မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေးအတွက် မြှင့်တင်နေသူများထဲမှ ၃ ဦးကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ပထမဦးဆုံးအကြိမ် ရှုးမန်း(Schuman) ဆုကို ချီးမြှင့်ခဲ့သည်။
ထိုဆုကို ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်လေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ရှေ့နေကြီး ဦးကိုနီ၊ ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်နေသူ ကချင်အမျိုးသမီး ဒေါ်ဂျာနန်လထောနှင့် လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ဦးအောင်မျိုးမင်းတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ရှုးမန်း(Schuman) ဆု ချီးမြှင့်ခံရသူတဦးဖြစ်သည့် ဒေါ်ဂျာနန်လထောသည် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် “ငြိမ်း”ဖောင်ဒေးရှင်း အဖွဲ့၏ ဒါရိုက်တာဖြစ်ပြီး၊ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ထဲထဲဝင်ဝင် ဆောင်ရွက်နေသည့် အမျိုးသမီးအနည်းစုထဲမှ တဦးဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်း စကားဝိုင်းများ နောက်ကွယ်မှ ထဲထဲဝင်ဝင် ပါဝင်ပံ့ပိုးနေသည့် ဒေါ်ဂျာနန်လထောကို ရှုးမန်း(Schuman) ဆု အကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်မှုနှင့် ငြိမ်းချမ်းရေးအပေါ် သူရဲ့သဘောထား အမြင်များကို ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှ အကြီးတန်းသတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံမေးမြန်း ထားပါသည်။
မေး။ ။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့က ရှုးမန်း(Schuman) ဆုကို ဘယ်လိုခေါင်းစဉ်အောက်က ပေးတာပါလဲ။
ဖြေ။ ။ မြန်မာနိုင်ငံသားတွေထဲက လူ့အခွင့်အရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ လူ့အခွင့်အရေးနဲ့ ဆက်စပ်တဲ့ လူ့ဂုဏ်သိက္ခာဆိုင်ရာ ကိစ္စတွေ၊ နောက် မြန်မာနိုင်ငံ အပြောင်းအလဲမှာ လုပ်ဆောင်နေတဲ့သူတွေ အများကြီးရှိတဲ့ အထဲက အခုဒီနှစ်မှ စတယ်ဆိုတော့ ချီးမြှင့်သင့်တဲ့လူတွေ အများကြီးရှိတယ်။ ဒီနှစ်တော့ ၃ ဦးကို အစပြုအနေနဲ့ ရွေးတယ်။
ကျမကိုကျတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နောက်ကွယ်ကနေ ပါဝင်ဆောင်ရွက်ပေးတယ်။ နောက်ကွယ်က လုပ်တယ်ဆိုတော့ လူအများက မြင်လေ့မြင်ထမရှိဘူး။ အဲဒါကိုလည်း သူတို့က အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာလည်း ပါတယ်။ ပြီးတော့ အမျိုးသမီးတဦးအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်တယ်။ ဒီလုပ်ငန်းစဉ်မှာ အမျိုးသမီးပါဝင်ရေးကို ပြောဆိုဆောင်ရွက်နေသူ တဦးအနေနဲ့ ရွေးချယ်တယ်လို့ ကျမနားလည်တယ်။
