ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခြင်း

ဧရာဝတီ
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် / ငြိမ်းငြိမ်း / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းစစ်ဒဏ်ကို အချိန်ကြာမြင့်စွာ ခံစားခဲ့ရပြီး ငြိမ်းချမ်းရေး အသီးအပွင့်တွေ ခံစားလာနေရပြီဖြစ်တဲ့ ကရင်ပြည်နယ်ရဲ့ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှ အကြီးတန်း သတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ကရင်ပြည်နယ်က ပြည်တွင်းစစ်ဒဏ် အများကြီးခံခဲ့ရတယ်။ အခုတော့ ငြိမ်းချမ်းရေးကို ခံစားနေရတဲ့ ပြည်နယ်ဖြစ်တယ်။ ဝန်ကြီးချုပ် တယောက်အနေနဲ့  စိန်ခေါ်မှုတွေ၊ ပြဿနာတွေကို ကိုင်တွယ်ရတဲ့အခါ ကိုယ့်ကိုယ်ကို အားရကျေနပ်မှု ရှိပါလား။

ဖြေ။ ။ အားရကျေနပ်တာတော့ မဟုတ်ဘူး။ အတိုင်းအတာတခုထိတော့ အောင်မြင်တယ်ပေါ့။ အခု ဒီဒေသတွေမှာ  ငြိမ်းချမ်းရေး ရခါစဆိုတော့ တဖက်နဲ့တဖက်က သူတို့လည်း အရင်တုန်းက ဒီနေရာတွေက သူတို့နေခဲ့တဲ့ နေရာတွေ၊ ဒီနေရာတွေရဲ့ မြေယာတွေဟာ သူတို့ရဲ့မြေယာမူဝါဒအရ KNU ဆိုလည်း KNU မူဝါဒအရ ဒီမြေတွေကို စီမံပိုင်ခွင့် ရှိတယ်ပေါ့။ ဒီဒေသတွေမှာ သူတို့ကဘာလုပ်လဲဆိုတော့ သူတို့ရဲ့ အုပ်ချုပ်ပိုင်ခွင့် ရှိတဲ့နေရာမှာ မြေယာမူဝါဒအရ မြေယာအကွက်ချပေးတာပေါ့။ စီမံခန့်ခွဲ ပေးတာပေါ့။

ကျမတို့ကလည်း ဒါတွေဟာ စီမံခန့်ခွဲလို့ မရဘူး။ လက်ရှိအစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတဲ့အတွက် ကျမတို့ရဲ့ စီမံခန့်ခွဲမှုပဲ ဖြစ်စေရမယ်။ သူတို့နားလည်အောင်လည်း ရှင်းပြရတယ်။ ကျေးရွာနေ လူထုကိုလည်း ရှင်းပြရတယ်။ ဒါတွေဟာ လုပ်လို့မရဘူးဆိုတာ၊ မူဝါဒဆိုတာ တခုတည်းရှိတယ်ဆိုတာ သူတို့လက်ခံအောင်လည်း ပြောရတယ်။ အန်တီတို့ ကြိုးစားရတာပေါ့။ တော်တော်များများကို ငြိမ်းချမ်းရေးကတော့ စကားတွေပြောပြီးတယ်။ ရလည်း ရနေပီ။ ဒါပေမယ့် နောက်ဆက်တွဲ လိုက်ဖြည့်ဆည်းရတာတွေ တော်တော်လေး ကြိုးစားလုပ်ဆောင်ရတယ်။ ဒါလေးတွေ ထိရောက်တဲ့အတွက် ကျေနပ်မှုရှိတယ်လို့ ပြောတာ။

မေး။ ။ ငြိမ်းချမ်းရေးရပြီးရင် ဒုက္ခသည်အရေးက ဆက်ပြီးပါလာတယ်။ ၂၀၁၆ စက်တင်ဘာလက ဖြစ်သွားတဲ့ မယ့်သဝေါတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ပြေးလာရသူတွေ မပြန်နိုင်သေးဘူးလို့ ကြားရတယ်။ သူတို့တွေအတွက် ပြည်နယ်အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက် ပေးနေပါလဲ။

ဖြေ။ ။ အရင်တုန်းက သူတို့ဆီကို လာပြီးကူညီပံ့ပိုးတဲ့ လူတွေများတယ်။ ပေးလည်း ပေးကြတယ်။ ကျန်းမာရေး ကိစ္စရောပေါ့။ အခုကျတော့ အပတ်စဉ်လို ထောက်ပံ့ပေးရတယ်။ သူတို့အတွက် ဆန်၊ ဆီ၊ ဆား၊ သက်သက်လွတ်သီးနှံ နောြက်ပီးသူတို့အတွက် ကုန်ကျတဲ့ဆေးဝါး ဒါတွေကို ကျမတို့က သူတို့လိုအပ်ရင် လိုအပ်သလိုတောင်းတာကို အချိန်မှီပေးပို့ပေးတယ်။ ရေဆိုလည်း ရေပေါ့။ အခုထိ ကရင်ပြည်နယ် အစိုးရက အချိန်မီ ပံ့ပိုးပေးပါတယ်။

မေး။ ။ သူတို့အတွက် အသုံးစရိတ် ဘယ်လောက်သုံးနေရပါလဲ။

ဖြေ။ ။ အခုဆိုရင် တပတ်ကို သိန်း ၁ ရာ ဝန်းကျင်လောက် သုံးရတယ်။ လူက ၃ ထောင်ကျော် ၄ ထောင် ဝန်းကျင်လောက် ရှိတယ်။

မေး။ ။ သူတို့ရဲ့နေရပ် ပြန်နိုင်ရေးအတွက် ဒေသတည်ငြိမ်ဖို့ ဘာတွေဆောင်ရွက်နေပါလဲ။

ဖြေ။ ။ ပြောရရင် သူတို့ဒေသကတော့ တည်ငြိမ်တယ်။ အနီးပတ်ဝန်းကျင် သူတို့လုပ်ကိုင် စားသောက်နေတဲ့ နေရာတွေကျတော့ မတည်ငြိမ်ဘူး။ မြေမြှုပ်မိုင်းတွေရှိလို့ သူတို့အတွက်အန္တရယ် ရှိတယ်။ သူတို့ပြန်သွားရင် ရွာမှာတော့ လုပ်ကိုင်စားလို့ ရတယ်။ လုပ်ကိုင်စားသောက်ဖို့ အပြင်မှာကျတော့ ကျမတို့က အာမခံချက် မပေးနိုင်ဘူး။ အဲဒါကြောင့်မို့ ရွာပြန်ဖို့ အဆင်ပြေတယ်။ ဒါပေမယ့် ဘေးပတ်ဝန်းကျင်ပေါ့။ ဥပမာ – မျှစ်ချိုးမယ်၊ ဝါးခုတ်မယ်။ ရာဘာခြံသွားမယ်။ သူတို့တွေ သနားပါတယ်။ သူတို့ဒီမှာ နေရတာကြာပြီ။ ဒီမှာနေရတာ သူတို့မှာ အင်မတန်ဒုက္ခ ရောက်တယ်။ ဟောခန်းကြီးထဲမှာ သူ့မိသားစု ကိုယ့်မိသားစု နေကြရတာ။

လူမှုရေးကိစ္စ၊ ကျန်းမာရေးပဲ ဖြစ်ဖြစ်၊ နောက်စိုးရိမ်တာက လူတွေက ဒီလိုပဲထိုင်နေရတာ။ လူတွေက ဘာမှမလုပ်ရရင် ပျင်းသွားမှာပေါ့။ နောက်ပြီး ဒီကကလေးတွေ စာမသင်ရဘူး။ စာသင်ရတာ ပေါင်းပြီးသင်ရတာ။ ကိုယ်အိမ်လိုမျိုး မဟုတ်ဘူး။ ကိုယ့်အိမ်နဲ့ကိုယ် မိသားစုစရိုက် မဟုတ်ဘူး။ အဲဒီလိုနေရတော့ သနားတယ်။ အဲဒီနေရာတွေကို ပြန်စေချင်လို့ ပြန်ရင်မီးပေးမယ်။ ဆိုလာမီးပို့ပေးမယ် ဆန်ပိုု့ပေးမယ်လို့ ပြောပေမယ့် ရွာထဲမှာပဲနေဆိုပေမယ့် ဘာမှအာမ မခံရဲတော့ ဒီအတိုင်းပဲ စောင့်ရှောက်ပေးနေရတယ်။

မေး။ ။ ပြည်တွင်းတင် မဟုတ်ဘူး နယ်စပ်ဒုက္ခသည်စခန်းတွေမှာ နေနေတဲ့လူတွေ နေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေး ကိစ္စကိုု ပြည်နယ်အစိုးရ လုပ်ဆောင်နေမှု တစုံတရာရှိပါပြီလား။

ဖြေ။ ။ ရှိပါတယ်။ ကျမတို့က ပူးပေါင်းဆောင်ရွက်တာပေါ့။ UNHCR အဖွဲ့တွေက ပညာရှင်တွေ လွှတ်ပေးတယ်။ မိုင်းရှင်းလင်းရေး မဟုတ်ဘူး။ မိုုင်းအသိပညာပေးရေးကိုု သူတို့က အရင်လုပ်ပေးတယ်။ အဲဒီနေရာကိုလည်း သွားပြီးလုပ်တယ်။ အနီးအနားရွာတွေမှာလည်း လုပ်တယ်။ သိရသလောက်ဆို နှစ်ခေါက်ရှိပြီ။ ကျောင်းတွေမှာလည်း သွားပြီးလုပ်ပေးတယ်။ နောက် ဒီလိုမိုင်းရှင်းလင်းဖို့ ကျမတို့က ဒီနေရာလေးကို (မယ်သဝေါဘက်က) စလုပ်ပေးပါလို့ ပြောတယ်။ မိုင်းရှင်းဖို့ကလည်း ဈေးကြီးတယ်လို့ ပြောတယ်။ ကုန်ကျစရိတ် များတယ်။ သူတို့သွားဖို့တောင် လုံခြုံရေးက မပေးနိုင်ဘူး။ စိတ်မချရဘူး။ သူတို့က အမှောင်ထဲကနေ ဟိုနားကပစ်လိုက် ဒီနားကပစ်လိုက်နဲ့ဆိုတော့ ကိုယ်တွေကအလင်းထဲမှာ လုပ်ရခက်တာပေါ့။

မေး။ ။ စီးပွားရေးနဲ့ ပတ်သက်ရာမှာလည်း အာဆီယံ စီးပွားရေး အသိုက်အဝန်းက စနေပြီ။ ကရင်ပြည်နယ်က ထိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်တယ်ဆိုတော့ စီးပွားရေးအသိုက်အဝန်းအတွက် ဘာတွေပြင်ဆင်ထားပြီးပါလဲ။

ဖြေ။ ။ ကျမတို့မှာ သဘာဝပစ္စည်းတွေ ကျန်သေးတယ်။ ဥပမာ – ဂေါ်ဒန်ကျောက်ထုတ်မယ်ဆိုရင် ဂေါ်ဒန်က ဘိလပ်မြေအတွက်လည်း သုံးတာပေါ့။ ဂေါ်ဒန်က သက်ရင့်လာပြီဆိုရင် အလှဆင်ကျောက် ပြန်သုံးလို့ရရင် ပိုဈေးရတာပေါ့။ အဲလို တန်ဖိုးရှိတဲ့ ဂေါ်ဒန်ကျောက်တွေကို အိမ်မျက်နှာကျက်လုပ်ပြီး ရောင်းတာတို့ အိမ်အလှဆင်တာတို့ လုပ်နိုင်ဖို့ ပညာရှင်တွေခေါ်ပြီး စမ်းသပ်လေ့လာခိုင်းတယ်။ မြဝတီတို့လို့ ကော့ကရိတ်တို့လို ကြာအင်းဆိပ်ကြီး မြို့နယ်တို့လို ဒီလိုနေရာမျိုးတွေပေါ့။ နောက် ဖာပွန်တို့လို။ ဖာပွန်ကတော့ သွားလို့မရသေးဘူး။ သွားလို့ရတဲ့နေရာပေါ့ စမ်းသပ်ပြီး လုပ်နေတယ်။

မေး။ ။လမ်းမှာ လာတုန်းကတွေ့ခဲ့တာ အရင်တုန်းက တောင်ကြီးအကြီးကြီးတွေက အခုတော်တော်လေး ပဲ့သွားတာ တွေ့ရတယ်။ သေးသွားတယ်။ အဲဒါတွေကို ပြည်နယ်အစိုးရက ဘယ်လိုကိုင်တွယ်နေလဲ။

ဖြေ။ ။ လူတွေသွားလာနေတဲ့ လမ်းမကြီးရဲ့ မျက်နှာစာနေရာကို ကျမတို့ အစိုးရတက်ကတည်းက ဒါတွေကို မလုပ်ရဘူးလို့ တားဆီးထားတယ်။ သမီးတွေ့တယ်ဆိုတာ အရင်ကလုပ်ထားတာတွေ ဖြစ်လိမ့်မယ်။ ကျမတို့က လမ်းတော့လိုချင်တယ်။ ကျောက်တော့ မပေးဘူးဆိုရင် မဖြစ်ဘူးလေ။ တခုကိုလိုချင်ရင် တခုတော့ ဆုံးရှုံးရတယ်။  ရွာချင်းဆက်လမ်းတွေ လိုချင်တယ်။ ခရိုင်ချင်းဆက်လမ်းတွေ လိုချင်တယ်။ မြို့နယ်ချင်းဆက် လမ်းတွေ လိုချင်တယ်။ အာရှလမ်းမကြီး လုပ်မယ်ဆိုတော့ ကျမတို့က ကျောက်ပေးရတယ်။ ကျောက်ကလည်း သူတို့ လမ်းခင်းတဲ့ကျောက်က စံချိန်စံညွှန်းရှိတယ်။ ရှိတဲ့ဟာ ကျမတို့က ပေးရမှာပဲ။ ခပ်ဝေးဝေးနေရာတွေက ကျောက်တွေကို ပေးတယ်။ သိရသလောက် ကျောက်ချပေးတဲ့ လုပ်ကွက်တွေက ဒီပြင့် တိုင်းနဲ့ပြည်နယ်တွေက လုပ်ကွက်တွေထက် နည်းတောင်နည်းပါသေးတယ်။

မေး။ ။ တောင်ကလေးနားက ကျောက်မိုင်းတွေကြောင့် လူတွေ ကျန်းမာရေးထိခိုက်တယ် အိမ်တွေ ပျက်စီးတယ်လို့ ကြားရတယ်။ အဲဒါတွေကြောင့် ပြည်နယ်အစိုးရကို သက်တမ်းမတိုးပေးဖို့ ဆန္ဒပြကြတယ် ဆိုတာကရော။

ဖြေ။ ။ အဲဒီကို စစ်ဆေးရေးအဖွဲ့ သွားတဲ့အခါ ကျမတို့ဆီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောမိုးမြင့် ပါတယ်။ သဘာ၀ ပတ်ဝန်းကျင်မှာ သူက (အဖွဲ့ဝင်) တာဝန်ယူထားတာ။ သူတို့ကိုယ်တိုင်ဆင်းပြီး စစ်ဆေးပြီးမှ ကျမတို့က ဆောင်ရွက်တာပါ။ စာချုပ်အသစ်လိုမျိုး မချုပ်တော့ဘူး။ သေသေချာချာ အာမခံချက်တွေနဲ့ ကတိခံဝန်ချက်တွေ သေချာပြောပြီးမှ ပြန်ပြီးသက်တမ်းတိုးပေးတာပါ။

မေး။ ။ လစဉ်ထုတ်နိုင်တဲ့ ပမာဏကို စက်ကြီးတွေနဲ့ထုတ်ခွင့် မပြုဘူးပေါ့။

ဖြေ။ ။ ဟုတ်တယ်။ ပြည်နယ်က မပေးထားဘူး။ လက်လုပ်စက်ပေါ့။ မိုင်းကြီးတွေ မသုံးရဘူး။ တန် သတ်မှတ်ချက်တော့ ရှိတယ်။

မေး။ ။ ကရင်ပြည်နယ်မှာ ဂူတွေအများကြီးပေါတဲ့အကြောင်း အင်တာနက်မှာ ပုံတွေတင်တာ တွေ့ရတယ်။ ခရီးသွားတွေ ပိုများလာတာလည်း ကြားရတယ်။ အဲဒီအတွက် Eco Tourism လို လုပ်ဖို့ရှိပါလား။

ဖြေ။ ။ ရှိတယ်။ ကျမတို့က အဲဒီဟာကိုပဲ အဓိကထားတယ်။ ဘာလို့လဲဆိုတော့ ဒီသဘာဝအလှလေးတွေကိုပဲ ပြပြီးစားရမှာလေ။ တကယ့်သဘာဝအတိုင်း ရှိသေးတယ်။ သူများတွေလို ပြုပြင်ပြီးသား မဟုတ်ဘူး။ တကယ်တမ်း တိုးရစ်တွေကလည်း ဒါတွေကိုပဲ သဘောကျကြတာ။ ဂူတွေကိုပြဖို့အတွက် ဝန်ဆောင်မှု အပြည့်ပေးနိုင်ရမယ်။ ဝန်ဆောင်မှု မကောင်းပြန်ရင်လည်း လာတဲ့လူက အဆင်မပြေဘူးပေါ့။ စလာကြတဲ့လူကို ဝန်ဆောင်မှု မကောင်းဘူးဆိုရင် နောက်လာမယ့်လူက မလာတော့ဘူးပေါ့။

ပြနိုင်မယ့်ဂူတွေ၊ တောင်တွေ ဥပမာ – ဇွဲကပင်တောင်တို့လို၊ ဖားပုတောင်တို့လို သွားနိုင်လာနိုင်အောင် ဖိတ်ခေါ်မယ်။ သိရသလောက် မြန်မာပြည်မှာ နာမည်ကြီး ဟိုတယ်လုပ်ငန်းရှင်တွေထဲက တော်တော်များများ ကျမတို့ဆီလာဖို့ အစီအစဉ်ရှိတယ်။ တောကိုမဖျက်ဘဲ တော်အုပ်ထဲက လမ်းကလေးနဲ့ ရွာလေးတွေလို ဆောက်ဖို့ပြင်ထားတယ်။ အဲဒါ သံတောင်မှာလည်း ရှိတယ်။ ရွာလေးလို တောကိုမဖျက်ဘဲ တော်အုပ်ထဲက လမ်းကလေးနဲ့ ဒီဘားအံမှာလည်း ရှိတယ်။

မေး။ ။ ဇွဲကပင်တက်ဖို့ ကေဘယ်ကား ပြဿနာတက်တယ်ဆိုတာ အခြေအနေ ဘယ်လိုရှိပါလဲ။ အဆင်ပြေသွားပြီလား။

ဖြေ။ ။ ကေဘယ်ကား ပြဿနာတက်တာ မဟုတ်ဘူး။ ကေဘယ်ကားလှူမယ်ဆိုတဲ့ အလှူရှင်က ပြဿနာ ဖြစ်တာပါ။ clear မဖြစ်ဘူး။ အဲဒါလည်း ပြောရခက်တယ်။ ဝိုင်းပြီးဖြေရှင်းလိုက်တော့ အဆင်ပြေသွားတယ်။ နေရာတွေလည်း အကုန်လုံးချပြီးပြီ။ စီစဉ်နေပြီ။ လာမယ့်အဖွဲ့ကလည်း လာပြီး study လုပ်တာ ရှိနေပြီ။

မေး။ ။ ဇွဲကပင် ကေဘယ်ကားကို ဘယ်တော့ဖွင့်ဖို့ စီစဉ်ထားပါလဲ။

ဖြေ။ ။ အဲဒါက ကုမ္ပဏီတွေက စကားပြောထားကြတာက ဆရာတော်နဲ့ ဆိုတော့လေ။ ဇွဲကပင် ဂေါပကနဲ့ လုပ်နေကြတာ။ ပြည်နယ်အစိုးရနဲ့ မဆိုင်ဘူး။ မြေနေရာတွေ ဘာတွေတော့ ကျမတို့ဆီက ချပေးရတာ ရှိတာပေါ့။ သူတို့ဆီက အင်ဂျင်နီယာတွေ လာတာတော့သိရတယ်။ ကျန်တာတော့ သိပ်မသိပါဘူး။

မေး။ ။ ကရင်ပြည်နယ်မှာ တိုရစ်ဇင်တွေ ပိုပြီးများတော့ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်ပိုရလာပြီလဲ။  ကရင်ပြည်နယ်က နယ်စပ်ဒေသလည်း ဖြစ်နေတော့ ထိုင်းဘက်ကို သွားကြတဲ့လူတွေ များတယ်နော်။ သူတို့တွေ ပြန်လာနိုင်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေရော ဖန်တီးပေး ဆာင်ရွက်နေတာရှိလား။

ဖြေ။ ။ ကျမတို့က အလုပ်အကိုင် အခွင့်အလမ်း အရမ်းကို ဖန်တီးနေတာ။ အခုဆိုုရင် အထည်ချုပ်စက်ရုံ ရှိတယ်။ အရင်တုန်းက လူ ၇၀၀ လောက် ရှိတယ်။ အခု ထပ်တိုးမယ်။ အမျိုးသမီး ၃၀၀၊ အမျိုးသား ၃၀ ပေါ့ အဝတ်လျော်မီးပူတိုက်ပေါ့။ သူတို့က ထပ်တောင်းတယ်။ ကျမတို့ကလည်း အလုပ်သမား ဝန်ကြီးဌာနနဲ့ ဆက်သွယ်ပေးတယ်။ ထပ်ပြီးအလုပ်တွေ ခေါ်နေတာပေါ့။ အထည်ချုပ်စက်ရုံဆိုတော့ အမျိုးသမီးတွေလည်း အဆင်ပြေကြတယ်။ နောက် တိုရစ်ဇင်လုပ်ငန်းလည်း လုပ်နေတယ်။

လျှပ်စစ်ရဖို့အတွက် ဆိုလာတွေ လုပ်တယ်။ ဆိုလာကုမ္ပဏီတွေ လာတဲ့အခါကျရင် ဒီဒေသခံတွေပဲ ခန့်ရမယ်။ ဒီဟာ စလုပ်ကတည်းက ဒေသခံအယောက် ၄၀ ပေးပါ။ သူတို့နဲ့အတူ အလုပ်လုပ်မယ်။ တခါတည်း သင်ပေးမယ်။ လက်ရှိရှိနေတဲ့လူတွေ အလုပ်ရတာပေါ့။ ဟိုဘက်က ပြန်လာတဲ့သူတွေအထိ အလုပ်မရသေးပေမယ့် လက်ရှိမြို့ပေါ်မှာ အလုပ်မရှိတဲ့သူတွေ အလုပ်ရသွားမယ်။ ထပ်သွားမယ့် အစီအစဉ်တွေ လျော့သွားမယ်။ ဟိုကပြန်လာနိုင်တဲ့အထိတော့ မလုပ်ပေးနိုင်သေးပေမယ့် လုပ်ပေးနိုင်အောင် ကြိုးစားနေတယ်။

မေး။ ။ တာဝန်ထမ်းဆောင်တာ တနှစ်ပြည့်တော့မယ်နော်။ အလုပ်အကိုင် ဖန်တီးမှု ကရင်ပြည်နယ်ရဲ့ ဘယ်နှစ်ရာခိုင်နှုန်းလောက်ကို ဖန်တီးပေးနိုင်ပြီလဲ။

ဖြေ။ ။ နည်းသေးတယ်။ ပြောလောက်တဲ့အထိ မရှိသေးဘူး။

မေး။ ။ အဓိက အခက်အခဲတွေက ဘာကြောင့်လဲ။

ဖြေ။ ။ အဓိကအခက်အခဲတွေက စက်ရုံကြီးလာဆောက်မယ်ဆိုရင် လျှပ်စစ်မီး ပေးနိုင်ရဲ့လား။ သူတို့လိုအပ်တဲ့ မီးသတ်စတေရှင် ရှိရမယ်။ ရဲ ရှိမယ်။ အဲလိုမျိုးတွေကို သူတို့က နိုင်ငံတကာစံနှုန်းနဲ့ ပြောနေတာ။ ကျမတို့မှာက လျှပ်စစ်မီးလေးကို တိုင်လေးနဲ့ပဲပေးနိုင်တယ်။ ဒီလောက်ပဲ ရှိသေးတယ်ဆိုတာ သူတို့ကို ပြောပြတယ်။ အဲဒီလောက်စံနှုန်းကို မလုပ်ပေးနိုင်ဘူး။ ၁၀၀ ရာခိုင်နှုန်းအပြည့် သူ့ဟာသူ ဆောင်ရွက်ပေါ့။ ကျမတို့က ကုန်ကြမ်းပေးသလို မြေကွက်အကြမ်းသာ ပေးလိုက်မယ်။ ကျန်တာတွေ သူတို့ဆောင်ရွက်ကြ။

မြန်မာပြည်မှာဆိုရင် ဇုန် အေ၊ ဘီ၊ စီ ဆိုပြီး ရှိတယ်။ ဇုန်အေဆိုရင် အခွန်ကင်းလွတ်ခွင့် ၇ နှစ် ရတယ်။ ကျမတို့ဒေသမှာ ဇုန်အေရအောင် တောင်းထားပေးတယ်။ ဇုန်အေရထားတဲ့ အတွက်ကြောင့် ရင်းနှီးမြှုပ်နှံတဲ့လူနဲ့ ပြောတဲ့အခါ ဘာပဲပြောပြော ၇ နှစ်ဆိုရင် သူတို့အတွက် အဆင်ပြေတယ်။ ဘာပဲပြောပြော အခုမှ ဒါတွေကို ပြောပြနိုင်တာ။ မြေတွေကိုလည်း မြေဈေးအကြီးကြီးတွေ မပြောထားဘူး။ သူတို့လုပ်နိုင့်မယ် ပမာဏပေါ့။ ဒီအထဲမှာ လုပ်နိုင်တဲ့လူတွေ တော်တော်များနေပီ။

ထင်တာတော့ တနှစ်အတွင်းမှာ ကျမနေ့တိုင်းလိုပဲ ပြောနေရတယ်ဆိုတော့လေ။ အခုဆိုရင် မြေယူဖို့ လာပြောထားတာ တာယာစက်ရုံတို့လို၊ ဝါးတူ စက်ရုံတို့လို နောက်ပြီးတော့ ဂေါဒန်ကျောက်ကို မျက်နှာကြက် လုပ်မယ့်လူတွေ လာကြတာ။ အခုဆို ကျမတို့ကို လာပြီးတော့ မြေကွက်တွေလည်းတောင်းပြီး MOU ထိုးဖို့ မနက်ဖြန် သန်ဘက်ခါဆို အစီအစဉ်တွေလည်း ဖြစ်နေပြီဆိုတော့ ဒါတွေသာစပြီး လုပ်မယ်ဆိုရင် ကျမတို့ဆီမှာ လုပ်သားတွေက နောက်ဆိုအများကြီး လိုအပ်လာတော့မယ်။ ဒီတနှစ်ကတော့ ကျမတို့ကစပြီး စကားပြောရ ညှိနှိုင်းနေရတဲ့ အဆင့်ဆိုတော့ ရာခိုင်နှုန်းနဲ့ ပြောရတာ သိပ်အဆင်မပြေဘူး။ နောက်နှစ် ဒီအချိန်ဆိုရင်တော့ ကျမတို့ ပြောနိုင်ပြီနဲ့တူတယ်။

မေး။ ။ အာရှလမ်းမကြီးရဲ့ အနေအထားပေါ့။ ဘယ်လောက်အထိ ပြီးစီးပြီလဲ။ အာရှလမ်းမကြီးက ကရင်ပြည်နယ်ကို ဖြတ်သွားမယ်။ ကရင်ပြည်နယ်အနေနဲ့ ပေးရမယ့်ဟာပြန်ရမယ့်ဟာ ဘယ်လိုမျိုး ရှိပါလဲ။

ဖြေ။ ။ အာရှလမ်းမကြီး ပြီးသွားရင် လမ်းမတလျှောက်က လူတွေအတွက် အလုပ်အကိုင် ဖြစ်လာမယ်။ စားသောက်ဆိုင်တွေ ရှိလာမယ်။ စက်သုံုးဆီ ရောင်းတဲ့ဆိုင်တွေ ရှိလာမယ်။ အခုတောင်မှ လူတွေက လိုချင်နေပြီလေ။ နောက်ကုန်စည်သယ်တဲ့ လုပ်ငန်းကြီးတွေ လုပ်မယ်။ ကားရပ်နားစခန်းတွေ လုပ်မယ်ဆိုတော့ အခုလာပြီး တောင်းနေတဲ့လူတွေ ရှိနေပြီ။ လမ်းဖြစ်ရင် ရွာဖြစ်သွားတာပဲ။ လူတွေအတွက် အထောက်အကူ အများကြီးရမယ်ပေါ့။ ပေးရမယ်ဆိုလည်း လမ်းမြေနေရာ ပေးရမယ်။ အဲဒီအတွက် မြေယာလျော်ကြေးတွေ ဘာတွေစိစစ်ပြီး ကျမတို့ဘက်က လုပ်ပေးရတာပေါ့။ ဥပမာ – ချစ်ကြည်ရေး အမှတ် ၂ တံတားကြီးလိုပေါ့။ ဟိုဘက်ကလာပေမယ့် ဒီဘက်မှာ မြေယာလျော်ကြေး မပေးနိုင်ခဲ့တော့ ရပ်နေခဲ့တယ်။ ကျမတို့အစိုးရ တက်လာတော့ မြေယာလျော်ကြေးတွေ ရှင်းပေးလိုက်တယ်။ အခု လမ်းကြီး ပြီးသွားပြီ။ ဒီမတ်လကုန်ပိုင်း လောက်ဆိုရင် တံတားကြီးက ဖွင့်တော့မယ်။

မေး။ ။ ကရင်ပြည်နယ်မှာ ကျောက်မီးသွေးစက်ရုံ စီမံကိန်းအတွက် ပြောဆိုဝေဖန်နေတာတွေ ကြားရတယ်။ ပြည်နယ်အစိုးရက အဲဒီအပေါ်မှာ ဘယ်လိုစီမံဆောင်ရွက်ထားပါလဲ။

ဖြေ။ ။ ကျောက်မီးသွေး စီမံကိန်းအတွက် ဘာမှစီမံဆောင်ရွက်ထားတာ မရှိသေးဘူး။ ကျမတို့ ဒေသအနေနဲ့ မြန်မာပြည်မှာပဲနော် ကရင်ပြည်နယ်က မီးသုံးစွဲမှု အားအနည်းဆုံးပဲ။ မီးရရှိမှုလည်း အားအနည်းဆုံးပဲ။ မီးကိုမလိုချင်ဘူလားဆိုရင် လိုချင်တယ်။ တနှစ်ထက်တနှစ် မီးသုံးစွဲမှုက ကရင်ပြည်နယ်မှာ ၁၅ ရာခိုင်နှုန်း တိုးလာတယ်။ ဒီတိုးလာတာနဲ့အမျှ ပေးစရာ မီးကမရှိဘူး။ ကျမတို့ဒေသက လူတွေက မီးလိုချင်ကြတယ်။ မီးရှိရင် တိုးတက်မှု မြန်တယ်လေ။ တကမ္ဘာလုံးမှာ လူတွေက ကျောက်မီးသွေး သုံးနေကြတယ်။ တရုတ်တို့ အိန္ဒိယတို့ကို မပြောနဲ့တော့ ၇၀ ရာခိုင်နှုန်း သုံးနေတာတွေ။ တကယ့်နိုင်ငံကြီးတွေမှာ ၄၁ ရာခိုင်နှုန်းလောက် သုံးတယ်။ မြန်မာပြည်မှာ ၂ ရာခိုင်နှုန်း သုံးတယ်။ ကရင်ပြည်နယ်မှာ တပြားမှမရှိဘူး။

တခြားကို မကြည့်နဲ့ မွန်ပြည်နယ်ကိုပဲကြည့် မွန်ပြည်နယ်ဆို မီးရထားလမ်း ရှိတယ်။ သင်္ဘောဆိပ် ရှိတယ်။ လေယာဉ်ကွင်း ရှိတယ်။ ကျမတို့ ကရင်ပြည်နယ်က ငြိမ်းချမ်းရေးကြောင့် ဘာမီးရထားလမ်းမှ မရှိဘူး။ လေယာဉ်ကွင်းလည်း မရှိဘူး။ အများကြီး နိမ့်ကျတယ်။ မီးရရှိမှုဆိုလည်း မွန်ပြည်နယ်ဆို ၁၀ မြို့နယ်မှာ ရေးတမြို့ပဲ ၉  မြို့နယ် မီး ရတယ်။ ကျမတို့ဆီမှာ ၇ မြို့နယ်ထဲ ၃ မြို့နယ်ပဲ ရသေးတယ်။ ကျေးရွာနဲ့ တွက်မယ်ဆိုရင် ကျေးရွာ ၂ ထောင်ကျော်မှာ ၇၀၀ ပဲ ရသေးတယ်။ မီးသုံးစွဲမှု တကယ်လိုနေတာ။ အဲဒါကို ဈေးနှုန်း ချိုချိုသာသာနဲ့ ပေးချင်တယ်။ ကိုယ့်လူတွေလက်ထဲ မီးရောက်စေချင်တယ်။ ၃၅ ကျပ်နဲ့ရဖို့ ကြိုးစားရတာပေါ့။ စဉ်းစားရတာပေါ့။ သူများ ၁၀ လှမ်းကို ကရင်က ၁၀ လှမ်းလှမ်းလို့ မမှီတော့ဘူး။ သူများ ၁၀ လှမ်းမှာ ကရင်က အလှမ်း ၂၀ လောက်လှမ်းမှ သူများကိုမီမှာ။

အဲဒီတော့ ကိုယ်မီနိုင်ဖို့ ဈေးလည်းတော်တဲ့ ပစ္စည်းတခုကို ကျမတို့ အသုံးချရမယ်။ ဒီဈေးတော်လို့ ကိုယ့်လူတွေ ထိခိုက်မယ်ဆိုလည်း ကျမတို့ ဒါလုံး၀ လက်မခံဘူး။ ကျန်းမာရေး ထိခိုက်မယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှာကို ကျမတို့ လုံးဝမလိုချင်ဘူး။ ပတ်ဝန်းကျင် မညစ်ညမ်းရဘူး။ ဒီလိုအခြေအနေတွေ မရှိဘဲနဲ့ လုပ်ပေးနိုင်တဲ့သူ ရှိလားဆို လုပ်ပေးနိုင်တဲ့သူ ရှိတယ်။ သူတို့နိုင်ငံတွေမှာ တကယ်လည်း ဒါကိုလုပ်ကိုင်နေတယ်။ ဥပမာ ဂျပန်လည်း ရှိတယ်။ ဂျပန် ကုမ္ပဏီတွေလည်း လာပြောတယ်။ သူတို့က မြို့ထဲမှာ လုပ်နေတာ။ ဟိုမှာ မီးခိုးခေါင်းတိုင်တွေပဲ ရှိနေတာ။ ကျမတို့က တိုးတက်ချင်ရင် တခုခုတော့ လုပ်ရမယ်။

ပြောချင်တာက ကျောက်မီးသွေးတွေကို ဒီဒေသမှာစပြီး သုံးကြည့်ရင် ကောင်းမလား။ လေ့လာကြည့်တာ။ စမ်းကြည့်တာ။ အဆင်ပြေမယ် တို့ဒေသအတွက် အသုံးတည့်မယ်ဆိုရင် ကျမတို့က သုံးချင်တယ်။ သိရသလောက် တကယ်လည်း အထောက်အကူ ဖြစ်နိုင်တယ်။ တကယ်လည်း အသုံးတည့်နိုင်တယ်။ ကျမတို့ဒေသမှာလည်း ကျောက်မီးသွေး ထွက်တယ်လို့ ကြားတယ်။ အရည်အသွေးကောင်းတဲ့ ကျောက်မီးသွေးလို့လည်း ကြားတယ်။ ကိုယ့်ဒေသကထွက်တဲ့ ကျောက်မီးသွေးနဲ့ ကိုယ်လုပ်ရမယ်ဆိုရင် ပိုတောင်မှ အဆင်ပြေသေးတာပေါ့။ ဒါကိုစိတ်ဝင်စားတာပဲ ရှိသေးတာ။ လုပ်မယ်ဆိုတဲ့ အစီစဉ်မရှိသေးဘူး။ ဒါကိုဖြစ်မြောက်စေချင်တဲ့ ကိုယ့်ဆန္ဒပေါ့။ လူထုကိုတော့ ဒါတွေအများကြီး နားလည်အောင် ပြောပြရအုံးမယ်။ ငါးနှစ်နဲ့ မပြီးဘူး။ ရေရှည်အနာဂတ်အတွက် ဖြစ်အောင်လို့ လူထုနားလည်အောင် ကြိုးစားနေတဲ့အဆင့်ပဲ ရှိသေးတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading