မွန်ပြည်နယ် လွှတ်တော်ဥက္ကဌနှင့် တွေ့ဆုံခြင်း

ဧရာဝတီ
မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ / ငြိမ်းငြိမ်း / ဧရာဝတီ

တနှစ်တာ ကာလအတွင်း  မွန်ပြည်နယ်လွှတ်တော်ရဲ့ဆောင်ရွက်ချက်တွေ အပါအဝင် ပြည်နယ်လွှတ်တော်ရဲ့ စိန်ခေါ်ချက်များနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိကို ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှ အကြီးတန်းသတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ဝန်ကြီးချုပ်အသစ် ဒေါက်တာအေးဇံက မွန်ဝန်ကြီးဌာန ၂ နေရာကို တွဲဖက်တာဝန်ပေးလိုက်တယ်လို့ ကြားရတယ်။ ဒါဝန်ကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ သူ့ဟာသူ ပေးလို့ရတာလား။ ဒါကဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီပါလား။

ဖြေ။ ။ ဝန်ကြီးချုပ်က တင်လိုက်တဲ့အခါကျ ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘူး။ မကိုက်ညီတော့ လွှတ်တော်အနေနဲ့ အတည်မပြု ပေးပါဘူး။ မှတ်တမ်းပဲ ထားလိုက်တယ်။ အစိုးရဘက်ကလည်း သူတို့က သမ္မတကိုပဲ ဦးတည်ဆောင်ရွက်ရမယ်။ သူတို့က ဒါကိုပြင်ပြီး အနီးစပ်ဆုံးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ တင်ပြပြီး အတည်ပြုချက် ယူရမှာဖြစ်တယ်။ သမ္မတဆီက လာမယ်ဆိုရင် လွှတ်တော်ကိုတင်ပါ။ သမ္မတဆီက လာတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ရင် လွှတ်တော်က အတည်ပြုပေးမယ်။

မေး။ ။ ပြန်စမယ့် မွန်ပြည်နယ်လွှတ်တော်မှာ ဥက္ကဌတို့အနေနဲ့ ဘယ်လိုအဆို၊ ဘယ်လိုဥပဒေကြမ်းတွေ ဆောင်ရွက်သွားဖို့ ရှိပါလဲ။

ဖြေ။ ။ မတ်လ ၁၅ ရက်မှာ မွန်ပြည်နယ်လွှတ်တော်ရဲ့(ဒုတိယအကြိမ်) ပဉ္စမပုံမှန် အစည်းဝေးစပါမယ်။ အဲဒီမှာ လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြတဲ့အဆိုတွေ မေးခွန်းတွေ ရှိတယ်။ အဲဒါကိုကျတော့ ကျမတို့က လုပ်ထုံးလုပ်နည်းနဲ့ အညီ ၁၅ ရက်ကြိုပြီး အစိုးရဘက်ကို ပို့ထားတယ်။ ဒီအချိန်ဟာ ဘတ်ဂျက်ကို အတည်ပြုရမယ့်အချိန် ဖြစ်တယ်။ အစိုးရဘက်က ဘတ်ဂျက်ဥပဒေတွေ တင်လိမ့်မယ်။ အစိုးရတင်မှာက ၂၀၁၇-၂၀၁၈ မွန်ပြည်နယ် ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းကို အစိုးရဘက်က တင်မယ်။

နောက်ပြီးအစိုးရဘက်က တင်စရာရှိတဲ့ ဒေသန္တရ စီမံကိန်းနဲ့ ဆိုင်တာတွေပေါ့။ သူတို့ တင်စရာရှိလည်း တင်လိမ့်မယ်။ နောက်တခါ မတင်ဖြစ်လိုက်တဲ့ ဆားလုပ်ငန်း ဥပဒေဆိုတာ အစိုးရဘက်က တင်ဖို့ရှိတယ်။ ဒီအချိန်က ဘတ်ဂျက်ကုန်တဲ့ အချိန်ဖြစ်တော့ မွန်ပြည်နယ် စာရင်းစစ်ချုပ်ကလည်း သူ့ရဲ့အစီရင်ခံစာ တင်လိမ့်မယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့အတိုင်း ၆ လတကြိမ် မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့အစီရင်ခံစာကိုလည်း လွှတ်တော်ကို တင်ရမှာဖြစ်တယ်။

