပြင်ရောက်သွားတယ်ဆိုရင်လည်း Interpol တို့ ဘာနဲ့ ဆက်ပြီးတော့ ထိထိရောက်ရောက်လုပ်စေချင်တာပေါ့။
ဧရာဝတီ။ ။ ခုန ဘဘပြောသလိုပဲ လုပ်နေကိုင်နေတဲ့ speed ကို အားမရဘူး။ Warrant ထုတ်ရမယ်၊ ဒီလူကို ကျယ်ကျယ်ပြန့်ပြန့် လူသိအောင်လို့ ဆုငွေထုတ်ရမယ် အဲ့လိုမျိုးမလုပ်ဘူး။
ဦးတင်ဦး။ ။ နောက်တခု စဉ်းစားတာကလည်း ဒီကိစ္စနဲ့ပတ်သက်တဲ့ အချက်အလက် အားလုံးကို ပေါ်ဖို့အတွက် ရထားတာရှိတဲ့အတွက် လိုက်လံပြီးတော့ ခုံရုံးကိုတင်ဖို့ဟာအတွက် သက်သေသကာယပိုပြီးခိုင်လုံအောင်လုပ်ဖို့ရန်အတွက် များ အချိန်ယူနေသလား။ ဒီလိုဆိုရင်လည်း ပြောရမှာပေါ့။ ဒီလိုကြောင့် ဘယ်လိုကြောင့် အချိန်ယူတယ်ပေါ့။ နောက် တခြား အဆက်အသွယ်နဲ့ ပတ်သက်ပြီး ရစရာရှိတဲ့ အချက်အလက်တွေကို ဆက်လက်နေတယ်ဆိုရင် ဒီလိုဟာတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို တွေ့ရတဲ့အတွက်ကြောင့်မို့လို့ဆို ပူးပေါင်းတာပေါ့၊ ဒီလိုမထွက်လာတဲ့အခါကြတော့လည်း ခုန ကျနော်တို့ပြောသလို စဉ်းစားစရာဖြစ်လာတာပေါ့။ သို့လော သို့လောတွေဖြစ်လာတာပေါ့။ သို့လော သို့လောတွေ ဖြစ်လာတာက မကောင်းဘူး။ ကြာလာတဲ့အခါကျတော့ အမှုက မှိန်ပြီးတော့ ခုန ခင်ဗျားပြောသလိုပေါ့ လူတွေကပြောကြသလို ဖမ်းထားတဲ့သူတွေကိုပဲ တကယ့်အကောင်တွေ ဆိုပြီးတော့ လုပ်လိုက်ရင်တော့ မပြောတတ်ဘူးပေါ့၊ စဉ်းစားစရာပေါ့။
ဧရာဝတီ။ ။ အဲ့လိုမျိုးဖြစ်လာပြီဆိုရင် ခုံရုံးကိုတင်တော့မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘယ်လိုလက်ခံမှာလဲ။
ဦးတင်ဦး။ ။ ကျနော်တို့ ပါတီအဖွဲ့အစည်းအနေနဲ့ကတော့ ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် မှန်မှန်ကန်ကန် ပြည်သူလူထုကို လုပ်ကိုင်ပေးရမယ်လို့ ပြောလည်း ပြောနေတယ်။ အဖွဲ့ချုပ်မှာကိုက ဥပဒေ အထောက်အကူအဖွဲ့မှာကိုက ရှိနေတော့ သူတို့အနေနဲ့ကလည်း ဒီအရေးနဲ့ပတ်သက်ပြီး အားလုံးက ဂရုစိုက ်အာရုံစိုက် နားထောင်နေတဲ့ကိစ္စဖြစ်နေတော့ အားလုံးက စဉ်းစားစရာလေးတွေ နည်းနည်း ရှိတော့ရှိလာတာပေါ့။ မြန်မြန်လုပ်နိုင်ရင်တော့ မြန်မြန်မိတာပေါ့။ ကွင်းဆက်ကိုပေါ့။ ဘယ်ကောင်က ဘယ်သွားတယ် ဘာရှိတယ် အဲ့လိုလိုက်နေတယ် ရှိနေတယ်ဆိုရင်တော့ တမျိုးပေါ့။ အခုက ဒုတိယလူ ပျောက်နေတယ်ဆိုပြီးတော့ ဘာအသံမှကို မကြားရဘူး။ ဆက်ပြီး စစ်ဆေးနေတယ်ဆိုတော့ ဒါက စဉ်းစားစရာပေါ့။ တကယ်ပဲ ဒီအပေါ်မှာ အရှက်ရပြီးတော့ ထုတ်ဖော်ပြောလို့ မကောင်းသေးတဲ့အတွက်ကြောင့်မို့လို့ သူတို့သေချာအောင် လုပ်နေသလား။ အဲ့လိုဆိုရင်လည်း သေချာအောင် လုပ်နေတယ်ဆိုတာကို ပြောချလိုက်ပေါ့။ ရတာပေါ့။ တိုင်းပြည်က နားလည်သွားမယ်။ ဒီလိုလည်းမပြောဘူး။
ဧရာဝတီ။ ။ အဲ့လိုမျိုး မရှင်းပြတဲ့အတွက် ဘာကြောင့် ရှေ့နေဦးကိုနီကို သတ်ရတာလည်း ဆိုတာကို motive ကိုလည်း လူတွေက မရှင်းဘူး။
ဦးတင်ဦး။ ။ ကျနော်တို့လည်း ပိုစိုးရိမ်တယ်။ ဆုံးသွားတဲ့ ပုဂ္ဂိုလ်က အစ္စလာမ်ဘာသာဝင်။ အခု ဒီအစ္စလာမ်ကိစ္စနဲ့ နိုင်ငံတကာက အရင်အ ဆက်ဆက်ရှိလာတဲ့ Issue တွေကလည်း ရှိလာတယ်ဆိုတော့ ဒီဟာမှာ လာပြီးတော့ ကျနော်တို့ ပြေရာပြေကြောင်းနဲ့ ပတ်သက်ပြီးတော့ မျှတမှု ရဖို့ရန်အတွက် တကယ်ဖြစ်အောင် လုပ်နိုင်ပ့ါမလား၊ ဘာလား ဆိုတာတွေကလည်း တကယ်စဉ်းစားစရာ ဖြစ်လာတာပေါ့။ တော်တော် များများအော်နေတာပဲ။ အပြင်ဘက်မှာရှိတဲ့ ဥပဒေအဖွဲ့တွေ ဘာတွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ Human Right ထောင့်ကနေ ပြောလာတော့ ကျယ်လောင်လာတာပေါ့။ တိုင်းပြည်အတွက်ကတော့ ဂုဏ်သိက္ခာထိခိုက်လာတာပေ့ါ။
ဧရာဝတီ။ ။ ဦးကိုနီ အစ္စလာမ်ဘာသာဝင်တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ တိုက်ခိုက်ပြောဆိုချက်တွေလည်း ရှိတယ်။ NLD မှာ တာဝန်ထမ်းဆောင်သွားတဲ့ တလျှောက်လုံး သူဟာ မွတ်ဆလင်အတွက် လုပ်တာလား သူဟာ ဒီမိုကရက်လား။
ဦးတင်ဦး။ ။ ဒီမိုကရက်ပါ။ သူက ကျနော်တို့နဲ့ ဒီတိုင်းပြည်မှာ အေးချမ်း ညီညွတ်ပြီးတော့ လုပ်ကိုင်သွားတဲ့ဟာကို တကယ်ဖြစ်အောင်ကြိုးပမ်းနေတဲ့ lawyer တယောက်ပဲ။ ကျနော်တို့နဲ့ ဆွေးနွေးတဲ့အခါတိုင်းမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အစွန်းရောက်မယ့်ကိစ္စမျိုးဆိုရင် တတ်နိုင်သမျှ ဂရုစိုက်ပြီးတော့ ပြေလည်အောင် အလုပ်လုပ်ပေးနေတဲ့သူပဲ။ ဒေါ်စုကိုတော့ နယ်ကရတဲ့ သတင်းတွေ တင်ပြတာပေါ့။ ဗလီတွေနဲ့ပတ်သက်ပြီးတော့ ဖျက်ဆီးခံရတာတွေ ဒါတွေကို သူ ရိုးရိုးသားသားနဲ့ ပြောတာပါ။ တကယ်လည်း ဖြစ်ခဲ့တာကိုး။ သူသိတာတွေ အမှန်အတိုင်း ပြောတာပေါ့။ သူက ကျနော်တို့ကို ကူညီတာက ဒီမိုကရေစီအပိုင်းနဲ့ ပတ်သက်ပြီးတော့ တကယ့်ကို ကူညီတာပါ၊ အဓိကကတော့ တကယ့်ပဲ ဒီမိုကရေစီရအောင် လိုက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက်ပိုင်းမှာ သူ့ဆောင်ရွက်ချက်တွေဟာ တကယ့်ကို မျှတတယ်။
ကျနော်တို့က တကယ့်ကို ဝင်ပြီးတော့ လုပ်ကိုင်စေချင်လို့ကို ရောက်လာတာ။ သူက တကယ့်က စိတ်ရင်းကလည်း ရှိတယ် သူ လုပ်ကိုင်တာတွေကလည်း မျှတတယ်ဆိုတော့ ကျနော့်တို့အဖွဲ့တွေမှာ အကျိုးရှိအောင် လုပ်ကိုင်နိုင်တယ်ဆိုတော့ ကျနော့်တို့က သူဝင်လာတာကို ကူညီတာကို လက်ခံတာပေါ့။ တောက်လျှောက် လုပ်ကိုင်ပေးတဲ့နေရာမှာလည်း အများကြီးပဲ၊ အဖွဲ့ချုပ်ရဲ့ မူချတဲ့ ကိစ္စတွေထဲမှာ တကယ့်ယုံကြည်ရတဲ့ဟာဆိုရင် သူလိုက်ပြီး ပြင်းပြင်းထန်ထန် ဥပဒေကြောင်းအရ သူ နားလည်းနားလည်တယ် လုပ်လည်းလုပ်တတ်တယ် ပြောလည်းပြောတတ်တာပေါ့။
နောက်တခုက နိုင်ငံတကာနဲ့ဆက်ဆံပြီးတော့ ပြောပေးတတ်တယ်။ ကျနော်တို့ ဒီမိုကရေစီနိုင်ငံက လာကြတဲ့ ဥပဒေ Team တွေ လာကြတယ်ဆိုရင် ဒီမှာ Siminar လုပ်ပြီးတော့ လာကြတယ်ဆိုတာကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မူတည်ပြီးတော့ရယ်၊ အဲ့အပေါ်မူတည်ပြီးတော့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ရယ်၊ တရားမျှတမှု ရှိမရှိဆိုတာတွေရယ် တကယ်အစစ်အမှန်ဖြစ်ဖို့ ဒါတွေနဲ့ ပတ်သက် ပြီးတော့ သူတို့ရဲ့အတွေ့အကြုံတွေဟာ တကယ် တရားမျှတမှုရှိတဲ့ အတွေ့အကြုံတွေမို့ မဖြစ်အောင် လုပ်ကိုင်ပေးဖို့ လာရောက်ဆွေးနွေးပေးတဲ့ပွဲတွေဆိုရင် သူနဲ့ ကျနော်တက်တာ များတယ်။ ကျနော်ကတော့ စကားချီးလောက်ပဲ။ သူကျတော့ နက်နက်နဲနဲ ပြောနိုင်တယ်။
သူ မွေးဖွားကြီးပြင်းလာရာကလည်း အင်မတန် အေးချမ်းတဲ့ရွာတရွာလေးပဲ။ ကသာရဲ့အရှေ့ဘက်မှာ။ အေးအေးဆေးဆေးပဲ လုပ်ကိုင်စားသောက်ပြီးတော့ ငါး၊ တံငါ၊ စိုက်ပျိုးရေး လုပ်ကိုင် စားသောက်နေတဲ့လူတွေ။ အဲ့ဒီကနေမှ သူက ပညာသင်ပြီးတော့ ကျောင်းဆင်းပြန်တော့လည်း တာဝန်မထမ်းဆောင်ရသေးဘူး။ သူက တော်လို့ ဆက်ပြီးတော့ ၅ နှစ်တောင် ဆရာအဖြစ် ဥပဒေပညာ သင်တန်းတွေကို သင်ပေးရသေးတယ်။ နောက်တခုက သူက အဝေးသင်မှာလည်းပဲ အကြီးအကဲတာဝန်ယူပြီးတော့ law နဲ့ပတ်သက်တာတွေ လုပ်ကိုင်ပေးခဲ့တယ်။ သူက အတွေ့အကြုံ တော်တော်များတယ်။
