ပုဂ္ဂလိကကဏ္ဍမှ အတုယူဖွယ်ကောင်းသောစီးပွားရေး လုပ်ငန်းရှင်များကို Women’s Forum for the Economy & Society နှင့် ဧရာဝတီသတင်းဌာနမှ ပူးပေါင်း ထုတ်ဝေသော “Champions for Change” စာအုပ်သစ်တွင် ရေးသား ဖော်ပြထားသည်။
ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် လုပ်ငန်းခွင် အတွင်း အမျိုးသမီးများ ခွဲခြားဆက်ဆံ ခံရမှု ပပျောက်ရေးနှင့် ကျား၊ မ တန်းတူညီမျှရေးကို ဦးစားပေးဆောင်ရွက်နေသူအချို့၏ ပရိုဖိုင်းများကို ဖော်ပြလိုက်ပါသည်။
ဒေါ်ယဉ်မျိုးစု
Inle Princess Resort
ဟိုတယ်လုပ်ငန်းတွင် နှစ်ပေါင်း ၂ဝ ကျော် လုပ်ကိုင်နေသည့် ဒေါ်ယဉ်မျိုးစုအား သူ့ရဲ့ လက်ရှိအောင်မြင်ရသည့် အကြောင်းရင်းကို မေးသောအခါ ရှမ်းပြည်နယ်မှ Inle Princess Resort နှင့် ရခိုင်ပြည်နယ်မှ Mrauk-U Princess Resort တို့၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သည့် သူက အလုပ်မှာ ကျား၊ မ ခွဲခြားဆက်ဆံမှု မရှိသော ကြောင့်ဟု ဖြေသည်။ ထိုအချက်မှာ စီးပွားရေးလုပ်ငန်းများတွင် ကျား၊ မ တန်းတူမှုကို မြှင့်တင်လိုကြသော အခြားသူများအတွက် သူပေးလိုသော အကြံလည်း ဖြစ်သည်။
Inle Heritage Foundation ကိုလည်း ထူထောင်သူ ဖြစ်သည့် ဒေါ်ယဉ်မျိုးစုက အမျိုးသားများနှင့် အမျိုးသမီး ဝန်ထမ်းများကို ခွဲခြားဆက်ဆံလျှင် သူ၏လုပ်ငန်းသည် ယခုကဲ့သို့ ခိုင်မာသောအခြေအနေတွင် ရှိမည် မဟုတ်ဟုလည်း ယုံကြည်သည်။ ထိုသို့သာ ခွဲခြားခဲ့လျှင် သူ၏ဟိုတယ်များကို ပြည်တွင်းပြည်ပ အောင်မြင်မှုများ ဖြစ်ပေါ်စေသည့် ဝန်ထမ်းများ၏ ထုတ်လုပ်နိုင်စွမ်း၊ အပြန်အလှန် နားလည်မှုနှင့် လေးစားမှုတို့ကို ရမည် မဟုတ်ဟု ယုံကြည်သည်။
မြန်မာ အမျိုးသမီးများသည် အိမ်နီးချင်းနိုင်ငံအချို့မှ အမျိုးသမီးများနှင့်ယှဉ်လျှင် လွတ်လပ်မှု ပိုရှိကြ ကြောင်းလည်း ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာ့ခေါင်းဆောင်မှုဆု Global Leadership Award ရခဲ့သော သူက ဝန်ခံသည်။ သို့သော် မမြင်ရသော ယဉ်ကျေးမှု အတားအဆီးများကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် အမျိုးသားများနှင့် အမျိုးသမီးများအကြား ကြီးမားသောကွာဟမှု ရှိနေသေးကြောင်းလည်း ဒေါ်ယဉ်မျိုးစုက ဆိုသည်။
သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေဆုံးသောအရာမှာ မိဘများ ကိုယ်တိုင်က ၎င်းတို့ကိုယ်တိုင် မသိလိုက်ဘဲ သူတို့၏ သားယောက်ျားလေးများ အပေါ် ပျိုးထောင်မိလိုက်သည့် ပုရိသ မာန်မာန ဖြစ်သည်။ ထို့ကြောင့် မိဘများသည် သားများ အပေါ် သမီးများထက် ပိုမို မျှော်လင့်ချက်ထားတတ်ကြသည်။ ထို့ကြောင့် အမျိုးသားများသည် ကာကွယ်စောင့်ရှောက်သူ အခန်းကဏ္ဍကို အလိုအလျောက် ရရှိသွားကြပြီး မိန်းကလေးများမှာမူ အားနည်းသူ၊ အကာအကွယ် လိုအပ်သူများအဖြစ် သတ်မှတ်ခံလိုက်ရသည်ဟု ဒေါ်ယဉ်မျိုးစုက ဆိုသည်။
”အဲဒီလို ဖြစ်နေတာ တော်တော်ဆိုးတယ်” ဟု ပြောရင်း အမျိုးသမီးများ အနေနှင့် စီးပွားရေးအရ၊ လူမှုရေးအရပါ မှီခိုမှု ကင်းပါက အမျိုးသားများအနေနှင့်လည်း အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ရန် လိုတော့မည် မဟုတ်သဖြင့် အမျိုးသားများလည်း လွတ်လပ်မှု ပိုရှိလာမည်ဖြစ်သည်ဟု ပြောသည်။
”မိန်းမတစ်ယောက်ရဲ့ လွတ်လပ်မှုဟာ ယောက်ျားတယောက် လွတ်လပ်မှုနဲ့ ဆက်စပ်နေတယ်” ဟု ဒေါ်ယဉ်မျိုးစုက ပြောသည်။
( ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းအယ်ဒီတာ ကျော်ဖြိုးသာ ရေးသားသည် )
ဒေါ်ဖြူအိသိမ်း
Sunflower Group
စစ်ဒဏ်ခံနေရသော ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် အမျိုးသမီးများကို လက်မှုပစ္စည်းများပြုလုပ်နည်း သင်တန်း ပေးခြင်းမှာ ဆန်းဖလားဝါးအုပ်စုနှင့် ဆန်းဖလားဝါး ရက်ကန်းစတူဒီယို တည်ထောင်သူ ဒေါ်ဖြူအိသိမ်းအတွက် ဖက်ရှင်ပစ္စည်း ပြုလုပ်ခြင်းထက် ပိုပါသည်။