မေး။ ။ ရှုးမန်း(Schuman) ဆုက ဘယ်လိုဆုမျိုးလဲ။ တခြားဆုမျိုးတွေလို ငွေကြေးထောက်ပံ့မှုရော ပါလား။ နောက်ဆုရှင်တွေက ဘာတွေဆက်လုပ်ရမလဲ။
ဖြေ။ ။ ရှုးမန်း(Schuman) ဆုက ကျမတို့ကို အသိအမှတ်ပြု Certificate ပေးတယ်။ နောက်ဆုတံဆိပ်ပြားလေး ပေးတယ်။ အဲဒီနှစ်ခု ပေးတယ်။ အဓိက က အသိအမှတ်ပြုမှုပါပဲ။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ဆက်လုပ်နိုင်ဖို့အတွက် အားဖြည့်ပေးတဲ့သဘောလို့ ကျမအဲဒီလိုပဲ ခံယူပါတယ်။ ဆုလက်ခံယူတဲ့ညမှာလည်း ကျမအဲဒီလိုပဲ ပြောခဲ့တယ်။
ဆုချီးမြှင့်ခြင်းအားဖြင့် ကိုယ်ပါဝင်နေတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပေးတဲ့အတွက်ကြောင့် ကိုယ်လုပ်နေတဲ့အလုပ်ကို ဆက်လုပ်ဖို့ အားရှိတာပေါ့။ Reenergize ဖြစ်တယ်လို့ ကျမပြောခဲ့တယ်။ ခက်ခဲမှု ရှိပေမယ့် ဆက်လုပ်ဖို့ အားတခုအနေနဲ့ လုပ်ဆောင်ပေးတယ်လို့ ခံယူပါတယ်။
မေး။ ။ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ဆယ်စုနှစ်တခုကျော် ပါဝင်နေသလို လက်ရှိမှာလည်း ဒီဖြစ်စဉ်အထဲ ထဲထဲဝင်ဝင် ပါဝင်နေသူတဦးအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရင်နှစ်တွေထက် တိုးတက်မှု တစုံတရာ ရှိလာရဲ့လား။
ဖြေ။ ။ လက်တွေ့မှာ အမျိုးသမီးလူဦးရေ အများကြီး တိုးလာတာတော့ မရှိသေးဘူး။ ဒါပေမယ့် တဖြည်းဖြည်းချင်းနဲ့ ဒီအမျိုးသမီးတွေ ပါဝင်ရေးဆိုတဲ့ သဘောတရားကတော့ ငြိမ်းချမ်းရေးစားပွဲမှာထိုင်တဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင်ပေါ့၊ သူတို့အမြဲတမ်းပြောနေတဲ့ စကားထဲမှာ ပါနေပြီ။ ဒါပေမယ့် ကျမထင်တာ အမျိုးသမီးပါဝင်ရေးကိစ္စ လုပ်ဆောင်နေတဲ့ ကွန်ရက်အဖွဲ့တွေ Alliance အဖွဲ့တွေအနေနဲ့လည်း ထပ်ပြီးကြိုးစားသင့်တာက ဒီ Identify Women Leaders ပေါ့။
ဦးဆောင်နိုင်တဲ့ အမျိုးသမီးတွေကို အဆင်သင့် ရယ်ဒီမိတ်စာရင်း ပြုစုထားပေးနိုင်မယ်ဆိုရင် ဒီလိုပါဝင်နိုင်ဖို့အရေးမှာ ပိုလွယ်ကူနိုင်မယ်လို့ ထင်တယ်။ ကျမတို့ AGIPP (ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေး မဟာမိတ်အဖွဲ့) က စပြီးစုနေတယ်။ ဒါပေမယ့် မစုံနိုင်သေးတာပေါ့။ ကျမတို့ လုပ်နေတယ်။ အပြည့်အစုံ မရသေးတာ။ တင်ပြပုံအလွယ်တကူ ဖြစ်အောင်လို့လည်း ကျမတို့ စဉ်းစားရတယ်။
ဥပမာ- ကျမတို့ ၁၂ ယောက်ပါတဲ့ ကော်မတီက အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါရမယ်ဆိုရင် ၁၂ ယောက်ဆို ၄ ယောက်က အမျိုးသမီး ပါရမယ်။ ၄ ယောက်ထဲမှာ ဘယ်သူဘယ်သူက ဖြစ်နိုင်ချေ ရှိတယ်ဆိုတဲ့ တိတိကျကျ ပြောနိုင်၊ ပေးနိုင်မယ်ဆိုရင် ပိုမြန်မယ်လို့ ထင်တယ်။ ခံစားချက်အရ အခုဒီခေါင်းဆောင်တွေအနေနဲ့ သူတို့မှာ ဆန္ဒရှိတယ်။ အမျိုးသမီးပါဝင်ရေးက ရှိရမယ်ဆိုတာ သူတို့အနေနဲ့ နားလည်ထားကြတယ်။ ဆုံးဖြတ်ချက်ချမယ့် လူတွေ အဲဒီလိုနိုင်ငံရေးခံယူချက် (Politicial Will) ရှိနေတဲ့အချိန်မှာ ကျမတို့က အစီစဉ်တကျနဲ့ အဲဒီအခွင့်အရေး ရယူရမှာ ဖြစ်တယ်။ အဲဒါဆိုရင် ကျမတို့ပြောနေတဲ့ဟာက ပိုပြီးတော့ လက်တွေ့ဖြစ်လာမယ် ထင်တယ်။
