တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစု အတွင်းက အဖွဲ့ဝင်အချို့အကြား အစိုးရနှင့် အပစ်ရပ် လက်မှတ် ထိုးရေး၊ မထိုးရေး ကိစ္စနှင့် ပတ်သက်၍ သဘောထားနှစ်ခု ဖြစ်နေသည်။ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ရှမ်းပြည်တိုးတထက်ရေးပါတီ (SSPP) တို့က NCA ကို ရေးထိုးမည်မဟုတ်ဘဲ “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ၏ ငြိမ်းချမ်းရေး လမ်းစဉ်အတိုင်း လိုက်မည်ဟု သတင်းများ ထွက်ပေါ် နေသကဲ့သို့ ကျန်ခဲ့သည့် အဖွဲ့များက အစိုးရနှင့် ဆွေးနွေးနေသည့် NCA လမ်းကြောင်း အတိုင်း သွားမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး UNFC တပ်ပေါင်းစု ကွဲတော့မလားဆိုသည့် သုံးသပ်မှုများ ရှိနေသည့် အပေါ် UNFC ၏ ဒုဥက္ကဋ္ဌ လည်းဖြစ် မွန်ပြည်သစ်ပါတီ (NMSP) ၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သည့် နိုင်ဟံသာကို ဧရာဝတီ အင်္ဂလိပ်ပိုင်း အကြီးတန်း သတင်းထောက် စောရန်နိုင် က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ UNFC တပ်ပေါင်းစု အဖွဲ့ဝင် အဖွဲ့အစည်းတွေကြားမှာ NCA လက်မှတ်ထိုးမထိုး ကိစ္စနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ UNFC အနေနဲ့ လက်မှတ်ထိုးရေး၊ မထိုးရေး ဘယ်လို အခြေအနေရှိလဲ။
ဖြေ ။ ။ ကျနော်တို့ အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ တချို့အချက်အလက်တွေ ညှိဖို့လိုဦးမယ်။ အရင်တုန်းက သွားပြီး ဆွေးနွေး ထားတာ ကတော့ (UNFC ကတင်ပြတောင်းဆိုထားသည့် အချက် ၉ ချက်) မူအရ သဘောတူထားတာပေါ့။ အဲဒါ နည်းနည်း ပြင်ချင်တာတွေ ဖြည့်ချင်တာတွေ ရှိပါသေးတယ်။
မေး ။ ။ လက်မှတ်ရေးထိုးနိုင်ဖို့ကတော့ ပိုများသွားပြီးပေါ့။
ဖြေ ။ ။ တကယ်လို့ ဆွေးနွေးလို့ ပြေလည်ရင်တော့ ထိုးမှာပေါ့လေ။ ဒါကတော့ ကျနော်တို့ ဆွေးနွေးချက်အပေါ်မှာ အစိုးရရော တပ်မတော်ဘက်ကရော ဘယ်လို သဘောထားလဲဆိုတာ အများကြီးမူတည်တာပေါ့။
မေး ။ ။ KIO နဲ့ SSPP တို့ကော သူတို့သဘောထား ဘယ်လိုရှိလဲ။
ဖြေ ။ ။ သူတို့လည်း အပြတ်တော့ မပြောသေးဘူးနော်။ သူတို့ကိုယ်စားလှယ် ရောက်လာရင် ကျနော်တို့နဲ့ ဆွေးနွေးမယ်။
မေး ။ ။ တကယ်လို့ KIO နဲ့ SSPP တို့ ပန်ဆန်းအစည်းအဝေးက ဆုံးဖြတ်ချက်အတိုင်း သွားခဲ့ရင် ကျန်တဲ့ UNFC တပ်ပေါင်းစု ထဲက ငါးဖွဲ့က NCA လိုင်း ဆက်သွားရင် UNFC ကြားမှာ ဒါကကွဲလွဲမှုလို့ ပြောနိုင်မလား။
