လာမည့် ဧပြီလ ၁ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ အစိုးရ သက်တမ်း တနှစ်ပြည့်ပြီ ဖြစ်သည်။ အစိုးရသက်တမ်း တနှစ်ပြည့် ကာလ အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့်ကဏ္ဍများစွာတွင် လုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး အခြေအနေများ အပေါ် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ သုံးသပ်ချက်များကို ဧရာဝတီသတင်းဌာနမှ သတင်းထောက်များက ဆက်သွယ်မေးမြန်း စုစည်းဖော်ပြလိုက်ပါသည်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်
တနှစ်ပြည့်အနေနဲ့ ကျေနပ်ပြီလား မေးရင် မကျေနပ်သေးဘူး။ ဒီတနှစ်အတွင်းမှာ လုပ်တာကိုင်တာတွေ အားရလားမေးရင်တော့ အားရပါတယ်။ ကျနော်တို့ အစိုးရအဖွဲ့၊ ဝန်ကြီးတွေ အဂတိကင်းတာနဲ့ ဌာနဆိုင်ရာ တချို့ကိုလည်း တော်တော်လေး ထိန်းထိန်းသိမ်းသိမ်း လုပ်လာနိုင်ခဲ့တယ်။ ကျနော်တို့က ဘယ်လောက်ပဲ လုပ်နေနေ၊ ပြည်ထောင်စုနဲ့ ကျနော်တို့ကြားထဲမှာ ကွာဟချက်တွေ ရှိနေသေးတယ်။ ဘာကွာဟချက်လည်းဆိုတော့ ကျနော်တို့ ဘယ်လောက် တင်ပြပါစေ အပေါ်က ပြန်ပြီး ကျလာတာက နှေးနေတာပေါ့နော်။ အဲဒီလို နှေးတာက ဘာဖြစ်လာလည်းဆိုတော့ အောက်ခြေက ကျနော်တို့ကို အထင်လွဲတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီ (ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) – ဒါရိုက်တာ)
NLD အစိုးရသစ်လက်ထက်မှာ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တရားရေး မဏ္ဍိုင်ကိုစောင့်ကြည့်ပြီး ထောက်ပြတဲ့ အချက်တွေကို လွှတ်တော်မှာ မေးခွန်းမေးတဲ့ အဆင့်ဖြစ်လာတာ ကောင်းတဲ့ အချက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တရားဥပဒေစိုးမိုးရေးကို တော်တော်အာရုံထားပြီး ပြောတာ တွေ့ရတယ်။ ဒီလို လွှတ်တော်မှာ မေးခွန်းမေးတာတွေ၊ NLD လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ တရားမျှတမှု ရရှိဖို့ အတွက် တချို့သော ဧရိယာတွေမှာ တစိတ်တပိုင်း ပံ့ပိုးတဲ့ဟာတွေ ပိုပြီးတော့ များလာတာ တွေ့ရပေမယ့် တရား ဥပဒေ စိုးမိုးရေးနဲ့ တရားမျှတမှုကို အပြည့်အဝ ဆောင်ရွက်နိုင်တာတော့ မဟုတ်သေးဘူး။
တရားဥပဒေ စိုးမိုးရေးပိုင်းမှာ ပထမ တချက်က တရားမျှတတဲ့ ဥပဒေတွေ လိုတယ်။ ဒုတိယ တချက်က တရားဥပဒေကို အကောင်အထည်ဖော်တဲ့ Law enforcement actor တွေက ခြစားမှု၊ လာဘ်စားမှုကင်းကင်းနဲ့ ဥပဒေကို သေသေချာချာ အကောင်အထည်ဖော်ဖို့ လိုပါတယ်။
တနှစ်ထက်တနှစ် သက်ငယ်မုဒိမ်းနဲ့ အမျိုးသမီးအကြမ်းဖက်မှု တားဆီး ကာကွယ်တဲ့အပိုင်းမှာ အမျိုးသမီး အဖွဲ့အစည်းတွေ ရော၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေရော ပူးပေါင်း ပါဝင်နှုန်းက အားရစရာ ဖြစ်လာတယ်။ ဒီနှစ်မှာ ထူးထူးခြားခြား ပြောမယ် ဆိုရင် သက်ငယ်ပိုင်းဆိုင်ရာတွေကို မုဒိမ်းမှုကျူးလွန်တယ်ဆိုရင် ထောင်ဒဏ် ပြစ်ဒဏ်တွေကို နှစ် ၂၀ အထိ အပြည့်အဝ ချဖို့ ညွှန်ကြားတဲ့ အနေအထား တခု ဖြစ်လာတယ်။ ဒီအပိုင်းမှာတော့ နည်းနည်းအားရစရာ ကောင်းတယ်လို့ ပြောလို့ ရပါတယ်။
ဒီအစိုးရလက်ထက်မှာ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးများရဲ့ တရားမျှတမှုအတွက် လုပ်နေတဲ့သူတွေက အခန်း ကဏ္ဍ တခုအဖြစ် ပိုပြီးလုပ်ဆောင်လာနိုင်တယ်။ ဒါပေမယ့် အခုပြောနေတာတွေသည် မြို့ကြီးတွေ ရန်ကုန်၊ မန္တလေးက လုပ်ဆောင်ချက် အပိုင်းတွေကို ပြောခြင်းဖြစ်ပါတယ်။ တခြား တိုင်းရင်းသားဒေသတွေမှာ gender equality နဲ့ရော အမျိုးသမီးတွေရဲ့ တရားမျှတမှုနဲ့ ပတ်သက်ပြီးတော့ ပိုပြီး တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်သေးတယ်လို့ မှတ်ချက် ပြုချင် ပါတယ်။
တနှစ်အတွင်းမှာ လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်။ ဒါပေမယ့် ဆုံးဖြတ်ပြီး မှတ်ချက်ပြုဖို့က အရမ်း စောနေသေးတယ်လို့ ထင်တယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူတွေ အကျိုးရှိတဲ့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အဓိက ကာကွယ်ပေးတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားရေးရာပိုင်းမှာ ပိုပြီး ကြိုးစားလုပ်ဆောင်ပေးဖို့ လိုတယ်။

ဦးနေမျိုးကျော် (မကွေးတိုင်း အစိုးရအဖွဲ့ဝင်)
မကွေးတိုင်းထဲက အခြေခံ အဆောက်အဦတွေဖြစ်တဲ့ လမ်းတွေ၊ တံတားတွေကို ပြည်သူလူထုအတွက် ပိုကောင်းအောင် လုပ်ပေးနိုင်ခဲ့ တယ်။ အစိုးရအဖွဲ့က ဒီမိုကရေစီ ယဉ်ကျေးမှုကို ပီပီပြင်ပြင် ကျင့်သုံးနိုင်ဖို့ ပထမနှစ်မှာ ကြိုးစားနိုင်ခဲ့တယ်။ အဓိကက တော့ ဒီမိုကရေစီ စနစ်မှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို အစိုးရက အာမခံဖို့ လိုတယ်။ အရင် အစိုးရလက်ထက်တုန်းက လွတ်လပ်စွာ ပြောဆိုခွင့်ရဲ့ ကဏ္ဍတရပ်ဖြစ်တဲ့ ဟောပြောပွဲတွေနဲ့ ပတ်သက်လို့ လူစုလူဝေးတွေနဲ့ ပတ်သက်လို့ တင်ပြမှုတွေကို ပိတ်ပင် တားဆီးခဲ့တဲ့အတွက် မကွေးတိုင်းဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချုပ်ချယ်ခံခဲ့ရတဲ့ တိုင်းတတိုင်းအဖြစ် ထင်ရှားကျော်ကြားခဲ့တယ်။
ကျနော်တို့ လက်ထက်မှာတော့ စာပေဟောပြောခွင့် ၃၁ ကြိမ်စလုံးကို လွတ်လပ်စွာ ပြောဆိုခွင့်ကို လေးစားတဲ့အနေနဲ့ ခွင့်ပြုပေးခဲ့သလို စုဝေးဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ တင်ပြလာမှုတွေ လူထု စုဝေးပွဲတွေ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီ အသိပညာ ပေး ရေးတို့ ကဏ္ဍအလိုက် အလုံရုံဆွေးနွေးပွဲတွေ လုပ်တာတို့ ရှိရင်လည်း တိုင်းအစိုးရက တတ်အားသ၍ ပံ့ပိုးကူညီခဲ့တာတွေ ရှိတယ်။
နောက်တခု ရေနံလက်ယက်တွင်းတိမ်တွေဆီက အခွန်အခတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်တွေမှာ ဒါတွေကို စနစ်တကျ လုပ်ဆောင်ခဲ့ပုံ မပေါ်ဘူး။ ဒါကြောင့်လည်း ရရှိတဲ့ အခွန်ဘဏ္ဍာငွေတွေနဲ့ ပတ်သက်လို့ တိုင်းဒေသကြီး အတွက် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တာတွေ တွေ့ရတယ်။ ကျနော်တို့ လက်ထက်မှာ ရေနံလက်ယက်တွင်းတွေနဲ့ ပတ်သက်လို့ အခွန်ကောက်ခံမှုကနေ အစိုးရ ရန်ပုံငွေတွေဟာ မြောက်မြားစွာ တိုးပွားလာခဲ့တယ်။ ၆၅ နှစ်အတွင်း ချင်းအမျိုးသားနေ့ကို ကျင်းပခွင့် မရခဲ့တာ ဒီနှစ်မှာတော့ မကွေးမြို့ မြို့တော်ခန်းမမှာ တိုင်း အစိုးရအဖွဲ့က ချင်းတိုင်းရင်းသား ဓလေ့ထုံးဇံတွေအတိုင်း ပူးပေါင်း ကျင်းပပေးခဲ့တယ်။
ဒီမိုကရေစီ အစိုးရရဲ့ ပြည်သူကို ရိုကျိုးရမယ်။ လေးစားရမယ်။ ဝန်ဆောင်မှု ပေးရမယ်ဆိုတဲ့ ပုံစံနဲ့ ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ဆောင် ရွက်နိုင်ခဲ့တဲ့ အလုပ်တွေ ရှိပါတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း အဂတိ လိုက်စားမှု မရှိစေဖို့ စီမံခန့်ခွဲမှု အမှားတွေ မရှိစေဖို့အတွက် အရေးယူတာတွေ ရှိပါတယ်။
ပထမဆုံး မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ဖြုတ်ပစ်ခဲ့တယ်။ မြို့နယ် တရားသူကြီးတဦးကို တရားစွဲဆို အရေးယူတဲ့အတွက် သူထွက်ပြေး တိမ်းရှောင်နေရတယ်။ ခရိုင်ပညာရေးမှူးတဦးကို တရားစွဲဆို အရေးယူတဲ့အတွက် ထွက်ပြေးတိမ်းရှောင် သွားတာမျိုးတွေ ရှိ တယ်။ လဝက ဒုဦးစီးမှူး ၂ ယောက်လောက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်။
တနှစ်တာအတွင်းမှာ မကွေးတိုင်းကို မူလအခြေအနေရဲ့ ပြောင်းပြန်ဖြစ်အောင်တော့ မလုပ်နိုင်သေးပေမယ့် တိုင်းအစိုးရရဲ့ ပြုပြင် ပြောင်း လဲမှုတွေက ထင်သာမြင်သာ ရှိတယ်။ နှစ်ပေါင်းများစွာ ခြွတ်ခြုံကျခဲ့တဲ့ တိုင်းပြည်က မကွေးတိုင်း ပြည်သူတွေအတွက် လုံလောက်တဲ့ ပြုပြင်ပြောင်းလဲရေး မဖြစ်သေးဘူးဆိုတာတော့ ဝန်ခံပါတယ်။
မကွေးတိုင်းမှာ တင်ဒါပိုလျှံငွေ ကျပ်သန်း သောင်းနဲ့ချီပိုလျှံခဲ့တာဟာ ကျနော်တို့ မခိုးကြောင်း သက်သေပါပဲ။ ကျနော်တို့ အပြောင်း အလဲတွေ ဆက်လုပ်နိုင်အောင် ကျနော်တို့ NLD ကို ပြည်သူတွေ ဆက်လက်ထောက်ခံ အားပေးဖို့ လိုတယ်။
နန်းဆိုင်လောဝ် (ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် – မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်)
