ဦးဟန်ညောင်ဝေသည် ဘရပ်ဆဲလ်အခြေစိုက် ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့ ဖြစ်သည့် ဥရောပမြန်မာ ရုံး (Euro-Burma Office – EBO) ၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်။ သူသည် မြန်မာ့လူမျိုးစု နိုင်ငံရေးတွင် ဩဇာကြီးသူ ဖြစ်ပြီး EBO သည် လူမျိုးစု လူမှုအခြေပြု အဖွဲ့အစည်းများနှင့် အတိုက်အခံအဖွဲ့များအတွက် အဓိက ဘဏ္ဍာရေး ရင်းမြစ်တခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စပ်ရွှေသိုက်၏ သားအငယ်ဆုံး ဖြစ်ပြီး မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အနီးကပ် လေ့လာနေသူ ဖြစ်သည်။
လူမျိုးစုနိုင်ငံရေးနှင့် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်အမြင်များနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် စောရန်နိုင်က ဦးဟန်ညောင်ဝေ အား တွေ့ဆုံမေးမြန်းခဲ့သည်။
မေး။ ။ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေကို ထောက်ကူရာမှာ စိတ်ဝင်စားစရာ အကောင်းဆုံး နဲ့ အတွေ့အကြုံ အရှိဆုံးသူ တယောက်လို့ မြင်နေကြတယ်။ ပါဝင်ပတ်သက်ခဲ့တဲ့ အပိုင်းအရ ဝေဖန်တာရော ချီးကျူး တာပါ ခံခဲ့ရတယ်။ ဦးဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တဦးတည်း မောင်ပိုင်စီးတယ် လို့တောင် တချို့လေ့လာသူတွေ က ပြောကြတယ်။ အဲဒီလို ဝေဖန်ပြောဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လို ပြန်ပြောချင်ပါသလဲ။
ဖြေ။ ။ လူတွေက ကျနော့်အခန်းကဏ္ဍနဲ့ ဩဇာကို ပိုတွက်လေ့ ရှိကြတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကျနော် စခဲ့တာ မဟုတ်ဘူး။ သမ္မတဟောင်း ဦးသိန်းစိန် စခဲ့တာ။ ဝန်ကြီးဟောင်း ဦအောင်မင်းက မိတ်ဆက်ပေးဖို့ ပြောတဲ့အခါ ဗိုလ်ချုပ်ကြီး မူတူးဆေးဖော၊ ဗိုလ်ချုပ်ကြီး ရွက်ဆစ်၊ ဗိုလ်ချုပ်ကြီး အင်ဗန်လ တို့လို လူမျိုးစုခေါင်းဆောင်တွေက အကူအညီ တောင်းလို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကျနော် ပါဝင်ခဲ့တာပါ။ ကွယ်လွန်သူ Myanmar Egress က ဒေါက်တာ နေဝင်းမောင်က ထောက်ခံချက်ပေးလို့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှာ ဝန်ကြီး ဦးအောင်မင်းက ကျနော့်ကို ဘန်ကောက်မှာ လာတွေ့တယ်။ EBO နဲ့ Egress တို့က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး နည်းလမ်းရှာဖို့ ၂၀၀၄ ခုနှစ် ကတည်းက ပူးပေါင်းဆောင်ရွက်နေကြတာ။ ကျနော်တို့က စိတ်တူကိုယ်တူ အဝေးရောက်တွေ၊ ပြည်တွင်းကလူတွေနဲ့ ပုံမှန်တွေ့ပြီး စဉ်းစားဆွေးနွေးကြတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးသိန်းစိန်ကို သမ္မတ ခန့်လိမ့်မယ် ဒါမှမဟုတ် ကျနော်တို့ ပြုပြင်ပြောင်းလဲရေးကို မြန်မြန်ကြီး တွန်းအား ပေးနိုင်မယ်လို့တော့ မထင်ကြဘူး။
မေး။ ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထဲမှာ အုပ်စုတွင်း အကြီးအကျယ် အကွဲအပြဲ ဖြစ်စေနိုင်တဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်။ (UNFC) ရဲ့ ပြဿနာတွေက ဘာတွေလဲ၊ ဒီအဖွဲ့ရဲ့ အနာဂတ်ကို ဘယ်လိုမြင်လဲ။
