ရန်ကုန်စတော့အိတ်ချိန်း ( YSX ) သည် လာမည့် မတ်လတွင် တနှစ်သက်တမ်း ပြည့်ပြီဖြစ်သည်။ ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် ကုမ္ပဏီ ၄ ခု ရှိပြီး ဈေးကွက် အခြေအနေမှာ ရှယ်ယာဈေးများ အားလုံး အကျဘက်သို့သာ ဦးနေသည့်အတွက် ရှယ်ယာ ဝယ်ယူထားများ အရှုံး ဖြစ်ပေါ်နေပြီး စိတ်ဝင်စားမှု အခြေအနေများလည်း ကျဆင်း နေရာ စတော့အိတ်ချိန်း တနှစ်တာ သက်တမ်းအတွင်း တွေ့ကြုံခဲ့သည့် ဈေးကွက် အခြေအနေ သုံးသပ်ချက်၊ အနာဂတ် ဆောင်ရွက်ချက် စသည့် အကြောင်းအရာများကို ရန်ကုန်စတော့ အိတ်ချိန်း မှ အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးနှင့် ဧရာဝတီ သတင်းထောက် မေစိုးစံက တွေ့ဆုံခဲ့ပါသည်။
မေး။ ။ ရန်ကုန်စတော့အိတ်ချိန်းနဲ့ ပတ်သက်ပြီး တနှစ်တာအတွက် ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ။ ။ ရန်ကုန်စတော့ အိတ်ချိန်းက ၁ နှစ် ပြည့်တော့မယ်။ ၁ နှစ်တာ ကာလအတွင်းမှာ ကုမ္ပဏီ ၄ ခု ဈေးကွက်မှာ အရောင်းအဝယ် လုပ်နေတယ်။ FMI၊ မြန်မာသီလဝါ၊ မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ် ဖြစ်ပါတယ်။
ရှယ်ယာ အရောင်းအဝယ် ပြုလုပ်ခဲ့တာ ၁၀ လပြည့်ပြီ။ ၁၀ လအတွင်းမှာ ရှယ်ယာ စုစုပေါင်း ၃ သန်းကျော် Secondary market မှာ အရောင်းအဝယ် ဖြစ်ခဲ့တယ်။ ငွေပမာဏအားဖြင့် ၇၅ ဒသမ ၇၆၇ ဘီလီယံ တန်ဖိုး အရောင်းအဝယ် ဖြစ်ခဲ့ ပါတယ်။ ပေါ်ထွန်းစ စတော့အိတ်ချိန်းအတွက် ဒီပမာဏက အားရစရာကောင်းတဲ့ ပမာဏဖြစ်ပါတယ်။
တချို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ စတော့အိတ်ချိန်းက ကာလတို အတွင်းမှာ ဒီလောက် ပမာဏ ဆောင်ရွက်ခဲ့တယ်ဆိုတာ ကောင်းမွန်တဲ့ အလားအလာ ဖြစ်ပါတယ်။ နောက်ဆုံး စာရင်းဝင်လာတဲ့ ပထမပုဂ္ဂလိကဘဏ် ပါလာပြီးတဲ့ နောက်ပိုင်း ဖေဖော်ဝါရီလအတွင်းမှာ တရက်ကို ပျမ်းမျှ ၁၆၄ သန်းဖိုး အရောင်းအဝယ် ဖြစ်ပါတယ်။ ရှယ်ယာအရေအတွက် အနေနဲ့ တရက်ကို ၁၄၀၀၀ ကျော်ဆိုတော့ အားရစရာကောင်းတဲ့ ပမာဏပါ။
တချို့ ရင်းနှီးမြှုပ်နှံသူတွေက အမြတ်မရတဲ့ ရင်းနှီးမြှုပ်နှံသူ တွေလည်း ရှိတယ်။ မြတ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတွေလည်း ရှိတယ်။ အဓိက ဆိုလိုတာက စတော့အိတ်ချိန်းဆိုတာ ရေရှည်ရင်းနှီးမြှုပ်နှံမှု တခုပါ။ ကာလတိုအတွင်း အရမ်းနူးညံ့တဲ့ အချိန် အတွင်းမှာ အရမ်းကြီး မြတ်ချင်ပြီး ရောင်းကြ ဝယ်ကြမယ်ဆိုရင် ဆုံးရှုံးနိုင်ချေ ရှိတယ်။ ကာလရှည် ရင်းနှီးရမယ့် ဈေးကွက် ဖြစ်ပါတယ်။
