“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ ဌာနချုပ်ရှိရာ ပန်ဆန်း( ပန်ခမ်း) မြို့မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကနေ ၂၄ ရက်ထိ ကျင်းပခဲ့တဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ၊ နိုင်ငံရေးဆွေးနွေးမှုတွေအပြီးမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကို ဆက်လက်မလုပ်ဆောင်တော့ဘဲ ငြိမ်းချမ်းရေးစာချုပ် သစ်ကို ဖော်ဆောင်မယ်လို့ UWSA က ထုတ်ပြန်ခဲ့ပါတယ်။
ပန်ခမ်းအစည်းအဝေးကို NCA လက်မှတ်ထိုးရေး ဆက်လက်ညှိနှိုင်းနေတဲ့ ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တက်ရောက်ခဲ့ရာ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်အင်ဘန်လက KIA ကိုယ်စားလှယ် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။
ဒါကြောင့် “ဝ” ရဲ့ ထုတ်ပြန်ချက်မှာ UNFC အကျုံးဝင်၊ မဝင်။ UNFC က NCA ကို ပစ်ပယ်၊ မပယ် စတဲ့ မေးခွန်းတွေကို ပြည်သူတွေ အပါအဝင် နိုင်ငံရေးအသိုင်းအဝိုင်းအများစုက မေးမြန်းပြောဆို နေကြရာမှာ ဧရာဝတီသတင်းဌာနမှ သတင်းထောက် နန်းလွင်နှင်းပွင့်က UNFC အထွေထွေ အတွင်းရေးမှူး ဦးခူဦးရယ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ပန်ဆန်းအစည်းအဝေးထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး UNFC ကကော ဒီအထဲမှာ ပါ သလား။ NCA ကို UNFC မသွားတော့ဘူးလားဆိုတာသိပါရစေ
ဖြေ ။ ။ ပန်ဆန်းအစည်းအဝေးကို ကျနော်တို့ UNFC ကို မဖိတ်ဘူးဆိုတာ မေးတဲ့ သူတိုင်းကို ကျနော် ပြောပါတယ်။ တသီးပုဂ္ဂလ အဖွဲ့အစည်းတွေကိုပဲ ဖိတ်တဲ့ဟာမျိုး ဖိတ်ကြားတာပါ။ UNFC ဆိုပြီး လိပ်မူပြီး ဘယ်သူ့ကိုမှ မဖိတ်ကြားပါဘူး။ အဲဒါကြောင့် ကျနော်တို့ UNFC လည်း မတက်ရောက်ပါဘူး။
မေး ။ ။ UNFC အဖွဲ့ဝင်တွေ ဖြစ်တဲ့ KIA တို့ SSPP တို့က သွားခဲ့တော့ “ဝ”ထုတ်ပြန်ချက်မှာ သူတို့က အကျုံးဝင်နေတယ်။ ဒီကိစ္စကို UNFC အတွင်းမှာ ပြောဆိုကြတာ ရှိပါသလား။
ဖြေ ။ ။ သူတို့က ကျနော်တို့နဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ သွားတဲ့ကိစ္စတွေ မဟုတ်ပါဘူး။ ဒါကြောင့် ဒီထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး UNFC ဖြစ်တဲ့ ကျနော်တို့နဲ့ ညှိနှိုင်းထားခြင်း မရှိပါဘူး။ ကျနော်တို့ UNFC ရဲ့ မူလသဘောထားနဲ့ ဆုံးဖြတ်ချက်တွေကတော့ NCA အတိုင်း ဆက်လက် ညှိနှိုင်းဆောင်ရွက်နေ ပါတယ်။ ဒါက သွားနေတဲ့ ဖြစ်စဉ်ပါ။ အခုလည်း ဒီအတိုင်းပဲ ။ တစုံတရာ ဆုံးဖြတ်ချက် အပြောင်းအလဲ မရှိမချင်းကတော့ ကျနော်တို့ UNFC ရဲ့ ငြိမ်းချမ်းရေးမူနဲ့ သွားမယ့် လမ်းကြောင်းကတော့ ဒီအတိုင်းပဲ ရှိနေပါသေးတယ်။ မပြောင်းလဲပါဘူး။ ဒီအတိုင်း ဆက်သွားပါ့ မယ်။ ဒီအတိုင်း ဆက်သွားဖို့ပဲ ရှိပါတယ်။