Legal ပိုင်းမှာလည်း သူက တော်တော် ဝါသနာပါတယ်၊ နောက် law နဲ့ ပတ်သက်ပြီးတော့ စူးစူးစမ်းစမ်းလည်း ပြောတယ်၊ သေချာ တိတိကျကျ သက်သေသကာယနဲ့ ပြောတယ်ဆိုတယ်။ နောက်ပြီးတော့ ဖြစ်သင့်တာလေးတွေပြောတယ်။ ဒီလိုဆိုရင်တော့ ဥပဒေနဲ့ညီတယ်၊ ဥပဒေနဲ့ ငြိတယ် အဲ့လိုမျိုးပေါ့ ဒီလိုအကြံပေးသွားတဲ့ ရိုးရိုးပုဂ္ဂိုလ်ပါ။ ဒါကြောင့်မို့လို့ ဒီမှာခေါ်ပြီးတော့ သင်တန်းပေးတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေ မလုပ်တတ်တာတွေ လုပ်တတ်အောင် မပြောတတ်တာတွေ ပြောတတ်အောင် သင်တန်းအပတ်တိုင်း တပတ်မှမလွတ်ဘူး။
သူ ဒီမှာ သင်တန်းပေးနေတဲ့နေရာမှာလည်း လူမှုရေးနဲ့ ပတ်သက်ပြီး ဘာမှမပါဘူး။ အစ္စလာမ်ဘာသာနဲ့ပတ်သက်ပြီး ဘာမှမပါဘူး၊ Law နဲ့ပတ်သက်တဲ့ တရားမျှတမှုရှိတဲ့ဟာကိုပဲ သူလေ့လာပြီးတော့ လွှတ်တော်မှာ ပြောတတ်ဆိုတတ်အောင် အဲ့ဒါမျိုးလောက်ပဲ။ ကျနော်တို့ကလည်း သတိထား တာဝန်ပေးတာပါ၊ နည်းနည်းလည်း ရှုပ်ပြီးတော့ အသုံးချဖို့ ဘာဖို့ဆိုရင် ကျနော်တို့ ဒီဟာကို လက်မခံဘူး၊ ကိုယ့်အဖွဲ့အစည်းနဲ့ ကိုယ်စပြီးတော့ ဒီအဖွဲ့အစည်းက ဘယ်လိုဟာမျိုးကိုမှ အသုံးချခံမှာ မဟုတ်ဘူး၊ နောက်ပြီးတော့ အေးချမ်းသောနည်း၊ ငြိမ်းချမ်းသောနည်းနဲ့ လုပ်မယ်ဆိုတာ အစတည်းက အဲ့လိုမျိုးနဲ့ စထားတာရှိတယ်။ အတူတက ွနေထိုင်ဖို့ ငြိမ်းချမ်းစွာ နေထိုင်ဖို့ ဒါမျိုးတွေနဲ့ စထားတာ။ ဒီအခြေအနေအပေါ်မှာလည်း အခြေခံပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူ့ကို သဘောကျတဲ့အချက်ကလည်း မျှမျှတတ လုပ်တတ် ပြောတတ် ဆိုတတ်တဲ့ အပေါ်မှာ သဘောကျပြီးတော့ သူ့အကြံဉာဏ်လေးတွေ ယူပါတယ်။ သူ့အကြံ ဉာဏ်တခုတည်း မဟုတ်ဘူးပေါ့။ ကျနော်တို့မှာ ဥပဒေရေးရာအဖွဲ့ ရှိပါတယ်။ အဖွဲ့မှာ Law နဲ့ ပတ်သက်တဲ့အတွေ့အကြုံ ရှိတဲ့ ပုဂ္ဂိုလ်တွေရှိသလို သူ့ဘက်ကလည်း ဥပဒေကွန်ရက်က မိတ်ဆွေတွေရှိတယ်။ အပြန်အလှန် တိုင်ပင် လုပ်ကြတာတွေ များပါတယ်။
အခု သူဆုံးတာ ဒီလိုမျိုး ကြာသွားတာတော့ မကောင်းဘူး။ တလဆိုတာက တော်တော်တော့များတယ်။