တနှစ်အတွင်း ရှမ်းပြည်မှာ ပြည်သူတွေ စီးပွားရေးဘာမှမတိုးတက်ဘူး။ အခွန်တောင် တိုးပြီး ဆောင်ရသေးတယ်။ ပညာရေးလည်း ပိုတိုးတက်လာမှု မမြင်သေးဘူး။ ရှမ်းဖတ်စာအုပ်တောင် ဆိုဒ်သေးပြီး ကာလာမဲ့နဲ့ ထုတ်ပေးလိုက်တယ်။ ကျန်းမာရေးတော့ ပြည်သူတွေပါဝင်တဲ့ ပြည်နယ်အဆင့် ကျန်းမာရေးဆွေးနွေးပွဲတွေ လုပ်ပေးတယ်။ အားလုံးခြုံကြည့်လိုက်ရင် ထူးထူးခြားခြား တိုးတက်ပြောင်းလဲမှု မတွေ့သေးဘူး။
ရှမ်းပြည်မှာ အရင်ကလည်း တိုက်ပွဲတွေဖြစ်နေသလို ဒီတနှစ်တွင်းမှာလည်း တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ပိုများလာခဲ့တယ်။ အပြစ်မဲ့ပြည်သူတွေ အများကြီးသေကျေရတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်။ ဒါကို ပြည်သူတွေတင်ခဲ့တဲ့ NLD အစိုးရက ထိထိရောက်ရောက်ကူညီ ပေးတာ၊ ကာကွယ်ပေးတာ၊ ဖြေရှင်းပေးတာမရှိဘူး။
တချို့ကဏ္ဍတွေက အချိန်ယူလုပ်ရမယ်ပဲ ပြောနေတာ နားလည်ပေမယ့် တကယ့် လက်ရှိ ပြည်သူတွေ အသက်ထိခိုက်ရတဲ့ အကြီးမားဆုံးပြဿနာတွေကို အစိုးရတရပ်အနေနဲ့ လုပ်ပေးနိုင်တဲ့ အတိုင်းအတာရှိလျက်နဲ့ အဓိကထား မလုပ်ပေးတာတွေ အားမရဘူး။ ပြည်သူလူထုတင်တဲ့ အစိုးရဆိုတော့ အပြည့်အဝ မျှော်လင့် ထားခဲ့ပေမယ့် တနှစ်ပြည့်အထိ ဘာမှ မပြောင်းလဲခဲ့တော့ အားမရဘူး။
ငြိမ်းချမ်းရေးအတွက် စားပွဲမှာထိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲ လုပ်နေတယ်ဆိုပေမယ့် လက်တွေ့လိုအပ်နေတဲ့ အမျိုးသားရင် ကြားစေ့ရေးနဲ့ ယုံကြည်မှုကို အဓိကထားမတည်ဆောက်ဘူး၊ တန်းတူအခွင့်အရေးတွေမရဘူး၊ လွှတ်တော်ထဲလည်း ချောင်းဆုံ တံတားကိစ္စလိုမျိုးက ပြည့်သူ့အသံကို မလေးစားဘဲ လုပ်နေတဲ့လုပ်ရပ်တွေဟာ ပြည်သူတွေရဲ့ ယုံကြည်လေးစားမှုကို တကယ်ထိခိုက်ပါတယ်။
ရှမ်းပြည်နယ်ထဲမှာ လူငယ်အခန်း ကဏ္ဏအနေနဲ့ အရမ်းကြီးပြောင်းလဲတာမတွေ့ဘူး။ သေချာတာက ရှမ်းပြည်နယ်မှာ အရင်အစိုးရတုန်းကရော ခုအစိုးရထိပါ ပြည်သူတွေဒုက္ခရောက်နေတုန်းပါပဲ။ ဒီအစိုးရက ပြည်သူတင်တဲ့အစိုးရဖြစ်လို့ ပြည်သူတွေအတွက် နောက်ထပ်မျှော်လင့်နေပါသေးတယ်လို့ ပြောချင်ပါတယ်။

ကိုအောင်ကိုထက် (Senior Account Executive – Wave Digital)
NLD အစိုးရရဲ့ တနှစ် သက်တမ်းအတွင်းမှာ တိုးတက်သင့်သလောက်တော့ တိုးတက်လာတာကိုုတွေ့ရပါတယ်။ ဒါပေမဲ့ ကျေနပ်အားရစရာ ကောင်းလောက်တော့ မဟုုတ်သေးဘူး။ အများကြီးတော့ လုပ်ဖိုု့လိုပါသေးတယ်။ ရန်ကုုန်မှာ ဆိုရင်တော့ အစိုးရပြောပြောနေတဲ့ အကြီးမားဆုံး ပြောင်းလဲမှုဆိုတဲ့ YBS က တကယ်တော့ အရင်က “မထသ” နဲ့ ဘာမှ သိပ်မကွာသလိုပဲ။
