မက်စ်မြန်မာ လုပ်ငန်းစု ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တွေ့ဆုံခြင်း

ဧရာဝတီ
မက်စ်မြန်မာ လုပ်ငန်းစု ဥက္ကဋ္ဌ ဦးဇော်ဇော် / ဧရာဝတီ

စီးပွားရေး လုပ်ငန်းများစွာကို ပိုင်ဆိုင်သည့် ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် မက်စ်မြန်မာ ကုမ္ပဏီ လုပ်ငန်းစု၏ ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ပြည်တွင်း စီးပွားရေး လုပ်ငန်းများ၏ ရှေ့ဆက် အလားအလာ၊ စတော့ရှယ်ယာ စသည့် ကိစ္စများနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာန အပါအဝင် မီဒီယာများက ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်တွင် မတ်လ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် Bloomberg Invest Myanmar (BIM) Summit တွင် မေးမြန်းခဲ့သည်များကို ပြန်လည် ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး။    ။ အရှေ့မြောက်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် နောက်ဝင်လာမည့် ရင်းနှီးမြှုပ်နှံမှုတွေအတွက် အနှောက်အယှက်များ ဖြစ်လာမလား။

ဖြေ။    ။ အဓိကက ကျနော်တို့ နိုင်ငံတွင်းက ညီအကို မောင်နှမတွေ မဖြစ်တာတော့ အကောင်းဆုံးပေါ့။ မဖြစ်စေ ချင်ပါဘူး။ အမြန်ဆုံး ငြိမ်းချမ်း စေချင်ပါတယ်။ သို့သော်လည်း ရန်ကုန်မှာရှိတဲ့ တချို့ စီးပွားရေးတွေနဲ့ ပတ်သက်လို့ တိုက်ရိုက်တော့ မရှိပေမယ့် တချို့နယ်တွေမှာရှိတဲ့ ဒီလိုဖြစ်နေမယ်ဆိုရင် ဒါထက်ပိုပြီး ကျယ်ပြန့်လာမှာကို စိုးရိမ်မှုတော့ ရှိမှာပဲလေ။ ကျနော်အနေနဲ့က ဒီစစ်မီးတွေ အမြန်ဆုံး ငြိမ်းပါစေလို့ ဆုတောင်းပါတယ်။

မေး။    ။ ဘဏ်အနေနဲ့ အသေးစား လုပ်ငန်းတွေကို ချေးငွေထုတ်ချေးခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုများ လုပ်ဆောင်ပေး နေပါသလဲ။

ဖြေ။    ။ Banking လုပ်ကတည်းက စီးပွားရေး ဖွံ့ဖြိုး တိုးတက်ချင်တာရယ် ကျေးလက်ဒေသတွေမှာ ပံ့ပိုးမှု ဖြစ်စေချင်တာ ကြောင့်ရယ် စိုက်ပျိုးစရိတ် ချေးငွေဆိုရင် ၇ နှစ်လောက်ရှိပြီ။ လယ်သမား ၂ သောင်းကျော်လောက်ကို ချေးတာ ။ ကျနော် အနေနဲ့ Microfinance နဲ့ ပတ်သက်လို့လည်း JICA နဲ့တွဲပြီးတော့ ချေးထားတာတွေ ရှိတယ်။ သို့သော်လည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ဒီထက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုတယ်။ နောက်တခုက ချေးတာထက်ကို Microfinance နဲ့ ဖြစ်ဖြစ်၊ SMEs ပဲချေးချေး အကျိုးအမြတ်ရှိပြီး ဆက်ရှင်သန်နိုင်အောင် စီးပွားရေး အခင်းအကျင်းမျိုးကို ဖန်တီးပေးမှရမယ်။ ငွေချေးရုံ တခုတည်း မဟုတ်ဘဲ သူတို့ရဲ့ စီးပွားရေးက အမြတ်ရရှိလာအောင် စဉ်းစားပေးဖို့လိုတယ်။

မေး။    ။ Bloomberg Invest Myanmar Summit မှာ ဦးဇော်ဇော်အနေနဲ့ ပြည်တွင်း ရင်းနှီးမြုပ်နှံမှု အပိုင်းမှာ ဘယ်လို အခန်းကဏ္ဍတွေကို အားကောင်းအောင် လုပ်သင့်တယ်လို့ တိုက်တွန်းချင်ပါသလဲ။

ဖြေ။    ။ ကျနော့်အနေနဲ့ တိုက်တွန်းတာက အခြေခံအဆောက်အဦပိုင်းပါ။ မဖြစ်မနေ ဒီလျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်လို့ ဆိပ်ကမ်းတွေနဲ့ ပတ်သက်လို့ မဖြစ်မနေ လုပ်ကိုလုပ်ရမယ်။ ဒါတွေရှိလာမှ ကျနော်တို့ အနေနဲ့ ကုန်ကျစရိတ် သက်သက် သာသာနဲ့ ပစ္စည်းတွေ ထုတ်လုပ်နိုင်မယ်။ သာမန်လူတွေ အကုန်လုံးလည်း လျှပ်စစ်မီးတွေ သုံးလို့ရမယ်။ အဲဒါတွေက အရေးကြီးပါတယ်။ မီးမရှိတဲ့ ဒေသ မီးရစေချင်တယ်။ တော်တော်များများ နိုင်ငံတွေမှာ လျှပ်စစ်မီးဆိုတာ နေရာတိုင်း လိုလိုမှာ ရတယ်။ ဒါကို အာရုံစိုက် လုပ်သင့်တယ်။ အစိုးရတခုတည်း မဟုတ်ပါဘူး။ ပုဂ္ဂလိကရော အစိုးရော ပြည်သူလူထုရော ဝိုင်းဝန်းပြီး လုပ်စေချင်တယ်။

မေး။    ။ လျှပ်စစ်မီတာခတွေ တိုးလာနိုင်တဲ့ အပေါ်မှာရော ဘယ်လို မြင်ပါသလဲ။

ဖြေ။    ။ အဓိက လူတွေအနေနဲ့ ပင်ပန်းနွမ်းနွယ်နေတယ်။ ရတဲ့ဝင်ငွေနဲ့ ရပ်တည်နေရတဲ့ အခက်အခဲရှိတဲ့အတွက် ကြောင့်မို့ သက်သာတဲ့ဟာ အကောင်းဆုံးပါ။ နိုင်ငံရဲ့ စီးပွားရေးတိုးတက်ပြီး တဦးချင်းဝင်ငွေတိုးတက်အောင် လုပ်ဖို့လိုပါတယ်။ ဒါမှလည်း ကျနော်တို့အနေနဲ့က ကုန်ကျစရိတ်ကိုပေးနိုင်မယ်။ တဖက်ကလည်း ရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံပြန်ရမယ်။ တခုရှိတာက နိုင်ငံတကာမှာ ဝင်ငွေအနည်းဆုံးရတဲ့ တိုင်းပြည်ဖြစ်နေတယ်။ လူတဦးချင်းဝင်ငွေတိုး အောင်လုပ်ရမယ်။ နောက်ဆုံးပိတ် အစိုးရက ရှုံးတယ်ဆိုရင်တောင် ပြည်သူ ပိုက်ဆံပဲလေ။ အားလုံး အစိုးရရော ပြည်သူလူထုရော ရင်နှီးမြုပ်နှံမယ့်သူရော ဟန်ချက်ညီညီ သွားစေချင်ပါတယ်။

မေး။    ။အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းလိုက်ခြင်းက ဦးဇော်ဇော်ရဲ့ စီးပွားရေး ဘယ်လို လုပ်ငန်းတွေအတွက် လမ်းပိုပွင့်သွားတယ်လို့ ထင်လဲ။

ဖြေ။    ။ အားလုံးပါပဲ။  အဓိကက ကျနော်က ဦးဆောင်လုပ်နေတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အတွက် ကျနော်နဲ့ ပတ်သက်တဲ့ ဂုဏ်သိက္ခာ၊ လုပ်ငန်းတွေအတွက် ထိရောက်မှုရှိတယ်။ ဒါကြောင့် ကျနော်က မြန်မာလူမျိုးဖြစ်ပြီး ကိုယ့်နိုင်ငံ ချစ်တဲ့အခါမှာ  နိုင်ငံတကာရဲ့ အမြင်မှားနေတဲ့ဟာမျိုးကို ကျနော်အတွက်လည်း မကောင်း ကြိုးစားချင် သလောက်လည်း သွားလို့ မရဘူး။ အခုလို ဖြစ်သွားတာ sector အားလုံး အတွက် ကောင်းပါတယ်။

မေး။    ။ ဦးဇော်ဇော်အနေနဲ့ ဘယ်လို လုပ်ငန်းတွေကို တိုးချဲ့သွားမလဲ။ အမေရိကန် အပြင် အခြား ဘယ်နိုင်ငံတွေနဲ့ ဆွေးနွေးထားတာ ရှိသလဲ။

