လာမည့် ဧပြီလ ၁ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ အစိုးရ သက်တမ်း တနှစ်ပြည့်ပြီ ဖြစ်သည်။ အစိုးရသက်တမ်း တနှစ်ပြည့် ကာလ အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့်ကဏ္ဍများစွာတွင် လုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး အခြေအနေများ အပေါ် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ သုံးသပ်ချက်များကို ဧရာဝတီသတင်းဌာနမှ သတင်းထောက်များက ဆက်သွယ်မေးမြန်း စုစည်းဖော်ပြလိုက်ပါသည်။
ဒေါက်တာမောင်မောင်လေး ( UMFCCI အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ )
အစိုးရသစ်မှာ ပြုပြင်ပြောင်းလဲမှု လုပ်နေတာတော့ တွေ့ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်တာတွေ တွေ့ရပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု ယန္တရားကြီးက ပုံမဝင်သေးတော့ တော်တော်လေး ခဲရာခဲဆစ်သွားရတာပေါ့။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေကလည်း သတိထားရပါတယ်။ အခုချိန်မှာ နိမ့်လိုက် မြင့်လိုက်တော့ ရှိမှာပဲ။ ဘာကြောင့်လည်း ဆိုတော့ ကျနော်တို့က အခြေခံကောင်းတွေမှ ပိုင်ဆိုင်မှုမရှိတဲ့ အတွက် ဖြစ်တယ်။ နှစ်ပေါင်း ၃၀ ၊ ၄၀ လောက်က ဖြစ်သလိုလုပ်လာတဲ့ အတွက် ပုံစံဝင်အောင် တော်တော်များများ ကြိုးစားရအုံးမယ်။ ဒါတွေက ကြာအုံးမှာ ဖြစ်တယ်။ အားလုံးပူးပေါင်းလုပ်မှ အောင်မြင်မယ်။ အနည်းဆုံး အံဝင်ခွင်ကျ ဖြစ်ဖို့က ၁၀ နှစ်လောက်ကြာမှာ ဖြစ်ပါတယ်။ အခု အစိုးရက လုပ်ဆောင်နေတဲ့နေရာမှာ ဒီမိုကရေစီနဲ့ ဘောင်မဝင်တာတွေလည်း ရှိတယ်။ ဒါတွေကျော်လွှားဖို့ အချိန်ကြာလိမ့်မယ်။ တဖြည်းဖြည်းတော့ သဘောတူမှုတွေရလိမ့်မယ်လို့တော့ ပြောလို့ရပါတယ်။
မိဆူးပွင့် ဗဟိုဦးဆောင် ကော်မတီဝင် (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF)
ကျမအနေနဲ့ ပြောရမယ်ဆိုရင် NLD ဟာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မယ်လို့ဆုံးဖြတ်လိုက် ကတည်းက သူ့လုပ်နိုင်ခြေကို တွက်ဆပြီးသား ဖြစ်ပါတယ်။ အတိုက်အခံပြန်ဖြစ်သွားတဲ့ တပ်မတော်ကိုယ်စားပြု ပါတီ အဖြစ် အများက ယူဆထားတဲ့၊ အာဏာစွန့်လိုက်ရတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အားထုတ်မှုတွေကလည်း အစိုးရရဲ့ အကြီးမား ဆုံး စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ အထူးသဖြင့် စနစ်ဟောင်းက ဖျက်ဆီးထားတဲ့ လူတွေရဲ့ အကျင့်စရိုက်ဟောင်း တွေကို ပြောင်းလဲနိုင်ဖို့ကလည်း အကြီးမားဆုံး အခက်အခဲ၊ အတားအဆီးဖြစ်နေတယ်လို့မြင်ပါတယ်။
ကျမအနေနဲ့ စိတ်မကောင်း အဖြစ်ရဆုံး အပိုင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ဖြစ်စေ၊ ယခင်က NLD နဲ့လက်တွဲပြီး စနစ်ဆိုးကို တွန်းလှန်ခဲ့ကြတဲ့ တိုင်းရင်းသားပါတီတွေနဲ့ဖြစ်စေ၊ NLD ပါတီဟာ နားလည်မှု၊ ယုံကြည်မှုရအောင် ဆက်လက်မလုပ်ဆောင်တဲ့အပိုင်းပါ။ ဒီလိုအရေးကြီးတဲ့ အခန်းကဏ္ဏဟာ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ အများကြီး ဆက်နွယ် ပတ်သက် နေပါတယ်။ NLD အနေနဲ့ နားလည်မှုပိုမိုရရှိအောင် မလုပ်ဆောင်တဲ့ အပြင် ပိုမိုဝေးကွာသွားတာ တွေ့မြင်နေရပါတယ်။ အထူးသဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် တိုင်းရင်းသားတွေ အားထားမှု ရှိပါတယ်။ တပ်မတော်ရဲ့ အယူအဆ၊ သဘောထားနဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်ဖြစ် ပါတီဖြစ်ဖြစ် တိုင်းရင်းသား တွေရဲ့ အယူအဆ၊ သဘောထားတွေအပေါ် ထိန်းညှိပေးနိုင်သူ၊ အင်အားစု ၂ ဘက်စလုံးကို တွဲခေါ်ပေးနိုင်သူ ဖြစ်စေချင် ကြပါတယ်။ ဒါဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တနည်းအားဖြင့် ဗမာနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကြားမှာ အကောင်းဆုံး ရင်ကြားစေ့ပေးနိုင်တဲ့ NLD ပါတီရဲ့ အခွင့်အလမ်း တရပ်လို့ယုံကြည်မိတယ်။
စောမြရာဇာလင်း ဒုဥက္ကဋ္ဌ (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ – ALP)
ထိထိရောက်ရောက် တိုးတက်မှု ထူးထူးခြားခြားမတွေ့ရသေးဘူး။ အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ လုပ်သင့်တာတွေ အများကြီးရှိနေသေးတယ်လို့ မြင်တယ်။ ထိထိရောက်ရောက် မတွေ့ရဘူး။ တခြားကဏ္ဍတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြောင်းလဲရေး ကြိုးစားခဲ့တာရှိတယ်။ ဒါပေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ ပြောင်းတယ်ဆိုတဲ့ အနေအထားကိုတော့ မတွေ့ရဘူး။ ဒီမိုကရေစီအစိုးရတရပ်ကို ပြည်သူက ရွေးချယ်လိုက်လို့ ရောက်လာတယ်ဆိုရုံက လွဲပြီး သိသိသာသာ ထူးခြားမှုရယ်လို့တော့ ဘာမှ မတွေ့သေးဘူး။
ဦးဝင်းမြင့် (မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချရေး အသင်း အတွင်းရေးမှူး )
ဒီမိုကရေစီလို့ ပြောပေမယ့် ဌာနဆိုင်ရာတွေကတော့ မပြောင်းလဲဘူး ခြစားတွေရှိနေတာပဲ။ ဒါပေမယ့် အခုက ဝေဖန်လို့ရလာတယ်။ ဒါကြောင့် ပြုတ်တဲ့သူကလဲ ပြုတ်တာပဲ ဒါပေမယ့် ထိရောက်တာတော့ နည်းနေသေးတယ်။ အခု ဒေါ်စုအစိုးရ တက်လာတယ်။ ဒေါ်စုပြောသလိုပဲ ပြောတော့လွယ်ပါတယ်။ လုပ်တော့ခက်တယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုနဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှု ဆိုပြီး နှစ်ပိုင်းရှိပါတယ်။
နောက်တချက်ကတော့ နိုင်ငံတနိုင်ငံက နိုင်ငံရေးပြေလည်ရုံနဲ့ မပြီးဘူး။ စီးပွားရေးကောင်းမွန်ဖို့လည်း လိုတယ်။ စီပွားရေးလုပ်ငန်းဆိုတာ ပြည်သူပိုင်လုပ်ရင် ဘယ်နိုင်ငံမှာမှ မအောင်မြင်ပါဘူး။ ဒါပေမယ့် အဲဒီဟာကို ကျနော်တို့က သယ်ဆောင်လာခဲ့တာ အခုထက်ထိ အမှားပဲ ဖြစ်တယ်။ အဲဒီအမှားတွေကို ပြင်ပြီးမှ နိုင်ငံဆုံးရှုံးမှု ပျောက်သွားပြီဆိုရင် ကောင်းမွန်လာမှာဖြစ်တယ်။ သံယံဇာတက အခွန်၊ ဥပမာ အားဖြင့် ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်မျက်တွေက အခွန်တွေ ပြီးတော့ ရေအားလျှပ်စစ်က အခွန်တွေ ဒါတွေအားလုံး အရင်က မှန်မှန်ကန်ကန် မရခဲ့ဘူး။ ဒါတွေ ရအောင် လုပ်ရမယ်။ အဲဒါတွေရမှ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရမှာ ဖြစ်တယ်။ အခုအစိုးရအနေနဲ့ နိုင်ငံဘဏ္ဍာငွေတွေလည်း တကယ့်ထိရောက်တဲ့ နေရာမှာ သုံးစွဲနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။