ထိုကဲ့သို့ စစ်ဘေးရှောင်များအား ပယင်းနှင့် ဒေသထွက် အခြားကျောက်များကို အသုံးပြုပြီး နားဆွဲများ၊ ဆွဲကြိုးများနှင့် လက်ကောက်များ ဖန်တီးတတ်အောင် သင်ပေးခြင်းသည် အောက်ခြေလူတန်းစား၏ အသံများ ပျောက်နေတတ်ရုံ သာမက ပြီးဆုံးနိုင်ပုံလည်း မပေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အစည်းအဝေး ခန်းမကြီးများတွင် ကျင်းပနေခြင်းထက် ပိုမိုအဓိပ္ပာယ်ရှိသည်ဟု သူမက ယူဆသည်။
”ဒါက ပါဝင်ပတ်သက်သူတွေ ကိုယ်တိုင် အေးချမ်းနိုင်မယ့် တကိုယ်တော် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လေ” ဟု သူက ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုလက်မှုလုပ်ငန်းများကို လုပ်နေစဉ်ကာလအတွင်း စစ်ရှောင်စခန်းမှ အမျိုးသမီးများသည် ၎င်းတို့၏ ဒုက္ခနှင့် စိတ်ဓာတ် ကျဆင်းမှုများကို ခဏတာ မေ့လျော့ ထားနိုင်ကြ သောကြောင့်ဟု သူက ရှင်းပြသည်။
”ရန်ကုန်မှာပြန်ရောင်းတဲ့ သူတို့ရဲ့ထုတ်ကုန်တွေက ဝင်ငွေရရင် သူတို့ပျော်ကြတယ်။ တဖက်မှာလည်း သူတို့အိမ်ကို ပြန်နိုင်တဲ့ တနေ့ကျရင် သူတို့ တတ်မြောက်သွားတဲ့လက်မှုပညာနဲ့ အသက်မွေး ဝမ်းကျောင်း လုပ်နိုင်ဖို့အတွက်ပါ ပြင်ဆင်ပြီးသားဖြစ်သွားတယ်” ဟုလည်း ရှင်းပြသည်။
စစ်ရှောင်စခန်းများမှ အမျိုးသမီး ၅ဝ ခန့်ကို သင်တန်းပေးခြင်းအပြင် အသက် ၄၅ နှစ်ရှိပြီဖြစ်သော ဒေါ်ဖြူအိသိမ်းသည် လက်ရက်ကန်း လုပ်ငန်းကိုလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် လုပ်ကိုင်နေသည်မှာ ဆယ်နှစ်ကြာပြီ ဖြစ်သည်။
သူ၏ လက်ရက်ကန်း စတူဒီယိုသည် အထူးသဖြင့် ကျေးလက်နှင့် နယ်စပ်ဒေသများမှ မိန်းကလေးငယ်များကို ပညာသင် ထောက်ပံ့ကြေးပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းပေးခြင်းတို့ဖြင့် ရက်ကန်းကျောင်းများသို့ တက်ရောက်ရန် အားပေးသည်။
ထိုမိန်းကလေးများကို ကာရာအိုကေဆိုင်များတွင် အလုပ်လုပ်ခြင်းနှင့် အခြားသော မိန်းကလေးများကဲ့သို့ အိမ်နီးချင်း တိုင်းပြည်များသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်ရခြင်းတို့ဖြင့် ဘဝမဆုံးစေလို ကြောင်းလည်း သူက ရှင်းပြသည်။
”သူတို့ဘဝတွေ ပြောင်းလဲတိုးတက်လာတာကို တွေ့ရတာ ကျမ ဝမ်းသာတယ်” ဟု လွန်ခဲ့သော ဆယ်နှစ်အတွင်း လုပ်ကိုင်ခဲ့သည်များကို ပြန်လည် မြင်ယောင် ပြောကြားသည်။ ”ဒါပေမယ့် အခုချိန်အထိတော့ သိပ်များများမလုပ်နိုင်သေးဘူးလို့တော့ ပြောရမှာပဲ။ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ တိုးတက်လာမှသာ အစိုးရနဲ့ ကျမတို့ လုပ်ငန်းထဲကလူတွေ အတူပူးပေါင်းလုပ်ကြရင်တော့ ပိုအောင်မြင်နိုင်တယ်” သူက ပြောပြသည်။
( ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် စမ်းယမင်းအောင် ရေးသားသည်။ )
နန်းလိုင်းခမ်း
ကမ္ဘောဇဘဏ်
တန်းတူညီမျှမှု၊ ခွဲခြားဆက်ဆံမှု ပပျောက်ရေးတို့နှင့်ပတ်သက်၍ အများက ယူဆသည်မှာ အစိုးရမှ သက်ဆိုင်ရာ မူဝါဒများ ရေးဆွဲ၍ အစိုးရမဟုတ်သော အဖွဲ့အစည်း CEO များမှ အကောင်အထည် ဖော်လိမ့်မည်ဟု ထင်မြင်ထားကြပြီး လူအများကို အလုပ်ခန့်ထားသည့် စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များနှင့် အလုပ်ရှင်များ၏ ကဏ္ဍကိုမူ များသောအားဖြင့် လျစ်လျူရှုထားကြသည်ဟု က္ဘောဇဘဏ်၏ အလုပ်အမှုဆောင် ဒါရိုက်တာ နန်းလိုင်းခမ်းက ဆိုသည်။
အသက် ၂၉ နှစ်ရှိပြီ ဖြစ်သည့် နန်းလိုင်းခမ်းက စီးပွားရေးလောကတွင် မတူကွဲပြားမှုကို လက်ခံကျင့်သုံးခြင်းက ထုတ်လုပ်နိုင်စွမ်းကို ပိုမို တိုးတက် ကောင်းမွန်စေသည်ဟု ဆိုသည်။
ကျား၊ မ တန်းတူညီမျှမှုရှိရေးနှင့် ပတ်သက်သည့် ရုံးတွင်း အလုပ်ရုံဆွေးနွေးပွဲများ နှစ်အတန်ကြာအောင် ကျင်းပ ပေးပြီးနောက် နန်းလိုင်းခမ်းသည် ပြီးခဲ့သည့်နှစ်က သူ၏ ဘဏ်ခွဲမန်နေဂျာ ၄၅ဝ ယောက်အား က္ဘောဇဘဏ် အနေဖြင့် အားလုံးပါဝင်နိုင်မှုအား အလေးပေး လုပ်ဆောင်လျက်ရှိကြောင်း အသိပေးခဲ့ပြီး ”ခွဲခြားဆက်ဆံမှုအပေါ် လုံးဝ သည်းခံမည် မဟုတ်ကြောင်း” သတိပေးခဲ့သည်။