ဖြေ။    ။  လက်ရှိမှာ သီးသန့် ဆွေးနွေးထားတာတော့ မရှိဘူး။ သို့သော် ဒီနှစ်ကို အလုပ်အကိုင် အခွင့်အလမ်း ၅၀၀၀ ဖန်တီးဖို့ စဉ်းစားထားသလို အခုလည်း စပြီး အလုပ်ခန့်နေပြီ။ ကျနော့်မှာ ဝန်ထမ်း ၁၇၀၀၀ လောက်ရှိတယ်။ သင်တန်း ကျောင်း ၄ ကျောင်းရှိတယ်။ မြန်မာလူမျိုးတွေ ကျောင်းပြီးကာစေတွေ အလုပ်အကိုင်ရပြီး သူတို့ အသိဉာဏ်တွေ ပိုတိုးလာဖို့က ကျနော် အလိုချင်ဆုံးဆန္ဒပဲ။ ဒီနှစ် လူ ၅၀၀၀ လောက် အလုပ်ခန့်ဖို့ စီစဉ်ထား တယ်။ အဓိကက Banking ရယ်၊ အာမခံ၊ အခြား ကျနော်ရဲ့ industry တွေပါ။

မေး။    ။ အစိုးရသစ်တက်လာပြီးနောက်ပိုင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုအပေါ် ဘယ်လောက်အထိ အားရကျေနပ်မှု ရှိပါသလဲ။

ဖြေ။    ။ လိုအပ်ချက်တွေ ရှိသလို ကောင်းတာတွေလည်း ရှိတယ်။ ပြောင်းလဲတိုင်းမှာတော့ အခက်အခဲဆိုတာ ရှိတတ်ယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ ရန်ကုန် အခြားနေရာတွေမှာရော လူတွေတော်တော်များများက အဆင်မပြေဘူးလို့ စိတ်ထဲမှာ ရှိနေကြတာရှိသလို ကောင်းလာနိုင်တဲ့ဟာမျိုးတွေ ကျနော်တို့ မြင်နေရတာရှိတယ်။ ပြည်သူတွေအားလုံး လိုချင်တဲ့ လမ်းကြောင်းအပေါ် သွားနေတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကောင်းလာနိုင်တယ်လို့ မျှော်လင့်တယ်။ ကျနော်တို့လည်း ကြိုးစားနေတယ်။

မေး။    ။ Bloomberg Invest Myanmar Summit မှာ စတော့ဈေးကွက်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ သိပါရစေ။

ဖြေ။    ။ အဓိကက ကျနော်တို့ နိုင်ငံမှာက တော်တော်များများ ကုမ္ပဏီတွေက တဦးတည်းပိုင် ဖြစ်နေတာပေါ့။ ကိုယ့်မှာရှိတဲ့ လုပ်ရည်ကိုင်ရည်နဲ့ လုပ်နိုင်တဲ့အလုပ်တွေကို public ကလည်း ရှယ်ယာတွေ ဝယ်ပြီးတော့ ဒီလုပ်ငန်းတွေကို မျှဝေခံစားတဲ့ဟာကို သွားချင်တာပေါ့။ အဲဒီချိန်မှာ စတော့အိတ်ချိန်းက ပိုအရေးကြီးတယ်။ ဒါကြောင့်မို့ စတော့အိတ်ချိန်းကို ဒါထက်ပိုပြီး Listed လုပ်တဲ့သူရော ရှယ်ယာဝယ်သူရော အကျိုးအမြတ်ရအောင် သွားဖို့အတွက် ကျနော်က တိုက်တွန်း တာပါ။ ဒါမှ ကုမ္ပဏီတွေကလည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိမယ်။ စီးပွားရေးသမားတွေနဲ့ ပြည်သူတွေကြားမှာလည်း ယုံကြည်မှု များလာမယ်။ အဲဒါကို ကျနော်တို့ ရောက်အောင်သွားချင်တယ်။

အဓိကက စတော့အိတ်ချိန်းကို ဝင်သွားတယ်ဆိုတာက အနာဂတ်ကို ဝယ်လိုက်တာပဲ။ ဒီကို ဝင်သွားတဲ့အခါမှာ ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုက  ဘီလီယံ ၁၀၀ ထည့်ထားတာက ဒီနေ့ထည့် မနက်ဖြန် ဘီလီယံ ၃၀ ပဲကျန်မယ်ဆိုရင်တော့  ဘယ်သူမှ ဝယ်မှာ မဟုတ်သေးဘူး။ ဝယ်သူလည်း အကျိုးရှိ တင်လိုက်တဲ့သူလည်း အကျိုးရှိ ဆိုတာမျိုး ဖြစ်အောင်သွားကြရမယ်။ လိုအပ်ချက် တွေက ရှိတာပေါ့။ သို့သော် စနိုင်တယ်ဆိုတာ ဝမ်းသာစရာပါ။ နောက်ပိုင်းမှာ လိုအပ်ချက်တွေ ဖြည့်ဆည်းသွားဖို့ လိုပါလိမ့်မယ်။

Loading