ထိုင်းအမည် Plerng Phra Nang အင်္ဂလိပ်ဘာသာဖြင့် A Lady’s Flames (အမျိုးသမီးတဦး၏ မီးလျှံများ)အမည်ရ နန်း တွင်းရုပ်သံဇာတ်လမ်းတွဲကို ထိုင်းရုပ်သံလိုင်း Channel 7 မှ ထုတ်လွှင့်ပြသနေမှုနှင့်ပတ်သက်၍ သီပေါမင်းအနွယ်တော် များက ဝေဖန်လျက်ရှိပြီး ထုတ်လွှင့်မပြသရန် တောင်းဆိုလျက်ရှိသည်။
စိတ်ကူးယဉ် မြို့တော်မှ အာနန်တစ် ဆိုသည့် အမျိုးသမီး တန်ခိုးသြဇာတက်လာပုံကို ရိုက်ကူူးထားကာ မြန်မာဟု တိုက် ရိုက် မညွှန်းဆိုသော်လည်း ဇတ်ဝင်ခန်းအဝတ်အစားနှင့် ဇာတ်လမ်းမှာ ကုန်းဘောင်ခေတ် နောက်ဆုံး အချိန်ဖြစ်သည့် မန္တလေး တွင် အခြေတည်ထားကြောင်း ထင်ရှားသိသာစေပြီး ထိုင်းနိုင်ငံရေးသမား စာရေး ဆရာ ကူပရစ် ပရာမို့ဂျ် ၏ The Fall of the Burmeses နှင့် မင်းသားကြီး ဒမ်ရောင်၏ “Journey Through Burma in 1936:A View of the Culture, History and Institutions” ကို အခြေခံ ဇာတ်ညွှန်းရေးဖွဲ့ထားကြောင်း ထိုင်းသတင်း တွေက ရေးသည်။
ယင်းကဲ့သို့ ဝေဖန်မှုမြင့်တက်နေသည့် ရုပ်သံဇာတ်လမ်းတွဲနှင့်ပတ်သက်၍ သီပေါမင်းအနွယ်တော် မိသားစုဝင်များ၏ သဘောထားအမြင်များကို သိရှိရန် သီပေါမင်း၏မြစ်တော်တဦးဖြစ်သူ ဦးစိုးဝင်းနှင့် ဧရာဝတီ အကြီးတန်းသတင်းထောက် ဇူးဇူးက ဆက်သွယ်မေးမြန်းထားသည်။
မေး – The Lady’s Flames ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး အနွယ်တော်တွေ စိတ်ဆိုးကန့်ကွက်နေကြ တယ်လို့ သိရပါတယ်။ ဘာကြောင့်ပါလဲ။
ဖြေ -ကျနော်အနေနဲ့ စပြီး ထိုင်းမီဒီယာနဲ့ဆက်သွယ်တုန်းက အနွယ်တော်အနေနဲ့ ကန့်ကွက်တာ မဟုတ်ဘူး။ ဇာတ်လမ်း တွဲရဲ့ အစ အလယ် အဆုံးကို သဘောမကျဘူး။ ဒါကြီးက ဆက်လက်မပြ သင့်ဘူး။ ရပ်ဖို့သင့်ပါတယ်ဆိုပြီး မြန်မာနိုင်ငံသား တဦးအနေနဲ့ ထိုင်းနိုင်ငံရဲ့ မိတ်ဆွေကောင်း တယောက်အနေနဲ့ ရှင်းပြတာပါ။ မြစ်တော်တယောက်အနေနဲ့ ကန့်ကွက် တယ်ဆိုရင် တမျိုးဖြစ်မှာ စိုးလို့ပါ။ ဒါပေမယ့် သူတို့စာဖတ်ပရိသတ်တွေ စိတ်ဝင်စားအောင် Tempo မြှင့်တင် ရင်းနဲ့ အခုလို မီဒီယာတွေပေါ်မှာ သီပေါမင်းရဲ့မြစ်တော်တယောက်က ကန့်ကွက်တယ်ဆိုပြီး သတင်းတွေ ထွက်သွား တယ်။ ဒါ သိရအောင် ပြောပြတာပါ။
