မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် နည်းအမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခြင်း မပြုလုပ်ရန်၊ အကြမ်းဖက်မှုများ ပပျောက်ရန် ဥပဒေများဖြင့် အကာအကွယ် ပေးထားမှုများရှိသည်။ သို့သော် အိမ်တွင်း အကြမ်းဖက်ခံရမှုများ အပါအဝင် နည်းအမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခံနေရသော အမျိုးသမီး များသည် ဥပဒေကို နားလည်ခြင်းမရှိသဖြင့် တိုင်ကြားမှုများ မပြုလုပ်ကြပေ။ အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး အမြင်နှင့် သုံးသပ်ချက်များအပေါ် လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး နော်သဝါးကို ဧရာဝတီသတင်းဌာန သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ အစိုးရပိုင်း အနေနဲ့ အမျိုးသမီးရေးရာ ကိစ္စရပ်တွေမှာ အခွင့်အရေး၊ ဥပဒေရေးဆွဲမှု စတဲ့ လုပ်ငန်းတွေမှာ ဘယ်လိုမျိုး ဆောင်ရွက်ထားပါသလဲ။
ဖြေ။ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီဆိုတာကို ဖွဲ့စည်းထားတာရှိပါတယ်။ ၁၉၉၆ ခုနှစ်ကတည်းက ဖွဲ့စည်း ထားတာ။ ကော်မတီက မူဝါဒတွေချမှတ်တယ်။ ဥပဒေတွေပြဋ္ဌာန်းဖို့ လုပ်တယ်။ ပြီးရင် လိုအပ်တဲ့ စီမံချက်တွေ၊ စီမံကိန်းတွေကို ရေးဆွဲဖို့ လမ်းညွှန်ပါတယ်။ အရင်အစိုးရ လက်ထက်ရော အခု အစိုးရ လက်ထက်ရော ပေါ့။ ၂၀၁၄ ခုနှစ်မှာ ဒီလိုအမျိုးသမီးအရေးကို သီးသန့် ဆောင်ရွက်ဖို့ လိုအပ်တယ် ဆို ပြီး အစိုးရက ပြောလာတဲ့ အတွက်ကြောင့် အမျိုးသမီး ဖွံ့ဖြိုးရေး တိုးတက်ရေးဌာနခွဲဆိုပြီး ဌာနခွဲတစ်ခုကို အသစ်ဖွဲ့စည်းပါတယ်။
မေး ။ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ရှိနေဆဲပဲဆိုတော့ အဲဒီအပေါ်မှာရော ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။
ဖြေ ။ ဒါကတော့ မိရိုးဖလာ အစဉ်အလာတွေနဲ့ ရုန်းမထွက်နိုင်တဲ့ အခြေအနေတစ်ရပ်ပေါ့။ အကြမ်းဖက်ခံ ရတယ် ဆိုရင် ကိုယ့်ရဲ့ဝဋ်ကြွေးပဲလို့ ကျမတို့နဲ့ တော်တော်များများ တွေ့ဆုံတဲ့ အမျိုးသမီးတိုင်းက ပြောပါတယ်။ ဒါဟာ ဝဋ်ကြွေးမဟုတ်ပါဘူး။ အကြမ်းဖက်တဲ့သူကလည်း ဒီဟာကို သူ ငြိမ်ခံနေတိုင်း အကြမ်းဖက်ရမှာ မဟုတ်ပါဘူး။ များသောအားဖြင့် အကြမ်းဖက်တဲ့သူနဲ့ အကြမ်းဖက်ခံရသူကို ကြည့်မယ်ဆိုရင် သူတို့ ပါဝါချင်းမညီမျှဘူး။ အဲဒီအခါမှာ ပါဝါလွှမ်းမိုးမှု တွေဖြစ်တယ်။ အမျိုးသမီးတွေ အနေနဲ့ကလည်း say no ဆိုတဲ့ စကားလုံးပေါ့။