တချို့တွေက ဆန္ဒစောတယ်။ ကာလတို အတွင်းမှာ အရမ်းအမြတ်ထွက်ချင်ကြတယ်။ ရှုံးသွားတဲ့သူလည်း ရှိတယ် မြတ်သွားတဲ့သူလည်းရှိတယ်။ စတော့ဈေးကွက် သဘောကိုက စွန့်စားရမှု ရှိတယ်။ တဖက်မှာလည်း ပြန်ရမှုကောင်းတဲ့ ဈေးကွက်ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကလည်း သင်တင့်မျှတတဲ့ ဗဟုသုတရှိမယ်။ မရှိဘဲ အရောင်းအဝယ်လုပ်ရင် ရှုံးနိုင်ခြေများပါတယ်။
မေး။ ။ စတော့ဈေးကွက်က အကျဘက်ကို ဦးတည်နေတာ ဘာကြောင့်လဲ ဆိုတာ ရှင်းပြပေးပါရှင်။
ဖြေ။ ။ အဖွင့်တုန်းက ဈေးနှုန်းတွေနဲ့ ယှဉ်ရင် စတော့ဈေး ကျတယ်လို့ ယူဆလို့ရပါတယ်။ ဒါပေမယ့် အခုချိန်မှာ စတော့ဈေးက ပြန်ပြီး တည်ငြိမ်သွားတဲ့ အနေအထား ရောက်သွားတာပါ။ ပထမ အဖွင့်မှာတုန်းက ရင်းနှီးမြှုပ်နှံမယ့်သူတွေက အရောင်းအဝယ် မလုပ်တတ်ဘူး။ ပေးတဲ့ အော်ဒါတွေ လွဲတယ်။ အရောင်းအော်ဒါတွေမှာ မှားပေးတာ ရှိတယ်။ အဝယ်အော်ဒါတွေမှာလည်း မှားပေးတာရှိတယ်။ အရောင်းအဝယ်လုပ်တာ မတတ်ခဲ့တဲ့ အတွက် တက်တုန်းကလည်း မတရားကို တက်ခဲ့တယ်။ တဖက် အဝယ်ဘက်က မလိုက်လာတော့ချိန်မှာ ရှယ်ယာဈေးတွေ က ပြန်လည်ကျဆင်းသွားခဲ့တယ်။ ဒါသဘာဝပဲ။
အဓိက ရင်းနှီးမြှုပ်နှံမယ့်သူတွေ ချင့်ချိန်ရမယ်။ အရောင်းအဝယ် မလုပ်ခင်မှာ ကုမ္ပဏီ အကြောင်းကို လေ့လာရမယ်။ လက်ဦးမှု ယူချင်တာပဲရှိတယ်။ အစောဆုံး ဝယ်ချင်တယ်ဆိုတဲ့စိတ် ရှိတော့ ဆုံးရှုံးမှုတွေ ဖြစ်လာတာပေါ့။ တဖြေးဖြေး တတ်ကျွမ်း နားလည်လာရင် ဈေးကွက်က မျှတတဲ့ ဈေးကွက် ဖြစ်သွားမှာပါ။ အစောပိုင်း မသိသေးတဲ့ ကာလမှာတော့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တော့ သင်ခန်းစာရယူပြီးတော့ အနာဂတ်ကို ဘယ်လို အကောင်းဆုံးလုပ်မလဲ စဉ်းစားရမှာပေါ့။
မေး။ ။ ရှယ်ယာဈေး ဆက်တိုက်ဆိုသလို အကျဘက်ကို သွားနေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်နေ ကြပါတယ်။ ဘယ်လို ဆက်လုပ်သွားသင့်ပါသလဲ။