မေး ။ ။ ပန်ဆန်းအစည်းအဝေးသွားတက်ခဲ့တဲ့ KIA နဲ့ SSPP ကို အစည်းအဝေးကိစ္စတွေအပေါ် UNFC ထဲမှာ ပြန်မေးမြန်းတာမျိုး ရှိပါသလား။
ဖြေ ။ ။ ကျနော်တို့နဲ့တော့ ဒီနေ့ထိ ပြန်လည်တွေ့ဆုံခြင်း မရှိသေးပါဘူး။ ဒါပေမယ့် သူတို့ အမြင်သဘောထားကိုလည်း ကျနော်တို့ ရယူဖို့ ရှိပါတယ်။ အခုအခါမှာ ကျနော်ထင်တာကတော့ သူတို့ လမ်းခရီးမှာပဲ ရှိနေပါသေးတယ်။ ဒါကြောင့် တရားဝင် ဆက်သွယ်ပြီးတော့ ညှိနှိုင်းမှုတော့ မရှိသေးဘူးပေါ့နော်။ ယေဘုယျအားဖြင့်တော့ ထုတ်ပြန်ကြေညာချက်က အခြေအနေ အရပ်ရပ် အရ ထုတ်ပြန်ကြေညာလိုက်ရတယ် ဆိုတာမျိုးများ ဖြစ်နေသလားတော့ မသိဘူးပေါ့နော်။ သူတို့နဲ့ ကျနော်တို့ တရားဝင် မတွေ့ရသေးတော့ ကံသေကံမ တိတိပပ ဘာမှ ပြောလို့ မရသေးပါဘူး။
မေး ။ ။ မတ်လ ၁ ရက်နေ့ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ UNFC တွေ့ဆုံရင် ဘယ်အကြောင်းအရာတွေ ဆွေးနွေးဖြစ်ကြမလဲ။
ဖြေ ။ ။ အဓိကအားဖြင့်တော့ ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်တဲ့ ကျနော်တို့ရဲ့ အဆိုပြုမူ၉ ချက် ကိစ္စပါပဲ။ အချိန်နဲ့ တပြေးညီ ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ ပြီးမြောက်အောင်မြင်ဖို့အတွက် လောလောဆယ် ကျနော်တို့ တရားဝင် ၃ကြိမ်တွေ့ပြီးပြီ။ အလွတ်သဘော ၂ကြိမ်တွေ့ပြီးပြီ။ သို့သော် ကျနော်တို့ ဖြစ်ပေါ်တိုးတက်မှုက မရှိသလောက်ကို ဖြစ်နေသေးတယ်လို့ ပြောလို့ ရတယ်။ ကျော်လွှားရမယ့် တချို့အဆင့်တွေ ရှိနေသေးတယ်လို့ ပြောလို့ရတယ်။ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့လိုတာကတော့ မူပိုင်းနဲ့ တိုက်ရိုက် နှီးနွှယ်တဲ့ တချို့သော ညှိနှိုင်း မှုတွေကို သူကနေပြီးတော့ နည်းနည်းလေး အမြင်သဘောထား လမ်းညွှန်မှုတွေ ချပေးနိုင်မယ်၊ ရနိုင်မယ်ဆိုရင် ကျနော်တို့ ဆက်လက်ညှိနှိုင်းရမယ့် အပိုင်းတွေမှာ ပိုပြီးတော့ လွယ်ကူ မြန်ဆန် စေမယ်လို့ သုံးသပ်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ တွေ့ဖို့ ရှိတာပါ။