ကျနော်တို့က ပြည်သူဆိုတော့ အစိုးရရဲ့ လိုအပ်ချက်ကိုပဲ မြင်မိတယ်။ မျက်စိရှေ့မှာ သူတို့လုုပ်နေတာတွေ မြင်ပါတယ်။ မီးကြိုးတွေ အသစ်လဲတာတိုု့ ပြီးတော့ တချို့နေရာမှာလည်း လုပ်တာတွေ ရှိကောင်းရှိနိုုင်ပါတယ်။ ကျနော်တို့ မမြင်လိုု့ ဖြစ်မှာပါ။
NLD အစိုးရ အသစ်အနေနဲ့ ဒီထက်ပိုပြီး ပြောင်းလဲတိုးတက်အောင် အများကြီးလုုပ်ရအုံးမှာပါ။ နည်းပညာ ကဏ္ဍမှာ ဆိုရင်တော့ အခြေခံအကျဆုံးဖြစ်တဲ့ အင်တာနက်ကိုု အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဖို့ လိုသေးတယ်ဗျ။ ပြီးတော့ စီးပွားရေးပေါ့။ ကျနော်တို့ မြန်မာနိုင်ငံကိုု နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ ဝင်တော့ ဝင်လာတယ်။ ဒါပေမဲ့ လိုသေးတယ်။ အဓိက အဲဒီစီးပွားရေးကိုု အကောင်းဆုံးလုပ်သွားရင် တော်တော် အဆင်ပြေမှာပါ။
ပြီးတော့ အလုပ်သမား အခွင့်အရေးပေါ့။ ကျနော်တို့ကတော့ တာဝန်ကျေပွန်စွာနဲ့ ကျနော်တို့ရတဲ့ လစာထဲကနေ အခွန်တွေ ဆောင်ပေးတယ်။ အဲဒီလိုပဲ အစိုးရဘက်က အဲဒီအခွန်နဲ့ ညီမျှတဲ့ အခွင့်အရေးတွေကို အလုပ်သမား တွေဆီကိုလည်း ပေးသင့်တယ်။ ဘာမှန်းမသိဘဲနဲ့ အခွန်ဆောင် နေရတာမျိုးတွေတော့ မဖြစ်သင့်ဘူးပေါ့။ နိုုင်ငံခြားသားတွေ ဒီမှာလာပြီး အလုပ်လုပ်တယ်။ သူတို့က ကျနော်တို့ထက် ပိုပြီး အခွင့်အရေး ပိုရတယ်။ ကျနော်တို့ကတော့ တခြား အကြောင်းအရာတွေလည်း ရှိဦးမှာပါ။ အခု ပြောသွားတာတွေက ကျနော် သိသလောက် လိုုအပ်ချက်တွေပါ။ ဒါတွေကို ပြင်သင့်တယ်လို့ထင်တယ်။

ဒေါ်ထားထား (အခရာအမျိုးသမီးအဖွဲ့ တည်ထောင်သူ)
လမ်းစတွေ အများကြီးတော့ ပွင့်လာတယ်။ အဓိက ၂ ချက်ကတော့ အစိုးရအဖွဲ့အနေနဲ့ စီဒေါ (အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှုအားလုံး ပပျောက်ရေး) ကိုပိုပြီးတော့ စိတ်ဝင်စားလာတယ်။ ထဲထဲဝင်ဝင် လုပ်ချင်တဲ့ ဆန္ဒတွေ မြင်ရတယ်။ ဒါကအရေးကြီးတဲ့ ခြေလှမ်းပေါ့။ အရပ်ဘက် အဖွဲ့အစည်းနဲ့ အစိုးရနဲ့ ဘယ်လိုပူးပေါင်းလုပ်မလဲဆိုတာ မြင်ရမယ်ပေါ့။ ထင်ရှားတဲ့ ပြောင်းလဲတာတစ်ခုက သက်ငယ်မုဒိမ်း။ သက်ငယ်မုဒိမ်းတွေဆို အရင်က ၄ နှစ်တို့၊ ၇ နှစ်တို့ ထောင်ဒဏ် ချမှတ်နေတာကနေ မြန်မြန်ဆန်ဆန်နဲ့ ၂၀နှစ်၊ ၃၀ နှစ်ချသွားပြီ။ ဒီလိုချတဲ့အတွက် အများကြီးရပ်တန့်သွားတယ်။
အခု ပေါ်ထွက်လာတဲ့ အခြေအနေကခံရတဲ့ အမျိုးသမီးတွေပေါ်မှာ ကြည့်မြင်တဲ့အမြင်က အားပေးမှုတွေ၊ မခံမရပ်နိုင်မှုတွေ များလာတယ်ဆိုတာ တော်တော်ကောင်းတဲ့ ခြေလှမ်းဖြစ်တယ်။ ကာကွယ်တားဆီးရေးမှာ အသိပညာပေးလိုက်တဲ့ အချိန်မှာ ဥပဒေတွေ ပြဋ္ဌာန်းလိုက်တဲ့အချိန်မှာ ချက်ချင်းကျသွားတာ မဟုတ်ဘူး။ ဝုန်းခနဲပေါ်လာတာ။ တိုင်ရဲလာကြတယ်။ ထုတ်ပြောလာကြတယ်။ အားကိုးလာကြတယ်ဆိုတာက ကောင်းတဲ့ လက္ခဏာ။ ပထမဦးပိုင်းနှစ်တွေရဲ့ အဆင့်တွေပါ။ နောက်ပိုင်း တဖြည်းဖြည်းကျလာမှာ။
လူမှုရေးစံနှုန်းစံထားနဲ့ မိန်းကလေးတွေပေါ်မှာ လက်ညှိုးမထိုးတော့ဘူး။ ဥပဒေတွေကတော့ ဘာမှအပြောင်းအလဲမဖြစ်ပါဘူး။ ဒါပေမဲ့ ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်တွေဖြစ်လာတာကတော့ ဒီအစိုးရလက်ထက်မှာ ဖြစ်လာတာပဲလေ။
ဘယ်အစိုးရပဲတက်တက် ဒီလောက်ဆိုးနေတဲ့ အခြေအနေ တွေကနေပြီးတော့ အပြောင်းအလဲတွေ အများကြီး ဖြစ်လာနိုင်မယ်လို့ မမျှော်လင့်ဘူး ၊ မမျှော်လင့်သင့်ဘူး။ အခုက ဒီမိုကရေစီ လို့ သာပြောတာ နာမည်ပဲ ရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ တကယ့်ဒီမိုကရေစီ ရနေတဲ့ပုံ မပေါက်သေးဘူး။ အစိုးနဲ့ လုပ်ရတာ လက်တံကျဲပြီး နှေးတယ်လို့တော့ ခံစားရတယ်။ နောက်တခုက အတွေ့အကြုံပေါ့ ။ ခေါင်းပြောင်းပြောင်း၊ ကိုယ်ပြောင်းပြောင်း ဒီမိုကရေစီ ကျင့်သားရနေတဲ့ အတွေ့အကြုံတွေ အကျင့်တွေကို ပြည်သူတွေနဲ့ အစိုးရက အတွေ့အကြုံရမနေဘူး။ အတွေ့အကြုံ မရှိဘဲ စမ်းတဝါးဝါးနဲ့ လျှောက်လှမ်း ကြရတာလေ။
အနာနဲ့ ဆေးနဲ့တွေ့ သလိုမျိုး ဥပဒေတွေကို လုပ်ဖို့လိုတယ်။ နောက်တစ်ခုကတော့ အနာဖြစ်တယ်ဆိုတာ မျိုးကို လက်ခံရမယ်။ တို့နိုင်ငံမှာ ဒါမျိုး ပြဿနာတွေ မရှိဘူး။ မိန်းမတွေကို အခွင့်အရေး ပေးပါတယ် ဆိုတာမျိုး ငြင်း နေလို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း မိန်းမတွေကို ခွဲခြားနှိမ့်ချ ဆက်ဆံတာတွေ ရှိတယ်လို့ သူကိုယ်တိုင် ပြောတာပေါ့။ ဒါပေမဲ့ ဘယ်လိုတွေ ရှိတာလဲ ၊ဘယ်လောက်ထိ ဆိုးနေတာလဲ လူမှုရေးဘက်ကရော ယဉ်ကျေးမှုဘက်ကရော ၊ ဘာသာရေးဘက်ကနေရော ဘယ်လောက်ထိ အတားအဆီး ဖြစ်နေတာလည်း သေသေချာချာ ခွဲခြမ်းစိတ်ဖြာ ပြီးတော့ အဲဒီအနာကိုတွေ့ရင် ဆေး (ဥပဒေ)ကိုဖော်ရမယ်။
ကိုဝင်းကိုကိုအောင်
Program Manager (Global Entrepreneurship Network in Myanmar)
ကျနော် နည်းပညာရှုထောင့်ကနေ မြင်တာတော့ အင်တာနက် ဈေးနှုန်းတွေ လျော့ကျလာတယ်။ ပြီးတော့ အင်တာနက် တွေ ပိုပြီး ကောင်းမွန်လာတယ်လို့ ကျနော် မြင်ပါတယ်။ အကျိုးဆက်ကြောင့် ကျနော်တို့ လူငယ်တွေအနေနဲ့ လေ့လာမှုတွေ ပိုပြီး လုပ်လို့ရမယ်။
ပြီးတော့ ကျနော်တို့ ဆက်သွယ်မှုတွေကို အလွယ်တကူ ရရှိလာတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း စိန်ခေါ်မှုတွေ ရှိတယ်လို့လည်း မြင်ပါတယ်။ အထူးသဖြင့် ကျနော်တို့ Computer Literacy လိုပုံစံမျိုး လူငယ်တွေ ကြားမှာ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေ၊ နေ့စဉ် ကွန်ပျူတာနဲ့ Office Work တွေမှာ လုပ်နေကြတဲ့ Computer Literacy အကြောင်းအရာတွေကို အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဒီအစိုးရကနေ လူငယ်တွေကို ဆောင်ရွက်ပေးနိုင်တယ်ဆိုရင် အရမ်းကို ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်မှာပါ။ နောက်ပိုင်း မှာလည်း လုပ်ပေးလာနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။
စွန့်ဦးတီထွင်နဲ့ ပတ်သက်ပြီး ကျနော်တို့ မြန်မာနိုင်ငံမှာ လက်ရှိအနေနဲ့ သိသာထင်ရှားစွာ မတွေ့ရှိသေးတာတော့ အစိုးရအနေနဲ့ စွန့်ဦးတီထွင်ပိုင်း ဆိုင်ရာမှာ ပါဝင်ထောက်ပံ့ခြင်း မရှိသေးတာပါပဲ။ ကျနော်တို့ အနေနဲ့ ဒီစွန့်ဦးတီထွင်နဲ့ ပတ်သက်လို့ အစိုးရပိုင်းက နောက်ပိုင်းမှာ ပုဂ္ဂလိက ပိုင်းဆိုင်ရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ လူငယ်တွေ စွန့်ဦးတီထွင် လုပ်ချင်တဲ့လူတွေ၊ အိုင်ဒီယာရှိတဲ့သူတွေကို မြေတောင် မြှောက်ပေးသွားမယ်လို့လည်း ယုံကြည်ပါတယ်။

မမေသက်ထွေး (ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များကွန်ရက်)
အရမ်းကြီးတော့ ပြောင်းလဲသွားတာမရှိပါဘူး။ တိုးတက်လာတာလည်း မရှိသလို၊ ဆုတ်ယုတ်သွားတာလည်း မရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ရေဘေးပေါ့နော်၊ ဧရာဝတီတိုင်းတို့၊ ကွမ်းခြံကုန်းတို့ဘက်မှာဆိုရင်တော့ အရင်ကထက်စာရင် တခြားနယ်တွေထက် အဆင်ပြေတယ်။ ဥပမာ- ကျမတို့ အရမ်းဝေးတဲ့နေရာကို သွားမယ်၊ Transportation လုံးဝ မရှိတဲ့နေရာမျိုးတွေ သွားမယ်ဆိုရင်တော့ အကူအညီမရသေးပါဘူး။ အဲလိုအရမ်းဝေးတဲ့နေရာတွေကိုသွားဖို့ အကူအညီမျိုး ကျမတို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် နီးနီးနားနားနေရာလေးတွေကို သွားရေးလာရေး အဆင်မပြေရင်တော့ သူတို့ လုပ်ပေးတာလေးတွေ ရှိပါတယ်။ အစိုးရဘက်က ကိုယ်တိုင်မလုပ်နိုင်ရင်တောင်မှ တကယ်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို လိုအပ်လာတဲ့အခါမှာ အကူအညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဟိုတလောကဆို နာဂတောင်တန်းမှာ ရောဂါတွေ ဖြစ်တယ်ပေါ့။ ကျမတို့ သွားချင်တယ်။ ဒါပေမယ့် လမ်းခရီးလုံးဝအဆင်မပြေဘူး။ ဖြစ်နိုင်ရင် အဲ့ချိန်မှာ ကျမတို့ကို သွားဖို့လာဖို့ ကူညီပေးစေချင်တယ်။ အခုက ကျမတို့မှာ လှူစရာရှိတယ် သွားစရာမရှိဘူးဖြစ်နေတာ။ ပရဟိတသမားတွေမှာ တကယ်လိုအပ်လာတဲ့အချိန်ကျရင် သူတို့နိုင်တဲ့ဖက်ကနေ တပိုင်တနိုင် ဝင်ပြီး ကူညီပေးစေချင်ပါတယ်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို
တနှစ်ပြည့် အနေနဲ့ အခက်အခဲ များစွာရှိတဲ့ ကြားက ဒေသဆိုင်ရာ အစိုးရရော ပြည်ထောင်စု အစိုးရတွေကရော ကြိုးစားနေပါတယ်။ အားလုံးဝိုင်းပြီးတော့ တကယ့်ကို စေတနာ မှန်မှန် နဲ့ ကြိုးစားကြမယ်ဆိုရင် တရားဥပဒေစိုးမိုးတဲ့ ပြည်ထောင်စု နိုင်ငံတော် တိုင်းပြည်ထူထောင်နိုင်မှာပါ။ စေတနာမှန်ဖို့ရိုးသားကြဖို့လိုပါတယ်။ သည်တနှစ်အတွင်း အားမလို အားမရဖြစ်တယ်ဆိုတာ က ကျနော်တို့ အမွေဆက်ခံ လိုက်ရတဲ့ ပြည်ထောင်စုနိုင်ငံရဲ့ အနေအထားကို ကောင်းကောင်းနားမလည်လို့ အားမလို အားမရဖြစ်တာ။ တကယ် နားလည်တဲ့ သူက အားမလို အားမရမဖြစ်ဘူး။

သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို
သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို
သည်တနှစ်ကာလအတွင်းမှာ မပြည့်စုံမှု၊ စိန်ခေါ်မှု များစွာကို ဖြတ်သန်းခဲ့ရပါတယ်။ သာသနာရေးဘက် မှာဆိုလည်း အစိုးရ အသစ်နဲ့ နိုင်ငံတော် သံဃမဟာနာယက အပါအဝင် သံဃ အဖွဲ့ အစည်းအဆင့်ဆင့် ကြားမှာအပြန်အလှန်လေးစားမှု နားလည်မှု ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ)
၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်နိုင်တော့ ကျနော်တို့အားလုံးအတွင်း ပြည်သူတွေအတွင်း နှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့တယ်။ ကျနော်တို့ပြည်သူတွေရဲ့ အဲဒီလို ယုံကြည်မှုနဲ့ မျှော်လင့်မှုက ကျနော်တို့တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့အတွက် လုံလောက် တဲ့ခွန်အားဖြစ်တယ်။ ဒီ ခွန်အားတွေကို ယနေ့အထိ ဆက်လက်ပြီး ထိန်းသိမ်းထားနိုင်ခဲ့ပေမယ့် သေသေချာချာ လက်ရှိ ခေါင်းဆောင်မှုက အသုံးမချနိုင်ခဲ့ဘူးလို့ ပြောရမယ်။ ငြိမ်းချမ်းရေးပဲ ဖြစ်ဖြစ် ခြေ/ဥ ပြင်ရေးဖြစ်ဖြစ် ပြည်သူလူထုရဲ့ စားဝတ်နေရေးပဲဖြစ်ဖြစ် ကောင်းမွန်လာတယ် တိုးတက်လာတယ်ဆိုတဲ့ လက္ခဏာပဲ ဖြစ်ဖြစ် မတွေ့ရသေးဘူး။ ဒီကြားထဲ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခတွေကို ဆောင်ရွက်နေကြတဲ့သူတွေ ခေါင်းထောင်လာသလိုပဲ။
အဆိုးဆုံးလုပ်ရပ် ပြည်သူတွေရဲ့ယုံကြည်မှု၊ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကို ထိခိုက်စေတဲ့လုပ်ရပ်ကတော့ မနေ့တ နေ့က လွှတ်တော်က အတည်ပြုလိုက်တဲ့ တံတားအမည်ကိစ္စ။
ချုပ်ရမယ်ဆိုယင် တနှစ်အတွင်း ပြည်သူတွေအတွင်းမှာ တည်ဆောက်နိုင်ခဲ့တဲ့ ယုံကြည်မှုနဲ့မျှော်လင့်ချက်ကို ထိန်း ထားနိုင်ပေမယ့် တိုးတက်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ ကြီးကြီးမားမားမဟုတ်ပေမယ့် နိုင်ငံရေးအရ မှားမှားယွင်းယွင်း ကိစ္စတွေကို ခေါင်းဆောင်တွေ ပြောတယ် ဆိုတယ် လုပ်ကိုင်တယ်။
သေသေချာချာ မညှာတမ်း ကိုယ့်ကိုယ်ကိုယ် ဝေဖန်စေချင်တယ်။ ပြန်လည် သုံးသပ်ကြစေချင်တယ်။ အဲလိုမဟုတ်ရင် ပြည်သူလူထုအတွင်း ယုံကြည်မှုတွေ ပျက်ပြားလာနိုင်တဲ့ လက္ခဏာတွေ တွေ့နေရတယ်။