ကမ္ဘောဇဘဏ် စတင်တည်ထောင်ချိန်မှ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ၂ဝ၁၆ ခုနှစ်တွင် သူသည် ဘဏ်ဝန်ထမ်း အလုပ်ခေါ် ကြော်ငြာစာများတွင် လိင်၊ အသက်၊ အိမ်ထောင်ရေး အခြေအနေနှင့် ပတ်သက်သည့် သတ်မှတ်ချက်များကို ဖြုတ်ချခဲ့သည်။ လက်ရှိတွင် ဘဏ်၏လက်ထောက် အထွေထွေ မန်နေဂျာအထက် ရာထူးများ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်။
ဝန်ထမ်းများ အနေဖြင့် ခေါင်းဆောင်မှု ကဏ္ဍများကို ရယူစေရေး တိုက်တွန်း အားပေးရန်အတွက် ကမ္ဘောဇ ဘဏ် အနေဖြင့် ယခုနှစ် နှစ်ကုန်ပိုင်းတွင် အားလုံးပါဝင်နိုင်ရေး မူဝါဒကို အကောင်အထည်ဖော်ရန် လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် မည်သူမဆို သူ၏ လိင်ကြောင့်ဖြစ်စေ၊ ကိုယ်ခန္ဓာ မသန်စွမ်းမှုကြောင့် ဖြစ်စေ ကန့်သတ်ခံရခြင်းမျိုးကို မလိုလားဟု သူကဆိုသည်။
”ဘဏ်ကိုလာတဲ့သူတွေက အမျိုးမျိုးဆိုတော့ တကယ်လို့ ကျမတို့က မတူကွဲပြားမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး ကွဲပြားခြားနားတဲ့ customer တွေကို ဝန်ဆောင်မှုပေးနိုင်မယ်ဆိုရင် ကျမတို့နဲ့ customer တွေကြားမှာ ပိုပြီးနားလည်မှုရှိပါလိမ့်မယ်” ဟု နန်းလိုင်းခမ်းက ဆိုသည်။
( ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းအယ်ဒီတာ ကျော်ဖြိုးသာ ရေးသားသည် )
Charles-Edouard Bouée
Roland Berger and the global YPO leadership organization
ဂျာမန်အတိုင်ပင်ခံလုပ်ငန်း Roland Berger ၏ အမှုဆောင်အရာရှိချုပ်နှင့် global YPO leadership organization ၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် Charles-Edouard Bouée အတွက် ကျား၊ မတန်းတူမှုသည် အမှန်တကယ် မတူကွဲပြားမှုများရှိသည့် ကုမ္ပဏီ တခု တည်ဆောက်ရေးတွင် အရေးပါသော ခြေလှမ်းဖြစ်သည်။
ထိပ်တန်း အတိုင်ပင်ခံ လုပ်ငန်းတခု အနေဖြင့် Roland Berger သည် ကျား၊ မ တန်းတူမှုအတွက် ရှေ့တန်းတွင် ရပ်တည်ရန် ရည်ရွယ်သည်ဟု သူကပြောသည်။ ကွဲပြားခြားနားမှုသည် ကုမ္ပဏီတခု အနေဖြင့် ဈေးကွက်ကို ပိုမိုနားလည်နိုင်စေသည်ဟု Roland Berger က ယူဆသည်။ Roland Berger အနေနှင့် ကျား၊ မ တန်းတူမှု ဆိုင်ရာ ပြဿနာများကို နားလည်ခြင်းသည် အလားအလာ ကောင်းသည့် ဝန်ထမ်းသစ်များကို ပိုမိုဆွဲဆောင်မှု ရှိစေသည်ဟုု Bouée က ပြောသည်။
”နိုင်ငံတကာလုပ်ငန်းတခု အနေနဲ့ ကျနော်တို့ အဖွဲ့အစည်းထဲက အမျိုးသမီးတွေရဲ့ အနေအထားကို ခိုင်မာစေဖို့ဆိုရင် တစ်ကမ္ဘာလုံးက အပြုအမူကောင်းတွေကို အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့ အဲဒါကို ကျနော်တို့ ဆောင်ရွက်နေတယ်” ဟုလည်း သူပြောသည်။
Roland Berger သည် ကုမ္ပဏီ၏ အဆင့်မြင့် ရာထူးများကို အမျိုးသမီးများ ရနိုင်ရေးအတွက် အထောက် အကူပြုရန် အထူး ခေါင်းဆောင်မှုနှင့် ဖွံ့ဖြိုးမှု သင်တန်းများကိုလည်း ပေးနေသည်။ ရာထူး အဆင့်တိုင်းအတွက် အမျိုးသမီးများကို ခန့်ထားရန် အားထုတ်မှုကို ပိုမိုခိုင်မာစေရန်လည်း ဆောင်ရွက်နေသည်။
Roland Berger အနေဖြင့် ၎င်း၏ အလေ့အထများကို တိုးတက်စေရန် အမျိုးသမီး အတိုင်ပင်ခံများ ၎င်းတို့၏ သံသယနှင့် မေးခွန်းများ မေးနိုင်သော ပတ်ဝန်းကျင် တခု ဖန်တီးရေးသည် သော့ချက် ဖြစ်သည်ဟု သူ ပြောသည်။
အလုပ်နှင့် မိသားစု ဘဝ မျှတရေး အမြင်များ ပိုမိုကောင်းမွန်စေရန်နှင့် လူတိုင်း အတွက် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ဖြစ်စေရန် အမျိုးသမီးများများ ပါသည့်အလျောက် အမျိုးသားများများ ပါဝင်ရေးမှာလည်း အရေးပါကြောင်း Bouée က ပြောသည်။
”ဒါဟာ အလုပ်အကိုင် ဘဝလမ်းကြောင်း တခု ထူထောင်လိုတဲ့၊ ဇနီးသည်တွေရဲ့ အလုပ်အကိုင်ကို ပံ့ပိုးလိုတဲ့၊ ကလေးတွေနဲ့ အတူနေချင်တဲ့ ငယ်ရွယ်ခေတ်မီတဲ့ ဖခင်အားလုံးအတွက် အရေးပါတဲ့အကြောင်းအရာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ လူတိုင်းဟာ လုပ်ငန်းခွင်အတွင်း ကွဲပြားခြားနားမှုနဲ့ ကျား၊ မ တန်းတူရေး အစီအစဉ်တွေကနေ အကျိုးခံစားကြရပါမယ်” ဟု Bouée က ပြောသည်။
ဒေါ်ဖြူဖြူတင်
Yangon Bakehouse
