လိပ်ကျွန်း အမှုမှာ ငါတို့ လုပ်ချင်သလို လုပ်မယ်ဆိုတာမျိုး ဖြစ်နေတယ်

ကျော်ခ
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေးအဖွဲ့ တာဝန်ခံ ဦးကျော်သောင်း / ကျော်ခ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ အတွက် အယူခံဝင်ခွင့် ရခဲ့ပေမယ့် အယူခံ တရားရုံးကလည်း မူလ စီရင်ချက်အတိုင်း သေဒဏ် အဖြစ် ထပ်မံ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီအမှုမှာ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် အခင်းဖြစ်ပွားစဉ် ကာလကတည်းက လိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေးအဖွဲ့ တာဝန်ခံ ဦးကျော်သောင်း ကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။

မေး  ။    ။  လိပ်ကျွန်းအမှုနဲ့ ပတ်သက်ပြီး အယူခံတရားရုံးက ထပ်ပြီးတော့ သေဒဏ်ကို အတည်ပြုလိုက်တယ်လို့ ကြားသိရပါတယ်။ ဘယ်လိုဖြစ်ခဲ့သလဲ ဆိုတာကို ရှင်းပြပေးစေချင်ပါတယ်။

ဖြေ  ။    ။  ကျနော်တို့လည်း ထိုင်းသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေရဲ့ တင်ပြချက်တွေ အရသာ သိလိုက်ရတယ်။ သတင်းတွေ တက်လာလာချင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးကို ဖုန်းဆက်တယ်။ မရဘူး။ မရဘူးဆိုတာ ဖုန်းကို မကိုင်တာ။ ဒီအမှုမှာ မြန်မာနိုင်ငံသား နှစ်ဦးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေများကောင်စီကို ဖုန်းဆက်တော့ သူတို့လည်း မသိလိုက်ရဘူးတဲ့။

ဒါကြောင့် ဒီအမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ ရှေ့နေကြီး ဦးအောင်မျိုးသန့်နဲ့ ပြောကြတဲ့ အခါမှာ ဒီကိစ္စကတော့ ဥပဒေနဲ့ မညီဘူးလို့တော့ ပြောလို့ မရဘူးပေါ့နော်။ ဒါပေမယ့် နှစ်နိုင်ငံ အစိုးရအဆင့် လုပ်နေတဲ့ကိစ္စ ဖြစ်တဲ့အတွက် ထိုင်းရှေ့နေများ ကောင်စီလည်း ပါနေတော့ အကျိုးအကြောင်းသင့်တော့ ပြောသင့်တယ်ပေါ့။ အဲဒီလောက်ပဲ ကျနော်တို့ဘက်က သုံးသပ် ကြတာပေါ့။

သတင်းတွေထဲ ပါလာချက်အရ အမှတ် ၈ ပြည်နယ်ရဲတပ်ဖွဲ့က ၂၃ ရက်နေ့က သွားပြီးတော့မှ ဒီကလေးတွေကို ဘာသာပြန် မပါဘဲနဲ့ သွားပြီး အောက်ခြေတရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း အတည်ဖြစ်တယ်။ အယူခံရုံးက ပယ်ချတယ်။ အရင်အတိုင်း ရှိတယ်လို့သာ သွားပြောတယ်လို့သာ ပြောပြီးတော့ ဘယ်နေ့၊ ဘယ်ရက်က သွားဖတ်ပြတယ်ဆိုတာ မပါဘူး။

မေး  ။    ။  ဆရာတို့ ကော်မတီအနေနဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး ဘယ်လိုရှေ့ဆက်ဆောင်ရွက်ဖို့ရှိပါသလဲ။

ဖြေ  ။    ။  မနေ့က သမ္မတရုံးရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်ကို ကျနော်တို့ လိပ်ကျွန်း အထူး စုံစမ်းရေး ကော်မတီအနေနဲ့ ညနေဘက်မှာ စာပို့တယ်။ ပို့တယ်ဆိုတာက ဒီအမှုက ထိုင်းဥပဒေအရ တလအတွင်း ကျနော်တို့ဘက်က မြန်မြန်ဆန်ဆန် တရားလွှတ်တော်ကို တင်နိုင်ဖို့လိုတယ်။ ခက်တာက ပြဿနာက ဘာလဲဆိုတော့ ဒီကော်မတီကို ၂၀၁၄ အောက်တိုဘာ ၃ ရက်နေ့မှာ အဲဒီတုန်းက သံအမတ်ကြီး ဦးဝင်းမောင်က ဦးဆောင်ပြီးတော့ လိပ်ကျွန်းအထူးစုံစမ်းရေး ကော်မတီဆိုပြီး ဖွဲ့ခဲ့တယ်။