မေး ။ ။ UNFC အနေနဲ့ အားလုံးပါဝင်မှ NCA လက်မှတ်ထိုးမယ်လို့ ပြောထားခဲ့တယ်နော်။ လက်နက်စွန့်ပေးရမယ်လို့ ပြောကြားခံထားရတဲ့ မြောက်ပိုင်း ၃ဖွဲ့ အပေါ် တပ်မတော်ရဲ့ သဘောထား ဘယ်လို ရှိနေသေးလဲ ။
ဖြေ ။ ။ အားလုံးပါဝင်မှ ဆိုတာက ကျနော်တို့ တချိန်လုံး ပြောနေတဲ့ ကိစ္စပါ။့ ပြဿနာ အဝိုင်း အဝန်းတခုလုံးမှာ အားလုံးပါမှလည်း ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။ အဲဒါမှ တနိုင်ငံလုံး အတိုင်း အတာဆောင်မယ့် ငြိမ်းချမ်းရေးကို ပါနိုင်မယ်။ အဲဒါကတော့ နှစ်ဖက် လုံးရဲ့ အမြင်သဘောထား ထပ်တူကျတယ်လို့ ကျနော်နားလည်ပါတယ်။ မတူတာ တခုကတော့ တကြိမ်တည်းမှာ အားလုံး အတူတကွ ပါရမယ်ဆိုတာကတော့ အခက်အခဲရှိတယ်လို့ ကျနော် နားလည်တယ်။ အဲဒါကလည်း ဖြစ်နိုင်ဖို့ နည်းနည်းခက်တဲ့ အနေအထား ရှိပါတယ်။
အဲဒါကြောင့် ကျနော်တို့ဘက်က ပြောတာက အားလုံးပါဝင်ဖို့က အရေးကြီးတယ်။ တကြိမ် တည်းမှာပဲ အားလုံးအတူတကွ မပါနိုင်ရင်လည်း ပါနိုင်တဲ့ အခြေအနေတွေကို အစိုးရဘက်က ဖန်တီးပေးဖို့၊ ဖိတ်ခေါ်ပေးဖို့ အစီအစဉ်လေးတွေ ချမှတ်ပေးဖို့။ တွေ့ဆုံညှိနှိုင်း အဖြေရှာတာမျိုးကို တကယ်လက်တွေ့ လုပ်ဖို့ရယ် ။ အဲဒါကိုပဲ ကျနော်တို့က အစိုးရကို တွန်းတွန်းတိုက်တိုက်လုပ်ဖို့၊ အချိန်နဲ့ တပြေးညီ လုပ်ဖို့ ကျနော်တို့ဘက်က ပြောမှာ ဖြစ်ပါတယ်။
မေး ။ ။ UNFC အနေနဲ့ တိုင်းရင်းသားညီနောင်အဖွဲ့ချင်းအတူသွားကြမယ်လို့ မူချမှတ် ထားပေ မယ့် ဇန်နဝါရီလတုန်းက ဧရာဝတီနဲ့ AA စစ်ဦးစီးချုပ် တွေ့တော့ သူတို့မြောက်ပိုင်း ၃ဖွဲ့က “ဝ”နဲ့ အတူ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတာကို ပြောပြပါတယ်။ အခုလည်း ပန်ဆန်းညီလာခံမှာ “ဝ”က NCA ကို မသွားဘူးဆိုတာ မြောက်ပိုင်းက အဖွဲ့တွေနဲ့ တတွဲတည်း ဆွေးနွေးပြီးပြောလာတော့ ဒါက UNFC ကို အကျပ်အတည်း ဖြစ်စေပါသလား။
ဖြေ ။ ။ ကျနော်တို့နဲ့ ညှိနှိုင်းဆွေးနွေးတဲ့ အခါမျိုးမှာ အဲဒီလို အနေအထားမျိုးတွေ ပြောတာ မရှိပါဘူး။ ကျနော်တို့ အစိုးရနဲ့ ဆက်လက်ညှိနှိုင်းနေတဲ့ အခြေခံမူ တင်ပြချက် ၉ ချက်အပေါ်မှာ လည်း သူတို့( မြောက် ပိုင်း မဟာမိတ် ၃ဖွဲ့ )လည်း လိုက်ပါမယ် ဆိုတာမျိုး သူတို့ ပြောတာ ရှိပါ တယ်။ ဒါပေမယ့်လို့ ဒီတခေါက် ပန်ဆန်း အစည်းအဝေးမှာ ထွက်လာတဲ့ ထုတ်ပြန် ကြေညာချက်နဲ့ ကြည့်ရင်တော့ နည်းနည်း လွဲနေတဲ့ သဘော ဖြစ်နေတယ်။ အဲဒီတော့ သူတို့ရဲ့ ရပ်တည် ချက်က ပြောင်းလဲသွားပြီလား ဆိုတာကို ကျနော်တို့က မေးဖို့တော့ လိုပါတယ်။