မေး။ ။ အမျိုးသမီးတွေ ပါဝင်ရေးဆိုရင် အဓိကက ငြိမ်းချမ်းရေး စကားဝိုင်းကြီးတွေမှာ အမျိုးသမီး ပါဝင်ရေးကို ဆိုလိုတာလား။ ဘယ်အဆင့်ကနေပါဝင်ရေးကို ပြောဆိုနေတာပါလဲ။
ဖြေ။ ။ အဲဒါလည်း ကျမတို့အမျိုးသမီးထုတွေထဲ မရှင်းမရှင်းတော့ ရှိနေသေးတယ်။ အမျိုးသမီး ပါဝင်ရေးဆိုတာ ဘယ်အဆင့်အထိ ရှိနေတာလဲ။ ဘယ်ဟာကို ဆိုလိုတာလဲ။ တချို့လည်း မရှင်းသေးဘူးလို့ ယူဆတယ်။ ဒါပေမယ့် ကျမတဦးတယောက်တည်း အနေနဲ့ ခံယူတာက NCA မှာပါတဲ့ အတိုင်းပေါ့လေ။ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ အမျိုးသမီးပါဝင်ရေးကို ကြိုးပမ်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတာ ပါတယ်။
ကျမခံယူတာကတော့ အမျိုးသမီး ပါဝင်ရေးဆိုတာ ဒီငြိမ်းချမ်းရေး စကားဝိုင်းမှာပဲ (formal negotiation) မဟုုတ်ဘူး။ နည်းပညာပိုင်းအရ ထောက်ပံ့ပေးမှုမှာလည်း ပါရမယ်။ ပြီးရင် အခုနိုင်ငံရေး ဆွေးနွေးပွဲရဲ့ လုပ်ငန်းကော်မတီ အသီးသီးရော နောက်အဲဒီလုပ်ငန်းကော်မတီကို ထောက်ပံ့ပေးတဲ့ အထောက်အပံယန္တရား၊ နည်းပညာ အထောက်အကူပြုအဖွဲ့တွေ၊ ရုံးအဖွဲ့တွေ ရှိလာမယ်။ အဲဒီတော့ အဆင့်တိုင်းမှာ အမျိုးသမီး ပါဝင်မှုကို ကျမတို့က ထည့်သွင်းစဉ်းစားရမယ်။
ကျမတို့အနေနဲ့ ဘယ်သူကဘယ်ကဏ္ဍမှာ ကျွမ်းကျင်မှု ရှိတယ်။ အဲဒါကြောင့် ဒီအမျိုးသမီးက ဘယ်အခန်း ကဏ္ဍမှာ ပါဝင်သင့်တယ်ဆိုတာ ကဏ္ဍအလိုက် လုပ်သင့်တယ်လို့ ယူဆတယ်။ JMC ဆိုရင်လည်း ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်တွေ တိုင်းဒေသကြီး အဆင့်တွေ ရှိတယ်။ အဲဒီအဆင့်ဆင့်တိုင်းမှာ တရားဝင် ယန္တရားရော၊ ထောက်ပံ့ပေးတဲ့ ယန္တရားမှာလည်း ပါသင့်တယ်လို့ ယူဆတယ်။
မေး။ ။ ငြိမ်းချမ်းရေး စကားဝိုင်းမှာဆိုရင် အမျိုးသမီးတွေ နဖူးတိုက်ဒူးတိုက် ဦးဆောင်ဆွေးနွေးရတဲ့ နေရာမှာ ပါဝင်မှုနည်းသေးတာ ဘာကြောင့်ပါလဲ။
ဖြေ။ ။ အဲဒါက လူသားအရင်းအမြစ် နည်းပါးတာကြောင့် (Lack of Resources) လည်း ဖြစ်ကောင်းဖြစ်မယ်။ ပြီးရင် ငြိမ်းချမ်းရေး အကြောင်းအရာက ရှုပ်လည်းရှုပ်ထွေးတယ်။ ပြီးတော့ လက်နက်ကိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ အချိန်ကြာကြာ လေ့လာခဲ့တာ မဟုတ်ဘူးဆိုရင် တကယ့်စေ့စပ်ညှိနှိုင်းသူ (Negotiator) နေရာမှာ သွားထိုင်ဖို့ဆိုရင် ခက်တယ်။
အဲဒီလိုပြောလို့ရှိရင် အခုထိုင်နေတဲ့ အမျိုးသားတွေရော ကျွမ်းကျင်သလားဆိုတော့ သူတို့ထဲမှာ အရမ်းကြီးကျွမ်းကျင်တာလည်း ပါသလို၊ မကျွမ်းကျင်တာလည်း ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကိုတော့ အဲဒီလိုရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ပါဝင်ဖို့အတွက် စဉ်းစားတယ်ဆိုရင် ပိုပြီးစဉ်းစားရတဲ့ အနေအထားကို တွေ့ရတယ်။ ဒါ့ကြောင့် လူသားရင်းမြစ် အားနည်းတာလည်း ပါမယ်လို့ ယူဆတယ်။