ဒါကိုရပ် မကြိုက်ပါဘူးဆိုတာကို ပြောထွက်ရမယ်။ ကျမသူငယ်ချင်း တစ်ယောက် ဆို အမြဲပြောတယ် သူ့ရဲ့သူငယ်ချင်း အိမ်ထောင်ကျသွားတဲ့ အခါကျတော့ သူ့ကိုရိုက်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရဲ့ မြန်မာစကားပုံက ရှိတယ်လေ။ အရိုးကွဲအောင် ရိုက်မှ အသည်းစွဲအောင်ချစ်တယ် ဆိုတာ ဒါမျိုးတွေကို သူတို့က ပျော်ရွှင်စရာအနေနဲ့ ကျင့်သုံးသလို ဖြစ်နေပါတယ်။ တကယ်ခံရတဲ့ သူက ရုပ်ပိုင်းဆိုင်ရာ အနာတရဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အနာတရ က နောက်က ချက်ချင်း လိုက်လာတာပါ။ အဲဒီတော့ အကြမ်းဖက်တာတွေကို အမျိုးသားတွေ အနေနဲ့ ရပ်တန့်ဖို့ လိုပါတယ်။
မေး ။ ဒီလို အကြမ်းဖက်မှုတွေ ဖြစ်နေတာက ဥပဒေရဲ့ ကာကွယ်ပေးမှု အားနည်းချက်ကြောင့်လို့ ပြောလို့ရနိုင်မလား။
ဖြေ ။ များသောအားဖြင့် အကြမ်းဖက်တဲ့သူတွေက ကိုယ်နဲ့ မျက်နှာသိကျွမ်းတဲ့သူတွေ၊ ကိုယ့်ရဲ့အိမ်နီးနားချင်း ဖြစ်မယ်။ ကိုယ့်ရဲ့ မိသားစုဝင်တွေထဲကလည်း ဖြစ်နိုင်တယ်။ အဲဒီ အတွက်ကြောင့် ဒီဟာသသည် ပါဝါလွှမ်းမိုးလို့ပဲလို့ ကျမကထင်ပါတယ်။ အနိုင်ကျင့်လို့ရလို့ ခံတဲ့သူ ကလည်း ဘာမှတုံ့ပြန်မယ့် အခြေအနေမရှိလို့ပေါ့။ အဲဒါကြောင့် အကြမ်းဖက်ခံရတယ်လို့ ထင်ပါ တယ်။
မေး ။ အမျိုးသမီးတွေအပေါ်မှာ ကာကွယ်ပေးနိုင်လောက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်း ထားတာမျိုးရော ရှိပြီးထားပြီးလို့ ထင်ပါသလား။
ဖြေ ။ ။ ထင်ပါတယ်ရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ဘက်ပေါင်းစုံပေါ့ အရပ်ဘက်အဖွဲ့အစည်းတွေလည်း ပါတယ်။ ကျမတို့ အစိုးရဘက်ကလည်း ပါတယ်။ ပြီးတော့ UN ဘက်ကလည်း ပါတယ်။ ဘက်ပေါင်းစုံ ကနေပြီးတော့ တချက်မှမလွတ်အောင်လို့ ရေးဆွဲထားပါတယ်။ ရာဇသတ်ကြီးမှာ အမျိုးသမီးတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေ အချက်အလက်တွေ အများကြီးရှိပါတယ်။ ၃၇၇၊ ၃၇၆ တို့ တွေအများကြီးရှိတယ်။ ဒါပေမယ့် ဒီဥပဒေတွေထဲမှာ ဘာတွေ ပါလဲဆိုတာ ပြည်သူတွေက မသိဘူး။
ဥပမာ ကိုယ်ကအကြောင်း တခုခုကြောင့် အကြမ်းဖက် ခံရပြီဆိုရင် ဒီဟာသည် ပြစ်မှုမြောက်တယ် ဆိုတာကို ကျမတို့တွေ သိမယ်လေ။ တိုင်လို့ရတယ် ဆိုတာကို သိမယ်။ အဲဒီအတွက်ကြောင့်မို့ ဒီလိုဥပဒေတွေ ရှိနေတယ် ဒီလိုအမှုတွေ ကျူးလွန်ရင် ဒီလိုဥပဒေနဲ့ တိုင်ကြားလို့ရတယ်ဆိုတဲ့ အသိပညာပေးဖို့ကို ကျမတို့ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
မေး ။ အမျိုးသမီးတွေ လည်း တန်းတူအခွင့်အရေး ရရှိဖို့ ကိစ္စရပ်တွေမှာ အစိုးရနဲ့အတူ ဘယ်လိုအဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်ဖို့လိုပါသလဲ။
ဖြေ ။ အမျိုးသမီးအရေးကို တကယ့်စိတ်နှလုံးနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မယ့် အဖွဲ့အစည်းတွေ လိုအပ်ပါတယ်။ ကိုယ်ချင်းစာမယ့် အဖွဲ့တွေ လိုအပ်ပါတယ်။ အပြောနဲ့ လုပ်တာမျိုး၊ ဟန်ပြလုပ်တာ မျိုးတွေကို မကြိုက်ဘူး။ ထဲထဲဝင်ဝင်နဲ့ အတူ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ ကျမတို့ လူ့ဘောင် လောကမှာ မျှတမှုတွေ ရှိဖို့လိုတယ်။ အဲဒါကြောင့် မျှတမှုကို ဦးစားပေး ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။
မေး ။ ။ ပညာပေးမှု အပိုင်းမှာရော ဘယ်လိုမျိုး လုပ်ဆောင်သင့်ပါသလဲ။
ဖြေ ။ ။ စာသင်ခန်းတွေ ကနေ စသင့်ပါတယ်။ မိဘတွေကနေ စရပါမယ်။ ကြီးလာမှ သင်တာက တော်တော် အရိုးစွဲလာပြီ ဖြစ်တာကြောင့် ငယ်ရွယ်စဉ် ပြုပြင်လို့ရတဲ့ အရွယ်မှာ Do and Don’t ပေါ့ ဆောင်ရွက်သင့်တာရယ်၊ ရှောင်ရှားသင့်တာရယ် ဒါတွေကို ကလေးတွေကို ငယ်စဉ်က တည်းက လေ့ကျင့်သင်ကြားပေးရမှာက မိဘတွေမှာ တာဝန်ရှိသလို အရပ်ဘက် အဖွဲ့အစည်း၊ ကျောင်းမှာဆိုရင် ဆရာ၊ ဆရာမ၊ ကိုယ့်အိမ်မှာ ဆိုရင် မိသားစု အဲဒါတွေက အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍတွေ မှာ ပါဝင်ပါတယ်။
မေး ။ ။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ဘယ်လိုစောင့်ရှောက်မှုတွေ ပေးပါသလဲ။
ဖြေ ။ ။ ကျမတို့ ဌာန လက်အောက်က သင်တန်းကျောင်းမှာဆိုရင် သူတို့ကို လက်ခံပြီးတော့ ဖွံ့ဖြိုးရေး တွေ လုပ်ပေးတယ်။ ဥပမာ ပြည့်တန်ဆာ လုပ်စားခဲ့ရတဲ့ ကလေးတွေ ဆိုလို့ရှိရင် သူတို့နဲ့ အတူတူ စကားပြောတယ်၊ အလုပ်တွေ အတူတူလုပ်ကြတယ်။ သူတို့ ပြန်လည်ရပ်တည်နိုင်ဖို့ အတွက်လည်း စီမံကိန်းတွေ ရေးဆွဲပြီး ဆောင်ရွက်သွားပါတယ်။
မေး ။ ။ ဌာနကို အကူအညီတောင်းလာတဲ့ အမျိုးသမီးတွေက ဘယ်လိုနည်းနဲ့ အကြမ်းဖက်ခံရတာတွေ များတယ်လို့ မြင်ပါလဲရှင့်။
ဖြေ ။ များသောအားဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေများတယ်။ တော်ရုံလောက်နဲ့တော့ အမျိုးသမီးတွေက ခံနိုင်ရည် စွမ်းအားရှိပါတယ်။ နည်းနည်းပါးပါး အရိုက်ခံရတာလောက်နဲ့တော့ ဘယ်သူမှ တိုင်မယ် တောမယ်ဆိုပြီး မရှိပါဘူး။ သူတို့် တကယ်ကို မခံမရပ်နိုင်ဖြစ်လို့သာ တိုင်တန်းရခြင်း ဖြစ်ပါတယ်။ တိုင်တန်းတာကလည်း များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာဆိုရင် အကြီးစား အကြမ်းဖက်မှုရယ်၊ နောက် သတင်းမီဒီယာတွေကနေ တဆင့် ပေးတဲ့သတင်းတွေအရ ဖြစ်ဖြစ်၊ ဖေ့စ်ဘုတ် ကပဲဖြစ်ဖြစ် ကျမတို့တွေ့တာနဲ့ သူတို့ဖြစ်ပွားတဲ့ ပြည်နယ်နဲ့ တိုင်းကို ချက်ချင်း ဆက်သွယ်ဆောင်ရွက်ပြီးတော့ ကူညီပါတယ်။
မေး ။ အမျိုးသမီးတွေကို ဘာများ အကြံပြု ဖြည့်စွက် ပြောချင်ပါသလဲ။
ဖြေ ။ ကိုယ့်ရဲ့ဇွဲ၊ လုံ့လ၊ ဝီရိယ ကိုလျှော့ချ မပစ်ပါနဲ့ ။ ကိုယ်သည် အစွမ်းရှိတဲ့ အမျိုးသမီးတယောက် ဖြစ်ပါတယ်။ အမျိုးသားတွေထက် ခံနိုင်ရည်က ပိုပြီး မြင့်ပါတယ်။ အမျိုးသမီးတွေက လူသား အရင်းအမြစ်ဆိုရင်လည်း မှန်ပါတယ်။ မိခင်တွေ အားမလျှော့ပါနဲ့။ မားမားမတ်မတ်ရပ်ပါ။ ကိုယ့်သားသမီးတွေကိုလည်း အားပေးပြီးတော့ မြေတောင်မြှောက်ပေးကြပါလို့ ပြောချင်ပါတယ်။