ဦးဝင်းမောင်က သူ့ရဲ့ တာဝန်ချိန် ပြီးသွားတဲ့ အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ပြန်သွားပြီ။ ပြန်သွားချိန်မှာ ဦးဝင်းမောင် က လိပ်ကျွန်းကော်မတီနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို ခေါ်ပြီးတော့ တွေ့တာမျိုး၊ လက်ရှိ ကျန်နေခဲ့တဲ့ သို့မဟုတ် အသစ်ရောက်လာတဲ့ သံအမတ်၊ သံမှူး၊ သံမှူးကြီး အစရှိသဖြင့် နိုင်ငံဝန်ထမ်း တယောက်ယောက်နဲ့ ဒီကော်မတီကို လွှဲပြောင်းပြီး တာဝန်ပေးခဲ့တာမရှိဘူး။ ဒါကြောင့် အဲဒီကတည်းက ကျနော်တို့က စိုးရိမ်နေတယ်။

ဒါကြောင့် မနေ့က သတင်းတွေ တက်လာပြီးတဲ့နောက်မှာ ဘန်ခဝမ်ထောင်မှာ ရှိနေတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို သွားရောက် အားပေးစကားပြောဖို့ ချက်ချင်း လိုအပ်တယ်။ မိဘတွေကိုလည်း အကြောင်းကြားဖို့ လိုအပ်တယ်။ ဒါပေမယ့် ခုနက ပြောသလို အစိုးရ အဆင့်က နာမည်တပ်ပြီးတော့မှ တရားဝင် ထိုင်းနိုင်ငံရဲ့ ပြည်ထဲရေး ဌာနတို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို စာပို့ဖို့အတွက် ခေါင်းတင်မယ့်လူ၊ တာဝန်ယူမယ့်လူ သံရုံးမှာ မရှိဘူး။ သံရုံးက ဖုန်းတောင်မကိုင်ဘူး။

ဒါကြောင့် ဒီကိစ္စကို အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ဖို့ ဒီကော်မတီမှာ နိုင်ငံဝန်ထမ်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သံအမတ်ကို ထားမလား၊ သံမှူးကိုထားမလား၊ သံမှူးကြီးကို ထားမလား ဘယ်သူ့ကို ထားမလဲ၊ သို့မဟုတ် ဒီကော်မတီကို သဘောမကျဘူး ဆိုရင်လည်း အသစ်ပြန်ပြောင်းဖို့အတွက် ဒီရက်ပိုင်းအတွင်းမှာ အမြန်ဆုံး ဆောင်ရွက်သင့်တယ်ဆိုပြီးတော့ မနေ့ညနေက နိုင်ငံခြားရေးဝန်ကြီးဌာနကိုရော သံရုံးရယ်၊ စစ်သံရုံးရယ်က တဆင့် ကျနော် စာပို့လိုက်တယ်။

မေး  ။    ။  ဒီအမှုမှာ မြန်မာနိုင်ငံသား နှစ်ဦးဘက်က အဓိက လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ အဖွဲ့ ဘက်ကရော ဒီအမှုနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတာမျိုး ပြောတာရှိလဲဗျ။

ဖြေ  ။    ။  ရှေ့နေများ ကောင်စီကပြောတာကတော့ နောက်ဆုံးအဆင့်တဆင့်ကိုတော့ လုပ်စရာရှိတာ လုပ်ကြတာပေါ့။ စိတ်ဓာတ် မကျပါနဲ့ ဒါတော့ ငါတို့ ပြီးအောင်အထိ လုပ်ကြမယ်ဆိုပြီးတော့ အားပေးစကား ပြောတာပေါ့။ ကျနော်တို့ကလည်းပဲ အရင်ကတည်းက ဘယ်အဆင့်တွေ ကျန်သေးတယ်ဆိုတာ သိပြီးသားဖြစ်တဲ့အတွက် ရှေ့နေတွေနဲ့ ကျနော်တို့က သံရုံးအဖွဲ့တွေ နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က ဘာစာထွက်လာမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ လာမယ့် အပတ် လုပ်ငန်းစဉ် ဆက်လုပ်မယ်ဆိုတာကိုတော့ အကြမ်းအားဖြင့် ပြောထားကြတယ်။

