မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်သည်။ အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ဂုဏ်ပြုရန် ရည်ရွယ်ကာ သတ်မှတ်ထားသည့် ယနေ့တွင် မြန်မာနိုင်ငံရှိ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုပ်ငန်းခွင် အသီးသီးတွင် အမျိုးသားများနှင့် တန်းတူ ရပ်တည်ကာ လုပ်ကိုင် ဆောင်ရွက်နေသည့် အမျိုးသမီးများကို ၎င်းတို့၏ ရပ်တည်ချက်၊ အခက်အခဲ၊ တန်းတူညီမျှမှု၊ အခွင့်အရေး စသည့် အခြေအနေများအပေါ် ဧရာဝတီ သတင်းဌာနမှ သတင်းထောက်များက ဆက်သွယ် မေးမြန်းထားပါသည်။
ဒေါက်တာလဲ့လဲ့မော် ( တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်)
ကျမတို့အမျိုးသမီးတွေကို ရှေ့တန်းရောက်စေချင်တဲ့ ဆန္ဒရှိပေမယ့် အခုလောလောဆယ် ဖြစ်ချင်တဲ့ ဆန္ဒအတိုင်းတော့ မဖြစ်လာနိုင်သေးဘူး။ အမျိုးသမီးတွေဟာ ခုအချိန်မှာဆိုရင် နောက်တန်းမှာပဲ ရှိနေတုန်းဆိုတော့ ဒါကို သိပ်စိတ်တိုင်းမကျ ပေမယ့် ကျမအတွက်တော့ အမျိုးသမီးတယောက်ဖြစ်လို့ဆိုတဲ့ စိန်ခေါ်မှုမျိုး အခက်အခဲမျိုး မရှိပါဘူး။ ဒီမှာလည်း အဲဒီ လောက်ကြီး အမျိုးသားနဲ့အမျိုးသမီး ခွဲခြားဆက်ဆံတာတွေ မရှိဘူး။
ပြဿနာတွေရှိလာရင်လည်း တွေ့ဆုံညှိနှိုင်းအဖြေရှာတဲ့နည်းကိုပဲ ကျမတို့ အသုံးပြုတယ်။ တယောက်နဲ့တယောက် တွေ့ဆုံ ညှိနှိုင်းပြီး ကိုယ်ပေးနိုင်တာကို ပေးမယ်။ သူတို့ဘက်ကလည်း လိုချင်တာကိုတောင်းမယ်။ တယောက်နဲ့တယောက် ညှိနှိုင်း အဖြေရှာတယ်။
ကျမ အမျိုးသားကလည်း နိုင်ငံရေးသမားပဲဆိုတော့ နားလည်ပေးပါတယ်။ အသက်ကြီးပြီဆိုတော့ တယောက်နဲ့တယောက် ဖေးမပြီး သူလိုချင်တဲ့အတိုင်းအတာ ကိုယ်လိုချင်တဲ့အတိုင်းအတာကို ညှိနှိုင်းပြီးဆောင်ရွက်တဲ့ အတွက် မိသားစုအပေါ် ပျက်ကွက်မှုမရှိသလို အခက်အခဲပြဿနာလည်း မရှိပါဘူး။
ကျမတို့ အမျိုးသမီးတွေ ရှေ့တန်းရောက်လာအောင် အမျိုးသမီးထု တရပ်လုံးအနေနဲ့ ပိုပြီးကြိုးစားရမယ်။ အမျိုးသားနဲ့ အမျိုးသမီး တန်းတူရည်တူ ဆက်ဆံဖို့အတွက် ကျမတို့ အမျိုးသမီးတွေက ပိုပြီးအလုပ်လုပ်ရမယ်လို့ပဲ ပြောချင်ပါတယ်။
ဒေါ်စံပယ်အောင် (Nature Dream ခရီးသွားလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ)
”ကျမတို့ရဲ့ ခရီးသွားလုပ်ငန်းက အရမ်းကြီးအောင်မြင်နေတဲ့ ခရီးသွားလုပ်ငန်းတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ခရီးသွားလုပ်ငန်းတွေက လုပ်ငန်းငယ်လေးတွေ အဆင့်မှာပါ။ ဒါပေမယ့် အမျိုးသမီး တယောက်အနေနဲ့ တည်ထောင် ပြီးတော့ ဈေးကွက်ခိုင်ခိုင်မာမာ ရပ်တည်ရရှိနေတဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ အဓိကတော့ မြန်မာနိုင်ငံကို ရုရှားလူမျိုးတွေ လာရောက်လည်ပတ်တဲ့ နေရာမှာ စီစဉ်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ ခရီးသွား ကဏ္ဍမှာ ဦးဆောင်လူပ်ရှားနေပြီး လာရောက်လည်ပတ်တဲ့ ရုရှားခရီးသွားလုပ်ငန်း ဈေးကွက် ရှယ်ယာမှာ ၆၀ ရာခိုင်နူန်းလောက် စိန်ခေါ်မှု အနေနဲ့က အမျိုးသမီး ခရီးသွားလုပ်ငန်းရှင် ဖြစ်တယ်။ တံခါးပိတ်ဝါဒပိုင်းမှာ စီးပွားရေး စလုပ်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ခရီးသွားလုပ်ငန်း အနေအထားကလဲ အခြေအနေ ပေါင်းများစွာနဲ့ နိုင်ငံမတည်ငြိမ်တာနဲ့အမျှ ခရီးသွားလုပ်ငန်းက တက်လိုက်၊ ကျလိုက် ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ကျမတို့က ရုန်းကန်လူပ်ရှားရင်းနဲ့ မဆုံးရူံးအောင် လုပ်ရပါတယ်။ ခက်ခဲတဲ့ အချက်က Banking ကိစ္စတွေပါပဲ။ ဒီနေရာမှာ တခြားနိုင်ငံက ခရီးသွားလုပ်ငန်းရှင်တွေလို အစိုးရက ငွေကြေးထောက်ပံ့တာမရှိဘူး။ ဘဏ်လုပ်ငန်းတွေကနေ ငွေချေးလို့မရဘူး။ မြန်မာနိုင်ငံမှာ လုပ်ရတဲ့အခါ ပုဂ္ဂလိကတွေကို စည်းရုံးသိမ်းသွင်းပြီးတော့ ကိုယ့်ရဲ့ လုပ်ငန်းမှာ ပါဝင်လာအောင် ငွေကြေးရင်းနှီးမြုပ်နှံလာအောင် လုပ်ဆောင်ရတဲ့ အခက်အခဲက တော်တော်ကို ကြီးမားပါတယ်။ ဒီလိုပဲ ရုန်းကန် လူပ်ရှားနေရတာပဲလားဆိုတော့ မဟုတ်ပါဘူး။ ကျမတို့မှာ အားသာချက်တွေလဲ ရှိပါတယ်။ အမျိုးသမီးတယောက်ဖြစ်တဲ့အတွက် အမျိုးသားတွေ မရနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိတယ်။ လူပုံအလယ်မှာဆိုရင်၊ နိုင်ငံတကာကို သွားရင် ကျမတို့က အမျိုးသမီး ဖြစ်တဲ့အတွက် ဦးစားပေးတာမျိုးတွေ ရှိတယ်။ ကိုယ့်မှာ အရည်အသွေးရှိရင် ရှိသလို ထုတ်ပြလို့ရတယ်။ အမျိုးသမီး လုပ်ငန်းရှင် ဖြစ်တဲ့ အတွက် လုပ်ငန်းခွင် ဝန်ထမ်းတွေနဲ့ လုပ်ကိုင်ရတဲ့အခါမှာ ပျော့ပျောင်းတဲ့အတွက် ပျော်ပျော်ရွင်ရွင် လုပ်ကိုင်နိုင်တယ်။ ဝန်ထမ်းတွေ ကြာကြာမြဲတယ်။ အမျိုးသမီးတွေရဲ့ စိတ်ရှည်မှုနဲ့ သပ်သပ်ရပ်ရပ် လုပ်နိုင်ပါတယ်။ နောက်ပြီး ဈေးကွက်တင် ရောင်းချရတဲ့အခါကျတော့လည်း မြန်မာအမျိုးသမီးဝတ်စုံက ကျမတို့အတွက် စိတ်ဝင်စားစရာဖြစ်တယ်။ ဒါကတော့ ကျမတို့ ခရီးသွားလုပ်ငန်းရှင်တွေ ရင်ဆိုင်ရတဲ့ အားသာချက် နဲ့ အခက်အခဲတွေပါပဲ။
ဒေါ်သီတာ (Glory organic Juice ထုတ်လုပ်သူ )
ကျမတို့က အော်ဂဲနစ်နဲ့ ပတ်သက်ရင် စိုက်ပျိုးရေး အပိုင်း၊ ထုတ်ကုန်အပိုင်း၊ ဈေးကွက် အပိုင်း ရှိတယ်။ ကျမက ဒီသုံးခုစလုံးနဲ့ ရင်ဆိုင်နေရတယ်။ ကျမက ထုတ်ကုန်အနေနဲ့ အော်ဂဲနစ် ဖျော်ရည် ထုတ်ထားပါတယ်။ သဘာ၀ ဖျော်ရည်မျိုးတွေပေါ့။ အော်ဂဲနစ်ဈေးကွက်အပိုင်းမှာလည်း ဈေးကွက် ဦးဆောင်သူ အနေနဲ့ လုပ်ကိုင်ပါ တယ်။ အပတ်စဉ်တိုင်း မြေပဒေသာကျွန်းမှာ ရောင်းချတာ အခုဆို ၂ နှစ်ရှိပြီ။ organic family အနေနဲ့ ရန်ကုန်၊ မှော်ဘီနဲ့ အညာ ဒေသတွေမှာ စိုက်ပျိုးပါတယ်။ အခက်အခဲအနေနဲ့ ကတော့ အခုထိ စိန်ခေါ်မှုတွေ အများကြီးနဲ့ ကြုံတွေ နေရဆဲပါ။ ဥပမာပြောရရင် ကျမတို့က စိုက်တဲ့သူတွေ ပါဝင်လာအောင် စည်းရုံးရတယ်။ တောင်သူတွေကို စည်းရုံးတယ်။ ကိုယ်တိုင်လည်း တဖက်တလမ်းကနေ ဘယ်လိုစိုက်ရမလဲ ဆိုတဲ့ နည်းပညာပိုင်းတွေ ပံ့ပိုးရတယ်။ နောက်ပြီး ကုန်ကျစရိတ် သက်သာရမယ်။ သူတို့ရဲ့ကျန်းမာရေး သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် စတာတွေအပေါ် နည်းပညာတွေ ပေးတယ်။ ဒါပေမယ့် သူတို့စိုက်ခင်းတွေ မရှိခဲ့ဘူး။ အဓိကအားဖြင့် နေရာ အခက်အခဲရှိတယ်။ ဈေးကွက်နေရာ မရှိတော့ Mobile နဲ့ရောင်းရတယ်။ ကားနဲ့ ရောင်းရတယ်။ အဲဒီလိုကျတော့ စည်ပင်သာယာနဲ့တွေ့တယ်။ နောက်ဆုံး ထားခဲ့မယ့် သမိုင်းက အော်ဂဲနစ်ဆိုပြီး လူထုကျန်းမာရေး၊ ပတ်ဝန်းကျင် ရေရှည်ခိုင်မြဲရေး နိုင်ငံတခုရဲ့ ဂုဏ်သိက္ခာ အားလုံး ပါပါတယ်။ ဒါတွေက ကျမကို အခက်အခဲတွေကို ကျော်ဖြတ် လာနိုင်စေတဲ့ အချက်တွေပါပဲ။ နောက်ပြီး ကျမတို့ အခုလထဲမှာ အော်ဂဲနစ် Mini market လေးတွေ အလုံဘက်မှာ လုပ်ဖို့ရှိပါတယ်။ ဒါကတော့ ကိုယ်ထူကိုယ်ထ ဆိုင်ခန်းငှားပြီး လုပ်ဖို့ ရှိပါတယ်။ တခြားမြို့နယ်တွေမှာလည်း လုပ်ဖို့ရှိပါတယ်။
မိဆူးပွင့် ဦးဆောင်ကော်မတီဝင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF)
လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်က အခက်အခဲတွေ ဖြစ်နေတယ်။ ဒီလို ကျဉ်းထဲကြပ်ထဲ ရောက်နေစဉ်မှာ ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ထွန်းရေး၊ တိုးတက်ရေးကို မိမိအဖွဲ့အစည်းရဲ့ နိုင်ငံရေးရှင်သန်ရေးနဲ့ ယှဉ်တွဲပြီးလုပ်ဆောင်နေရတယ်။ ဒီလိုကာလတွေမှာ တဦးတယောက်ရဲ့ နိုင်ငံရေးပါဝင်မှုထက် အဖွဲ့အစည်းရဲ့ ပါဝင်မှုကို ပိုအားစိုက်ဖို့လိုအပ်တယ်။
ကိုယ်နဲ့လက်တွဲအလုပ်လုပ်နေတဲ့သူတွေ၊ ပါဝင်နေတဲ့သူတွေ၊ တဦးချင်းစီအပေါ် တန်ဖိုးထားမှု၊ အလေးထားမှု၊ ရှိနေမှ အဖွဲ့အစည်းလုပ်ဆောင်မှုတွေလည်း ခိုင်မာအားကောင်းမှာဖြစ်မယ်။ များသောအားဖြင့် အဖွဲ့အစည်းတွေမှာ ဒီလို အချက်တွေ အားမကောင်းဘူး။ ဒါဟာ အမျိုးသမီးတဦးအနေနဲ့တင်မကဘဲ နောက်ထပ် အမျိုးသားခေါင်းဆောင်တွေ၊ ခေါင်းဆောင်သစ်တွေကို ငြင်းပယ်တဲ့အနေအထား ဖြစ်စေတယ်။
အဖွဲ့အစည်းအတွင်း အပြန် အလှန်တန်ဖိုးထား အသိအမှတ်ပြုတဲ့ အလေ့အထတွေ ဆုံးရှုံးနေတာနဲ့ ပြည်တွင်းနိုင်ငံရေးယဉ်ကျေးမှု၊ ဓလေ့ဖြစ်တဲ့ ထိပ်သီး၊ နာမည်ကြီးကိုးကွယ်မှုတွေ၊ တခုခုဆို ဒီပုဂ္ဂိုလ်ပါမှ ပြည့်စုံတယ်လို့ ယူဆတာတွေ ဒီအချက်တွေက အမျိုးသမီး တွေရဲ့ တက်ကြွစွာပါဝင်မှုကို အားနည်းစေတာ အမှန်ပါဘဲ။
အခြားကဏ္ဏတွေအနေနဲ့တော့ သာမန်အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ လူမှုအသိုင်းအဝိုင်း အရေးဆိုင်ရာ လုပ်ငန်း တွေမှာ ဘယ်လိုတက်ကြွတက်ကြွ မိခင်တဦးအနေနဲ့ သူများလုပ်သလောက် မလုပ်နိုင်ဖြစ်ရတာတွေ၊ အားမတန် မာန်လျော့ရတာတွေ၊ ကိုယ်မသွားနိုင်တဲ့ အစည်းအဝေးတွေမှာ လုံးဝ လစ်လျူရှုထားတာမျိုး မဟုတ်ဘဲ ဘယ်ကိစ္စကို ဘယ်လိုလုပ်ရင် ကောင်းမယ်။ ဟိုကိစ္စတော့ ဘယ်သူတွေနဲ့နည်းနည်းတိုင်ပင်လိုက်ပါဦး စသဖြင့် ဖုန်းနဲ့ မဖြစ်ဖြစ်အောင် လိုက်လုပ်ရတာမျိုးတွေပေါ့။ အခက်အခဲတွေ စိတ်ဓာတ်ကျစရာတွေ ကြုံရတဲ့အခါ ငါရောက်ချင်တဲ့ ပန်းတိုင်ကို မရောက်သေးဘူး။ လက်လျော့လို့မဖြစ်ဘူး။ အားတင်းထားရမယ်ဆိုတာမျိုး၊ ကိုယ်မရှိလို့ မဖြစ်ဘူးဆိုတာ မဟုတ်မှန်း သိပေမယ့် ကိုယ်ရှိနေတာက တစုံတရာတော့ အကျိုးရှိနေပါတယ်လေလို့ ယုံကြည်မှုထားတာမျိုးနဲ့ ဖြတ်သန်းနေပါတယ်။
