မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ သံလွင်တံတား(ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးမည့်အပေါ် ကန့်ကွက်မှုများစွာ ရှိခဲ့သော်လည်း လွှတ်တော်တွင် အတည်ပြုလိုက်ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပေါ်လာပြီး ဝေဖန်မှုများစွာ ရှိနေသည်။ အဆိုပါ တံတား ဖြစ်ပေါ်လာရန် ယခင်အစိုးရလက်ထက်က ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သူ ရန်ကနု် မွန်စာပေ ယဉ်ကျေးမှု ကော်မတီ နာယက၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးနိုင်လှမောင်ကို ဧရာဝတီ သတင်းဌာန အကြီးတန်းသတင်းထောက် မေစစ်ပိုင်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ချောင်းဆုံမြို့နယ်မှာရှိတဲ့ တံတားကို ကန့်ကွက်မှုတွေရှိနေတဲ့ ကြားထဲက ဗိုလ်ချုပ်အောင်ဆန်း တံတားဆိုပြီး လွှတ်တော်မှာ အတည်ပြုလိုက်တယ်။ အဲဒီအပေါ်မှာ ဒေသခံတွေရဲ့ ဝေဖန်ကန့်ကွက်မှုကို ကြုံနေရတဲ့ အပေါ် ဘယ်လိုများ သုံးသပ်ချင်ပါသလဲ
ဖြေ။ ။ တံတားနာမည်ကို သံလွင်တံတား (ချောင်းဆုံ) လို့သတ်မှတ်ပြီးတော့ အသိအမှတ်ပြုလာခဲ့တာက ပြည်ခိုင်ဖြိုး အစိုးရ လက်ထဲကတည်းက။ ဒါကို ဒီဘက်အစိုးရလက်ထက်ရောက်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း တံတားဆိုပြီး ပြောင်းလဲလိုက်တော့ ဒေသခံတွေရော တခြားသူတွေရော တအံ့တသြဖြစ်သွားတာ။ ဒေသခံတွေက ဗိုလ်ချုပ်အောင်ဆန်းနာမည်ထက် ဒေသမှာ အထင်ကရတွေဖြစ်တဲ့၊ မွန်လူမျိုးတွေထဲက အထင်ကရဖြစ်သူတွေရဲ့ နာမည် ပါစေချင်တယ်။ မွန်အငွေ့အသက် ပါစေချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို မုန်းလို့ မဟုတ်ဘူး။ ဗြုန်းစားကြီး ပြောင်းလိုက်တဲ့အပေါ် ဒေသခံတွေ အံ့သြပြီး မကျေမနပ်ဖြစ်ကြတာ။ ကျနော့်အမြင်ပြောရမယ်ဆိုရင် အရင် အစိုးရက ပေးထားပြီးသား ဖြစ်တာကို အခုက ကိုယ့်သဘောနဲ့ကိုယ် အတင်းအဓမ္မပြောင်းတဲ့ သဘောလို့ ယူဆပါတယ်။ ပြည်နယ်က ပြီးနိုင်တဲ့ကိစ္စ ဖြစ်နေပေမယ့်လည်း ပြည်နယ်နဲ့မပြီးဘဲ လွှတ်တော်ထိ တင်ပြတောင်းဆို ဆွေးနွေးတယ် ဆိုတာကလည်း လိုတာထက် ပိုပြီး ပုံချဲ့နေသလားလို့ သုံးသပ်မိတယ်။