မေး။ ။ စစ်ပွဲတွေမှာ အမျိုးသမီးတွေခံစားရတာ ပိုများတော့ ဒီအမျိုးသမီးတွေကို ကူညီရမယ်။ ကာကွယ်ရမယ်ဆိုတဲ့အသိ အမျိုးသမီးတွေကို ခံဘက်ကပဲမြင်ပြီး ခေါင်းဆောင်တွေက ငါတို့လုပ်ပေးမှ ရတယ်ဆိုတဲ့ အမြင်မျိုး ရှိကြတယ်။ အဲဒီအမြင်က အောက်ခြေမှာ စစ်ဒဏ်ခံနေရတဲ့ အမျိုးသမီးတွေဆီ ဘယ်လောက်အထိ သက်ရောက်မှု ရှိနေလဲ။
ဖြေ။ ။ အိုင်ဒီပီ (IDP) အတွင်းမှာ ဂျန်ဒါ (ကျားမတန်းတူရေး ဆောင်ရွက်နေသော) အဖွဲ့တွေ၊ အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးတဲ့ အဖွဲ့တွေက ဒီ message ကို အမြဲပေးနေတာပဲ။ စစ်ဒဏ်ခံရတဲ့ အမျိုးသမီးတွေကို Empowerment အစီအစဉ်တွေ အများကြီး ရှိတယ်။ ကျမတို့ အိုင်ဒီပီအတွင်းမှာ သော်လည်းကောင်း စစ်ဒဏ်ခံရတဲ့ အမျိုးသမီးတွေမှာသော်လည်း ကောင်းထက်မြက်တဲ့ အမျိုးသမီးတွေ အများကြီး ရှိတယ်။
အတန်းပညာ မရှိပေမယ့် သူတို့အနေနဲ့ ပြောရဲဆိုရဲ ရှိတယ်။ ခေါင်းဆောင်မှု ပေးနိုင်တယ်ဆိုတဲ့ အမျိုးသမီးတွေ အခုကြည့်မယ်ဆို IDPs စခန်းတွေမှာ ရှိတယ်။ သူတို့လည်း သူတို့အဆင့်နဲ့ သူတို့သွားနေကြတယ်။ ပြောဆို နေကြတယ်။ ပါဝင် နေကြတယ်။ အစိုးရနဲ့ ဆွေးနွေးမယ်လည်း ပြောတယ်။ လက်နက်ကိုင် အဖွဲ့နဲ့ ပြောမယ် ဆိုကြတယ်။။ သို့သော် လူနည်းစုတော့ ဖြစ်နေသေးတာပေါ့။
မေး။ ။ အမျိုးသမီးတွေက မြန်မာပြည်ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အရမ်းနောက်ကျကျန်ခဲ့တဲ့ အနေအထားမှာ မရှိဘူးမလား။ ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ အသိပညာပေးမှုတွေ ရှိတယ်။ ဒါပေမယ့် လူကနည်းနေသေးတော့ Empowerment တွေကို အများကြီး လုပ်ပေးဖို့ လိုတယ်။ တဖက်ကလည်း ဆုံးဖြတ်ချက်ချသူတွေကို နားလည်သဘောပေါက်အောင် ပြောထားပြီးသားဆိုတော့ ဒီနှစ်ခုတွဲမိအောင်လုပ်ဖို့ လိုတယ်။
တဖက်က ဆုံးဖြတ်ချက်ချသူတွေ သဘောပေါက်နေတဲ့အနေအထားရောက်တဲ့အခါ တဖက်က အနောက်ကနေပြီးတော့ ပါဝင်ဖို့အတွက် လိုက်လာမယ့်လူတွေ အဆင့်သင့်ဖြစ်ဖို့လည်း လိုတာပေါ့။ အခု အဲဒီနှစ်ခုက အခုကွာဟမှု (gap) နဲနဲ ရှိနေတယ်။ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့၊ ဦးဆောင်နိုင်ဖို့၊ ပြောဆိုနိုင်ဖို့ ကျမတို့ Empowerment ကို ပိုလုပ်ဖို့ လိုတယ်။ ထပ်ပြီးတော့လည်း လုပ်ဖို့လိုသေးတယ်။
မေး။ ။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ။ နည်းနည်းတော့ ဝေဝါးနေတယ်။ အရမ်းရှုပ်ထွေး နေတယ်။ သိပ်ရှင်းရှင်းလင်းလင်း မတွေ့ရဘူး။ အခု (ငြိမ်းချမ်းရေး) လမ်းကြောင်းက နောက်ထပ်အသစ်တခုပုံစံနဲ့ ပြန်ပြောလာတော့ အဲဒီလမ်းကြောင်းက ဘယ်လိုပုံစံနဲ့ ဆက်သွားနေလဲဆိုတာ မရှင်းသေးဘူး။