ဖြေ။ ။ EBO ဟာ ၁၉၉၇ ခုနှစ် ကစပြီး မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံ၊ ထောက်ပံ့နေတယ်။ ဖက်ဒရယ်စနစ်ကို စိုးရိမ်ပြီး တပ်မတော်က ၁၉၆၂ ခုနှစစ်မှာ အာဏာသိမ်းခဲ့တော့ လူမျိုးစုပြဿနာကို မဖြေရှင်းနိုင်ရင် တပ်မတော်က ဒီမိုကရေစီကို သဘောတူမှာ မဟုတ်ဘူးလို့ ကျနော်တို့ မြင်ကြတယ်။ ဒါကြောင့် လူမျိုးစုတွေက အခြေအနေ အရပ်ရပ်ကို ဘယ်လိုမြင်သလဲ ဆိုတာကို သိဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စတင်ထိတွေ့ ဆက်ဆံတယ်။ နိုင်ငံရေးအရ ဖြေရှင်းဖို့ လိုတယ်။ ဒီလိုအဖြေကို ရဖို့ တပ်မေတာ်နဲ့ ဆွေးနွေးဖို့ လိုတယ် လို့ နောက်ဆုံးတော့ သူတို့ ဆုံးဖြတ်ကြတယ်။ ဒါကြောင့် EBO ရဲ့ ရန်ပုံငွေ အထောက်အပံ့နဲ့ အကူအညီကို အားလုံး အတွက် အကျိုးရှိမယ့် အဖြေတခု ရှာဖွေရေးကို ဦးတည်ပေးခဲ့တယ်။
မေး။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာUNFC ကနေ ပပထမဆုံး ထွက်သွားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ နောက်တော့ ချင်းအမျိုးသား တပ်ဦး (CNF) နဲ့ ပအို့အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) တို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်ထိုးလို့ အထုတ်ခံရတယ်။ နောက်တော့ တအာန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) ၊ မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရခိုင့်တပ်မတော် (AA) တို့က သူတို့ဘာသာ UNFC နဲ့ ဝေးကွာသွားခဲ့ ကြတယ်။ အခုကျတော့ အဖွဲ့ဝင် ငါးဖွဲ့က NCA ကို လက်မှတ်ထိုးချင်ကြတယ် လို့ သတင်းထွက်နေပြီး ဥက္ကဋ္ဌ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့ကတော့ ရှမ်းပြည်က အင်အားကြီးအဖွဲ့ ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) လို အဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ချင်တယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။ UNFC အပေါ် သက်ရောက်မှု ဘယ်လို ရှိမလဲ။
ဖြေ။ ။ KNU ထွက်သွားတာက သူက UNFC ခေါင်းဆောင်မှုရဲ့ ဆုံးဖြတ်ချက်ကို သူတို့ လိုက်နာဖို့ လိုတယ် ဆိုတဲ့ အယူအဆကို လက်မခံနိုင်လို့၊ အထူးသဖြင့် သူတို့ကို ကြိုတင် မတိုင်ပင်တဲ့ ဆုံးဖြတ်ချက်ဆို မလိုက်နာချင်လို့် ထွက်သွားတာပါ။ CNF နဲ့ PNLO တို့ကတော့ UNFC ရဲ့ဆုံးဖြတ်ချက်ကို မစောင့်ဘဲ NCA လက်မှတ်ထိုးလို့ ထုတ်လိုက်တာ။ TNLA ၊ AA နဲ့ MNDAA တို့ UNFC နဲ့ အဆက်ပြတ်သွားတာက သူတို့ကို UNFC က အကာအကွယ် မပေးဘူး၊ သူတို့ NCA မှာ ပါလို့ ရအောင် အစိုးရကို တွန်းအား လုံလုံလောက်လောက် မပေးဘူးလို့ ထင်ကြလို့ပါ။