မေး။ ။ ဒီလိုမျိုးတွေ ဖြစ်လာတော့ NLD ပါတီအပေါ် ဒေသခံတွေရဲ့ သဘောထားက ဘယ်လိုရှိနေသလဲ။
ဖြေ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူအနေနဲ့ NLD ကို အားကိုးတကြီးနဲ့ မဲပေးထားတဲ့သူတွေ ရှိပါတယ်။ အဓိက NLD ကို မဲပေးလိုက်ရင် မျှော်မှန်းတဲ့ ဒီမိုကရေစီ အစစ်အမှန်ကို မျှော်မှန်းခဲ့တာ။ အခုလို ပြည်သူတွေရဲ့ ဆန္ဒကို ဝကွက် ဖယ်ရှားပြီးတော့မှ ဆောင်ရွက်တဲ့အပိုင်း တွေ့ရတော့ ထောက်ခံတဲ့သူ အနေအထားကတော့ အရင်ကထက် အများကြီး လျော့ကျသွားလိမ့်မယ်လို့ သုံးသပ်ပါတယ်။ ပန်းခြံထဲမှာ ဗိုလ်ချုပ်ကြေးရုပ်ထားတဲ့ကိစ္စကလည်း ပြည်သူတွေရဲ့ ဆန္ဒမရှိဘူးဆိုပေမယ့် ထားခဲ့တဲ့အပေါ် အခုချိန်ထိ ဒေသခံတွေက ဆန္ဒပြတုန်းပါ။
မေး။ ။ တံတားကိစ္စ က လွှတ်တော်မှာ မတင်ပြခင်ကတည်းက ဝေဖန်မှုတွေရှိနေတာကြာပြီ။ မွန်ပြည်နယ် လွှတ်တော်ကတော့ ဒီကိစ္စအပေါ် ပြောဆိုဆွေးနွေးတာမျိုး မရှိသေးဘူး။ ဦးနိုင်လှမောင်ကရော ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒီကိစ္စသည် ကျနော ်တိတိကျကျ မသိဘူး။ ဝန်ကြီးချုပ် ဦးမင်းမင်းဦး ပြောတာကတော့ သူသည် အဲဒီကိစ္စကြောင့် နုတ်ထွက်ရတယ်လို့ ပြောတယ်။ ဘယ်လောက်အတိုင်းအတာထိ ဖိအားပေးလို့ ဘယ်လောက်ထိ ခံစားရတယ် မသိဘူး။ ဒီကိစ္စက လူမျိုးရေးကိစ္စ ပါနိုင်မယ်လို့ ယူဆပါတယ်။ မွန်ဒေသမှာဆိုရင် ကျနော်တို့ မွန်လူမျိုးတွေရဲ့ ထင်ပေါ် ကျော်ကြားသူ တွေရဲ့ နာမည်တွေ အများကြီးရှိပါတယ်။ မွန်လူမျိုးတွေရဲ့ ဒေသမှာ ဗမာမှုပြုတဲ့အနေအထားက မွန်လူမျိုးကို ဝါးမျိုအောင်လုပ်ပြီး ပျောက်ကွယ်အောင် လုပ်နေတယ်လို့ ယူဆပါတယ်။
ကျနော့်အနေနဲ့ကတော့ တိုင်းရင်းသားတွေရဲ့ ဆန္ဒကို ဆန့်ကျင်တာမျိုးဖြစ်နေတော့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်သွားမယ့် အနေအထားမျိုးကို မြင်တယ်။ ဒီတိုင်းသာ နေသွားရင် ဒီထက်မက ပိုပြီး ပြင်းပြင်းထန်ထန် ဆန္ဒပြမယ်ဆိုရင် နိုင်ငံအတွက် ထိခိုက်မယ်လို့ မြင်တယ်။ ဖြစ်စေချင်တာက တိုင်းရင်းသားတွေ လိုအင်ဆန္ဒဖြစ်တဲ့ ဒီတံတားအမည်ကို လိုက်လျော ဆောင်ရွက်သင့်တယ်လို့ မြင်တယ်။
မေး။ ။ ချောင်းဆုံတံတား စတင်ဖြစ်ပေါ်လာဖို့ အဆိုတင်သွင်းခဲ့တာက ဦးနိုင်လှမောင် လို့ သိရပါတယ်။ ဘာကြောင့် ဒီတံတားကို ဆောက်ဖို့ အဆိုတင်သွင်းဖြစ်ခဲ့တာပါလဲ။