Yangon Bakehouse ကို တည်ထောင်သူ ဒေါ်ဖြူဖြူတင်အနေဖြင့် သူလုပ်ဆောင်ခဲ့သည်များကို အားရ ကျေနပ်မှု ရှိသဖြင့် အသေဖြောင့်ပြီဟု ဆိုသည်။
ပြီးခဲ့သော ၅ နှစ်မှ စတင်ကာ ဒေါ်ဖြူဖြူတင်သည် အမျိုးသမီးများ၏ဘဝ မြှင့်တင်ရေးကို ရည်ရွယ်သည့် စားသောက်ဆိုင် လုပ်ငန်းဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ခဲ့သည်။ သူ၏ သင်တန်းသားများထဲတွင် အလုပ်ရရန် ခက်ခဲသည့် အမျိုးသမီး ထောင်ထွက်များ၊ အတန်းပညာ အနည်းငယ်သာရှိသည့် အမျိုးသမီးများ ပါဝင်ကြပြီး သူတို့သည် ဒေါ်ဖြူဖြူတင်၏ ၁၀ လကြာ အလုပ်သင် သင်တန်း အတွင်း ပေါင်မုန့်နှင့် ကိတ်မုန့်ဖုတ်နည်း များကို သင်ယူကြသည်။
ထို့အပြင် အသုံးစရိတ်ပါ ပေးသည့် အဆိုပါ သင်တန်းကာလအတွင်း သင်တန်းသားများ အနေဖြင့် မျိုးပွားမှု ဆိုင်ရာ ကျန်းမာရေးနှင့် မိသားစုတွင်း ငွေကြေး စီမံခန့်ခွဲမှု တို့ကိုလည်း သင်ယူကြရသည်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေရန်လည်း သင်တန်းမှ လေ့ကျင့်သင်ကြား ပေးသည်။
သင်တန်း စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ၅ နှစ်တာ ကာလအတွင်း “Yangon Bakehouse အနေဖြင့် အမျိုးသမီး ၇၁ ယောက်၏ ဘဝကို လုံးဝ ပြောင်းလဲခဲ့ပါပြီ” ဟု Yangon Bakehouse ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည်။
”ကျမ အနေနဲ့ သေခါနီးမှာ စဉ်းစားစရာ တခု ရသွားတာပေါ့။ သူတို့အပေါ် လုပ်ပေးနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး တော့ပေါ့လေ။ သေခါနီး သူတို့မျက်နှာပြေးမြင်လိုက်ရင် အသေဖြောင့်ပြီ” ဟု ဒေါ်ဖြူဖြူတင်က ဆိုသည်။
တချို့သော သင်တန်းသူများ အနေဖြင့် သူမ၏သင်တန်းကို လွယ်လွယ်ကူကူ တက်ခွင့်ရခဲ့သည် မဟုတ်ပါ။ စီးပွားရေးနှင့် လူမှုရေး အမှီအခိုကင်းမှုများ ပိုမို ရရှိလာကြသည့်အတွက် သူတို့၏ အိမ်ထောင်ဖက် ယောက်ျားများနှင့် ဖခင်များ၏ အမြင်မကြည်ခြင်းကို ခံခဲ့ရသည်။ ဒေါ်ဖြူဖြူတင်က ထိုအတားအဆီးများကို ဆန့်ကျင်ဖို့ သူတို့ကို အားပေး တိုက်တွန်းခဲ့သည်။
ထိုသို့သော အခက်အခဲများ ရှိစေကာမူ Yangon Bakehouse ၏ အောင်ချက်မှာ မြင့်မားသည်ဟု ဆိုရမည်။ သင်တန်းသားများ၏ ၈ဝ ရာခိုင်နှုန်းကျော်သည် အလုပ်သင် သင်တန်းအား ပြီးမြောက်အောင်မြင်၍ Yangon Bakehouse နှင့် နိုင်ငံတွင်းရှိ အခြားစားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များတွင် စားဖိုမှူးများ အဖြစ် လည်းကောင်း၊ မုန့်ဖုတ်သူများအဖြစ် လည်းကောင်း၊ အမြဲတမ်း ဝန်ထမ်းများအဖြစ် လည်းကောင်း လစာကောင်းကောင်းဖြင့် လုပ်ငန်းခွင် ဝင်လျက်ရှိနေကြပြီဖြစ်သည်။
”ယောကျ်ားကောင်း၊ မိန်းမကောင်းတစ်ယောက် ဖြစ်လာဖို့ မိခင်ကောင်း မရှိဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျမတို့ကတော့ သူ့ရဲ့ဘဝအတွက်ရော မိသားစုအတွက်ပါ ပိုကောင်းတဲ့ ပြောင်းလဲမှုတွေဖြစ်လာဖို့ အမျိုးသမီးတွေကို ကူညီတာပါ”
( ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် စမ်းယမင်းအောင် ရေးသားသည်။)
ဒေါ်မေမြတ်မွန်ဝင်း
ချက်ထရီယမ်ဟိုတယ် (ရန်ကုန်)
အမျိုးသမီးများ အနေဖြင့် ခေါင်းဆောင်မှု အခန်းကဏ္ဍကို ရယူရန်နှင့် သူတို့ဘဝ၏ ဦးစားပေးအရာများ ကို သတ်မှတ်ရန်မှာ သူတို့ကိုယ်တိုင်ပေါ်တွင်သာ မူတည်သည်ဟု ရန်ကုန် မြို့ရှိ ချက်ထရီယမ်ဟိုတယ် ၏ ပထမဆုံး အထွေထွေမန်နေဂျာ ဒေါ်မေမြတ်မွန်ဝင်းက ယူဆသည်။
”ဒီပြိုင်ဆိုင်မှုပြင်းထန်တဲ့ လောကကြီးမှာ အသာစီးရဖို့ဆိုရင်တော့ အမျိုးသမီးတွေအနေနဲ့ သူတို့ကိုယ်သူတို့ တန်းတူစွမ်းဆောင်နိုင်အောင်လုပ်ဖို့၊ တန်းတူအရည်အချင်းရှိအောင် လုပ်ဖို့လိုပါတယ်”ဟု သူက ပြောသည်။
သူရဲ့အလုပ်မှာ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ‘သဘောကောင်းတာနဲ့ စည်းကမ်းတင်းကျပ်တာ၊ စိတ်ခံစားမှုနဲ့ ဓမ္မဓိဋ္ဌာန်ကျမှု’ ကို ချိန်ညှိရတာ ဖြစ်သည်ဟု ဒေါ်မေမြတ်မွန်ဝင်းက ဆိုသည်။
သူ၏ ဟိုတယ်တွင် ကျား၊ မ တန်းတူ အခွင့်အရေး ရရှိမှုအား မြှင့်တင်ရန်အတွက် သီးသန့်အစီအစဉ် မရှိသော်လည်း ကုလသမဂ္ဂ ကမ္ဘာလုံး ဆိုင်ရာ သက်ရောက်မှု မူဘောင်သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက် ထားသည့်အတွက် လုပ်ငန်းခွင်တွင် ခွဲခြားမှုမရှိစေရေး ကြိုးစားဆောင်ရွက်နေသည့် သဘောပင်ဖြစ်သည်ဟု သူက ဆိုသည်။ ထိုမူဘောင်သည် စီးပွားရေး လုပ်ငန်းများအတွက် အလုပ်သမား၊ အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ခြစားမှု မရှိစေရေးတို့အတွက် စည်းမျဉ်းများ သတ်မှတ်ပေးထားသည်။
”ကျမတို့ရဲ့ စီမံခန့်ခွဲမှုအဖွဲ့မှာ ၄ဝ ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။ အဲဒီအတွက် ကျမ တော်တော်လေး ကျေနပ်ပါတယ်” ဟု သူက ပြောသည်။
အမျိုးသမီးများသည် သူတို့၏အလုပ်မှာ ရာထူးတာဝန် ပိုကြီးလာသည့်အလျောက် အိမ်ထောင်မှု တာဝန်များနှင့် အလုပ်၏ ဖိအားများ ပေါင်းဆုံသည့်အခါ မတူကွဲပြားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည်ဟု သူက ဆိုသည်။
”အလုပ်ကလည်း ပိုပိုပြီးတော့ များလာတယ်။ ဒီလိုပဲ မိသားစုဘဝကလည်း ပိုပိုပြီးတော့ အချိန်ပေးဖို့ လိုလာတယ်။ အခြေအနေတခု မှာတော့ တချို့အမျိုးသမီးတွေက ဆုံးဖြတ်ချက်ချရပါတော့တယ်” ဟု သူက ပြောသည်။
”ကျမတို့ရဲ့ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တွေကို သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်မှာ တိုးတက်စေဖို့ သူတို့ ကိုယ်စွမ်းညာဏ်စွမ်းရှိသမျှ ကြိုးစားဖို့ အမြဲတမ်း အားပေးတိုက်တွန်းပါတယ်”
( ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ဇာနည်မာန် ရေးသားသည်။)
ဦးဝေဖြိုး
ရသာချို ထုတ်လုပ်ရေး
နိုင်ငံဖွံ့ဖြိုးရေးအတွက် အမျိုးသားများသည် အမျိုးသမီးများကို တန်းတူအခွင့်အရေးပေးရန် လိုသည်ဟု ရသာချို ထုတ်လုပ်ရေး၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝေဖြိုးက ယုံကြည်သည်။
”အမျိုးသားတွေက သူတို့လုပ်သမျှ အရာအားလုံးကို အမျိုးသမီးတွေ လိုက်မလုပ်နိုင်ဘူးလို့ မယူဆသင့်ပါဘူး။ တခြားကဏ္ဍတွေ အများကြီးမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် သာတာတွေ ရှိပါတယ်”ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ၏ နာမည်အကြီးဆုံး အသင့်စား ယမ်ယမ် အမှတ်တံဆိပ် ခေါက်ဆွဲခြောက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူ ဦးဝေဖြိုးက သူ၏စက်ရုံတွင် ခွဲခြားဆက်ဆံမှု မရှိဟု ဆိုသည်။ သူ၏ ကုမ္ပဏီအား စတင်တည်ထောင်ခဲ့ချိန် ၁၉၉၇ ခုနှစ်မှစတင်၍ ကျား၊ မ တန်းတူညီမျှမှုရှိရေးကို မြှင့်တင်ခဲ့သည်ဟု သူက ဆိုသည်။
”ကျနော်တို့ရဲ့ လုပ်ငန်းမှာ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ အလုပ်ခန့်အပ်တာနဲ့ ပတ်သက်ပြီး ကျား၊ မ ကန့်သတ်ထားတာမျိုး မရှိပါဘူး” ဟု ဦးဝေဖြိုးက ပြောသည်။
”အမျိုးသမီးတွေမှာ မတူညီတဲ့ တွေးခေါ်မှုဖြစ်စဉ်နဲ့ ပြဿနာ ဖြေရှင်းမှု စွမ်းရည်တွေရှိပြီး အဲဒါတွေက သူတို့ရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်ဝန်းကျင်တွေကို အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။ ကျနော်တို့ရဲ့ စီးပွားရေးလုပ်ငန်းမှာ အမျိုးသမီးတွေပါဝင်မှု တိုးတက်လာတဲ့ အချိန်ကစလို့ ရှုထောင့်ပေါင်းစုံကနေ ပိုပြီး ကြည့်နိုင်လာပါတယ်”
ဦးဝေဖြိုးသည် သူ၏စက်ရုံတွင် အလုပ်လုပ်နေကြသော ကျွမ်းကျင်ဝန်ထမ်း အမျိုးသမီးများအား လုပ်ငန်းခွင် တွင် ဆက်လက် ထိန်းထားနိုင်ရန် အတွက် စက်ရုံတွင်း နေ့ကလေးထိန်းဌာနကိုလည်း ဖွင့်လှစ်ပေးထားပြီး တချိန်တည်းမှာပဲ သူတို့၏ လူမှုဖူလုံရေးကိုလည်း ဆောင်ရွက်ပေးနေသည်။
မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးတမ်းအစဉ်အလာများတွင် အမျိုးသမီးများကို အပြည့်အဝ မပါဝင်နိုင်စေရန် ကန့်သတ်ထားသည့် ပုံစံများစွာရှိနေသည်ဟု သူက ဆိုသည်။
ဥပမာ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် တယောက် အနေဖြင့် အမျိုးသား စီးပွားရေး ပါတနာများနှင့် သာမက အမျိုးသမီး စီးပွားရေးပါတနာများဖြင့်ပါ လူမှုရေးအရ ဆက်ဆံရမည် ဖြစ်သော်လည်း အမျိုးသား လုပ်ဖော် ကိုင်ဖက်များနှင့် ရင်းရင်းနှီးနှီး ဆက်ဆံသည့်အခါ အများက အမြင်မကြည်တတ်ကြပါဟု သူက ဆိုသည်။
”ကျနော်တို့ လူမှုအသိုင်းအဝိုင်းမှာ ယဉ်ကျေးမှုအရ ကြည့်မယ်ဆိုရင် အမျိုးသမီးတွေက အမျိုးသားတွေနဲ့ အထူးသဖြင့် ညဘက်တွေပေါ့လေ တွဲမထွက်သင့်ဘူးပေါ့။ အဲဒါက အမျိုးသမီးတွေကို သူတို့ရဲ့ စီးပွားရေးမိတ်ဖက် တွေနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တည်ဆောက်ဖို့ အကန့်အသတ် ဖြစ်စေပါတယ်”
”ကျနော်တို့ အမျိုးသားတွေ သာမက လူ့အသိုင်းအဝိုင်းကပါ ဒီမှားယွင်းတဲ့ အယူအဆတွေကို ဖျက်ထုတ်ပစ်ဖို့နဲ့ အမျိုးသမီးတွေဟာ မလုပ်နိုင်ဘူးလို့ ယူဆတာတွေကို ရပ်တန့်ပစ်ဖို့ လိုပါတယ်။ တကယ်လို့ အမျိုးသမီး တယောက်ကို လုပ်ပိုင်ခွင့်ပေးပြီး တူညီတဲ့ အခွင့်အရေးတခုကို ပေးမယ်ဆိုရင် ဒါဟာ အဲဒီအမျိုးသမီးရဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက်တင် မကဘူး၊ သူ့ရဲ့မိသားစုနဲ့ အသိုက်အဝန်းရဲ့ ဖွံ့ဖြိုးရေးအတွက်ပါ ကူညီရာရောက်ပါတယ်” ဟု ဦးဝေဖြိုးက ဆိုသည်။
( ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ဇာနည်မာန် ရေးသားသည်။)
Baroness Mary Goudie
ဗြိတိန်အထက်လွှတ်တော် လေဘာပါတီ
မြို့စားကတော် Baroness Mary Goudie သည် ဗြိတိန်အထက်လွှတ်တော်တွင် လေဘာပါတီမှ အဖွဲ့ဝင်နှင့် 30%Club ဦးဆောင်ကော်မတီကို တည်ထောင်သူအဖွဲ့ဖြစ်သည်။ သူသည် Vital Voices Global Partnership တွင်လည်း ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်သည်။
သူ့အတွက် ကွဲပြားခြားနားမှုနှင့် ကျား၊ မ တန်းတူရေးကို ထောက်ခံရသည့် အကြောင်းမှာ ရှင်းလင်းလှသည်။
”ကုမ္ပဏီတခုဟာ ဘုတ်အဖွဲ့ထဲမှာ ထူးချွန်သူတွေ အပြည့်ရှိနေပြီဆိုရင် ပိုပြီး တီထွင်ဆန်းသစ်၊ ပိုပြီး နိုးကြား၊ ပြီးတော့ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာနိုင်တယ်” ဟု ရှင်းပြသည်။
ကော်ပိုရိတ်လုပ်ငန်းများ၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် အမျိုးသမီး အနည်းဆုံး ၃ဝ ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးသော Global 30%Club ဦးဆောင် ကော်မတီ အဖွဲ့ဝင်တဦး အနေဖြင့် Goudie သည် HSBC နှင့် Santander ဘဏ်များ၊ စွမ်းအင်ကုမ္ပဏီများဖြစ်သည့် Cisco နှင့် Petronas တို့မှသည် Goldman Sachs ကဲ့သို့သော ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် အမျိုးသမီးများ ဥက္ကဋ္ဌအဖြစ် ပါဝင်လာသည်ကို တွေ့မြင်ခဲ့ဖူးသူ ဖြစ်သည်။
အရေးပါပြီး လျင်မြန်သော အသွင်ကူးပြောင်းမှုများကို ဖြတ်သန်းနေသော မြန်မာနိုင်ငံအတွက် လက်ရှိ အချိန်အခါသည် အရေးကြီးပြီး စိတ်လှုပ်ရှားစရာ အချိန်အဖြစ် Goudie က ယူဆသည်။ ထိုကာလတွင် အမျိုးသမီးသာမက အမျိုးသားများ၏ ညာဏ်စွမ်း၊ ပြတ်သားခိုင်မာသော စွန့်ဦးတီထွင် လုပ်ငန်းရှင်စိတ်ဓာတ်၊ အဖွဲ့အစည်းပိုင်းနှင့် ငွေကြေးဆိုင်ရာ သိမြင်နှံ့စပ်မှုတို့ပါ လိုအပ်သည်ဟု သူက ဆိုသည်။
”အနာဂတ် ရည်မှန်းချက်ရှိတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ အနေနဲ့ ဒီလို စိန်ခေါ်မှုကို လက်ခံရင်ဆိုင်တာကို တွေ့ရတော့ ကျမ အနေနဲ့ ဝမ်းသာရပါတယ်” ဟု သူက ပြောသည်။
ဒေါ်ဝင်းဝင်းတင့်
City Mart Holding Co., Ltd
သူ၏ လုပ်ငန်းတွင် ကျား၊ မ တန်းတူညီမျှရေးကို မြှင့်တင်ရသည့် အကြောင်းရင်းများထဲမှ တခုမှာ အမျိုးသား၊ အမျိုးသမီး ခွဲခြား ဆက်ဆံသော အစဉ်အလာ အယူအဆများကို မျိုးဆက်သစ်များထံ လက်ဆင့် မကမ်းလိုသောကြောင့် ဖြစ်သည်ဟု City Mart Holding Co., Ltd ၏ အမှုဆောင် အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့်က ဆိုသည်။
သမီးနှစ်ယောက်နှင့် သားတယောက်၏ မိခင် ဒေါ်ဝင်းဝင်းတင့်က မြန်မာနိုင်ငံတွင် တရားဝင် သတ်မှတ်ထားသော သို့မဟုတ် သိသိသာသာ ခွဲခြား ဆက်ဆံမှုမျိုး ရှိချင်မှရှိလိမ့်မည် ဖြစ်သော်လည်း အမျိုးသမီးများအား အိမ်ထောင်ရှင်မ၊ နောက်ကွယ်မှ ပံ့ပိုးပေးသူများ အဖြစ်သာ မြင်နေသည့် အစွဲများ၊ ဘာသာရေး အရလည်း အမျိုးသမီး များသည် အမျိုးသားများထက် တဆင့်နိမ့်ကျသည်ဆိုသည့် ခွဲခြား ဆက်ဆံသည့် အယူအဆများနှင့် အစဉ်အလာ များ ရှိနေသေးသည်ဟု ဒေါ်ဝင်းဝင်းတင့်က ထောက်ပြသည်။
ဒေါ်ဝင်းဝင်းတင့်က သူ၏ ဝန်ထမ်းများသည် အခွင့်အရေး တန်းတူရကြသည်ဟု ဆိုသည်။ City Mart Super Market များအပါအဝင် City Mart Holding လုပ်ငန်းစု၏ အုပ်ချုပ်စီမံအပိုင်း၌ လုပ်နေသူ ၇၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြပြီး လုပ်ငန်းပေါင်း ၁၇ဝ ကျော်၏ ဝန်ထမ်းပေါင်း ၈၅ဝဝ ကျော်တွင် ၆၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြသည်။
”ကျမတို့ အနေနဲ့ အမျိုးသားတွေကိုပဲဖြစ်ဖြစ် အမျိုးသမီးတွေကိုပဲဖြစ်ဖြစ် အထူး အခွင့်အရေး ပေးတာမျိုး ဒါမှမဟုတ် အခွင့်အရေး ပိုပေးတာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ တူညီတဲ့ အခွင့်အရေးရမယ်ဆိုရင် အမျိုးသမီး တွေလည်း အောင်မြင်နိုင်ပါတယ်။ ဒါပေမယ့် ပြဿနာက ဒီလိုမျိုး အခွင့်အရေး မပေးတဲ့ နေရာတွေ အများကြီး ရှိနေတုန်းပဲ ဖြစ်သလို အဲဒါကြောင့်ပဲ ဦးဆောင်မှု အခန်းကဏ္ဍမှာ အမျိုးသမီးတွေ အရေအတွက် နည်းနေရတာ”ဟု ဒေါ်ဝင်းဝင်းတင့်က ပြောသည်။
၂ဝ၁၅ ခုနှစ် Forbes မဂ္ဂဇင်း၏ အာရှ၏ အအောင်မြင်ဆုံး အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် အယောက် ၅ဝ ထဲတွင် ပထမဆုံး မြန်မာအမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်အဖြစ် ဖော်ပြခြင်း ခံခဲ့သည့် ဒေါ်ဝင်းဝင်းတင့်က သူ၏ ကုမ္ပဏီတွင် အမျိုးသမီးများ အပြည့်အဝ ပါဝင်နိုင်ရေးကို ဆောင်ရွက်ခဲ့မှုက ကုမ္ပဏီအတွက် အကျိုး ဖြစ်ထွန်းစေ ခဲ့သည်ဟု ဆိုသည်။
”ကျား၊ မ တန်းတူညီမျှရှိမှုကို ဖော်ဆောင်တာက ကျမတို့လို လုပ်ငန်းရှင်တွေကို အကျိုးရှိစေပါတယ်။ တကယ်လို့ ကုမ္ပဏီတွေ အနေနဲ့ ဝန်ထမ်းတွေကို ရာထူးတိုးပေးရာမှာ သူတို့ရဲ့ ကျား၊ မ ဖြစ်မှုကို မကြည့်ဘဲ သူတို့ရဲ့ စွမ်းဆောင်ရည်ကိုပဲ ကြည့်မယ်ဆိုရင်တော့ တိုးတက်မှုတွေကို မြင်ရပါလိမ့်မယ်” ဟု သူက ဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် စမ်းယမင်းအောင် ရေးသားသည်။)
ဦးထွန်းထွန်းနိုင်
Blue Ocean Operating Management Co., Ltd
ဦးထွန်းထွန်းနိုင်သည် Blue Ocean Operating Management Co., Ltd ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်ပြီး နောက်ပိုင်းတွင် Blue Ocean Contact Center အပါအဝင် မိုဘိုင်းဖုန်းများ ထပ်ဆောင်း ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို တိုးချဲ့ခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင် ဦးထွန်းထွန်းနိုင်၏ Blue Ocean Contact Center သည် မူလဝန်ဆောင်မှု များဖြစ်သည့် ဗေဒင်၊ ကျန်းမာရေးနှင့် သွေးအကူအညီ Hotline ဝန်ဆောင်မှုများအပြင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုအတွက် ဥပဒေရေးရာ အကြံဉာဏ်များ ပေးအပ်ရန် ဝန်ဆောင်မှုအသစ် တခု ကိုပါ တိုးချဲ့ခဲ့သည်။
အမျိုးသမီး ဥပဒေ ပညာရှင်များသို့ ဆက်သွယ်မေးမြန်း တိုင်ပင်နိုင်သော အဆိုပါ hotline သည် ၄ လအတွင်း မေးမြန်းမှုအကြိမ်ရေ တစ်ထောင်ကျော်ကို လက်ခံရရှိခဲ့ပြီး များသောအားဖြင့် မြန်မာနိုင်ငံ၏ ကျေးလက်နှင့် နယ်စပ်ဒေသများမှ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့်ပတ်သက်၍ ဖြစ်သည်။
အမျိုးသမီးများ အကြမ်းဖက်ခံရမှုအတွက် Hotline ပြုလုပ်ရခြင်းအပေါ် မေးမြန်းရာ မြန်မာနိုင်ငံတွင် ပထမဆုံး အနေဖြင့် ဆက်သွယ်ရေး လုပ်ငန်းများနှင့် ပူးပေါင်း၍ Hotline ဝန်ဆောင်မှုလုပ်ငန်း တည်ထောင်ခဲ့သူ ဦးထွန်းထွန်းနိုင်က အမျိုးသမီးများ ကြုံတွေ့နေရသော အကြမ်းဖက်မှုများ အတွက် လုံခြုံစိတ်ချစွာ ရင်ဖွင့်နိုင်ရန်နှင့် အကြံဉာဏ်များကို အတိုင်ပင်ခံများဆီမှ ရယူနိုင်ရန် နေရာဖန်တီးပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးထွန်းထွန်းနိုင်သည် ကျား၊ မ တန်းတူညီမျှမှုရှိစေရေး တက်တက်ကြွကြွ ပါဝင်လျက်ရှိသည့် အနည်းငယ်သော အမျိုးသား စီးပွားရေးလုပ်ငန်းရှင်များထဲမှ တစ်ယောက်လည်းဖြစ်သည်။