မေး  ။    ။  ဒီအမှုကို အယူခံဝင်ခွင့် ရပြီးတဲ့နောက် အမှုနဲ့ဆိုင်တဲ့ ကွဲလွဲချက်တွေကို ထောက်ပြတဲ့ အခါမှာ အားသာချက်တွေ ရှိခဲ့တယ်လို့ ဆိုတယ်။ အဲဒီလိုမျိုး အနေအထားကနေ အခုလိုဖြစ်သွားတာက ဘာကြောင့်လို့ ယူဆပါသလဲ။

ဖြေ  ။    ။  နိုင်ငံခြားသား နှစ်ယောက်ကို အကယ်၍သာ ထိုင်းလူမျိုးတွေက သတ်ပါတယ်လို့ ပေါ်သွားရင် ထိုင်းနိုင်ငံအတွက် တတိယအဆင့် ဝင်ငွေ ဖြစ်နေတဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းကို ထိခိုက်သွားမယ်။ ဧည့်သည်ကို အိမ်ရှင်က သတ်တယ်ဆိုတဲ့ အမည်းစက်ကြီး ဖြစ်သွားမှာကို ထိုင်းတွေက ကာကွယ်တယ်။ ဥပမာ တရားခံနဲ့ ပတ်သက်ပြီး ဘယ်သူ၊ ဘယ်ဝါ ဆိုတာ ထိုင်းသာမက မြန်မာအသိုင်းအဝိုင်းကရော ပြောနေကြတာပဲ။ ဟုတ်သလား။ မဟုတ်ဘူးလား ဆိုပြီးတော့ စုံစမ်းစစ်ဆေးတဲ့ အပိုင်း၊ တရားရုံးအပိုင်းက အမှန်တရားဘက်က ချဉ်းကပ်ခဲ့တာ မတွေ့ရဘူး။နာမည်ကျော် DNA ပညာရှင် ဒေါက်တာဖွန်ထစ်လို ပညာရှင်တယောက်က ထောက်ပြခဲ့တဲ့ အချက်ကိုတောင်မှ မရှင်းတတ်ခဲ့ဘူး ဆိုရင် ဒီအမှုကတော့ ဒီအတိုင်းဖြစ်ရမယ်ဆိုတဲ့ တခါတည်း အပြီးသတ် ထုတ်ထား၊ ပိုးထားတဲ့ သဘောမျိုးကို ကျနော်တို့ တွေ့ရတယ်ဗျ။ ဒီလိပ်ကျွန်း အမှုမှာ ငါတို့လုပ်ချင်သလို လုပ်မယ်ဆိုတာမျိုး ဖြစ်နေတယ်။

မေး  ။    ။  အယူခံမှာ မြန်မာနိုင်ငံသား နှစ်ယောက် လွတ်မြောက်ရေးအတွက် အမှုမှာ ကွဲလွဲချက်၊ အားနည်းချက် အချက် အလက်တွေကို တင်ပြခဲ့တယ်ဆိုပေမယ့်။ တင်ပြချက်တွေမှာ အားနည်းလို့ အခုလို ဖြစ်သွားတယ်လို့ရော ပြောလို့မရဘူးလားဗျ။

ဖြေ  ။    ။  မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ဘူးဆိုတာက နေပြည်တော် ဥပဒေချုပ်ရုံးရယ်၊ CID ရယ်လာပြီးတော့မှ ကျနေ်ာရယ်၊ ဦးအောင်မျိုးသန့်ရယ် ဘန်ကောက်က မြန်မာသံရုံးမှာ နေ့ရော ညပါ၊ ဘာသာတွေပြန်ပြီးတော့ လုပ်လိုက်ကြတယ်။ မြန်မာနဲ့ ထိုင်း ဥပဒေကြားက လစ်ဟာချက်၊ ကွဲလွဲချက်တွေကအစ သေသေချာချာ လုပ်ခဲ့ကြတယ်။ နောက်တခု အားကောင်းတာက ထိုင်းဥပဒေ အကြောင်းကို နှံ့နှံ့စပ်စပ် ကျွမ်းကျင်တဲ့ ထိုင်းရှေ့နေများကောင်စီ လည်းပါတယ်။ ကျနော်တို့ဘက်က အချက်အလက် တွေက အရမ်းကိုကောင်းတယ်၊ ခိုင်မာတယ်။

သို့သော် မင်းတို့ဟာ ဘယ်လောက်ပဲ ကောင်းကောင်း ငါတို့ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုး အဆုံးသတ်သွားတာ တွေ့ရတယ်။ ဥပဒေကြောင်းအရသာ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံသား နှစ်ယောက်ဟာ ဒီလူသတ်မှုကို လုံးဝ မကျူးလွန်တာ ကျနော်တို့ဘက်က အခိုင်အမာနီးပါးကို တင်ပြနိုင်ခဲ့တာပေါ့။

မေး  ။    ။  ဒီအမှုနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းနိုင်ငံ ထိပ်ပိုင်း အာဏာပိုင်ပုဂ္ဂိုလ်တွေနဲ့ တွေ့တဲ့အခါမှာလည်း ပြောဆိုတာတွေ့ခဲ့ရပေမယ့် အခုလို လုပ်ဆောင်ချက်အပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ  ။    ။  အရင်အစိုးရ လက်ထက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ လာခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း လာခဲ့တယ်။ ထိုင်းဘက်က တပ်ပိုင်းဆိုင်ရာ အကြီးအကဲ၊ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးတို့နဲ့ တွေ့တိုင်း ဒီကလေး နှစ်ယောက်အတွက် ပြောတာဆိုတာတွေကို ကြားသိရတယ်။ ဒါပေမယ့် ဒီနိုင်ငံတော်အဆင့် လူကြီးတွေ ပြောတာ၊ လုပ်တာတွေကို ထိုင်းတရားရုံးဘက်က၊ တစုံတရာ၊ ထည့်သွင်းစဉ်းစား၊ ဂရုစိုက်တာ မရှိဘူးဗျ။ အဲဒီလို နှစ်နိုင်ငံ ရွှေလမ်း ငွေလမ်း ဖောက်ပြီးတော့မှ အပြန်အလှန်၊ လေးစား ဂရုစိုက်မှုကိုတော့ ထားလိုက်ပါဦး။ ဥပဒေ အကြောင်းအရ ကျနော်တို့ဘက်က ခိုင်မာ၊ ရေရာ၊ သေချာတဲ့ အချက်အလက်တွေ တင်ပြတာတို့၊ သူတို့နိုင်ငံသူ ဖြစ်တဲ့ ဒေါက်တာ ဖွန်ထစ်ရဲ့ DNA တင်ပြချက်တွေကို တောင်မှ မစဉ်းစားခဲ့ဘူးဆိုတော့ ထိုင်းနိုင်ငံရဲ့ တရားရေးဟာ ဒီအမှုအခင်းအပေါ်မှာ တော်တော်ကို စိတ်မချမ်းမြေ့စရာ မြင်ရတယ်။

မေး  ။    ။  ဒီကိစ္စအပေါ်မှာ ဖြည့်စွက်ပြောကြားချင်တာ ရှိရင်လည်း ပြောပေးပါဦး။

ဖြေ  ။    ။  ထိုင်းနိုင်ငံ အတွင်းမှာ သန်းနဲ့ချီရှိနေတဲ့ မြန်မာအလုပ်သမားတွေကို လူထုရွေးချယ် တင်မြောက်ထားတဲ့ NLD အစိုးရနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့က ဒီအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် အလုပ်သမား သံအရာရှိ ပို့ထားပါတယ်ဆိုတဲ့ အရင်တုန်းက အပြော၊ အမြင်လောက်နဲ့ ဒီအလုပ်သမားတွေကို ဥပက္ခာ ပြုမထားပါနဲ့။ အစိုးရအနေနဲ့ တိုင်းတပါး ရောက်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားကို ကိုယ့်မိဘသဖွယ် လိုက်လံ စောင့်ရှောက်ခြင်း မရှိသရွေ့ ကာလပတ်လုံး တနေရာမှာ မြန်မာ အလုပ်သမား တယောက် အသတ်ခံရတယ်။ တနေရာမှာ အဓမ္မပြုကျင့် ခံရတယ်။ တနေရာမှာ လုပ်ငန်းခွင် ထိခိုက်လို့ သေသွားတယ်။ မတရား စွပ်စွဲဖမ်းဆီး ထောင်ချခံနေရတာ တွေက စိတ်မချမ်းမြေ့စရာ ဖြစ်နေမှာဘဲ။

Did you find apk for android? You can find new Free Android Games and apps.
Loading