အခြေခံဥပဒေကို တပ်မတော်က ခွင့်မပြုရင် ဘယ်သူမှ ပြင်လို့မရဘူး

ထက်ခေါင်လင်း
၂ဝ၁၅ နှစ်ကုန်ပိုင်းက မော်လမြိုင်မြို့ မြစေတီပရိယတ္တိစာသင်တိုက်မှာ တွေ့ရတဲ့ မဘသ ဗဟိုအတွင်းရေးမှူး ဆရာတော် ဦးဝိမလဗုဒ္ဓိ / ဖြိုးသီဟချို / Myanmar Now
Want create site? Find Free WordPress Themes and plugins.

ဦးကိုနီလိုမျိုး အခြေခံဥပဒေ ပြင်ဆိုလိုသူတွေကို မုန်းတီးသူ၊ သတ်ချင်သူတွေ အများအပြား ရှိတယ်လို့ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ ထိပ်တန်းခေါင်းဆောင် မွန်ပြည်နယ် မြစေတီဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ က သတိပေးလိုက်ပါတယ်။

Myanmar Now သတင်းထောက် ထက်ခေါင်လင်းက မဘသ ဗဟိုအဖွဲ့ အတွင်းရေးမှူး ဦးဝိမလဗုဒ္ဓိ အား ဆက်သွယ်၍ လျှောက်ထား မေးမြန်းရာမှာ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ မဘသ အဖွဲ့ရဲ့ သဘောထား၊ တပ်မတော် အာဏာသိမ်းခြင်း၊ ဧည့်စာရင်း၊ အခြေခံဥပဒေ ပြင်ဆင်မှု မပြုရေး၊ အစိုးရသစ်ရဲ့ အုပ်ချုပ်ရေးတို့ စသည့် အကြောင်းများနှင့် ပတ်သက်တဲ့  မိန့်ကြားချက်များကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

မေး။      ။ ဦးဝီရသူရဲ့ လူမူကွန်ရက် စာမျက်နှာမှာ ဦးကိုနီကို သတ်လိုက်တဲ့ သူတွေကို ကျေးဇူးတင်တဲ့ အကြောင်း ရေးသားထားတာနဲ့ ပတ်သက်လို့ သံဃာတော် တပါးနေနဲ့ ဒီလိုမျိုး ပြောရမလား ဆိုပြီးတော့ ဝေဖန်နေကြပါတယ်။ ဘုန်းဘုန်း အနေနဲ့ရော ဘယ်လိုများ သဘောရပါသလဲ ဘုရား။

ဖြေ။      ။ သူ့ရဲ့ ပုဂ္ဂလိက အာဘော်ပဲ။ မဘသ အနေနဲ့ ပြောတာ မဟုတ်ဘူးလေ။ ဘုန်းကြီးတို့ကတော့ ဒါတွေကို ဘာမှ မဝေဖန်လိုဘူး ပေါ့။ ကိုနီနဲ့ ပတ်သက်တဲ့ လူတွေကတော့ ဘာပဲ ဖြစ်ဖြစ် အပြစ်မြင်မှာပဲလေ၊ မဟုတ်ဘူးလား၊  ဒီသဘောတော့ ရှိတာပေါ့။ ဒါပေမယ့် ဘုန်းကြီးတို့က အားလုံးအတွက် ကြေညာစာတမ်း ထုတ်ထားပြီးပြီလေ၊ ကိုနီ သေတာကိုလည်း ဒါဟာ သတ္တဝါ တဦးသေ သလို ဝမ်းနည်းတာပဲ ပေါ့။ အားလုံး သေနေကြတာပဲ မဟုတ်လား။ အသတ်ခံနေကြရတာပဲ မဟုတ်လား။ ဘုရားက မြွေဟောက်တကောင်ကို ကာလသားတွေ ဝိုင်းရိုက်တာကို ဘုရားက မကြိုက်လို့ တားခဲ့တယ် ဆိုတဲ့ပုံစံလေ၊ ဖတ်ဖူးတယ် ဟုတ်။ မည်သူတဦးဦးကို သတ်တာကမှ ဘုန်းကြီးတို့ အဖွဲ့က မကြိုက်ဘူး လေ။ ဒါ သဘောထား ကြေညာချက် ထုတ်ပြန်ထားပြီးပြီပဲ ဟာ။ ဖတ်ရတယ် မဟုတ်လား။

မေး။      ။ အခုက သူ့ရဲ့ အာဘော်ဆိုပေမယ့် သံဃာတော်တပါးအနေနဲ့ အဲဒီလိုမျိုး ပရိသတ်တွေကို အတည့်အလင်း ချပြဖို့ သင့်မသင့် ဘယ်လိုမြင်လဲဘုရား။

ဖြေ။      ။ အဲဒါတော့ ဘုန်းကြီး မပြောလိုဘူးလေ။ ဒါ သူ့ကိစ္စနဲ့သူပဲ လေ။ သေတာလည်း သူ့ကိစ္စနဲ့သူပဲ လေ။ အမှန်ကတော့၊ ဘုန်းကြီးတို့ အမြင်ကတော့ ကိုနီကို မုန်းနေတာ အများကြီး ဖြစ်နေတာကို။ သတ်ချင်တဲ့ သူကလည်း အများကြီး ဖြစ်နေတာ။ ကရင်ပြည်နယ်က DKBA တပ် တတပ်လုံးက သတ်ချင်နေတယ်လို့ ဘုန်းကြီးတို့က သိထားတယ်။ ကိုနီကိုချည်းပဲ မဟုတ်ဘူး၊ လုပ်နေတဲ့ လုပ်ငန်းက တိုင်းပြည် ချောက်ကျအောင် လုပ်နေတယ်လို့ မြင်တဲ့ ပုဂ္ဂိုလ်အားလုံးက အဲဒီလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို သတ်ချင်နေတာနော်၊ အဲဒါ သတိပေးလိုက်။

မေး။      ။ တိုင်းပြည်ချောက်ကျအောင်ဆိုတော့ ဘယ်လိုလုပ်ငန်းမျိုးလဲ ဘုရား။

ဖြေ။      ။ ယိုးဒယားကို ဒကာ အခုတလောမှာ ကြည့်လိုက်။ ယိုးဒယားမှာ ဒီမိုကရေစီဆိုတဲ့ သဘောမျိုးနဲ့ လုပ်နေပေမယ့် ကမ္ဘာမှာ ယိုးဒယားက အာဏာသိမ်းတာ အများဆုံးပဲ၊ သိမ်းပြီးရင်လည်း မူဝါဒက  နဂိုအတိုင်းပဲ သွားနေတဲ့ အခါကျတော့ အမေရိကန်က နှုတ်ပိတ်ပြီးတော့ ဒီအတိုင်း မနေနေဘူးလား။ ဗမာပြည်က အာဏာ သိမ်းလိုက်တဲ့အခါကျတော့ အမေရိကန်က သူ့မူဝါဒ အတိုင်းမလိုက်ဘဲနဲ့  ဦးနေဝင်းတို့ ဆိုရှယ်လစ်ဘက်ကို လုပ်လိုက်တဲ့ အခါကျတော့ အမေရိကန်က ကလန်တယ်လေ။ အကယ်၍ ဦးနေဝင်းသာ အမေရိကန်နဲ့ တည့်အောင် ပေါင်းနေမယ် တည့်နေတယ် ဆိုရင် ဒါဟာ သူတို့ မြှောက်စားနေမှာပဲ။

ပါကစ္စတန်မှာလည်း အာဏာသိမ်းတဲ့ ဗိုလ်ချုပ်တွေကို သူ့မူဝါဒအတိုင်း လုပ်တဲ့အခါကျတော့ လက်တွဲပြီးတော့ ဆောင်ရွက်နေတယ်။ သူ့မူဝါဒအတိုင်း လုပ်မယ် ဆိုရင် ဘယ်သူသိမ်းသိမ်း သူကြိုက်တယ်။ ကနေ့ ယိုးဒယားရဲ့ လွှတ်တော်မှာ မွတ်စလင်တွေ ရာနဲ့ချီပြီးတော့ ရောက်သွားပြီ၊ ကြားဖူူးတယ် နော်။ အခု ယိုးဒယားက မက္ကာသွားတဲ့ ကုလားတွေကို အစိုးရရဲ့ ခရီးစရိတ် ထုတ်ပေးရတဲ့အဖြစ် ရောက်သွားပြီ။ ပြီးတော့ ယိုးဒယား အခြေအနေမှာ ဓမ္မာကာယ ဂိုဏ်း ဆိုတာ ဂိုဏ်း ၂ ဂိုဏ်းထဲမှာ အဓိက ဂိုဏ်းကို အစိုးရက ဖြိုခွင်းနေတာရော ကြားလား။ ကြားတယ်မလား။ ဒီလိုစနေပြီပေါ့။

ဗမာပြည်မှာ အဲဒီအန္တရာယ်ကို ကာကွယ်ဖို့ရန် အတွက် ရှေးကတည်းက ဦးနေဝင်းတို့ လက်ထက်ကတည်းက ဘာသာခြားတွေကို ရာထူးကြီးကြီး မပေးခဲ့ဘူး။ ဗိုလ်မှူးချုပ်အေဘယ် တယောက်ပဲ အရည်အချင်းရှိလို့ နဂိုကတည်းက ဒီရာထူးနဲ့ပဲ နေတယ်။ ဒါပေမယ့် အရေးပါတဲ့နေရာမှာ မထားဘဲနဲ့ နိုင်ငံခြားဘက်မှာပဲ ထားသွားတယ်။ နောက်ထပ် နောက်ထပ် ဘယ်သူမှ ဗိုလ်မှူးကြီး မဖြစ်လာရဘူး။

ကိုနီက ခြံစည်းရိုးဆိုတဲ့ ဥပဒေကို တချောင်းချင်း တချောင်းခြင်း ဖယ်ရှားနေတယ်။ တဖြည်းဖြည်း သူ့လူတွေကို ဝင်လာနိုင်အောင် လုပ်နေတယ်။ ဒါကို ဉာဏ်မျက်စိနဲ့ မြင်အောင် ကြည့်တတ်ကြဖို့ လိုတယ်။ ဒို့ ဧည့်စာရင်းစစ်တဲ့ဟာ ကို ပထမဆုံး ဖျက်ပစ်လိုက်တယ်။ ဧည့်စာရင်း တိုင်တဲ့ နေရာမှာ ဟိုးလွန်ခဲ့တဲ့ အနှစ်၂ဝ၊၂၅ လောက်တုန်းက ၁ ကျပ်လား ပေးရတယ်၊ တို့ရွာမှာ။ နောက်ပိုင်း ဘယ်လောက်ပေးရလဲ မသိဘူး။ ဘာပဲဖြစ်ဖြစ် လူတွေက ပေးရရင် မကြိုက်ဘူးလေ။ လူတွေက ဧည့်စာရင်းကိစ္စရှုပ်တယ် ဆိုပြီးတော့၊ ဒီအကွက်ကို သူတို့က လူထုမကြိုက်ဘူး ဆိုပြီး လုပ်လိုက်တာ။ အကြောင်းပြတာ။ ဒါဖျက်လိုက်တာနဲ့ တခါတည်း  ဒီခြံစည်းရိုး တချောင်း ကျိုးတာနဲ့ တခါတည်း သူ့မွတ်စလင် ကုလားတွေ တန်းစီပြီးတော့ ဝင်လာတာ မတွေ့ဘူးလား။ ဒါက တိုင်းပြည် အလားအလာ အတွက် ဒီအတိုင်းသွားရင် မကောင်းဘူးဆိုတာ မြင်တယ်။ ဒီလောက်နဲ့တော့ မဖြစ်သေးဘူး။ တဖြည်းဖြည်း၊  တဖြည်းဖြည်းချင်း လာမယ်။  အဲဒါတိုင်းပြည် ချောက်ကျမယ့် သဘောပဲ။

မေး။      ။ အခြေခံဥပဒေက ပြင်ဆင်ဖို့ မလိုဘူးလို့ ယူဆပါသလား။

ဖြေ။      ။ လောလောဆယ်ဆယ် ပြင်ဆင်ဖို့ မလိုသေးဘူး။ ပြင်ဆင်ဖို့ ဆိုတာလည်း မရသေးဘူး။ မရသေးတဲ့ အတွက်ကြောင့် ပြင်မယ်လို့ ပြောနေတာကလည်း အမုန်းပွားတာပဲ အဖတ်တင်မယ်၊ ငါလည်း စိတ်ပူပြီးတော့ ပြောဖူးတယ်။ ဗိုလ်ချုပ်ကြီး တယောက် ပြောတယ်၊ ဆရာတော် ဘာမှ မပူပါနဲ့၊  တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်ရမည်လို့ စာကြောင်းပါတယ်။ တလောက ဆောင်းပါးမှာ ဖတ်လိုက်ရတာက အခြေခံဥပဒေ ထိန်းသိမ်းဖို့ရန် တပ်မတော်သည် အဓိက တာဝန်ရှိသည်။ ဒီလိုစာသားနဲ့ ရေးထားတာ ရှိတယ်။ ဟို ဗိုလ်ချုပ်ပြောတာကတော့ ဗမာလို ပြောချလိုက်တာပဲလေ။ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်ရမည်။ ဒီအခြေခံဥပဒေကို တပ်မတော်က ခွင့်မပြုရင် ဘယ်သူမှ ပြင်လို့ မရဘူး။ ပြင်ချင်ရင် တပ်မတော်နဲ့ သင့်လျော်အောင်ပေါင်း၊ ညှိ။ ဟုတ်ပြီလား။

အဲဒီလို ကာကွယ်ရတဲ့ အပိုင်းတွေ အများကြီး ရှိတယ်။ ဟိုကောင်တွေက ဥပဒေဆိုတဲ့ ခြံစည်းရိုးကို တချောင်းချင်း၊  တချောင်းချင်း၊ ဖြည်းဖြည်း မသိမသာ ဖြုတ်။ သူတို့က ဘာမှ နားမလည်တဲ့ လူထုကို ဘာမဟုတ်တာလေး တခုပေး၊   ဘာမဟုတ်တဲ့ တကျပ်၊  ငါးမူး သက်သာတာကို။ တကယ် သူ့လူ သူသွင်းချင်တာကိုကတော့ မြှုပ်ထားတယ်။ ဒီ့အပြင်အရေးကြီးတဲ့ဟာတွေ ရှိသေးတယ်။

အဲဒါ တိုင်းပြည် ချောက်ကျသွားမှာပဲ။ ချောက်တော့ အကျမခံဘူး။ ပြောလို့ မရရင်တော့ တို့ မျိုးချစ်လူတွေက၊  ဘုန်းကြီးတွေ ကရော လက်ခံနိုင်မှာ မဟုတ်ဘူး။ လက်မခံနိုင်ရင် တိုင်းပြည် ပွက်မယ်။ တိုင်းပြည်ပွက်လို့ အစိုးရက ထိန်းမနိုင် သိမ်းမနိုင် ဖြစ်ရင် တပ်က အာဏာသိမ်းမယ်၊  ဒီလမ်းစဉ်ပဲရှိတာ။ အဲဒီလိုဆိုရင် တို့ဒီမိုကရေစီ ဘာဖြစ်သွားမလဲ။ ငါတို့က အဲဒီ ဒီမိုကရေစီကို ပေးမပျက်စေချင်လို့။ ဒီကိုနီ မွှေနေပုံက တနေ့တော့ ဒုက္ခတော့ ပေးတော့မှာပဲ လို့၊  ဒီလိုတော့ သိတယ်လေ။

အခုသည်ပင်လျှင် တပ်မတော်က ငါတို့ အတွင်းကျကျသိထားတဲ့ အသိတခုက၊  မှားရင်လည်း မှားမယ်၊  မှန်ရင်လည်း မှန်မယ်၊  ဒီမိုကရေစီနဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် တိုင်းပြည်ကို တိုးတက်အောင် သူလုပ်နိုင် သလဲ။ သူ့လုပ်ဆောင်ချက်က တိုင်းပြည် အတွက် ဘယ်လောက်တောင် အန္တရာယ် များသွားသလဲ။ ဒါကို တပ်မတော်က စောင့်ကြည့်နေတယ်၊ လူထုက သူ့ကို တအား ယုံကြည်နေတာကို။ ကနေ့အထိတော့ တိုင်းပြည် ကသောင်းကနင်း ဖြစ်လောက်အောင် မဖြစ်သေးဘူး။ မဖြစ်သေးတဲ့ အတွက်ကြောင့် ဒီအတိုင်ပင်ခံ ဆိုင်ရာ၊  ဒီ ကိုနီတို့ လုပ်လိုက်တဲ့ အခါကျတော့၊ အခြေခံဥပဒေနဲ့မညီတဲ့ အခါကျတော့၊ တပ်မတော်က တောက်တချက် ခေါက်သွားတယ်၊ သည်းခံလိုက်တယ်၊ မလုပ်သေးဘူး၊ စောင့်ကြည့်နေတယ်။ ဒီလိုဟာ များနေရင် ပါးစပ်က တောက်ခတ်ရုံတင် မကတော့ဘဲ လက်ပါလာမယ်။ ဒါတွေကို သတိပြုမိကြရဲ့လား ဆိုတာတော့ မပြောနိုင်ဘူးလေ။ ငါတို့ကတော့ စိတ်ပူနေတယ်။

မေး။      ။ ဒီလုပ်ကြံမှုမှာ အငြိမ်းစားယူသွားတဲ့ တပ်မတော် အရာရှိကြီးဟောင်းတွေ ပါဝင်နေတယ် လို့ ယူဆသူတွေလည်း ရှိပါတယ်။ ဒီလို ယူဆချက်တွေကိုရော ဘယ်လိုထင်ပါသလဲ။

ဖြေ။      ။ ဒါကကွာ လယ်ပြင်မှာ ဆင်သွားသလိုပဲ ထင်ရှားနေတာပဲ။ ဉာဏ်မျက်စိနဲ့ ကြည့်ရင်မြင်တယ်လေ။ ဒီမိုုကရေစီကို မင်းတို့၊  ငါတို့ ပြည်သူတွေက အော်ဟစ် တိုက်ခိုက်လို့ ရလာတာမှ မဟုတ်တာ။ ဟိုတုန်းက ငါတို့ အော်ဟစ် တိုက်ခိုက်လို့ သေတာပဲ အဖတ်တင်ခဲ့တယ်လေ။ ရရဲ့လား၊  မရဘူးနော်။ နောက်ဆုံး အခြေခံ ၇ ချက် ဆိုပြီး ယိုးဒယားက ပြောလို့ ဦးခင်ညွန့်တို့က ဘာမြေပုံဆိုလဲ အဲဒါတွေနဲ့ အခြေခံတွေ ဆွဲပြီး ငြိမ်ဝပ်ပိပြားရေး လက်ထက်မှာ လေ၊ ဆွဲပြီးလို့ အားလုံး လမ်းခင်းပြီးတဲ့ အခါကျမှ ဒီမိုကရေစီ ပါတီစုံရွေးကောက်ပွဲကို ချပေးခဲ့တယ်လေ။

ချပေး လိုက်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့က ပထမအသုတ်မှာ ဝင်မပြိုင်ဘူးလေ။ အဲဒါ ဘယ်သူက မပြိုင်ခိုင်းလို့ မဝင်သလဲဆိုတာ ဒကာသိလား။ ကိုနီပါရင် လှေမှောက်တယ် ဆိုတဲ့ ဂျာနယ်တစောင်ရေးတဲ့ ဆောင်းပါး၊ ဒကာ ဖတ်လိုက်ပါ၊  အဲဒီမှာ ၆ ချက် တွေ့လိမ့်မယ်၊ နောက်ဆုံးတချက် ငါပြောမယ်၊ အဲဒီမှာ ကိုနီက အကြံဉာဏ် ပေးတယ်၊ ရွေးကောက်ပွဲနိုင်ရင်လည်း ဒေါ်စု သမ္မတ မဖြစ်ဘူး၊ အခြေခံဥပဒေ မပြင်တဲ့ အတွက်ကြောင့်။ နိုင်တော့ နိုင်မယ်၊ သမ္မတလုပ်လို့ မရဘူး။ အခြေခံဥပဒေကို အစကနေ ပြန်ရေးမယ် ဆိုတဲ့ အသံရော မကြားဘူးလား။ အဲ့ဒီမှာ ဒေါ်စုကို သူက ပြောတဲ့အခါမှာ ဒေါ်စုက သူ့အပေါ်မှာ သံသယဖြစ်တယ်လို့ တို့ကြားတယ်။ သူက မလုပ်နဲ့၊  လုပ်ရင် တပ်မတော်နဲ့ ထိပ်တိုက်တွေ့မယ် လို့ ပြောတယ် ဆိုလားပဲ။

ဦးကိုနီကိုလည်း နိုင်ငံခြား OIC ကနေ ငွေကြေးတွေ ထောက်ပံ့ပေးပြီး မင်းဒါတွေ မလုပ်သေးဘူးလား လို့ ဖိအားတွေ ပေးနေတယ်။ သူ လုပ်ပြန်တော့လည်း ဒေါ်စုတို့က လက်မခံပြန်ဘူး။ မလုပ်သေးဘူး။ ဆိုင်းထားတယ်ပေါ့။ သူ့ကို တဖက်ကလည်း ငွေအားနဲ့ ဖိအားပေး အကျပ်ကိုင်နေတော့ သူလုပ်ထားတဲ့ အလုပ်ကို စာအုပ် ရိုက်ပြီး ဝေလိုက်တယ် လေ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ဒေါပွတယ် ဆိုတာ ကြားတယ်။ ဒေါ်စုက သူနဲ့ ၃ လလောက် တန်းသွားပြီး အတွေ့မခံဘူး လို့လည်း ကြားတယ်။ ဟုတ် မဟုတ်တော့ မသိဘူးနော်၊ ကြားတာ။ အဲ့ဒီရဲ့အရှိန်နဲ့ အခုလို အသတ်ခံရတယ် ဆိုတော့ ဘယ်လိုတွေ၊  ဘယ်ဝါတွေတော့ မပြောနိုင်ဘူးပေါ့။

သတ်တာမှာ လူတယောက်သတ်တာ ဘယ်နေရာသတ်သတ် ရတာပဲ။ ဒီလောက် လက်နက်တွေ ပေါနေတာ။ လူကောင် မပေါ်ဘဲနဲ့ကို သတ်လို့ ရတာပဲ။ မင်္ဂလာဆောင်မှာလည်း သတ်လို့ရတာပဲ။ အားလုံးရရဲ့သားနဲ့ လူမြင်ကွင်း ဖြစ်တဲ့ ကမ္ဘာသိ ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှာ ဗြောင်ကြီး လုပ်ပစ်လိုက်တာက တိုင်းပြည်က ဘယ်လို ဖြစ်နေလဲ ဆိုတာကို ဉာဏ်မျက်စိ၊ ဉာဏ်နားနဲ့ နားထောင်လိုက်ရင် သိနိုင်တယ်။

မေး။      ။ ဒါဟာ ပြည်သူ ထိတ်လန့်စေအောင် ချိန်းချောက်လိုက်တဲ့ သဘောပဲလို့ ဘုန်းဘုန်းတို့ ယူဆတယ် ပေါ့။

ဖြေ။      ။ အဲ့ဒီလောက် မဟုတ်ဘူး။ ပြည်သူလူထုနဲ့ ဘာမှ မဆိုင်ဘူး။ မြန်မာပြည်ကြီးက ရန်ကုန်မှာ၊  အစောင့်ရှောက် တွေ ထူထပ်တဲ့ မင်္ဂလာဒုံမှာ မလုံခြုံတော့ဘူး ဆိုတာကို ကမ္ဘာကို လက်တွေ့ပြလိုက်တဲ့ သဘောပါ။ ကမ္ဘာက သိသွားတယ် လေ။ သေတာနဲ့ နာရီဝက်လောက်မှာပဲ နိုင်ငံခြားတခုက ချက်ချင်း ကြေညာတယ်။ သူ့ကို ကြိုးကိုင်နေတဲ့ အဖွဲ့က အရင်ဆုံး ကြေညာတာ။ အင်္ဂလိပ်လို နာမည် မမှတ်မိဘူး။ အပြင်လောကမှာ အဲ့ဒီအဖွဲ့ကပဲ သတ်ခိုင်းသလိုလို တောင် ကြားလိုက်တယ်။ သူတို့ ခိုင်းတဲ့ အတိုင်း မဖြစ်လာလို့၊ သူက အဲ့ဒီက ငွေတွေ အများကြီး ယူထားတယ်။

မေး။      ။ လုပ်ကြံတာ သူ့နောက်ကွယ်က အဖွဲ့အစည်းလို့ပဲ ယူဆတယ် ပေါ့။

ဖြေ။      ။ ဘယ်သူမှန်းတော့ မသိဘူးလေ။ တို့အပြင်မှာ ကြားနေတာက ဒေါ်အောင်ဆန်းစုကြည် ဘက်မှာ ပါနေတဲ့ အဖွဲ့အစည်းထဲက တချို့ကတောင် လုပ်တယ်လို့တောင် ကြားတာ။

မေး။      ။ ဒါဆိုလို့ရှိရင် စစ်အရာရှိဟောင်းတွေ ပါတဲ့ အဖွဲ့အစည်းက လုပ်တယ်လို့ ဘုန်းဘုန်းတို့ မယူဆဘူး ပေါ့။

ဖြေ။      ။ အဲ့ဒီဟာက နည်းနည်းတော့ ပါးတယ်။ သူတို့ အဖွဲ့ထဲမှာကို သူချယ်လှယ်နေတာကို မကြိုက်တဲ့သူ အများကြီး ရှိတယ်။ တိုင်းပြည် တခုလုံးကို တဦးတည်း ကြိုးကိုင်ပြီး မွှေနေတယ် ဆိုတော့…။ သူတို့ထဲမှာလည်း တိုင်းပြည်ကို တကယ်ချောက်ကျသွားမှာ ကြောက်တဲ့သူ အများကြီး ရှိတယ် လေ။ ဗြောင် မပြောရဲတဲ့ သူတွေလေ၊ ဗြောင် ပြောရင် ဘေးရောက်သွားမယ် လေ။ ဒီလိုတွေရော မရှိနိုင်ဘူးလား၊ အများကြီးပဲ။ သိမ်မွေ့တယ် လေ။ အဲ့ဒီလိုတွေ အများကြီး အန္တရာယ် ဖြစ်လာနိုင်ရင်တော့ ဒီလိုရှင်းပြစ်မယ် ဆိုတာတွေ လာလိမ့်ဦးမယ်။ နောက်ထပ် ဘယ်သူတွေ ဘာထပ်ဖြစ်မလဲ ဆိုတာတော့ မပြောနိုင်ဘူး။

မေး။      ။ ဒါဆို နောက်ထပ် ဒီလိုတွေ ထပ်ဖြစ်နိုင်သေးတယ် လို့ ယူဆပါသလား။

ဖြေ။      ။ ဘယ်သူတွေ ဘယ်လိုထပ်ဖြစ်မယ် ဆိုတာ မသိနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း လုံခြုံရေး တင်းတင်းကျပ်ကျပ် နေထိုင်သွားလာဖို့၊  ကျန်တဲ့ပုဂ္ဂိုလ်တွေလည်း ဒီတိုင်းပဲပေါ့လေ။ တို့က ဘယ်သူ့ကိုမှ၊  အရေးကြီးတဲ့ သူတွေကို ဘာမှ ထပ်မဖြစ်စေချင်ဘူး။

မေး။      ။   နောက်ထပ် ဖြစ်လာနိုင်ခြေ ရှိတယ် ဆိုတော့ NLD ရဲ့ ဥပဒေအကြံပေးတွေ လွှတ်တော် ကိုယ်စားလှယ် ထဲမှာလည်း အစ္စလမ်ဘာသာဝင် မရှိဘူး။ ပါတီရဲ့ ဗဟိုကော်မတီဝင်တွေမှာလည်း မပါဘူး။ အဲ့ဒီတော့ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ ပါတီထဲက ကြိုးစားနေတဲ့ ဗုဒ္ဓဘာသာဝင် တယောက် ဖြစ်လာနိုင်တယ် လို့ ယူဆသလား။

ဖြေ။      ။ အခြေခံဥပဒေကို အဲဒီလိုပဲ လုပ်လာပြီးတော့ ကိုးရိုးကားယားပေါ့…၊ ဥပမာ ဦးကိုနီလိုပဲ မွှေလာမယ့်သူ ရှိလာရင်တော့ သတ်မယ့်လူလည်း ပေါ်လာဦးမှာပဲ။ တိုင်းပြည် ထိတ်လန့်ရင် ဗုဒ္ဓဘာသာပဲ ဖြစ်ဖြစ်၊  ဘာပဲ ဖြစ်ဖြစ် ရှင်းကြမှာပဲ။ တိုင်းပြည် ဒုက္ခရောက်သွားမယ် ဆိုရင်။

မေး။      ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်နေတာ သိမ်မွေ့တယ်။  ဒါပေမယ့် တချိန်မှာ သူကိုယ်တိုင် ထုတ်ပြောမယ်၊  ပါတီဗဟိုအလုပ်အမှုဆောင်တွေကလည်း အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ထုတ်ပြောမယ် ဆိုရင် သူတို့လည်း အန္တရာယ် ရှိနိုင်တယ် ပေါ့။

ဖြေ။ ။ ကိုးရိုးကားယား ဖြစ်မယ့် အနေအထား ဆိုရင်တော့ အန္တရာယ် ရှိနိုင်တာချည်းပဲ လေ။ အားလုံး အန္တရာယ် ရှိနိုင်တာပေါ့။ တို့လည်း အန္တရာယ် ရှိတာပဲ။ သွားရင် အစောင့်အရှောက်နဲ့ သွားနေရတာပဲ။ ကုလားရဲ့အန္တရာယ်ပေါ့။ အန္တရာယ်ကြီးတာနဲ့ ငယ်တာပဲ ကွာတာ။ အဲဒါကြောင့် ငါတို့က ဘယ်သူ့ကိုမှ ဘာမှ မပေးဖြစ်စေချင်တာ အမှန်ပဲ။ တို့ အဖွဲ့အစည်းက ဘယ်လုပ်ကြံမှုကိုမှ အားမပေးဘူးလေ။ အားလုံး အေးအေးဆေးဆေး ဖြစ်စေချင်တယ်။ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ဒီမိုကရေစီပန်းတိုင်ရောက်အောင်ပေါ့။

အခုက ပန်းတိုင်မရောက်သေးဘဲ အစမှာပဲ ချာလပတ်လည်နေတယ်။ တို့ကတော့ တကယ် တိုင်းပြည် ကောင်းစေ ချင်တာ။ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက ငါတို့ညီလာခံမှာ ပြောခဲ့တာပဲ၊ တွဲပြီးတော့ တကယ် အုပ်ချုပ်။ ကျွမ်းကျင်တဲ့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တကယ်တော်တဲ့သူနဲ့ ၃ ပုံ ၁ ပုံ၊  ဒါမှမဟုတ် ၃ ပုံ ၂ ပုံ ပါဝင်ပြီး တွဲအုပ်ချုပ်သွားရင်၊  တဖြည်းဖြည်းနဲ့ ဟိုပုဂ္ဂိုလ်တွေကို ဘေးဖယ်ဖယ်သွားရင် ကိုယ်လည်း အုပ်ချုပ်ရေး တတ်သွား မယ်။ အခုက အုပ်ချုပ်ရေး မတတ်တဲ့သူက အစိုးရဖြစ်နေတယ်။    ။

Did you find apk for android? You can find new Free Android Games and apps.
Loading