ဖြေ။ ။ အမြင့်ဈေးနဲ့ မိထားတဲ့သူတွေလည်း ရှိတယ်။ ပြန်အကျမှာ ဝယ်ထားတဲ့သူ တွေလည်းရှိတယ်။ အမြင့်မှာဝယ်ခဲ့တဲ့သူက အခုလို စတော့ဈေးကျနေချိန်မှာ ဆက်ဝယ်ဖို့ လိုအပ်တယ်။ အမြင့်မှာ အတက်ဈေးနဲ့ အကျမှာ အကျဈေးနဲ့ မျှလိုက်ရင် ဈေးက ကျသွားမှာပါ။
တချိန်မှာ စတော့ဈေးတက်လာချိန် ထုတ်ရောင်းရင် ရှုံးထားတာတွေ ပြန်ကာမိသွားပါမယ်။ စိတ်ရှည် လက်ရှည်နဲ့ ဈေးကွက်ကို ပါဝင်ကြဖို့ အရေးကြီးပါတယ်။ ဈေးကြီးမိလို့ ဈေးကွက်ကို မလာတော့ဘူးဆိုရင် တသက်လုံး ရှုံးသွားမှာပဲ။
မေး။ ။ ဈေးတွေ ကျဆင်းနေတော့ သက်ဆိုင်ရာ ကုမ္ပဏီတွေဘက်က ဝင်ရောက်ထိန်းပေးတယ်ဆိုတဲ့ အသံတွေထွက်နေတာရော ဟုတ်ပါသလား။
ဖြေ။ ။ ကုမ္ပဏီဘက်က ရှယ်ယာပြန်ဝင်ထိန်း နေတဲ့ဖြစ်စဉ်မျိုး မရှိပါဘူး။ ဒါက ရောင်းလိုအား၊ ဝယ်လိုအား အပေါ်မူ တည်တယ်။ ကုမ္ပဏီတခုက လုပ်ဆောင်ချက် တက်ရင် ရှယ်ယာဈေးက တက်လာမှာပဲ။ လုပ်ဆောင်ချက်ကောင်းတဲ့ နှစ်လည်းရှိမယ်။ ကျတဲ့နှစ်လည်း ရှိမယ်။ ရှယ်ယာရှင်တွေက စိတ်ရှည်ဖို့ လိုပါတယ်။
မေး။ ။ ရန်ကုန်စတော့အိတ်ချိန်းမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံသူ ဘယ်လောက်ရှိနေပြီလဲရှင့်။
ဖြေ။ ။ လွန်ခဲ့တဲ့ ၁၀ လ စတော့အိတ်ချိန်း Trading စလုပ်တဲ့ ကာလမှာ ပါဝင် ရောင်းဝယ်တဲ့ ရင်းနှီးမြှုပ်နှံသူက ၄၀၀၀ လောက်ပဲရှိတယ်။ ၁၀ လ တာ ကာလမှာ ပါဝင်ရောင်းဝယ်သူ ရှယ်ယာရှင် အရေအတွက်က ၂၀၀၀၀ ကျော် ရှိပြီ။ ပိုပြီးတော့ စိတ်ဝင်စားမှု ရှိလာတဲ့ သဘောပါ။ အရေအတွက်က လျှော့သွားမှာ မဟုတ်ဘူး။ စာရင်းဝင် ကုမ္ပဏီတွေ ပိုများလာလေ ကုမ္ပဏီနဲ့အတူ ပါလာမယ့် ရင်းနှီးမြှုပ်နှံသူတွေလည်း ပိုများလာမယ်။ ရှယ်ယာကို ပါဝင်ချင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေလည်း တိုးလာနိုင်တယ်။ အရေအတွက်က တလပြီး တလ တိုးတက်လာဖို့ပဲရှိပါတယ်။
မေး။ ။ ရှယ်ယာအရောင်းအဝယ် ပြုလုပ်ရာမှာ security counter တွေကို ပေးရတဲ့ ပမာဏကလည်း ဝန်ထုတ်ဝန်ပိုး ဖြစ်နေတယ်လို့သိရပါတယ်။
