မြန်မာနိုင်ငံသား တိုင်းရင်းသားများ အနေဖြင့် ၂၀၁၇ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်ကူးတွင် ငြိမ်းချမ်းသော တိုင်းပြည်ကို ပိုင်ဆိုင်ပြီး ကောင်းမွန်သည့် အနာဂတ်ကို ရရှိစေလိုကြောင်း နိုင်ငံရေး အဖွဲ့အစည်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် နယ်ပယ် အသီးသီးက ထင်ရှားသူများက ဧရာဝတီ သတင်းဌာနမှ တဆင့် နှစ်ကူး ဆုတောင်း စကားများ ပြောကြား ခဲ့ကြသည်။
ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ဥက္ကဌ (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS)
သင်္ကြန်ရောက်ရင် တပြည်လုံးအတွက်တော့ ကျန်းမာကြပါစေလို့ ကျနော် ဆုတောင်းပေးပါတယ်။ နိုင်ငံရေး အခြေအနေ ကတော့ အခုတော့ နည်းနည်းကောင်းမယ်ထင်တယ်၊ ဆိုးတော့မဆိုးဘူး၊ အဲ့ဒါတော့ ၅၀၊ ၅၀ ပေါ့။
ဦးဉာဏ်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်)
ကျနော်တို့ကြိုးစားနေကြတဲ့ ဒီမိုကရေစီပန်းတိုင်ကို မရောက်သေးဘူး။ အဲဒါကြောင့် ကျနော်တို့ ဒီနှစ်သစ်ကူးမှာ လာမယ့်နှစ်မှာ ပြည်သူအားလုံးနဲ့ အဖွဲ့ချုပ်ဝင်အားလုံးက ဆက်လက်ကြိုးပမ်းကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။ ကျနော်တို့ လုံ့လဝရိယ ဆက်လက်ကြိုးစားဖို့ အဓိကပါပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း ဒီမိုကရေစီအရေးကို ကြိုးစား ပမ်းစား တည်ဆောက် ပါတယ်။ အောင်မြင်သင့်သလောက် အောင်မြင်ပါတယ်။ ကျနော်တို့ အားလုံးကျေနပ်လောက်အောင် တပြိုင်တည်းတော့ မဖြစ်နိုင်ပါဘူး။ သို့သော်ဒါကိုဆက်လက် ကြိုးပမ်းသွားပါမယ်။
ခူဦးရယ် အထွေထွေအတွင်းရေးမှူး (ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ – UNFC)
ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တနေတဲ့ လူတိုင်းကိုယ်တော့ ဆန္ဒပြည့်ဝအောင်ကျနော်တို့ မဆောင်ကျဉ်းပေးနိုင်ပါဘူး။ သို့သော် ကျနော်တို့ဆီမှာတော့ ကိုယ်စီကိုယ်စီ တာဝန်တွေ ရှိကြ တာပေါ့နော်၊ ကိုယ့်ရဲ့ ငြိမ်းချမ်းမှုကို ကိုယ်တိုင် ရှာဖွေရမှာလို့ ကျနော်နားလည်တယ်ပေါ့နော်။
ပထမ ဘာလိုအပ်လဲဆိုတော့ ကျနော့်ရဲ့အမြင်ကတော့ စိတ်ရဲ့ငြိမ်းချမ်းမှုကို ပထမဆုံးတည်ဆောက်ရမယ်လို့ ထင်ပါတယ်။ တဦးတယောက်ချင်းစီးကလည်း ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းဖို့ တည်ဆောက်ဖို့ လိုလိမ့်မယ်ထင်ပါတယ်။ စိတ်ရဲ့ငြိမ်းချမ်းရေးကို ကျနော်ဆိုလိုချင်တာ ကတော့ လူတိုင်းလူတိုင်းက လောဘ၊ ဒေါသ၊ မောဟ တရားတွေရှိကြတာပေါ့လေ။ မကင်းစင်ကြဘူးပေါ့။
အဲ့တော့ ကျနော်တို့ လောