သတ္တုတွင်း လုပ်ငန်းတွေမှာ လုပ်ကွက်ဟောင်းတွေ ရပ်ဆိုင်းနေပြီး လုပ်ကွက်သစ် ချထားပေးမှုမှာလည်း ကြန့်ကြာနေတဲ့ အခြေအနေများအပေါ် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးခင်မောင်ဟန်ကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် မျိုးပပစန်းက တွေ့ဆုံမေးမြန်းခဲ့တာများကို ဖော်ပြလိုက်ပါတယ်။
မေး။ ။ သတ္တုလုပ်ကွက် ချပေးနေတာတွေကို အခုဆို ပိတ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် လုပ်ငန်းလည်ပတ်မှုက ဘယ်လိုရှိပါလဲ။ လုပ်ကွက်သက်တိုးဖို့အတွက် ဘာတွေလုပ်ဆောင်နေပါလဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ သတ္တုလုပ်ကွက်တွေမှာ တချို့သော သက်တမ်းတိုး လုပ်ကွက်အဟောင်းတွေ ရှိတယ်။ အဲဒီမှာလည်း တချို့သော သက်တမ်းတိုး လုပ်ကွက်တွေက သက်တမ်းကုန်သွားတာလည်း ရှိတယ်။ ဒါတွေအတွက် လျောက်လွှာတွေ တင်ခိုင်းထားတယ်။ ဒါပေမယ့် ကျနော်တို့သတ္တုတွင်းရဲ့ နည်းဥပဒေ အတည်မပြုသေးတဲ့အတွက် စောင့်နေရပါတယ်။
နည်းဥပဒေ ထွက်ရှိမှသာ အသစ်တွေကို ချပေးပါ့မယ်ဆိုတဲ့ အစီအစဉ်ရှိပါတယ်။ သက်တမ်းတိုး အပိုင်းကိုလည်း ချပေးနေပါတယ်။ ဒါပေမယ့် ဒီအပိုင်းမှာ အခက်အခဲ ရှိသွားတာက ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံဆိုတဲ့ Plan ကို လုပ်ငန်းရှင်အားလုံးက မိမိလုပ်ကွက်အတွက် ဆွဲပေးရပါတယ်။
Plan ဆွဲတဲ့နေရာမှာ EMP ရဲ့ စည်းကမ်း သတ်မှတ်ချက်တွေ ဥပဒေအရ သတ်မှတ်ထားတာတွေကို အညီအညွှတ် ရေးတဲ့အတွက် တချို့ဟာတွေမှာ ကြန့်ကြာနေပါတယ်။ ညီညွှတ်တယ် ဆိုရင်တော့ သက်တမ်းတိုး ချက်ချင်း ချပေးလိုက်တယ်။ အဲဒီနေရာမှာ ကြန့်ကြာတဲ့အတွက် တချို့သက်တမ်းတိုးတွေ ပြန်မကျတာ ဖြစ်တယ်။ နည်းဥပဒေ စောင့်နေတာကြောင့်လည်း ပါပါတယ်။ တော်တော်များများ သက်တမ်းတိုးတွေတော့ အခုချထားပေးနေတယ်။
မေး။ ။ Enviromental Management Plan (EMP) ကို လုပ်ငန်းရှင်တွေ ရေးဆွဲနိုင်ဖို့ သတ္တုလုပ်ငန်းရှင် အသင်းအနေနဲ့ ဘယ်လိုမျိုး ကူညီဆောင်ရွက်ပေးပါလဲ။
ဖြေ။ ။ စည်းမျဉ်း သတ်မှတ်ချက်တွေနဲ့ ရေးဆွဲနိုင်ဖို့အတွက် ဝန်ကြီးဌာနထုတ်ပြန်ချက်တွေကို တချို့လုပ်ငန်းရှင်တွေ နားလည်နိုင်ဖို့ ကူညီပံ့ပိုးပေးပါတယ်။ အသင်းချုပ်အနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးမှာရှိတဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေကို ကူညီပြီး နိုင်ငံတော်ရဲ့ စည်းမျဉ်းနဲ့ညီအောင် ဆောင်ရွက်နေပါတယ်။
မေး။ ။ သက်တမ်းတိုးလုပ်ကွက် တင်ထားတာ ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ သတ္တုလုပ်ကွက် သက်တမ်းတိုးအနေနဲ့ လက်ရှိတင်ထားတော့ ၁,၁၀၀ ကျော် ရှိပါတယ်။ ကျနော်တို့ သတ္တုလုပ်ငန်းက ၈၀၀ ကျော် ရှိပြီး၊ ကျောက်မျက်က ၂၀၀ ကျော် ရှိတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု စီမံချက် (EMP) ရဲ့ စည်းကမ်းနဲ့ မပြည့်မီသေးလို့ တချို့သက်တမ်းတိုးတွေ ကြန့်ကြာနေတယ်။ အဲဒါကို ကျနော်တို့က ဝန်ကြီးဌာနကို တောင်းခံပြီး အစိုးရနဲ့ ပုဂ္ဂလိက ညီမျှအောင် လုပ်ပြီးတော့ ပြည်သူအတွက် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ပေးဖို့ ညိုနိူင်းတယ်။
ဒါကြောင့် ဝန်ကြီးဌာန၊ ကျနော်တို့အသင်းရော အောက်ခြေအထိ ဆင်းပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများမှာ ပတ်ဝန်းကျင်နဲ့ ဘယ်လိုညိုနိူင်း ပေးရမလဲဆိုတာ အခု စတင် ပြင်ဆင်နေပါပြီ။ အဲဒါအပြင် သတ္တု ကျောက်မျက်ရတနာ တူးဖော်မှု စီးပွားဖြစ် အများဆုံး ထွက်ရှိတဲ့ တိုင်းဒေသကြီး ၈ ခုကို စတင် စစ်တမ်း ကောက်သွားဖို့နဲ့ တပြိုင်တည်း လုပ်ငန်းရှင်တွေကို အစီအမံရေးဆွဲရာမှာ Management လုပ်ပေးရမယ်။
ထိခိုက်မှု အနည်းပါးဆုံး ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ နိုင်ငံတကာက နည်းပညာတွေနဲ့ ကျနော်တို့ စတင်လုပ်နေပါပြီ။ ပြန်ချပေးနိုင်တာ အနည်းအကျဉ်းပဲ ရှိပါသေးတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ အခုလို ပိတ်လိုက်တဲ့အတွက် လုပ်ငန်းတွေ ဆက်စပ်မှု ပြတ်သွားတယ်။ ကျောက်စိမ်း၊ ကျောက်မျက်အပါအဝင် အခြားသော တွင်းထွက်ထုတ်လုပ်တဲ့ လုပ်ငန်းတွေပါ ပျက်သွားတဲ့အတွက် သက်ဆိုင်ရာ ဒေသတွေမှာလည်း အလုပ်အကိုင် အခက်အခဲတွေ ပေါ်လာတယ်ဆိုတာ တင်ပြထားပါတယ်။
အစိုးရကို အသင်းအနေနဲ့ တင်ပြထားတာက ဒီလုပ်ကွက်သက်တမ်းတိုး ၁၁၀၀ ကျော်ကို ချပေးလိုက်ပါ။ သဘာ၀ ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ အစီအစဉ်တခု ရေးဆွဲပေးမယ်။ လုပ်ကွက်ပြန်လည်ချထားပြီး ၃ လ အတွင်း ၆ လ အတွင်း ရေးဆွဲပေးပါ့မယ်ဆိုပြီး ဝန်ခံကတိ ရေးထိုးပြီး တောင်းခံထားပါတယ်။ တချို့ရေးဆွဲပြီးပေမယ့် မပြီးသေးတာတွေကို သတ္တုလုပ်ငန်းရှင် အသင်းရော၊ ကျောက်မျက်အသင်းရော ပူးပေါင်းဆောင်ရွက်နေပါတယ်။
မေး။ ။ EMP ကို အချိန်ကာလ ဘယ်လောက်သတ်မှတ်ပြီး ရေးဆွဲသွားမှာပါလဲ။
ဖြေ။ ။ လုပ်ကွက်အသေးဆိုရင် ဝန်ကြီးဌာန ပြန်လည်ခွင့်ပြုသည့်နေ့မှ ၃ လအတွင်း ရေးဆွဲရမယ်။ အကြီးစား လုပ်ကွက်ဆိုရင် ၆ လအတွင်း ရေးဆွဲရမယ်။ ကုမ္ပဏီကိုယ်တိုင်ကရော အသင်းချုပ်ကရော ဝန်ခံကတိ ရေးထိုးရတယ်။ ဒါကြောင့် သတ္တုထွက်တဲ့ ဥပမာ – ကချင်ကနေစပြီး တနင်္သာရီအထိ အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်နေပါတယ်။
မေး။ ။ လုပ်ကွက်သစ်တွေကို နည်းဥပဒေထွက်မှ ချပေးမှာဆိုတော့ ဘယ်အဆင့်ထိ ရောက်နေပြီလဲ။
ဖြေ။ ။ နည်းဥပဒေကို ပွင့်လင်းမြင်သာမှုရှိအောင် ပုဂ္ဂလိကကဏ္ဍရယ်၊ နိုင်ငံတကာက အတတ်ပညာရှင်တွေရယ်၊ အစိုးရရယ် ပေါင်းပြီး ရေးဆွဲခဲ့ပါတယ်။ အဲဒါကို ပြန်ညိုပြီး ရှေ့နေချုပ်ရုံးကို တင်ပါတယ်။ အဲဒီကမှတဆင့် လွတ်တော်မှာ အတည်ပြုပြီး သမ္မတရုံးပို့ပြီး ပြန်ထွက်ရမှာ ဖြစ်တယ်။ အဲဒီအဆင့်တွေကို ဆောင်ရွက်နေတယ်။ ဝန်ကြီးဌာနရဲ့ လုပ်ထုံးဖြစ်တဲ့အတွက် ကြားရတာတော့ လွတ်တော် မရောက်သေးဘူးလို့ သိရပါတယ်။