သူ၏လုပ်ငန်းတွင် အလုပ်ခန့်ထားရာ၌ ကျား၊ မ ခွဲခြားမှုမရှိစေဘဲ ဝန်ထမ်းများ လုပ်ငန်းခွင် လုံခြုံမှုရှိစေရန် ဆောင်ရွက်ပေးနေသည်ဟု ပြောသည်။ ညဆိုင်းဆင်းသော အမျိုးသမီးများအတွက် အိမ်ရှေ့၊ လမ်းထိပ်များအထိ အကြိုအပို့ လုပ်ပေးသော ဖယ်ရီများ စီစဉ်ပေးထားသည်။
ထို့အပြင် အလုပ်ချိန်ပြည့် မလုပ်နိုင်ဘဲ သူတို့၏ အားလပ်ချိန်တွင်သာ အလုပ်လုပ်လိုသော အိမ်ထောင်သည် အမျိုးသမီးများနှင့် သားသည်မိခင်များ အတွက်လည်း အချိန်ပိုင်း လုပ်နိုင်ရန် call center တွင် စီစဉ်ထားပေးသည်။
ထိုသို့ ဆောင်ရွက်ပေးမှုများကြောင့် လက်ရှိ ၂၄ နာရီ လည်ပတ်လျက်ရှိသော ၎င်း၏ call center တွင် ၆၄ ရာခိုင်နှုန်းသော ဝန်ထမ်းများမှာ အမျိုးသမီးများ ဖြစ်ကြသည်။
သမီး ၂ ယောက်၏ ဖခင် ဦးထွန်းထွန်းနိုင်က အမျိုးသမီးတွေ အိမ်တွင်းပုန်း လုပ်ရသည့်ခေတ်မှာ ကျော်လွန်သွားခဲ့ပြီဟု ဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် စမ်းယမင်းအောင် ရေးသားသည်။)
Muhtar Kent
ကိုကာကိုလာကုမ္ပဏီ
မူထာခန့်သည် ၂ဝ၂ဝ ပြည့်နှစ်တွင် အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင် ၅ သန်းကို မွေးထုတ်ပေးရန် ရည်ရွယ် သည့် ကိုကာကိုလာ ကုမ္ပဏီ၏ 5 by 20 ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ကို စတင်ခဲ့သူဖြစ်သည်။
ကိုကာကိုလာကုမ္ပဏီတွင် သူ၏ခေါင်းဆောင်မှုမှ တဆင့် အမျိုးသမီးများအတွက် အခွင့်အရေးများကို မြှင့်တင်ပေးနိုင်ရန် ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မူထာခန့်သည် အမျိုးသမီး အမှုဆောင်များနှင့် အတူ အမျိုးသမီး ခေါင်းဆောင်မှု ကောင်စီကို ဖန်တီးခဲ့သည်။ ထိုကောင်စီသည် ကုမ္ပဏီအတွင်း အမျိုးသမီး များ၏ ခေါင်းဆောင်မှုကို မြှင့်တင်ရန်နှင့် ကျား၊ မ ညီမျှမှု ရှိစေရန်အတွက် မဟာဗျူဟာများ၊ အစီအစဉ်များနှင့် စံနှုန်းများကို သတ်မှတ်ပေးခဲ့သည်။
မူထာခန့်သည် ကုမ္ပဏီ၏ 5 by 20 အစီအစဉ်အား ၂ဝ၁ဝ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါ အစီအစဉ်အရ ကိုကာကိုလာသည် လက်ရှိအချိန်မှ ၂ဝ၂ဝ ပြည့်နှစ် ကာလအတွင်း ကုမ္ပဏီ၏ ကုန်ကြမ်းရရှိသည်မှ ကုန်ချော ထုတ်သည်အထိ ဖြစ်စဉ်တလျှောက်တွင် ကမ္ဘာတစ်ဝန်း အမျိုးသမီး စွန့်ဦးတီထွင်သူ ၅ သန်းကို မွေးထုတ်ပေးရန် ရည်ရွယ်သည်။
လက်ရှိတွင် ထိုအစီအစဉ်အား နိုင်ငံပေါင်း ၆ဝ ကျော်တွင် ဆောင်ရွက်နေပြီး အမျိုးသမီး စွန့်ဦးတီထွင်သူများအနေဖြင့် အောင်မြင်မှု သို့ သွားရာလမ်းတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်စေရန် အကူအညီ ပေးနေသည်။ ဤအစီအစဉ်တွင် စီးပွားရေး ဆိုင်ရာ သင်တန်းပေးခြင်းများ၊ ဘဏ္ဍာရေး ဝန်ဆောင်မှုများ၊ လုပ်ငန်းတူများ၊ ကျွမ်းကျင်သူများနှင့် ချိတ်ဆက်ပေးခြင်းတို့ ပါဝင်သည်။
မြန်မာနိုင်ငံတွင်မူ ကိုကာကိုလာသည် ကျေးရွာ အခြေစိုက် ငွေစုနှင့် စီးပွားရေး လုပ်ငန်းငယ်များ ဖွံ့ဖြိုးရေး အစီအစဉ်ဖြစ်သည့် “စွမ်းရည်”နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများကသာ စီမံခန့်ခွဲပြီး ဆောင်ရွက်သည့် ဘဏ်လုပ်ငန်း အုပ်စုလေးများကို တည်ထောင်လျက်ရှိသည်။
၂ဝ၁၂ ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ “စွမ်းရည်”သည် မြန်မာနိုင်ငံတဝန်း ဒေသ ၅ ခုတွင် ပညာပေးခြင်း၊ သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းတို့ဖြင့် အမျိုးသမီးပေါင်း ၃၂၅ဝဝ ကျော်အား စွမ်းရည် မြှင့်တင်ပေးခဲ့ပြီးဖြစ်သည်။
ထိုအစီအစဉ်တွင် ပါဝင်ခဲ့သူ အမျိုးသမီးများသည် အစီအစဉ် စတင်ခဲ့သည့် အချိန်ကထက် အဆ ၁၁ ဆ ငွေစုဆောင်းနိုင်ခဲ့ပြီး ၃ ပုံ ၁ ပုံ ခန့်ဖြစ်သော အမျိုးသမီး ၈၅ဝဝ ခန့်သည် စီးပွားရေး လုပ်ငန်းသစ်များ သို့မဟုတ် သူတို့၏ လက်ရှိစီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်ခဲ့ပြီးဖြစ်သည်။