ဖြေ ။ ။ အင်း။ တကယ်လို့ ဒီလိုပဲ ဆက်ဖြစ်နေရင်တော့ ကွဲသွားတယ်ဆိုတဲ့ သဘောမျိုး အဓိပ္ပာယ် ရောက်သွားမှာပေါ့။ ဒါပေမယ့် ဒါတွေက ညှိရဦးမှာပါ။
မေး ။ ။ တကယ်လို့ အဲဒီလို အခြေအနေမျိုး ဖြစ်လာခဲ့မယ်ဆိုရင် UNFC ဆိုတဲ့ အမည်က ဘယ်သူက ဆက်လက် သယ်ဆောင် သွားမလဲ။ KIO အဖွဲ့က ဆက်လက်သယ်ဆောင်မလား ဒါမှမဟုတ် ကျန်တဲ့ ငါးဖွဲ့က သယ်ဆောင်သွားမလား။
ဖြေ ။ ။ အဲဒီအထိတော့ မရောက်သေးဘူးနော်။ အမှန်ကတော့ NCA ကို UNFC က တောက်လျှောက် ဆွေးနွေးလာတာပါ။ အတတ်နိုင်ဆုံးတော့ အတူတူ ကြိုးစားကြမယ်လေ။
မေး ။ ။ တကယ်လို့ UNFC တပ်ပေါင်းစုထဲက အဖွဲ့ငါးဖွဲ့က လက်မှတ်ထိုးဖြစ်တယ်ဆိုရင် ထိုးပြီးသားအဖွဲ့နဲ့ ဘယ်လိုပူးပေါင်းမလဲ။ ဘယ်သူက ဦးဆောင်မလဲ။
ဖြေ ။ ။ ဦးဆောင်တယ်ရယ်လို့တော့ မဟုတ်ဘူးဗျာ။ ပူးပေါင်းလုပ်ဆောင်သွားမှာပေါ့။ အဲလိုတော့ ဆန္ဒတွေရှိတယ်။
မေး ။ ။ NCA လက်မှတ်ထိုးဖြစ်တယ်ဆိုရင် တဖွဲ့ချင်းဆီအနေနဲ့ ထိုးမှာလား UNFC အနေနဲ့ ထိုးမှာလား။
ဖြေ ။ ။ ထိုးမယ်ဆိုရင်တော့ UNFC အနေနဲ့ပဲ ထိုးမယ်။ ဆွေးနွေးရင်လည်း UNFC အနေနဲ့ပဲ ဆွေးနွေးမယ်။
မေး ။ ။ အဲလိုအခြေအနေဖြစ်လာမယ်ဆိုရင် KIO က UNFC နဲ့ ဘယ်လို ဆက်ပါမလဲ။ UNFC ကနေ အပြီး ထွက်သွားမှာလား။
ဖြေ ။ ။ အဲဒါမဆွေးနွေးရသေးဘူး။ သူတို့လည်း မပါဘူးလို့လည်း မပြောသေးဘူး။
မေး ။ ။ UNFC ထဲကအဖွဲ့ငါးဖွဲ့က ဘာကြောင့် NCA ဘက်ကို ဦးတည်သွားတာလဲ။
ဖြေ ။ ။ NCA လိုင်းက ကျနော်တို့ ဟိုး NCCT ကတည်းက ကျနော်တို့ ညှိနှိုင်းဆွေးနွေးလာတာ တလျှောက်လုံးလေ။ အမှန်ကတော့ နိုင်ငံရေးအရ အေးအေးဆေးဆေး ဆွေးနွေးနိုင်ဖို့က အပစ်ခတ်ရပ်စဲရေး ရှိထားဖို့လိုတယ်။ တဖက်က တိုက်နေပြီးတော့မှ တဖက်က နိုင်ငံရေးအရ ဆွေးနွေးနေမယ်ဆိုရင် ဒါသဘာ၀ မကျဘူးလေ။ ဆိုတော့ အပစ်ခတ် ရပ်စဲရေး လုပ်ပြီးတော့မှ နိုင်ငံရေးအရ ဆွေးနွေးမယ်။ အင်အားကြီးတွေကိုလည်း ဖိတ်ခေါ်မယ်။
မေး ။ ။ တကယ်လို့ KIO က ထွက်သွားတယ်ဆိုရင် UNFC ရပ်တည်ရေးက ဘယ်လို ဖြစ်သွားမလဲ။ ငွေရေးကြေးရေး အခက်အခဲ ရှိလာနိုင်လား။ UNFC အခန်း ကဏ္ဍက ပြီဆုံးသွားမလား။
ဖြေ ။ ။ ပြီးမသွားပါဘူး။ နည်းလမ်းရှာရမယ်။ သူတို့က (KIO) ဟိုဖက် (ပန်ဆန်း) လည်းပါတယ်၊ ဒီဖက် (UNFC) လည်းပါမယ် ဆိုပြီးဖြစ်နိုင်တာပဲ။ နှုတ်ထွက်ရင်လည်း နှုတ်ထွက်မယ် ဒါကတော့ ပြောလို့မရသေးဘူးပေါ့နော်။ အထူးတော့ ပြဿနာ မရှိပါဘူး။ UNFC ရဲ့ ရန်ပုံငွေက အဖွဲ့ဝင်တွေ ထည့်ပြီးတော့ လည်ပတ်နေတာပဲလေ။