သူတို့အကြောင်းပြနေတာက ဒါမြန်မာပြည်လို့လည်း မရည်ညွန်းထားဘူး။ မြန်မာလို့လည်း မထည့် ထားပါဘူး။ အဝတ် အစားကအစ မြန်မာတွေဝတ်တာနဲ့မတူပါဘူးဆိုပြီးဘူးခံငြင်းနေပေမယ့် ထိုင်းမှာ ရှိတဲ့လူတွေမေးကြည့်လိုက် အကုန်သိ တယ်။ ထိုင်းဘက်က မိတ်ဆွေတွေကို မေးကြည့်တဲ့အခါ ထိုင်းသမိုင်းပါမောက္ခတွေကိုယ်တိုင်က မကြိုက်ကြဘူးဆိုတာ သိရတယ်။ နောက် စိတ်ကူးယဉ် ဇာတ်လမ်းပါဆိုပြီးပြောတယ်။ စိတ်ကူးယဉ်ဆိုလည်း သူများကို မထိခိုက်ဘဲနဲ့ ရိုက်ပေါ့။ ထိခိုက်တယ် ဆိုရင် တောင်းပန်ရမှာပေါ့။ ဒီအဆင့်အထိလည်း မတောင်းဆိုထားပါဘူး။
နောက်ပြီး ဇာတ်လမ်းမှာပါတာတွေဟာ နှစ်နိုင်ငံချစ်ကြည်ရေးကို ထိခိုက်နိုင်တယ်။ အနွယ်တော် ဆိုတာလည်း ပြည်သူတွေ ပဲ။ သီပေါမင်းတို့ မင်းတုန်းမင်းတို့ နိုင်ငံအုပ်ချုပ်တဲ့ ဘုရင်တွေဆိုတာ တနိုင်ငံလုံးနဲ့ဆိုင်တာပဲလေ။ ဆိုလိုချင်တာက နိုင်ငံ တော်အတွက် ဂုဏ်သိက္ခာထိခိုက်သလို ပြည်သူတွေအတွက်လည်း ဂုဏ်သိက္ခာထိခိုက်စေတယ်လို့ ယူဆတယ်။ အကုန် လုံးခြုံပြောရရင် အစ အလယ် အဆုံး အကုန်လုံးကို အန်ကယ်တို့ မကြိုက်ဘူး။
မေး -အနွယ်တော်တွေအနေနဲ့ ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ဘယ်လိုတုန့်ပြန်မှုတွေလုပ်သွားဖို့ရှိလဲ။
ဖြေ – ပထမအဆင့် ထိုင်းမီဒီယာကနေ အကူအညီတောင်းတယ်။ မေတ္တာရပ်ခံတယ်။ ဒီအဆင့်ကနေစ တယ်။ ပြီးတော့ အနွယ်တော်တွေအထဲမှာလည်း တိုင်ပင်ထားပြီးပြီ။ အနွယ်တော်တွေ အကုန်လုံး ဒါကို ရပ်တန့်ဖို့ ဆက်လုပ်ဖို့ရှိတယ်။ အန်ကယ်တို့နိုင်ငံမှာ ဘုရင်စနစ်မရှိတော့ပေမယ့် အနွယ်တော်တွေက သက်ရှိထင်ရှားရှိနေတယ်လေ။ ဒီအနွယ်တော်တွေ ရဲ့ သဘောထားဆိုတာလည်း ပြည်သူတွေရဲ့သဘော ထားနဲ့ အတူတူပါပဲ။ အောက်ခြေအဆင့်မှာမပြီးရင် အစိုးရကတဆင့် ဒါမှမဟုတ် ထိုင်းမှာရှိတဲ့ ဘုရင့်အနွယ်တော်တွေကို မြန်မာပြည်က အနွယ်တော်တွေက အကူအညီတောင်းမယ်။ နှစ်နိုင်ငံသာ အပြန်အလှန်လေးစားမှုရှိတယ်ဆိုရင် ဒီအဆင့်လောက်နဲ့ပဲ ရပ်သွားမယ်လို့ ယုံကြည်တယ်။
မေး – နှစ်နိုင်ငံချစ်ကြည်ရေး ပုံရိပ်ကို ပျက်စေမယ့် ဒီလိုကိစ္စမျိုးတွေ အပေါ် ဘာများပြောချင်ပါ သလဲ။