UNFC ကို ၂၀၁၀ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အအောင်မြင်ဆုံး အချိန်မှာတောင် အဖွဲ့အားလုံး UNFC မှာ မပါခဲ့ကြဘူး ဆိုတာကို လူတွေက မေ့နေကြတယ်။ လူမျိုးစု တခုစီဟာ မတူညီတဲ့ ပထဝီနဲ့ စီးပွားရေး အခြေအနေတွေ အောက်မှာ နေထိုင်ကြရပြီး သူတို့တွေရဲ့ ရှင်သန်ရပ်တည်ရေး သေနင်္ဂဗျူဟာတွေဟာ မတူညီကြတော့ လူမျိုးစု ညီညွတ်ရေး ဆိုတာဟာ ဆုပ်ကိုင်ရခက်တဲ့ ပန်းတိုင် ဖြစ်နေတယ်။ အဖွဲ့ဝင်တွေ အတွက် အသုံးဝင်နေသရွေ့ UNFC ဟာ ဆက်လက် တည်ရှိပါလိမ့်မယ်။
မေး။ ။ NCA လက်မှတ်ထိုးထားတဲ့ အကြီးဆုုံးလက်နက်ကိုင် ၂ ဖွဲ့ ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ KNU ခေါင်းဆောင်တွေနဲ့ အရမ်းရင်းနှီးတာ တွေ့ရပါတယ်။ ဟန်ညောင်ဝေနဲ့ လုပ်ဖော်ကိုင်ဖက် စောတူးတူးလေး တို့က RCSS နဲ့ KNU တို့ NCA မှာ လက်မှတ်ထိုးအောင် လုပ်ရာမှာ အဓိကအခန်းက ပါတယ် လို့ ဝေဖန်တာတွေ ရှိပါတယ်။ အဲဒါ မှန်ပါသလား။
ဖြေ။ ။ ကျနော်နဲ့ စောတူးတူးလေးကော အကြံပေးတွေပါ။ ကျနော်တို့ ပေးနိုင်တဲ့ အကောင်းဆုံးအကြံဉာဏ်တွေကို ခေါင်းဆောင်တွေကို ပေးတယ်။ ဒါပေမယ့် သူတို့ မလုပ်ချင်တာကို လုပ်အောင်တော့ ကျနော်တို့ နှစ်ယောက်လုံး ဖိအား မပေးနိုင်ပါဘူး။ ဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့၊ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး တို့ဆိုတာ လက်နက်ကိုင်တွေရဲ့ ခေါင်းဆောင်တွေ။ စေတနာ့ဝန်ထမ်းအနေနဲ့ လုပ်နေတဲ့ သူတို့ လူတွေက သူတို့ခေါင်းဆောင်တွေကို သဘောမတူရင် ခေါင်းဆောင်တွေ ဒုက္ခရောက်သွားမယ် ဒါမှမဟုတ် သူတို့ ဦးဆောင်စရာ စစ်တပ်ကို ဆုံးရှုံးသွားမယ်။ NCA မထိုးခင် သူတို့ နှစ်ယောက်လုံး သူတို့ရဲ့ လူတွေနဲ့ တိုင်ပင်တယ်။ အကြီးအကျယ် သဘောထားကွဲတာတွေ၊ ငြင်းခုန်တာတွေ ဖြစ်ခဲ့တာပဲ။ နောက်ဆုံးတော့ အများစုက လက်မှတ်ထိုးတာ ကောင်းတယ်လို့ ဆုံးဖြတ်လိုက်တယ် လေ။
မေး။ ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ လူမျိုးစု အစည်းအဝေးတွေလည်း တက်ရောက်သလို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်မှု တွေကိုလည်း ငွေကြေး ထောက်ပံ့တာ တွေ့ရတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘာတွေ ဖြစ်ပေါ် တိုးတက်လာပြီး၊ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေပါသလဲ။
ဖြေ။ ။ ၂၀၁၁ နိုဝင်ဘာလကနေ ၂၀၁၅ အောက်တိုဘာလ အထိ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒါမှမဟုတ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု ၅ ကြိမ်ပဲ ကိုယ်တိုင် တက်ခဲ့ဖူးတယ်။ ၂၀၁၅ တုန်းကတော့ KNU ဥက္ကဋ္ဌရယ်၊ RCSS ကိုယ်စားလှယ်အဖွဲ့ရယ်နဲ့ အတူ နေပြည်တော်ကို သွားပြီး လူမျိုးစုလက်နက်ကိုင်အဖွဲ့များ (EAOs) တွေ အားလုံး NCA ကို လက်မှတ် မထိုးရင်တောင် သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးအောင် ဖျောင်းဖျဖို့သွားကြတာ။
အခု အစိုးရသစ် လက်ထက်မှာ KNU ဥက္ကဋ္ဌ နဲ့ တရုတ် အထူးသံတမန် ဆန်ဂေါင်စင် (Sun Guoxiang) တို့ မကြာသေးခင်က ကူမင်းမှာ လုပ်ခဲ့တဲ့ အစည်းအဝေးကလွဲပြီး ဘယ်တရားဝင် အစည်းအဝေးမှာမှ ကျနော် မပါဘူး။ လူမျိုးစု လက်နက်ကိုင် နောက်ထပ် ၅ ဖွဲ့ NCA ထိုးဖို့ မကြာသေးခင်က ဆုံးဖြတ်တယ်။ ကျန်တဲ့အဖွဲ့တွေလည်း လက်မှတ်ထိုးဖို့ ဆုံးဖြတ်ရင် ကောင်းတယ်။ ဒီလို ဖြစ်လာရင်တော့ EAOs အားလုံးကို တန်းတူညီမျှ လေးစားမှုနဲ့ ဆက်ဆံနိုင်အောင်၊ သူတို့ရဲ့ ရည်မှန်းချက်တွေကို ဂရုတစိုက် စဉ်းစားနိုင်အောင် အစိုးရက လုပ်ရမယ်။ ဒါမှ နောက်တကြိမ် ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံဟာ မတူကွဲပြားမှုတွေကို အသိအမှတ်ပြုပြီး ကျနော်တို့အားလုံး ဘယ်လို အတူတကွ နေထိုင်ကြမလဲ ဆိုတာကို သိနိုင်တဲ့ တကယ့်အခွင့်အလမ်း ဖြစ်လာမယ်။
မေး။ ။ ဦးသိန်းစိန် အစိုးရတုန်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရခေတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘာတွေ ကွဲပြားတယ် လို့ ထင်ပါလဲ။
ဖြေ။ ။ ပထမ အရေးအကြီးဆုံး ကွဲလွဲမှုကတော့ ဦးသိန်းစိန်အစိုးရအောက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ သမ္မတရဲ့ လုပ်ပိုင်ခွင့်အောက်က နိုင်ငံရေး ကိစ္စ။ ဒါဟာ လုံခြုံရေးကို ထိခိုက်တယ်။ ဒါပေမယ့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတရဲ့ ဆန္ဒကို ထည့်သွင်း စဉ်းစားရပြီး လုံခြုံရေး အတွက် လုပ်တဲ့ စစ်ဆင်ရေးတွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မထိခိုက်အောင် စဉ်းစားရတယ်။ ဒါဟာ အတွင်းပိုင်း အားပြိုင်မှု နဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး ပြဿနာတွေ ကြားမှာ ချိန်ခွင်လျှာ ညှိရတာပဲ။ အခုတော့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေး ပြဿနာဟာ လုံခြုံရေး ပြဿနာပဲ ဖြစ်အောင်လုပ်ပြီး အရပ်သားအစိုးရဟာ တပ်မတော်ရဲ့ ဆန္ဒတွေကို ထည့်သွင်း စဉ်းစား နေရပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လုံခြုံရေးကို မထိခိုက်အောင် စဉ်းစားနေရပြီ။
နောက်ထပ် ကွဲပြားမှုကတော့ ဦးသိန်းစိန်က အဖွဲ့ဝင် ၁၁ ဦးပါတဲ့ ပြည်ထောင်စု ငြိမ်းချမ်ရေး တည်ဆောက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီး သူကိုယ်တိုင် ဦးဆောင်တယ်။ ပြီးတော့ ဒုသမ္မတ ဦးဆောင်ပြီး အဖွဲ့ဝင် ၅၂ ယောက်ပါတဲ့ ပြည်ထောင်စု ငြိမ်းချမ်ရေး တည်ဆောက်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းစေတယ်။ မြန်မာငြိမ်းချမ်ရေး စင်တာက ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ဝန်ကြီး ဆယ်ဦးကို တာဝန်ခံရပြီး ဝန်ထမ်း ၁၂၀ ကျော် ရှိတယ်။ ဒီကော်မတီဟာ တကယ် ထိထိရောက်ရောက် အလုပ် လုပ်/မလုပ် ဆိုတာ၊ ဒီကော်မတီဟာ အကျိုးစီးပွား ပေါင်းစုံကို အားလုံး ပါဝင်နိုင်မယ့် ကော်မတီ ဟုတ်/မဟုတ်လေ့လာ ကြပါ။
လက်ရှိအစိုးရက လူအင်အားအရ ကျနော် ပြောအခုခဲ့တဲ့ အချက်တွေမှာ မယှဉ်နိုင်ဘူး။ သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးနဲ့ NLD အကြီးအကဲလည်း ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွဲ့ဝင် ၁၁ ဦးပါတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ုဖြစ်တယ်။ ဒေါက်တာတင်မျိုးဝင်းအောက်က အဖွဲ့ဝင် ၆ ဦးပါ ငြိမ်းချမ်းရေး ကော်မရှင်ကို NRPC ရဲ့လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ ဖွဲ့ထားတယ်။ သူတို့ကို ကူဖို့ အဖွဲ့ဝင် ၃ ဦးပါ အကြံပေးအဖွဲ့ ရှိတယ်။ ၂ ယောက်က အရင် မြန်မာငြိမ်းချမ်းရေးဗဟိုဌာန (MPC) က။ နောက် အဖွဲ့ဝင် ၇ ဦးပါ အထောက်အကူပြု အဖွဲ့ရှိတယ်။
တတိယ မတူတဲ့ အချက်ကတော့ ဝန်ကြီးဦးအောင်မင်းဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ခဲ့တဲ့၊ သူတို့ကို အကျွမ်းတဝင် ရှိတဲ့ တိုက်ခိုက်ရေး ဗိုလ်ချုပ်ဟောင်း ဖြစ်တယ်။ အခုလက်ရှိ ဗိုလ်ချုပ် တော်တော်များများထက် ဝါရင့်တယ်။ ဦးသိန်းစိန်အစိုးရက ဝန်ကြီးတွေထက်လည်း ဝါရင့်တယ်။ ဒီလူတွေအားလုံး သူ့ရဲ့ တောင်းဆိုမှုကို လိုက်လျောအောင် သူလုပ်နိုင်တယ်။ လိုအပ်ရင် သမ္မတကို၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို သူ ဖျောင်းဖျနိုင်တယ်။ ဒေါက်တာတင်မျိုးဝင်းက ကျော်ကြားတဲ့ ဆရာဝန်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေကို မပြောသေးဘူး၊ လက်ရှိ တပ်မတော် တပ်မှူးတွေနဲ့တောင် အရင်က ထိတွေ့ဆက်ဆံမှု မရှိခဲ့ဘူး။ သူ ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေးအကြံပေးလို့ ရတယ်။ သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတော့ ကုဖူးမှာ မဟုတ်ဘူး ထင်တယ်။
မေး။ ။ တရုတ်က မြန်မာ့လူမျိုးစု နိုင်ငံရေး၊ အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ပါဝင်နေ တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက ဘယ်အခန်းက ပါတယ် လို့ ထင်ပါသလဲ။
ဖြေ။ ။ ၁၉၆၈ ကနေ ၈၈ အထိ တရုတ်နိုင်ငံက ဗမာပြည် ကွန်မြူနစ်ပါတီကို နိုင်ငံရေး၊ ဘဏ္ဍာရေး၊ စစ်ရေးအရ ထောက်ခံတယ်။ ဒါပေမယ့် ၁၉၈၈ မှာ တရုတ်က မူဝါဒပြောင်းလဲ သွားတယ်။ နောက်တော့ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ အတွက် အထောက်အပံ့က တရုတ်၊ မြန်မာ၊ လူမျိုးစု စီးပွားရေး လုပ်ငန်းတွေနဲ့ ယူနန်ပြည်နယ် အစိုးရဆီက လာတယ်။ သူတို့တွေက အဲဒီတုန်းက အပစ်အခတ် ရပ်စဲရေးကို အမြတ်ထုတ်ပြီး အကြီးအကျယ် စီးပွားရှာကြတာ။ ဦးသိန်းစိန်က မြစ်ဆုံဆည် စီမံကိန်းကို ဖျက်လိုက်တော့မှ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ အပေါ် အဲဒီလို ဒေသရဲ့ ထောက်ခံမှုဟာ တရုတ်ရဲ့ အမျိုးသား အကျိုးစီးပွားကို ဘယ်လို ထိခိုက်စေတယ် ဆိုတာ ဘေကျင်းက သိလိုက်ရတာ။
အခုအချိန်မှာ တရုတ်နဲ့ ပတ်သက်လို့ ကတော့ တရုတ်ဟာ မြန်မာနိုင်ငံ တည်ငြိမ်တိုးတက်မှုကနေ ရေရှည် အကျိုး ခံစားရမယ်။ အထူးသဖြင့် တရုတ်ဟာ နယ်စပ်က စစ်အခြေပြု ကြွယ်ဝချမ်းသာတဲ့ ကုန်းတွင်းပိတ် ဒေသလေးကထက် ရခိုင်က ရေနက်ဆိပ်ကမ်းတွေ၊ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ၊ မြန်နှုန်းမြင့် ရထားလမ်းတွေ၊ ဆည်တွေ၊ သတ္တုတွင်း တွေ၊ စိုက်ခင်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေက ပိုအကျိုးရှိတယ်။ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေကို အထောက်အပံ့ လုံးဝ ဖြတ်တောက်ပြီး ပြည်တွင်း လူမျိုးစု အသိုင်းအဝန်းတွေကို တရုတ်က ဆန့်ကျင်လို့ မရဘူး ဆိုတဲ့ အချက်က ဒါကို ပြနေတယ်။
အတိတ်ကို ပြန်ကြည့်မယ် ဆိုရင်လည်း တရုတ်က သူ့နယ်စပ်မှာ ဖြစ်နေတာတွေကို လျစ်လျှူရှုမထားနိုင်ဘူး ဆိုတာ တွေ့ရမယ်။ တခုတော့ ရှိတယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြိုကွဲသွားရင် သူတို့ မလိုချင်တဲ့ ဒုက္ခသည်တွေ တရုတ် နိုင်ငံထဲ အလုံးအရင်းနဲ့ ဝင်လာမှာ။ တိုက်ပွဲတွေ ပြင်းထန်လာရင် တခြား ပြည်ပအင်အားကြီးတွေ ဝင်မပါဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု တခုကို ကြားဝင် ဆောင်ရွက်ရင်း မြန်မာကိစ္စ ပြည်ပက ဝင်မပါအောင်၊ နိုင်ငံခြားသားတွေ သူ့နယ်စပ်ကနေ ဝေးအောင် လုပ်ရမယ်လို့ တရုတ်က မြင်တယ်။
မေး။ ။ မြန်မာစစ်တပ်နဲ့ နိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ တိုက်နေတဲ့ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေရဲ့ နောက်ကွယ်မှာ တရုတ်နိုင်ငံ ရှိနေတယ် လို့ တချို့လေ့လာသူတွေက ထင်ကြတယ်။ နိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ စစ်ရေး၊ နိုင်ငံရေး ရာသီဥတု ဘယ်လိုရှိမယ်လို့ ခန့်မှန်းပါသလဲ။
ဖြေ။ ။ စောစောက ပြောသလိုပဲ။ လုမျိုးစု လက်နက်ကိုင် အဖွဲ့တွေကို ဘေကျင်းက တိုက်ရိုက် ထောက်ခံတာ မရှိဘူး။ ဒီကနေ့ ထောက်ခံမှု၊ ပါဝင်ပတ်သက်မှုဟာ ခရီးသွားလာရေး အဆင်ပြေမှုနဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းလာအောင်ဖျောင်းဖျဖို့ သက်သက်ပဲ။ တချို့အဖွဲ့အစည်းတွေက သူတို့အကျိုးနဲ့ ကိုက်ညီတော့ မြောက်ပိုင်းက အသစ်တဖန် ဖြစ်လာတဲ့ တိုက်ပွဲတွေ နောက်မှာ တရုတ်ရှိတယ် ဆိုတဲ့ အယူအဆကို ရှေ့တန်း တင်ကြတယ်။ ဥပမာပြောရရင် ၂၀၁၅ ခုနှစ်က ကိုးကန့်တိုက်ပွဲနောက်ကွယ်မှာ တရုတ်ပါဝင်နေတယ် လို့ MPC က စွပ်စွဲလိုက်တော့ လူထုက စစ်တပ်ကို ထွက်ထောက်ခံကြတယ်။ အလားတူစွာပဲ လူတော်တော်များများက ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် ကုလသမဂ္ဂက အချက်အလက် ရှာဖွေရေး မစ်ရှင်လွှတ်ဖို့ အဆိုကို ပြည်ပစွက်ဖက်မှု ဆိုပြီး လက်မခံကြဘူး။ မြောက်ပိုင်းက လူမျိုးစု လက်နက်ကိုင်တွေနဲ့ အစိုးရဟာ အားလုံး လက်ခံနိုင်ပြီး လက်တွေ့ကျတဲ့ အဖြေတခု မရှာနိုင်ရင်တော့ တရုတ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပိုတောင်ပါဝင် လာဦးမှာ။ ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Saw Yan Naing ၏ Harn Yawnghwe: ‘The UNFC Will Continue to Exist as Long as it Continues to be Useful to its Members’ ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)