မေး။ ။ လွှတ်တော်ဘက်က ရေးဆွဲပြဌာန်းနေတဲ့ ဥပဒေတွေက ဘာတွေပါလဲ။

ဖြေ။ ။ ကျမတို့လွှတ်တော်ဘက်က ၂၀၁၇ ခုနှစ်မှာ အသေးစားအလတ်စား လျှပ်စစ်ဥပဒေတော့ ပြဌာန်းပြီးပြီ။ လွှတ်တော်ကလည်း အတည်ပြုပြီးပြီ။ အခု မွန်ပြည်နယ် စည်ပင်သာယာဥပဒေ (ပြင်ဆင်တဲ့ဥပဒေကြမ်း) ကို ရေးဆွဲနေတယ်။ ဒီဥပဒေက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉  မှာ အတည်ပြုခဲ့တဲ့ ဥပဒေ ဖြစ်တယ်။ ကျမတို့ ဒုတိယအကြိမ်   တက်လာတော့ ဒီဥပဒေကြမ်းကို ရီဗျူးပြန်လုပ်တယ်။ ပြန်ကြည့်တယ်။ ခေတ်နဲ့ လျော်ညီရဲ့လား။ ပြည်သူတွေ ဘယ်လောက်အထိ လိုက်နာနိုင်သလဲ။ ပြည်သူတွေအတွက် ဘယ်လောက်ထိ အကျိုးရှိသလဲဆိုတာ လွှတ်တော်က ပြန်ကြည့်တယ်။ ပြန်ကြည့်ပြီးတာ ၈ လကျော် ၉  လထဲ ရောက်နေပြီ။

အဲဒီလို ပြန်ကြည့်တဲ့အခါမှာ မွန်ပြည်နယ် ၁၀ မြို့နယ်၊ ခရိုင် ၂ ခုရဲ့ အသံတွေကို အားလုံးနားထောင်တယ်။ တခါဌာနတွေရဲ့အသံကို နားထောင်တယ်။ CSO စသော ပြည်သူတွေရဲ့အသံကို နားထောင်တော့ ကျမတို့က ဥပဒေကို ခိုင်ခိုုင်မာမာ ဖြစ်ချင်လို့ အလျင်မလိုဘူး။ ၈ လ၊ ၉ လ ထိ ရေးဆွဲနေတယ်။ အခု မူကြမ်း ၆ အထိ ပြီးသွားပြီ။ မူကြမ်း ၆ နေရာမှာ (စည်ပင်ဥပဒေပါ) ပြစ်မှုပြစ်ဒဏ်နဲ့ ပတ်သက်လို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ရဲ့အသံကို နားထောင်ပြီး အတည်ပြုမှာပေါ့။ မတ်လ ၁၅ ရက် ပဉ္စမအကြိမ် အစည်းဝေးမှာ မီမယ်မမီဘူးတော့ မပြောနိုင်ဘူး။ စည်ပင်ဥပဒေနဲ့ ပတ်သက်လို့ စည်ပင်အမှုဆောင် အရာရှိက လုပ်ထုံးလုပ်နည်းနဲ့အညီ ပြောတာကို မလိုက်နာခဲ့ရင် ဘယ်လို အရေးယူခံရမလဲဆိုတဲ့ (ပြစ်မှုပြစ်ဒဏ်ဆိုတာ) စည်ပင်သာယာဥပဒေမှာ အခန်းတခု ပါပါတယ်။

မေး။ ။ လတ်တလောဖြစ်နေတဲ့ မော်လမြိုင်၊ ဘီလူးကျွန်း ချောင်းဆုံတံတား နာမည်ပေးရေးကိစ္စ ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးမယ်ဆိုတာ သိရတယ်။ ပြည်နယ်လွှတ်တော်အနေနဲ့က ဒီအပေါ်မှာ ဒေသခံလည်းဖြစ်တော့ ပြည်သူတွေ လက်မခံတဲ့နာမည်ပေးဖို့ဆိုတဲ့ အဆိုအပေါ်မှာ ပြည်သူ့ဆန္ဒအတိုင်း မဖြစ်သင့်ဘူးလား။ ဘယ်လို သဘောထားရှိပါလဲ။

ဖြေ။ ။ အဲဒီမေးခွန်း ကျမ မဖြေချင်ဘူး။ ကျမက ဒီမှာ ဒေသရဲ့အသံကို နေ့စဉ်အနီးကပ် ကြားနေရတယ်။ ဒါနဲ့တပြိုင်တည်းမှာပဲ ကျမတို့ရဲ့ပြည်သူ့လွှတ်တော်က ဒီလိုအဆိုတင်ထားတော့ ကျမဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့ ကျမ မဖြေဘူး။ ကျမ ထင်မြင်ချက်လည်း မပေးဘူး။

မေး။ ။ ပြည်နယ်လွှတ်တော်မှာ တံတားနာမည်နဲ့ ပတ်သက်လို့ ပြည်သူတွေက ကန့်ကွက်စာကို လွှတ်တော် ၃ ရပ် စလုံးကို တင်ထားတယ်လို့ သိရတယ်။ ပြည်နယ်လွှတ်တော်က ဒါကို တစုံတရာဆောင်ရွက်ပေးနိုင်တာ မရှိဘူးလား။

ဖြေ။ ။ ပြည်သူ့လွှတ်တော်က အဆိုမတင်ခင်ကတည်းက ဒီစာ ပြည်နယ်လွှတ်တော်ဆီ ရောက်လာတယ်။ တံတားအမည်ပြောင်းတာ သူတို့လက်မခံနိုင်တဲ့အကြောင်း သူတို့တင်ထားတယ်။ အဲဒီအချိန်က ကျမတို့လွှတ်တော်က ဘာမှမဆောင်ရွက်သေးဘူး။ မဆောင်ရွက်သေးဘဲ နေတဲ့အချိန်မှာပဲ ပြည်သူ့လွှတ်တော်မှာ အဆိုတင်လိုက်တော့ ဒီကိစ္စကို ကျမတို့ မွန်ပြည်နယ်လွှွတ်တော်က ဘာမှဆောင်ရွက်မှာ မဟုတ်ပါဘူး။

မေး။ ။ ဥပဒေအရ ဆောင်ရွက်လို့ မရတာလား။

ဖြေ။ ။ ဒါက ဥပဒေပြဌာန်းခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် ဆန္ဒပြတယ် ဆန္ဒထုတ်ဖော်တယ်ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတော့ ကျော်လွန်လို့ မရပါဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတာ ရှိတယ်။ တိုင်းရင်းသားတွေရဲ့ ဆန္ဒကတော့ သူတို့ကဖော်ထုတ်ခွင့်ရှိလို့ ဒီလိုတံတားနာမည် ပြောင်းတာကို ကန့်ကွက်တယ်လို့ ဖော်ထုတ်တယ်။ ဒါကို မွန်ပြည်နယ်လွှတ်တော် အနေနဲ့က တဖက်ဖက်ကို အနိုင်အရှုံးတော့ မလုပ်ပေးပါဘူး။ ဘာမှ မလုပ်ဘူး။ တဖက်ကလည်း တံတားနာမည် ပြောင်းမယ်။ နိုင်ငံတော်အဆင့်က အဆိုတင်ထားတယ်။ တဖက်ကလည်း ပြည်နယ်အဆင့်က ကန့်ကွက်နေတယ်။ ခုနှစ်ခုကြားမှာ ဒီအတိုင်းပဲ ရှိနေပါတယ်။

မေး။ ။ မွန်ပြည်နယ်လွှတ်တော်ကို ဦးဆောင်ရသူဖြစ်ပြီး အမျိုးသမီးလွှတ်တော်ဥက္ကဌ တယောက်အနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရပါလဲ။ ဘာတွေအောင်မြင်မှု ရခဲ့ပါပြီလဲ။

ဖြေ။ ။ လွှတ်တော်ဆိုတာက တာဝန်ကြီး ၃ ခု ရှိတယ်။ ပထမက ဥပဒေပြုခြင်း တာဝန်၊ ဒုတိယ အနေနဲ့က အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို oversight စောင့်ကြည့်တဲ့ တာဝန်နဲ့ ပြည်သူ့အသံကို နားထောင်တဲ့ ပြည်သူကိုယ်စားပြုတဲ့ လွှတ်တော်ရဲ့တာဝန် ၃ ရပ် ရှိပါတယ်။ တနှစ်တာမှာ ၂၀၁၆ ဖေဖော်ဝါရီ ၈ ရက်နေ့ ကျမတို့ မွန်ပြည်နယ်လွှတ်တော် ဖြစ်လာကတည်းက ဒီတာဝန်ကြီး ၃ ရပ်ကိုပဲ စွမ်းစွမ်းတမံ ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့နေရာမှာ မြို့နယ် ၁၀ မြို့နယ်မှာရှိတဲ့ သက်ဆိုင်ရာ မြို့နယ်ကိုယ်စားလှယ်တွေ – ဥပမာ သံဖြူဇရပ်၊ ကျိုက်မရော စသည်ဖြင့် ကိုယ်စားလှယ်တွေကလည်း သူတို့ကို ပြည်သူတွေက ဘာတွေလိုလားတယ်၊ ဘာတွေလိုအပ်တယ်။ ဘာတွေ ဆောင်ရွက်စေချင်တယ်။ ဘာတွေ မတရားခံစားရတယ် စသဖြင့် တင်ပြလာတဲ့ တိုင်ကြားစာတွေ အသနားခံစာတွေ (တင်ပြဖို့) အဲဒီလိုရေးရာကော်မတီတွေ လုပ်ထားပါတယ်။

နောက်တခါမှာ ကျမတို့က တိုင်းရင်းသားလူမျိုးရေးရာ ကော်မတီ၊ ဥပဒေပြုရေး ကော်မတီ၊ စီးပွားရေး စီမံကိန်းနဲ့ ဘတ်ဂျက်လေ့လာရေး ကော်မတီ၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်စောင့်ကြည့်ရေး ကော်မတီ၊ ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ စသဖြင့် ကျမတို့ မွန်ပြည်နယ် လွှတ်တော်ကရေးရာ ကော်မတီ ၇ ခု ဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်။ ကျမတို့ မွန်ပြည်နယ်လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ်အပါအဝင် အားလုံးစုစုပေါင်း ၂၁ ယောက် ရှိပါတယ်။ ဥက္ကဌ၊ ဒုဥက္ကဌ အပါအဝင်ပေါ့။ ကျမတို့ ၁၀ မြို့နယ် အတိုင်းအတာနဲ့ ဆောင်ရွက်ရတယ်။ ဒီရေးရာကော်မတီတွေက လွှတ်တော်ထဲမှာ နေ့စဉ်အလုပ်ရှိတယ်။ အများဆုံးက တိုင်ကြားစာ အသနားခံစာ တင်ပြစာ ကော်မတီပေါ့။ ဒီနယ်မှာ အများဆုံး ဖြစ်တာက မြေယာနဲ့ ပတ်သက်တာတွေ။ လွန်ခဲ့တဲ့ ၁၀ နှစ်၊ နှစ် ၂၀ လောက်က ဥပမာပြောရမယ်ဆိုရင် “ဒီကုတင် ၅၀၀ ဆန့် ဆေးရုံဆောက်မယ်ဆိုပြီး ကျမတို့ မြေကွက်ကိုသိမ်းထားပါတယ်။ အခု မဆောက်ဘူး။ ဒါတွေလည်း ပြန်မရဘူး” စသဖြင့် အဲဒီလိုမျိုးတွေ အများကြီးပဲ။

ဒါကို ကျမတို့ အမြဲဖြေရှင်းနေရတယ်။ ဖြေရှင်းနေရတဲ့အချိန်မှာ ကျမတို့ရဲ့စိန်ခေါ်မှုက လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဘောပင်နဲ့စာရွက်ပဲ ရှိတာလေ။ ကျမတို့အောက်မှာ ဘယ်ဌာနမှ မရှိဘူး။ သူတို့ရဲ့တိုင်ကြားချက်က တကယ်မှန်မမှန်ကို တခါတလေကျရင် ဒေသတွေဆီသွားပြီး လေ့လာစုံစမ်းရတယ်။ တခါတလေကျရင်လည်း သက်ဆိုင်ရာရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ပမာဏစုံစမ်းရေး ပြုစေတယ်။ အဲဒါတက်လာမှ နှစ်ဖက်စလုံးရဲ့ အသံနားထောင်တယ်။ ဒါပြီးရင် အစိုးရအနေနဲ့ ကူညီဖြေရှင်းရမယ့် အပိုင်းဆို အစိုးရကိုစာပို့ပါတယ်။ အစိုးရကို စာပို့ခြင်းဖြင့် အကြောင်းမပြန်တာလည်း သူတို့မှာ အကြောင်းပြချက် အမျိုးမျိုးကြောင့် ဖြစ်မယ်။ ကျမတို့ အတိအကျ မဆောင်ရွက်နိုင်တာ ရှိတယ်။ ဒါတွေက ကျမတို့ရဲ့ စိန်ခေါ်မှုတွေပေါ့။

ကျမတို့လည်း အစိုးရကို အမြဲတမ်း တိုက်တွန်းနေတယ်။ နောက်အစိုးရရဲ့ ကတိကဝတ်တွေကို ထိန်းသိမ်း စောင့်ကြည့်နေတဲ့ ကော်မတီဆိုတာလည်း အင်မတန် အရေးကြီးတယ်။ လွှတ်တော်ကနေ မေးခွန်းတွေ မေးပါတယ်။ အဲဒီမေးမြန်းချက်ကို အစိုးရကဖြေကြားတဲ့ ကတိကဝတ်ထားတာ ရှိတယ်။ အဲဒီကတိဝင်ထားတဲ့ ဖြေကြားချက်ကို ဆောင်ရွက်တာမှာ တနှစ်တာမှာ အားနည်းတယ်လို့ မြင်ရတယ်။ နောက်တခါ လွှတ်တော်က အတည်ပြုထားတဲ့ အဆိုတွေကိုလည်း အစိုးရတွေက လိုက်နာဆောင်ရွက်ရမယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါပါတယ်။ တခါလွှတ်တော်ကနေ အတည်ပြုထားတဲ့ အဆိုတွေက ပြဌာန်းဥပဒေကဲ့သို့ လိုက်နာရမယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တနှစ်မှာတော့ အစိုးရဘက်က လိုက်နာတာ အားနည်းတယ်လို့ ကျမတို့မြင်တယ်၊ ခံစားရတယ်။ ဒါ ကျမတို့ရဲ့ စိန်ခေါ်မှုတွေပေါ့။ အဲဒါမျိုးတွေကြောင့် ကျမတို့က ပြည်သူတွေကို ရာနှုန်းပြည့် ဆောင်ရွက်မပေးနိုင်တာ ရှိပါတယ်။

မေး။ ။ မွန်ပြည်နယ်အတွင်းက သက်ငယ်မုဒိန်းမှုတွေအတွက် ဥပဒေအရ ကာကွယ်ပေးမှုတွေ အားနည်းတယ်လို့ ပြောကြတယ်။ ပြည်ထောင်စုလွှတ်တော်မှာ အရပ်ဘက်အဖွဲ့အစည်းတွေက အမျိုးသမီးတွေကို ကာကွယ်ပေးရေး ဥပဒေတရပ် ပေါ်လာဖို့ ကြိုးပမ်းနေကြတယ်။ ပြည်နယ်လွှတ်တော်အနေနဲ့က ပြည်နယ်အတွင်းမှာရှိတဲ့ ပြဿနာကို ဖြေရှင်းဖို့ ဘယ်လိုဆောင်ရွက်ချက်တွေ ရှိလဲ။

ဖြေ။ ။ အမျိုးသမီး၊ သက်ငယ်မုဒိန်းတွေ၊ အမျိုးသမီး အရွယ်မရောက်တဲ့ကလေးတွေ၊ ရွှေ့ပြောင်းလုပ်သားနဲ့ပတ်သက်တဲ့ တခြားမှာ အလုပ်လုပ်တာတွေ ကျမတို့ရဲ့ ဥပဒေပြဌာန်းချက်မှာတော့ မပါထားဘူး။ မပါထားလဲ ဒါဘယ်လိုမှ မျက်ကွယ်ပြုထားလို့ မရဘူးလေ။ တိုက်ရိုက်ဆောင်ရွက်နေရတဲ့ ရဲတွေ လုံခြုံရေးနဲ့ပတ်သက်တာမှာ ရဲက တာဝန်ရှိတယ်။ နောက် အရပ်ဘက်အဖွဲ့အစည်းတွေကရော သက်ဆိုင်ရာပါတီတွေကရော သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကရော ဒါတွေကို အမြဲတမ်း မျက်ခြေမပြတ်တော့ ဆောင်ရွက်နေတယ်။ ကြည့်နေတယ်။ တားမြစ်နေတယ်။ ကာကွယ်ပေးနေတဲ့ အနေအထားမှာ ရှိပါတယ်။

မေး။ ။ မွန်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့ လွှတ်တော်ရဲ့ ဥပဒေပြုမှုအပိုင်းက အရင်ဥပဒေအတိုင်းပဲ သွားနေတာလား။

ဖြေ။ ။ အခုလောလောဆယ်က ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်က ပြဌာန်းထားတဲ့ ဥပဒေတွေအတိုင်းပဲ ကျင့်သုံးနေတယ်။ ကျမတို့ ဒုတိယအကြိမ်မှာတော့ ပြဌာန်းပြီးတာက တခုရှိသေးတယ်။ စည်ပင်ကျတော့ မပြဌာန်းနိုင်သေးဘူး။ ကျမတို့အနေနဲ့ ပြဌာန်းပီးသားဥပဒေတွေကိုလည်း လေ့လာနေတယ်။ ပြည်သူတွေအနေနဲ့ လက်ခံနိုင်လား။ ကျင့်သုံးနိုင်လားဆိုတာ။ ကျမတို့ အရေးကြီးတဲ့ စည်ပင်ဥပဒေပြီးပြီဆိုရင်တော့ ကျန်တဲ့ ဥပဒေတွေ အသစ်ပြဌာန်းဖို့ လိုလာရင်လည်း မြန်လာမှာပေါ့။

မေး။ ။ ဥက္ကဌကြီးအနေနဲ့ ဖြည့်စွက်ပြောချင်တဲ့ အကြောင်းအရာများရှိရင် ပြောပေးပါ။

ဖြေ။ ။ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက မွန်ပြည်နယ်မှာ ရှိတဲ့ မြို့နယ်တွေရဲ့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ကျမတို့သက်တမ်းတလျှောက်လုံးမှာ ကျမတို့ကိုယ်စားလှယ် အားလုံးက ပြည်နယ်သူ ပြည်နယ်သားတွေ ကောင်းစားဖို့ ကြီးပွားချမ်းသာဖို့ စိတ်အေးချမ်းသာစွာနေနိုင်ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အများရရှိလာဖို့ ကျမတို့က အမြဲ မျက်ခြေမပြတ်ပဲနဲ့ ပြည်သူ့အသံ အမြဲနားထောင်နေတယ်။ အလားတူပဲ နောင် ပြဌာန်းမယ့် ဥပဒေဆိုလည်း ပြည်သူကို ဗဟိုဖြစ်အောင် ကျမတို့ ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်းရှိသလောက် ကြိုးစားဆောင်ရွက်မယ်။

Loading