ဖြေ – မြန်မာနိုင်ငံဟာ အမြဲတမ်း အိမ်နီးချင်းကောင်း ပီသခဲ့တယ်။ ဘယ်တော့မှလည်း သူများနိုင်ငံကို မပုတ် ခတ်သလို သူများရဲ့ ပြည်တွင်းရေးကိုလည်း ဝင်ရောက်မစွက်ဖက်ဘူး။ ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရေးနဲ့ တောက် လျှောက်နေခဲ့ တာပဲ။ သူတို့ကျောင်းတွေမှာ စာသင်တာကအစ မြန်မာတွေက ကျူးကျော်ပြီးတော့ လူရိုင်းလူဆိုးတွေ သူတို့ ကိုဒုက္ခပေးတဲ့ သူတွေအဖြစ် ပုံဖော်ထားတယ်။ ဒါတွေက ဒီခေတ်မှာမရှိတော့ဘူးလေ။ ဒီခေတ်မှာဒါတွေကိုလုပ်နေရင် ဘယ် သူ့အတွက်မှ အကျိုးမရှိဘူး။
နောက် ထိုင်းအတွင်းမှာရှိတဲ့ မိတ်ဆွေတွေ ပြောတာကတော့ ဒီရုပ်ရှင်ဟာ စတုတ္ထမြောက် ရုပ်ရှင်လို့ပြော တယ်။ ဒီလိုကားမျိုးရိုက်တာ။ သူတို့ဘက်က အမျိုးမျိုးငြင်းနေပေမယ့် ထိုင်းဘက်က နားလည်တဲ့သူတွေကိုယ်တိုင်က ဒါမှားနေတာကို သူတို့သိတယ်။ သူတို့ဘက်ကလုပ်နေတာတွေက သူတို့ပဲသိပါတယ်။
သူတို့ဆီမှာ ဘုရင်ကိုကာကွယ်တဲ့ဥပဒေရှိတယ်။ ဘယ်လောက်ထိအောင်လဲဆိုရင် ဆုံးသွားတဲ့ ထိုင်းဘုရင် ဘူမိဘော အဒူ လျာဒက်ဂျ်ရဲ့ ခွေးကိုစော်ကားမိလို့ အရေးယူခံရတယ်။ လူမပြောနဲ့။ သူတို့ဘုရင်ကို ပုတ်ခတ်စော်ကားခွင့်မရှိဘူး။ ကာကွယ် ထားတယ်။ ဒါတွေလည်း အန်ကယ် သိလို့မဟုတ်ဘူး။ AFP သတင်းက ရေးလို့သိတာ။ စိတ်လည်းမဝင်စားဘူး။ အရင်ခေတ်က အင် တာနက်ခေတ်မစားသေးတော့ သိပ်မသိသာဘူး။ အခုကတော့ ပြလိုက်တော့ချက်ချင်း ဖေ့စ်ဘုတ်ကနေ ပျံ့သွားပြီး သိလာ ကြတယ်။ အန်ကယ့်အနေနဲ့က အာဆီယံ နိုင်ငံအချင်းချင်း အိမ်နီးချင်းကောင်းပီသ ရမယ်။ အပြန်အလှန်လေးစားရမယ်။ ဘာဖြစ်လို့ နှစ်နိုင်ငံ အငြင်းပွားစရာတွေ၊ အမုန်းပွားစရာတွေ ပြနေရတာလဲလို့ မေးခွန်းထုတ်တာ။ အကယ်၍ မြန်မာနိုင်ငံမှာ ဒီလိုရုပ်ရှင်ကားတွေပြနေရင် မင်းတို့ဘယ်လိုခံစားကြမလဲ။ ငါတို့လည်း ဒါမျိုး တခါမှမလုပ်ခဲ့ဘူး။ မင်းတို့ပဲ လုပ်နေကြတာ။ ဒါကြောင့် အပြန်အလှန်လေးစားကြပါလို့ မက်ဆေ့ချ်ပေးတာပါပဲ။
မေး – သီပေါမင်းရဲ့ မြစ်တော်တဦးအနေနဲ့ မြန်မာမင်းဆက်တွေ၊ နန်းတွင်းရေးရာ သမိုင်းကြောင်းအမှန်တွေကို နှောင်းလူတွေ သိဖို့ ဘယ်လိုပုံစံမျိုးနဲ့ ပြန်လည်ဖော်ထုတ်စေချင်ပါသလဲ။
ဖြေ – နှစ်ပိုင်းပေါ့။ တခုက ပါတော်မူဇာတ်တော်ကြီးဆိုပြီး Sky Net က ရိုက်တယ်။ ဘယ်ဇာတ်သဘင် ဆိုတာ လူတိုင်းသိ တယ်။ မပြောချင်တော့ဘူး။ အမည်မဖော်ချင်ဘူး။ ဒီပါတော်မူဇာတ်တော်ကြီးကို တရားဝင်ကန့်ကွက်ဖို့လည်း အစီအစဉ်ရှိ တယ်။ သူတို့ အန်ကယ်နဲ့အင်တာဗျူးလုပ်တော့ ဒါတွေကို နားလည်ပေးပါ။ ဇာတ်သဘောအနေနဲ့မြင်ပါ။ သီပေါမင်းဆို သီ ပေါမင်းလို့မမြင်ပါနဲ့။ ဇာတ်ကနေတဲ့သဘောပဲမြင်ပါဆိုပေမယ့် ဇာတ်သဘင်လို့မြင်လို့မရဘူး။ ဒါ စိတ်ကူးယဉ်လည်း မဟုတ် ဘူး။ တကယ့်သမိုင်းမှာဖြစ်ခဲ့တယ်ဆိုပြီးတော့ တဖက်သက်ပုတ်ခတ်ရေးသားခဲ့တာတွေကို ဇာတ်လမ်း ပြန်ဖော်နေတဲ့ဟာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာပဲ။ ပါတော်မူဆိုကတည်းက အနိဋ္ဌာရုံပဲလေ။
ဒါကြီးကို ချဲ့ထွင်ပြီး သီပေါမင်းက စုဖုရား လတ်ကို စုရေ စုရဲ့ ဆိုတာ ကြားလိုက်တာနဲ့ ရင်တော်တော် နာစရာကောင်းတယ်။ စဉ်းစားကြည့်။ အဲလိုကြားလိုက်ရရင် ရင်ထဲမှာ တော်တော်လေး နာကျည်းသွား တယ်။ အော် ရက်စက်လှချည်လား။ သူတို့သာ ငါတို့နေရာမှာရှိနေရင် ဘယ်လို ခံစားရမလဲ။ ဒါနဲ့ပတ်သက်ပြီး အန်ကယ်တို့အနွယ်တော်တွေမှာ အစီစဉ်ရှိပြီးသား။ ဆက်လက်မပြသဖို့ တရားဝင် ပြည်သူ ပြည်သားတွေရဲ့ဆန္ဒ နဲ့ အညီဆောင်ရွက်သွားမှာပါ။
ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ကပဲ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၅)ဆိုပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေဆိုတာ ထွက်လာတယ်။ အဲဒီမှာ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးနှောင့်ယှက်လို့မရဘူးဆိုတာတွေ ပါလာပြီ။
ဒီဥပဒေမတိုင်ခင်ကတည်းက ကန့်ကွက်ဖို့ပါပဲ။ အချိန်တော့စောင့်မယ်။ စနစ်တကျနဲ သက်ဆိုင်ရာကို တင်ပြမယ်။
ဒီနိုင်ငံမှာ ရိုက်မယ်ပြုမယ်ဆိုရင် တကယ့်သမိုင်းအမှန်နဲ့လုပ်ပါ။ ဇာတ်လမ်းရိုက်တာကတပိုင်း မရိုက်ခင်မှာ သမိုင်းအမှန် တွေကို အရင်ဖော်ထုတ်ရမှာ။ ရွှေဘို၊ အင်းဝ၊ အမရပူရ ဒါတွေဟာ တကယ့်နန်းတော်ကြီးတွေရှိခဲ့တာ အခုတော့ တိမ်မြုပ် ပြီး ရွှေဘိုဆို ထောင်ဖြစ်ခဲ့တယ်။ ဒါတွေဟာ အန်ကယ်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာတွေပဲ။ ဒါတွေကို ထိန်းသိမ်းဖော်ထုတ်ဖို့။ ရုပ်ရှင်က နောက်တဆင့်။ ခေတ်အဆက်ဆက်သမိုင်းတွေကို ပြန်ဖော်ထုတ်တဲ့အခါ သဘာဝကျကျ သမိုင်းရဲ့အတွေးအခေါ် (philosophy of history) ကျကျ ဖော်ထုတ်ရမယ်။ နိုင်ငံအတွက် ဘာတွေ အကျိုးဖြစ်ထွန်းခဲ့တယ်။ ဘာတွေ သင်ခန်းစာ ယူရမယ်ဆိုတာတွေမျိုးတွေ ဖော်ထုတ်ရမှာ။
အန်ကယ်တို့ နိုင်ငံဟာ ဂုဏ်သိက္ခာကျဆင်းခဲ့တာကြာပြီ။ မရှိသလောက်ကို ဖြစ်ခဲ့ပြီ။ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြန်ဖော် ထုတ်ရမယ်။ ထိန်းသိမ်းရမယ်။ ဒါမှ အန်ကယ်တို့နိုင်ငံက ကမ္ဘာ့အလယ်မှာဂုဏ်ပြန်တင့်တယ်လာမှာ။ သမိုင်းအမှန်ကိုမဖော် ထုတ်ဘဲ ခေတ်အဆက်ဆက် အုပ်ချုပ်သူလူတန်းစားရဲ့သမိုင်းလောက်ပဲ ရေးလို့မရဘူး။ သမိုင်းမှန်တွေ ဖော်ထုတ်ထားတာ မရှိရင် တခြားနိုင်ငံတွေက ခုလိုပုံစံမျိုးတွေလုပ်လာကြမှာပဲ။
မေး – အန်ကယ့်အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ – အနွယ်တော်တွေက ပြည်သူပြည်သားတွေပဲဆိုတော့ အနွယ်တော်တွေကမှ ဒါကို ခံစားတာမဟုတ်ပါဘူး။ နိုင်ငံသူ နိုင်ငံသားအားလုံး ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ခံစားရတယ်လို့ ယုံကြည်တယ်။ စကြည့်လိုက်တာနဲ့ ဆက်ကြည့်ချင်စိတ် မရှိတော့ဘူးဆိုတဲ့ ခံစားမှုဟာ ဘယ်လိုလဲဆိုတာ သိမှာပါ။ ဒီဇာတ်လမ်းတွဲဟာ တနိုင်ငံလုံးနဲ့ဆိုင်ပါတယ်လို့ ပြောချင်တယ်။ နိုင်ငံအတွက် ဂုဏ်သိက္ခာကျရုံသာမက ပြည်သူပြည်သားတွေအတွက်လည်း ဂုဏ်သိက္ခာကျဆင်းစေပါတယ်။
နောက်တခုက ဒီလေးငါးနှစ်အတွင်းမှာ အနွယ်တော်တွေ ပြန်ပြီးစုမိလာတယ်။ ဘိုးတော်ဘုရား၊ မင်းတုန်းမင်း၊ ကနောင်မင်း သားကြီး အနွယ်တော်တွေ စုစည်းမိလာတာ ခုဆို ရာဂဏန်းလောက် တက်လာပြီ။ ငါးရာခြောက်ရာပေါ့။ အတိအကျတော့ အန်ကယ် မမှတ်မိဘူး။ အနွယ်တော်တွေအားလုံးဟာ ကိုယ့်နိုင်ငံ အတွက် တထောင့်တနေရာကနေ ဘယ်လိုကူညီစောင့် ရှောက်နိုင်မလဲဆိုတာ စုစုစည်းစည်းတိုင်တိုင်ပင်ပင်နဲ့ ဖြေရှင်းဆောင်ရွက်ပါမယ်။