ဒေါ်ခင်နှင်းစိုး (Myanmar Metropolitan College ကျောင်းအုုပ်)
ပတ်ဝန်းကျင်မှာ အမျိုးသား။ အမျိုးသမီး ခွဲခြားတာမျိုး မဟုတ်ဘဲနဲ့ တဦးချင်းဆီရဲ့ အရည်အချင်းကိုလိုက်ပြီး တန်းတူညီတဲ့ အခွင့်အရေးမျိုး ပေးမယ် ဆိုရင် အမျိုးသား၊ အမျိုးသမီးတွေအတွက် စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ အတွက် ခုနက လိုမျိုး အကုန်လုံးဟာ တန်းတူညီတူ အခွင့်အရေးနဲ့ သူတို့ရဲ့ မှန်ကန်တဲ့ ကဏ္ဍတွေမှာ ပါဝင်ပတ်သက်တယ် ဆိုတဲ့ ယုံကြည်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာအောင် ပညာရေးက နေပြီး သင်ရိုး ညွှန်းတမ်းတွေမှာ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေ၊ နောက်ပြီးတော့ ကျေးလက်ဒေသတွေ၊ နယ်တွေ၊ မြို့တွေ နေရာတိုင်းမှာ ဟောပြောပွဲတွေ လုပ်တာတို့၊ နောက်ပြီး သူတို့ အတွက် စံနမူနာ ထားလို့ရမယ့် လူမျိုးတွေကို ပြည်သူတွေနဲ့ တွေ့ပြီးတော့ ဆွေးနွေး ခိုင်းတာမျိုးတွေ လုပ်မယ်ဆိုရင် လူတွေရဲ့အမြင်မှာ လူ့အဖွဲ့အစည်းမှာ ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ် အားလုံးဟာ တန်းတူအခွင့်အရေး ဆိုတာ ပိုပြီးတော့ လက်ခံလာနိုင်မယ်ပေါ့။
အမျိုးသမီးတွေ ဘက်ကလည်း တခု လိုအပ်တာက သူတို့ကို လူ့အဖွဲ့အစည်းက ပုံစံခွက် တခုတည်းမှာ ထည့်ခဲ့ရင် ဒါကို မားမားမတ်မတ် ပ်တည်ပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းရဲဖို့ အရေးကြီးတယ်။ အထူးသဖြင့် လုပ်လို့ရတာက သူတို့ကို အမည်မသိ ဖုန်းခေါ်လို့ရတဲ့ Hot Line မျိုးတွေပေါ့၊ Hot line မျိုးတွေ ရှိမယ်ဆိုရင် ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေရဲ့ သဘော သဘာဝက ပွင့်ပွင့်လင်းလင်း ထုတ်ပြောတာမျိုး လုပ်လေ့ မရှိကြဘူး။ ဒါပေမယ့် သူတု့ိသည် ဖုန်းလေးတခုကို ကောက်ကိုင်လိုက်ပြီးတော့ သူတို့ရဲ့ ခံစားချက်တွေ၊ ကြောက်ရွံ့မှုတွေ ကို ပြောနိုင်မယ့် နေရာတခု ရှိခဲ့မယ်ဆိုရင် ဖေးမကူညီ ပေးမယ့်သူ၊ လမ်းပြပေးမယ့်သူတွေက တာဝန်ယူလို့ရတာပေါ့။ ကျောင်းတွေမှာလည်း မိန်းကလေးတွေ ကျောင်းမှာ Account မျိုး လုပ်ထားမယ်ဆိုရင် ဒါအမျိုးသမီးတွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အများကြီး ပြုစုပျိုးထောင်နိုင်မယ် ထင်ပါတယ်။
ဒေါ်စောမြရာဇာလင်း (ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဋ္ဌ)
နေရာတကာတိုင်းမှာ ကြည့်လိုက်တဲ့အခါ အမျိုးသမီးတွေကတော့ ဘယ်အလုပ်ကိုမလုပ်နိုင်ဘူး။ ကြမ်းကြမ်း တမ်းတမ်း အလုပ်တွေကို မလုပ်နိုင်ဘူးပေ့ါလေ။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် စစ်တပ်တာဝန်တွေကို မထမ်းဆောင်နိုင်ဘူးဆိုတဲ့ အမြင်တွေလည်း ရှိပါတယ်။ ဘော်ဒါလိုင်းမှာ နေမှသာလျှင် တိုင်းပြည်အတွက် လူမျိုးအတွက် လုပ်တယ်လို့ ခံယူချက်တွေရှိတဲ့ အသိုင်းအဝိုင်းကြားထဲမှာ ကျမအနေနဲ့ ဖြတ်သန်းခဲ့ရတာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါတွေကို ကျမအနေနဲ့ သတိရှိရှိနဲ့ သည်းခံပြီး ဖြတ်သန်းလာခဲ့လို့ ခေါင်းဆောင်မှု ဘဝကို ရောက်လာခဲ့ပါတယ်။
အမျိုးသမီးတိုင်းဟာ ကာယခန္ဓာကိုယ်အနေနဲ့ နွဲ့ပျောင်းတယ်လို့ မြင်ပေမယ့် အရာရာတိုင်းမှာ မပျော့ပျောင်းပါဘူး။ ခံယူချက် ခိုင်မာတဲ့အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ ရည်မှန်းချက်ကို ရအောင်သွားမယ်ဆိုတဲ့ သတ္တိရှိပါတယ်။ အမျိုးသားတွေ မခံနိုင်တဲ့ အလုပ်တွေ၊ အမျိုးသားတွေက စိတ်တိုပြီးတော့ ထွက်ခွာသွားတဲ့အလုပ်တွေကို အမျိုးသမီးတွေက ရေရှည်ခံနိုင်ပြီးတော့မှ အလုပ် လုပ်နိုင်တာတွေ ရှိပါတယ်။ ဒါကို အမျိုးသားတွေက အသိပြုဖို့လိုအပ်ပါတယ်။
မြန်မာနိုင်ငံရေး အစဉ်အလာအရ ဆိုရင် သူတို့တွေသာလျှင် ဦးဆောင်ရမယ်ဆိုတဲ့ အစွဲအလန်းကြီးပုံကိုက ကျမတို့ တိုင်းပြည်မှာ အခက်အခဲ အများကြီး ဖြစ်ပါတယ်။ အဲဒီလို အစွဲအလမ်း ကြားထဲမှာ ကျမဆိုရင် နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်း ခဲ့ရပါတယ်။ အခုဆိုရင် အထိုက်အလျောက်ကို ကျမခေါင်းဆောင်မှုအပိုင်းကို ရောက်လာပါပြီ။ ဒါပေမယ့် လမ်းဆုံးအဆင့်ကို ရောက်ပြီလားဆိုတော့ ခုထိ တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။ အရင်ထက်စာရင်တော့ တချို့နေရာတွေမှာ အမျိုးသားတွေ အသိအမှတ်မပြုဘဲ မနေသင့်တော့ဘူးဆိုတဲ့ အနေအထားထိကို လက်ခံလာကြပြီ ဆိုတာ တွေ့ရတယ်။
ဂျပန်စာသင်ကြားရေး ဆရာမ ဒေါ်ချိုမာလွင် (Knowledge villa co.,Ltd )
အမျိုးသမီး တယောက်အနေနဲ့ အောင်မြင်မူရဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ ဒါပေမယ့် အောင်မြင်ရမယ် ဆိုတဲ့စိတ် တခုကတော့ သေချာပေါက် ခိုင်မာဖို့ လိုပါတယ်။ အဲဒီစိတ်ကို အရင်းခံပြီး ကိုယ်တတ်ထားတဲ့ ပညာ ဒါမှမဟုတ် အတတ်ပညာနဲ့သာ အပတ်တကုတ် ကြိုးစားရင် သေချာပေါက် အောင်မြင်တဲ့လူတဦး ဖြစ်လာမှာပါ။
အခက်အခဲဆိုတာ နေရာတိုင်း ရှိတတ်ပါတယ်။ အဲဒီ အခက်အခဲကို ကျွန်မက ကြိုက်တယ်။ ခက်လေ ပညာရလေ၊ ပညာ တွေရလေ ပိုတော်လေဖြစ်လို့ ကျွန်မအခုလို အောင်မြင်လာတာပါ။ အိမ်ထောင်သည် ၁ ဦးဖြစ်လို့ အိမ်တာဝန်တခုတည်းနဲ့ ပြီးဆုံးနေလို့ မရပါဘူး။ မိသားစုတခုတည်း အတွက်ဆိုရင် အောင်မြင်တာ မဟုတ်ပါဘူး။ ကိုယ်လက်လှမ်းမီသလောက် ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ကြည့်တတ်ဖို့၊ တတ်စွမ်းသလောက် စွမ်းဆောင်ပေးနိုင်ဖို့လည်း လိုတယ်လို့ ကျွန်မ ခံယူထား တယ်။
အဲဒီလို တတ်စွမ်းသလောက်နဲ့ ကူညီဖြေရှင်းပေးနိုင်မယ့် eည်းလမ်းကို ရှာရင်းကနေ အောင်မြင်မူအတွက် လမ်းစလေးတခု ကျွန်မအတွက် ဖြစ်ခဲ့ပါတယ်။ အဲဒီလို ဖြေရှင်းရင်းနဲ့ အတွေ့အကြုံတွေ မြောက်များစွာ ရလာခဲ့တယ်။ ပင်ပန်းတယ်၊ ဆင်းရဲခဲ့တယ်၊ ပြန်ထတယ် ဒါတွေကို ပညာလို့ မှတ်သားပြီး ပြန်ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ပဲ အောင်မြင်မှုဆီကို လျှောက်လမ်း နိုင်ခဲ့ပါတယ်။
နန်းဖော့ဂေ (ကရင်သတင်းဌာန KIC ဒါရိုက်တာနှင့် အယ်ဒီတာချုပ်)
ကိုယ်လုပ်ဆောင်နေတဲ့ လုပ်ငန်းတခုလုံး တိုးတက်အောင် လုပ်ဆောင်ရာမှာ အခက်အခဲတွေက လုပ်ဖော်ကိုင်ဖက်တွေရဲ့ နားလည်မှုနဲ့ ဝန်းရံမှု မရှိရင်လည်း လုပ်ငန်း စီမံခန့်ခွဲမှုကို ထိခိုက်ပြီး လုပ်ငန်းတခုလုံး တိုးတက်ဖို့ စွမ်းဆောင်မှုမှာ စိတ် အဟန့် အတား ဖြစ်စေတာမျိုး ရှိတယ်။ ငွေကြေး အခက်အခဲ ဆိုတာကလည်း အဲဒီ နားလည်မှုတွေ၊ ခံယူချက်တွေ တူတဲ့ လုပ်ဖော်ကိုင်ဖက် တွေနဲ့ဆိုရင် သိပ်ကြီးမားတဲ့ အခက်အခဲ မဖြစ်လောက်ဘူး။
စိတ်ပိုင်းဆိုင်ရာ အခက်အခဲကို ကျော်ဖြတ်ရာမှာ စိတ်ရှည်မှု၊ အနစ်နာခံမှုတွေနဲ့ အဓိကထားပြီး ပြန်လည် ဖြေရှင်း ကျော်ဖြတ်ခဲ့ရတာလည်း ရှိတယ်။ အလားတူပဲ ကိုယ့် အားနည်းချက်ကို ထောက်ပြ ဝေဖန်သူတွေဆီက အကြံပြုမှုတွေ ရယူရင်း ဖြေရှင်း ကျော်ဖြတ်ခဲ့ရတာကလည်း တပိုင်းပေါ့။
တခါတလေ လုပ်ငန်းဆိုင်ရာ အကျပ်အတည်း ရင်ဆိုင်ရတဲ့ အခါ ငါက အမျိုးသမီးမို့များ ငါ ဦးဆောင်တာ မလေးစားတာလား ခံစားမိတာ တော့ ဖြစ်တတ်တယ်။ အဲဒီအခါမှာ ပိုပြီး ခံပြင်းတော့ မယိုင်လဲအောင် ပိုစိတ်မာလာတယ်။ အမျိုးသမီး ဦးဆောင်တာမို့ လုပ်ငန်းမှာ အဟန့်အတား ဖြစ်ရတယ်လို့တော့ မရှိသလိုပဲ။ ကိုယ်လုပ်နေတဲ့ တာဝန်ကို အလှည့်ကျ လုပ်သွားကြမယ် ဆိုတာမျိုးတော့လည်း တာဝန်မယူချင် ကြဘူးလေ။ ဒီတော့ ကိုယ်လုပ်တဲ့ တာဝန်ကို သူတို့ မလုပ်ချင်၊ မလုပ်နိုင်ကြတော့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဖိစီးမှုဒဏ်တွေနဲ့ လုပ်ဆောင်နေရတာပါပဲ။
တကယ်က အမျိုးသမီးတွေ အထူးသဖြင့် အမတို့လို သားသမီးတွေရဲ့ မိခင်တွေက အလုပ်ဦးဆောင်မှုပိုင်း တာဝန်ယူဖို့က အိမ်တွင်းတာဝန်ကို ဝတ္တရား လျှော့ထားရတယ်လေ။ ဘယ်သူ တဦးတယောက်ကမှလည်း အိမ်တွင်းအလုပ်၊ သားသမီး ဝေယျာဝစ္စနဲ့ လုပ်ငန်းပိုင်းဆိုင်ရာကို ထိထိရောက်ရောက် တပြိုင်နက် လုပ်နိုင်သူ မရှိပါဘူး။ ဒီတော့ တဖက်ကို အဓိကထားရင် ကျန်အဖက်ဖက်တွေက သာမညပဲ၊ ဒုတိယ ဦးစားပေးပဲ ဖြစ်နေတော့တာ။ ဒါတွေကို မသိလို့ မဟုတ်ပေမယ့် ဘယ်လိုမှ အချိန်ကို ခွဲထုတ် စီမံလို့ လက်တွေ့မှာ မဖြစ်နိုင်ဘူးလေ။
ဒေါ်ချိုလဲ့အောင် (Tree Food တည်ထောင်သူနှင့် ပိုင်ရှင်)
ဖိအား တွေနဲ့ ပတ်ဝန်းကျင်အပေါ်ပေါ့။ အမျိုးသားတွေ အနေနဲ့ ဂရုစိုက်စရာမလိုပါဘူး။ လူတွေကတော့ ပြောကြမှာဘဲ။ ဘာပဲပြောပြော တချို့တွေကတော့ စေတနာနဲ့ ပြောကြတာတွေ ရှိပါတယ်။ ဒါမျိုးလုပ်ရင် ဖြစ်ပါ့မလား။ နင်တယောက်တည်း ခရီးသွားရင် ဖြစ်ပါ့မလားဆိုတဲ့ ဖိအားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကိုယ်တိုင် ဖြစ်တယ်ဆိုရင် ဖြစ်ပါတယ်။
အမျိုးသမီးတွေက အစွန်းနှစ်ဖက်မှာ ရှိနေတာပါ။ ဘယ်အစွန်းနှစ်ဖက်လဲဆိုတော့ အနိမ့်ဆုံး အစွန်းတဖက်နဲ့ အမြင့်ဆုံး အစွန်းတဖက်မှာ ရှိနေတာပါ။ အမျိုးသမီးတွေက အစွန်းနှစ်ဖက်မှာ ရှိနေတဲ့ တွေးခေါ်မှုတွေ ကြောင့်ပေါ့။ အမှန်တကယ်တော့ ကိုယ့်စိတ်က ကိုယ့်ကိုယ် ပြန်ပြီးတော့ လွှမ်းမိုးထားတာတွေ။ အမျိုးသမီးဆိုရင် ဒီလိုဖြစ်မယ်ဆိုတဲ့ လွှမ်းမိုးမှုတွေကို ကျော်လိုက်နိုင်တာနဲ့ အမျိုးသမီးတွေက အလယ်မှာ မနေတော့ပါဘူး။ ထိပ်ဆုံးကို ရောက်နိုင်ပါတယ်။ ဒါက အစ်မရဲ့ အမြင်ပေါ့လေ၊
ဘာတွေ လိုအပ်သလဲ ဆိုတော့ ပြောရမယ်ဆိုရင် ဘယ်သူဘာပြောပြောပေါ့။ ဂရုစိုက်စရာမလိုဘူးပေါ့လေ။ ကိုယ်ကိုယ်တိုင်သာ ကိုယ်လုပ်မယ့် အရာတိုင်းကို တာဝန်ယူနိုင်မယ်ဆိုရင် တီထွင်မှုပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် ဘာပဲပြောပြော၊ ဘာမှ မရှိတော့ပါဘူး။ ကိုယ်ကိုယ်တိုင်သာ တာဝန်မယူနိုင်လို့ပါ။
ဒေါ်ငြိမ်းငြိမ်းနိုင် (7 Day သတင်းဌာန Digital အယ်ဒီတာချုပ်)
အမျိုးသမီး သတင်းသမားတွေ ကတော့ အဓိကအားဖြင့် ဒုက္ခရောက်တာက အိမ်ထောင်ပြုတဲ့အချိန်မှာ အဆင်ပြေသေးတယ်။ ဒါပေမယ့် ကလေးတွေ မီးဖွားပြီးတဲ့နောက်ပိုင်းမှာတော့ ကျမတို့လုပ်ရတဲ့ အလုပ်ရဲ့ သဘောသဘာဝတွေကြောင့် မိသားစု ဘဝတွေဆုံးရှုံးတယ်။ တချို့ဆို ဒီကနေပြီးတော့ နောက်ဆုတ်သွားရတဲ့သူတွေေ တော်တော်များတယ်။ အဲဒါမျိုး အမျိုးသမီး သတင်းထောက် တွေထဲမှာ ရှိတယ်။
ကျမ ကိုယ်တိုင်ကလည်း လုပ်ငန်းတွေနဲ့ ပတ်သက်လာလို့ရှိရင် သားကြီး မွေးတုန်းက အလုပ်တာဝန်တွေကို အပြည့် ယူထားတယ်။ သားငယ် မွေးပြီးတဲ့ နောက်ပိုင်းမှာတော့ အလုပ်တာဝန်ကို နည်းနည်းလျှော့ဖို့ ကြိုးစားရတာပေါ့။ ဥပမာ ညဂျူတီတွေ မဆင်းနိုင်တော့တာမျိုး ဖြစ်တာပေါ့။ အလုပ်မှာတော့ အကြောင်းပြချက် ဖြစ်သွားတယ်။ အမျိုးသမီး တယောက် ဖြစ်တာကြောင့် ညပိုင်း အလုပ်လုပ်ဖို့ အဆင်မပြေဘူး။ ကိုယ်က ကလေး ၂ ယောက် ရှိတဲ့အတွက် အကြောင်းပြချက်ဖြစ်တာပေါ့။
တခြား သတင်းခန်းတွေမှာ ဆိုရင်တော့ ကျမလိုလူမျိုး အများကြီး တက်လမ်းတွေ ပိတ်သွားနိုင်တာပေါ့။ ကျမတို့ အယ်ဒီတာတွေထဲမှာ ဆိုလည်း ယောက်ကျားလေး အယ်ဒီတာတွေ များများခေါ်ကြတယ်။ အမျိုးသမီး အယ်ဒီတာတွေကြတော့ ညဘက်ဆင်းတာ အဆင်မပြေဘူး။ မဆင်းချင်ကြဘူး။ အိမ်ထောင်မရှိသေးတဲ့ သူတွေဆိုလည်း မိဘတွေက စိတ်မချဘူးပေါ့။ အိမ်ထောင် ရှိပြီးသား သူတွေ ကြပြန်တော့ မီဒီယာလုပ်ငန်းထဲက မဟုတ်လို့ရှိရင် ဒီအလုပ်ကို နောက်ကျပြီး စောင့်ပြီး ပြန်ပို့ဆိုတာ အဆင်မပြေတာတွေလည်း ရှိတာပေါ့။
ကျမအတွက်တော့ ဒီလို အဟန့်အတားတွေ ရှိပေမယ့်လည်း အဆင်တော့ ပြေတာပေါ့။ အလုပ်ထဲမှာ ကျမလိုမျိုး တခြားသူတွေဆိုရင်တော့ စဉ်းစားရတဲ့အခါမှာ မိန်းကလေးတွေက အကြောင်းပြချက် ပိုလုပ်ရတာပေါ့။ အထူးသဖြင့် ယောကျၤား ယူပြီးတဲ့အချိန်မှာ ပြဿနာ မရှိသေးဘူး။ ကလေးတွေ မွေးပြီးတဲ့အချိန် လုပ်ကိုင်နိုင်တဲ့ အပေါ်မှာ သူ့ရဲ့လုပ်ကိုင်နိုင်စွမ်းကို ယုံကြည်မှုတော့ နည်းနည်း လျော့ကျလာတာပေါ့။
ဒေါ်ဝင်းဝင်းတင့် CEO (City Mart Holding Co.,Ltd)
General Equality ပိုင်းကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အခုလောလောဆယ် ပညာအရည်အချင်းပိုင်း ကလည်း ကြည့်မယ်ဆိုရင် အမျိုးသမီးတွေက ပိုပြီးတော့ ပညာတတ်နေတဲ့ အနေအထားမှာ တွေ့ရတယ်။ လုပ်ငန်းတွေမှာ ကြည့်ရင်လည်း အမျိုးသမီးတွေရဲ့ ပါဝင်နိုင်မှုကိုတွေ့ရတယ်။
ဒုတိယ အချက်အနေနဲ့ တင်ပြခဲ့တာက အမျိုးသမီးတွေက ပါဝင်နေပေမယ့် ခေါင်းဆောင်မှု ဆိုင်ရာမှာတော့ အမျိုးသမီးတွေ အနေနဲ့ အရမ်းအားနည်းနေသေးတယ်။ အကြောင်းအရာ အများကြီးရှိတဲ့ အထဲမှာ ထောက်ပံ့မှုပေါ့။ အမျိုးသမီးတွေ ဒီခေါင်းဆောင်မှု အပိုင်းမှာ ပိုပြီး ပါဝင်လာဖို့ အတွက် ထောက်ပံ့ ပေးရမယ့် အရာကတော့ နေ့ကလေးထိန်း ကျောင်းတွေ ပေါ်ထွန်းလာဖို့အတွက်ပေါ့။ နေ့ကလေးထိန်း ကျောင်းတွေ လုပ်တဲ့နေရာမှာလည်း ပုဂ္ဂလိကတွေက လုပ်လို့ ရပါတယ်။ ဒါပေမယ့် ဖြစ်စေချင်တာ ကတော့ နိုင်ငံတော်အနေနဲ့ စနစ်တခု၊ ပုဂ္ဂလိကကလည်း ပူးပေါင်းပါဝင် ပြီးတော့ လုပ်ယူလို့ရမယ့် စနစ်တခုကို ပုဂ္ဂလိကနဲ့ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ပေါ်ထွက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ ခဲ့ပါတယ်။
နေ့ကလေးထိန်းကျောင်းတွေကို တယောက်တမျိုး ပုံစံမျိုးနဲ့ ဆောင်ရွက်နေမယ်ဆိုရင် ဆောင်ရွက်နေတာထက် တကယ် ဖြစ်သင့်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှု၊ မှန်ကန်တဲ့ စနစ်တခုနဲ့ စောင့်ရှောက်နိုင်မှသာလျှင် နောင်လာမယ့် ကလေးတွေအတွက် အရည်အချင်းတခုကို ငယ်စဉ်ကတည်းက ပျိုးထောင်ပြီးသားဖြစ်မှာမို့လို့ စနစ်တခု လိုအပ်တယ်လို့ ကျမတင်ပြခဲ့တာပါ။
ဒေါ်နှင်းဝတ်ရည်ထက် (ခ ) ရွှေပိုးအိမ် (FM Bagan မှ ရေဒီယို ပရိုဂျူဆာ)
ဒီနိုင်ငံရဲ့ အနေအထားအရ အိမ်ထောင်သည် အမျိုးသမီး တဦး၊ အထူးသဖြင့် မိခင်ဖြစ်သွားတဲ့ အမျိုးသမီးဟာ လုပ်ငန်းခွင်တွေ၊ လူမှုရေး အသိုက်အဝန်းတွေမှာ နေရာတခု ခိုင်ခိုင်မာမာရပြီး နေသွား နိုင်ဖို့ဆိုတာ ခက်ခဲနေပါသေး တယ်။ ကျမက အသက် ငယ်ငယ်လေးနဲ့ ကျောင်းပြီးပြီးချင်း အိမ်ထောင်ကျတယ်။ မိခင်ဖြစ်တဲ့ အချိန်မှာလည်း ပိုက်ဆံမရရင်တောင် ကိုယ့်အတွက် အရည်အချင်း တိုးတက်စေမယ့် အလုပ်တွေကို လုပ်ခဲ့တယ်။ အမျိုးသားရယ်၊ အမျိုးသားရဲ့ မိသားစုဝင်တွေရဲ့ ညိုညင်မှုတွေ အများကြီး ခံခဲ့ရတယ်။ ဒါပေမယ့် ယုံကြည်ချက်အတွက် လဲကျလိုက်၊ ပြန်ထလိုက်နဲ့ပဲ ဖြည်းဖြည်းချင်း ဆက်သွားနေခဲ့တယ်။
အပင်ပန်း ခံထားခဲ့ရသမျှ တွေထဲမှာ ထိုက်တန်တဲ့ ဝင်ငွေ မရတာတွေလည်း ပါတယ်။ ပင်ပန်း ဆင်းရဲမှုတွေလည်း ပါတယ်။ အငြူစူ ခံရမှုတွေလည်း ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဝါသနာပါတဲ့ အလုပ်နဲ့ပဲ နေရာတခုမှာ နေနိုင်တယ်။ မိန်းမ တယောက် အနေနဲ့ပဲ ကျမကို ကျမ မမြင်ဘူး။ လူသားတယောက်အနေနဲ့ ကိုယ်ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးကို ရယူနိုင်အောင် ကြိုးစားခဲ့တယ်လို့ပဲ မြင်တယ်။ ပိုက်ဆံချမ်းသာတဲ့ လူတစ်ယောက် မဖြစ်ခဲ့ပေမယ့် သားသမီးနဲ့ မိဘကို တာဝန်ယူနိုင်တဲ့ ကျမ ရောက်နေတဲ့ အနေအထားကို အခုချိန်မှာ ကျေနပ်တဲ့စိတ် အပြည့်ရှိပါတယ်။
မိန်းမသားတွေမှာ အဓိက အဟန့်အတားက ကြောက်စိတ်ပါ။ ကြောက်စိတ်ဟာ အရာရာကို ဟန့်တား စေနိုင်ပါတယ်။ ကိုယ်လုပ်နိုင်တဲ့အရာ ကိုယ်လုပ်ရမယ့်အရာကို ရှင်းရှင်းလင်းလင်း မြင်ပြီး စူးစူးစိုက်စိုက် လုပ်သွားရင် အနိုင်မရရင်တောင် ဘယ်တော့မှတော့ မရှုံးပါဘူးလို့ ခံယူရင်း အောင်မြင်နိုင်မယ့် လမ်းကို လျှောက်လမ်း နေပါတယ်။