ဖြေ။ ။ အများဆုံး ၁ ရာခိုင်နှှုန်းယူတယ်။ အနည်းဆုံးက သုည ဒသမ ၅ ရာခိုင်နှုန်းယူတာ ဝန်ထုတ်ဝန်ပိုး မရှိပါဘူး။ အာဆီယံနိုင်ငံတွေမှာ ပေးနေရတဲ့နှုန်းထက်တောင် နည်းပါသေးတယ်။ တချို့မီဒီယာတွေက စွပ်စွဲတာမျိုးရှိပါတယ်။ ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် လုပ်ထားတာပါ။ နှုန်းတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် စဉ်းစားမှာပါ။ အခုက ၅ သိန်း အောက် ရှယ်ယာ အရေအတွက် နည်းနည်းလေး ဝယ်မိတယ်ဆိုရင် ကော်မရှင်ခ ၅၀၀၀ ပေးရမယ်။ ဒါတွေကို ပြန်သုံးသပ်နေတယ်။ ပြန်ပြင်ပြီးသွားရင်တော့ ဝန်ထုပ်ဝန်ပိုး မရှိတော့ပါဘူး။
မေး။ ။ စတော့ဈေးကွက်ကို စိတ်ဝင်စားမှု တော်တော်ကျနေတာတွေ ရှိလာတော့ ဘယ်လို မြင့်တင်သွားမလဲ။
ဖြေ။ ။ စိတ်ဝင်စားမှု ကျတယ်ဆိုတာ စွပ်စွဲတာပါ။ တကယ်တော့ ရန်ကုန်စတော့ အိတ်ချိန်းမှာ ရှယ်ယာရှင် အရေအ တွက်က စစချင်းမှာ ၄၀၀၀ ကျော်၊ အခု ၂၀၀၀၀ ကျော်ဖြစ်လာတယ်။ Trade Volume တွေကလည်း တရက်ကို ရှယ်ယာ အရေအတွက် ပျမ်းမျှ ၁၄၀၀၀ ကျော် အရောင်းအဝယ် ဖြစ်နေတယ်။ တရက်ကို ငွေပမာဏ အားဖြင့်ဆိုရင် သန်း ၁၆၀ ကျော် ဖြစ်နေတယ်ဆိုတော့ လူတွေ စိတ်မဝင်စားရင် လာပြီး အရောင်းအဝယ်လုပ်မှာ မဟုတ်ဘူး။
ပုဂ္ဂလိက ကုမ္ပဏီတွေ ပေါ်ပေါက်လာအောင် စည်းရုံးတွေ့ဆုံရေး၊ အများပြည်သူ ပညာပေးရေး လုပ်နေတယ်။ တဖက်က ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ ပေါ်ပေါက်လာအောင် သင်တန်းတွေ ပေးနေတယ်။
ကာလတိုတွင်းမှာ ဒီပမာဏရောက်အောင် လုပ်နိုင်တာဟာ ကောင်းမွန်တဲ့ရလာဒ် ဖြစ်ပါတယ်။ စိတ်ဝင်စားမှု ကျဆင်းတယ် ဆိုတာလည်း မဟုတ်ဘူး။ ဈေးနှုန်းကျဆင်းတယ်ဆိုတာလည်း မဟုတ်ဘူး။ အရောင်းအဝယ် ကျတယ်ဆိုတာ လည်း မဟုတ်ဘူး။ ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်ပေါ် မူတည်ပြီး ကျရင်ကျမယ် တက်ရင်တက်မယ်။ ၄ ဖက်သွားကာလမှာ ဒီလိုပဲ ဖြစ်မှာပါ။
မေး။ ။ တွေ့ရှိလာတဲ့ အားနည်းချက်တွေကို ဘယ်လို ပြင်ဆင်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ အားနည်းချက်ဆိုတာထက် စနစ်တွေပေါ့နော်။ ၁ရက်ကို ၂ ကြိမ် အရောင်းအဝယ် လုပ်တာတို့။ နိုင်ငံခြားမှာဆို အွန်လိုင်းနဲ့ သွားတယ်။ real time သွားတယ်။ ဒါတွေ ပြင်ဆင်ဖို့ပါ။ ဝန်ဆောင်ခ နှုန်းထားတွေကို ပြန်လည် ပြင်ဆင်သွားဖို့ ရှိပါတယ်။ အများပြည်သူတွေ ဒီထက် ပါဝင်လာအောင် ဆောင်ရွက်ဖို့ ရှိပါတယ်။ အခု ရန်ကုန်စတော့အိတ်ချိန်းမှာ သုံးနေတဲ့ စနစ်တွေက international system တွေပါပဲ။ systemကြောင့် အားနည်းသွားတယ်ဆိုတာ မရှိပါဘူး။