ဦးယဉ်မျိုး (စာအုပ်ထုတ်ဝေသူ)
တနှစ်ပြည့်ပြီဆိုပေမယ့် ဘာမှမဖြစ်သလို ခံစားရတယ်။ ပြောင်းလဲတာတွေကို ရှာကြံပြောရင်တော့ တချို့ရှိမှာပေါ့။ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်နေတာတွေတော့ ဘာမှ မပြောင်းလဲတဲ့အပြင် အကျပ်အတည်း ပိုတွေ့လာတယ်လို့ ခံစားရတယ်။ အဓိကကတော့ လူထုဘ၀ လုံခြုံရေးကို အာမ မခံနိုင်ပဲ တရားဥပဒေစိုးမိုးရေးကို ရယ်စရာကြီးလို အပြောခံနေပြီ။ ငြိမ်းချမ်းရေးဆိုတာ ရယ်စရာကြီးလို အလှောင်ခံနေရပြီ။ ဒါကြောင့် ပြည်သူတဦးအနေနဲ့ လူထုအစိုးရပီပီ လူထုဘက်ကို အမှန်တကယ် မျက်နှာမူပြီး အပြောတွေလျှော့ပြီး ကြိုးစားပါလို့ ပြောချင်တယ်။
ဒေါ်စန်းအေး ( ထမင်းဆိုင်ပိုင်ရှင် )
“အဓိက အချက်က သွားရေးလာရေး အဆင်မပြေဘူး။ ကျမတို့က ထမင်းဆိုင်ကို သာကေတ ကနေ လာဖွင့်ရတာ ထမင်းဆိုင်အတွက် ဝယ်ခြမ်းရမယ့် ပစ္စည်းတွေကို အရင်က သကေတက မဝယ်ဘူး။ အခုတော့ သွားရေးအဆင်မပြေတော့ ကိုယ့်နေရာကနေ တခါတည်း ဝယ်ပြီး လုပ်ကိုင်နေရတာ။ နောက်ပြီး ကုန်ဈေးနှုန်းတွေကလည်း တအားတက်နေတယ်။ ဒါကြောင့် သွားလာရေးအဆင်ပြေဖို့နဲ့ ကုန်ဈေးနှုန်းကျဆင်းစေဖို့ကို မျှော်လင့်ပါတယ်”
ဦးထုံ ရွှေဆိုင်ပိုင်ရှင် ဦးကျော်ဝင်း
”ကျနော်ကတော့ အခု စီးပွားရေးနဲ့ ပတ်သက်ပြီးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အခါ အခက်အခဲတွေတော့ရှိတယ်။ ဒီအခက်အခဲတွေ ကျော်ပြီးမှ သိရမှာဖြစ်တယ်။ အခုထိကတော့ ပြောလို့မရသေးဘူး။ စီးပွားရေး ကဏ္ဍအလိုက် အခက်အခဲတွေတော့ ရှိနေမှာပဲ။ အခုဆိုရင် အခွန်နဲ့ ပတ်သက်ပြီး ညိုနိူင်းတာတွေ ရှိတယ်။ ဒါတွေအားလုံးကျော်လွှားပြီးမှ ကောင်းမွန်မှာ။ ဒီကာလမှာ အဆင်မပြေတာတွေတော့ ရှိမှာပဲ။ စီးပွားရေးအနေနဲ့တော့ ကောင်းမွန်ဖို့မျှော်လင့်ထားပါတယ်။
ကိုအောင်ဘုန်းမြတ် ( အဖြူရောင်ပရဟိတအဖွဲ့)
ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုးတော့ မရှိဘူး။ တခုကတော့ ပရိဟိတ လုပ်နေတဲ့သူတွေကို လိုက်စောင့်ကြည့်တာ၊ မေးမြန်းတာတွေ မရှိတော့သလောက် နည်းသွားတယ်။ အကူအညီ မပေးရင်တောင် အနှောင့်အယှက် မပေးတော့တဲ့ သဘောပဲ။ တချို့ လိုအပ်တဲ့ အကူအညီတွေကို လွှတ်တော်ကိုယ်စားလှယ်တွဆီကို တိုက်ရိုက်ဖုန်းဆက်ပြီး တောင်းလို့ရလာတော့ သူတို့က အတတ်နိုင်ဆုံး ကူညီကြပါတယ်။ တခြားဘာမှ အကူအညီ မပေးရင်တောင် လိုက်ပြီး မနှောင့်ယှက်တော့တာက အလုပ်မြန်မြန်ပြီးစေတဲ့ အတွက် ပရဟိတ လုပ်ကြတဲ့ အဖွဲ့အစည်းတွေ အတွက် ပိုကောင်းလာတာတော့ အမှန်ပဲ။