ဖြေ။ ။ ကျနော် အဆိုတင်သွင်းခဲ့သလို အရင် ဝန်ကြီးဟောင်း ဦးအုန်းမြင့်က သမ္မတ ဦးသိန်းစိန်ကို ပြောခဲ့တာလည်း ရှိတယ်။ ကျနော်က စာအနေနဲ့ လွှတ်တော်ကို တင်သွင်းခဲ့တာ။ တံတားဖြစ်မြောက်လာခဲ့ရင် ပြည်မနဲ့ အဆက်အသွယ် မပြတ်ဘဲ လမ်းပန်းဆက်သွယ်မှုကောင်းရင် ဒေသဖွံ့ဖြိုးမှု က အများကြီး တိုးတက်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်၊ ဆက်သွယ်မှု ကောင်းခြင်း အားဖြင့် နိုင်ငံရေး အမြင်၊ လူမှုရေး၊ စီးပွားရေး အမြင်တွေ ပိုပြီး တိုးတက်လာမယ်ဆိုပြီးတော့ ယူဆပြီး လူမျိုးရေးလည်း တိုးတက်မယ်ဆိုပြီး မျှော်မှန်းခဲ့တယ်။ မူလက မြစ်ကူးတံတား တစင်းတည်ဆောက်ပေးဖို့လို့ တောင်းဆိုခဲ့တာ။ သက်ဆိုင်ရာ ဝန်ကြီး ဦးကျော်လွင်ကနေ သံလွင်တံတား(ချောင်းဆုံ) ဆိုပြီးတော့ အမည်တပ်ပြီး လွှတ်တော်မှာ မေးခွန်းမေးတာ ဖြေခဲ့တယ်။
မေး။ ။ တံတားနာမည်ပေးရေးကိစ္စကို လွှတ်တော်မှာ ဒေါ်မိကွန်ချမ်းရဲ့ အဆိုပြုချက်အရ ထောက်ခံသူ ၂၁၇ ဦး၊ ကန့်ကွက်သူ ၄၃ ကြောင့် အတည်ပြုခဲ့တယ်။ လွှတ်တော်တွင်းမှာ မွန်ပါတီတွေကပါဝင်မှုအားနည်းတော့ လက်ရှိ လွှတ်တော်တွင်း အနေအထားကိုရော သုံးသပ်ပေးပါ။
ဖြေ။ ။ လွှတ်တော်ထဲမှာ မွန်ဒေသအနေနဲ့ တယောက်မှ မပါပါဘူး။ မွန်အမျိုးသားပါတီက အမျိုးသားလွှတ်တော်မှာ တယောက်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ တယောက်မှ မရှိဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုမယ့်သူ မရှိဘူး။ ရှိတဲ့မွန်တွေက NLD မှာ ပါတယ်ဆိုပေမယ့်လည်း လူမျိုးရေးထက် NLD ရဲ့ မူဝါဒ၊ လမ်းညွှန်ချက်နဲ့ပဲ ဆောင်ရွက်နေသလားတော့ မပြောတတ်ဘူး။ လူမျိုးဘက်ကိုတော့ ရပ်တည်မှု မရှိဘူးလို့ တွေ့ရပါတယ်။
မေး။ ။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ဘက်မှာ NLD ပါတီကရော ပြည်သူရဲ့ ထောက်ခံအားပေးမှု ဘယ်လောက်ထိ ရှိနိုင်မယ်လို့ မြင်ပါလဲ။
ဖြေ။ ။ ကြိုတင်ခန့်မှန်းချက်က မှန်ချင်မှ မှန်မှာပါ။ အရင်တုန်းကလောက်တော့ NLD က မဲရလိမ့်မယ်လို့ မထင်ပါဘူး။ ချောင်းဆုံမြို့နယ်ကတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီ အမတ် ၂ ဦးထဲက တဦးဦးက မဲသာချင်သာမယ်။ ကွာရင်လည်း သိပ်မကွာဘူး။ တဦးမဟုတ် တဦးရနိုင်တယ်လို့ပဲ ထင်တယ်။
မေး။ ။ လက်ရှိ မွန်ဝန်ကြီးချုပ်အသစ် အပေါ်မှာရော ဘယ်လို ထင်မြင်ပါလဲ။ ဒေသအတွက် ဘာတွေမျှော်လင့်ထားပါလဲ။
ဖြေ။၊ သူရဲ့ လုပ်ဆောင်ချက်ကတော့ ရက်ပိုင်းပဲရှိသေးတော့ ခန့်မှန်းရ သိပ်မလွယ်ဘူး။ အရင်က ဦးမင်းမင်းဦးကတော့ သူ့ပါတီက ဖိအားပေးလို့ နုက်ခဲ့ရတယ်လို့တော့ သိတယ်။ အသစ်ကတော့ ဦးမင်းမင်းဦးလို မဟုတ်ဘဲ သူတို့ပါတီရဲ့ လမ်းညွှန်ချက်အရ ဆောင်ရွက်မယ်လို့ထင်တယ်။ သဘောထားချင်း တူနိုင်လိမ့်မယ်လိ့ုတော့ မထင်ဘူး။ လာမယ့် ၁ ရက်နေ့မှာ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ စတော့မယ်။ ဒေသကလူတွေက နိုင်ငံ၊ ဒေသ အတွက် အများဆုံး လုပ်ပေးနိုင်မယ့်သူကို မေးပေးကြဖို့ တိုက်တွန်းချင်တယ်။
မေး။ ။ အန်ကယ် ဦးနိုင်လှမောင် က ချောင်းဆုံ ကိုယ်စားလှယ် အဖြစ် တာဝန်ယူခဲ့စဉ်ကရော ဘာတွေလုပ်ဆောင်ပေးဖြစ်ခဲ့ပါလဲ။
ဖြေ။ ။ ကျနော့်တုန်းက ဒေသဖွံ့ဖြိုးမှု၊ မွန်လူမျိုးတို့ရဲ့ အမျိုးဘာသာ၊ သာသနာကို အများကြီးဆောင်ရွက်ခဲ့ပါတယ်။ ဒေသ ဖွံ့ဖြိုးရေး အနေနဲ့ ပြောရရင် လမ်းတံတားတွေ ပြုပြင်ဖို့၊ ကျောင်းတွေ ဆောက်ဖို့၊ ကျန်းမာရေး ဘက်က ဆေးရုံ၊ အဆောက်အအုံ ကိစ္စတွေ အများကြီး လုပ်ဆောင်ဖြစ်ခဲ့တယ်။ အခုလက်ရှိ NLD အမတ်က ဥပဒေပိုင်းပဲ ဆောင်ရွက်တယ်။ ဖွံ့ဖြိုးရေးပိုင်းကို မဆောင်ရွက်တာ တွေ့ရတယ်။ ကျနော်က တိုင်းရင်းသားတွေရဲ့ လိုအပ်တဲ့ ဥပဒေ ကိစ္စတွေ တင်ပြ၊ အဆိုပြုခဲ့တာ ရှိပါတယ်။ ဥပဒေပိုင်းကလည်း ဘယ်လောက်အောင်မြင်ခဲ့တယ်ဆိုတာ ယနေ့အထိ တိတိပပ မတွေ့ရသေးပါဘူး။ ဒါက နှိုင်းယှဉ်ချက်ပါ။
ကျနော်ကို အရင်တုန်းက မဲပေးခဲ့တဲ့သူက နှုတ်ဆက်သူတွေ အများကြီးရှိတယ်။ ဦးနိုင်လှမောင်ကိုတော့ မဲပေးချင်ပါတယ်။ ဒါပေမယ့် NLD က ပြောင်းလဲချိန်တန်ပြီ ကျနော်တို့လိုချင်တဲ့ ပြုပြင်မယ် ပြောင်းလဲမယ်ဆိုလို့ သူတို့ကို မဲပေးမယ်။ သူတို့က ဖွဲ့စည်းပုံကို ပြင်မယ်လို့ ပြောလို့ ကျနော်တို့ မဲပေးတာပါ။ အန်ကယ်တို့ပါတီက သေးတော့ အစိုးရမဖွဲ့နိုင်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်စေချင်လို့ NLD ကို မဲပေးခဲ့တယ်လို့ ပြောကြတယ်။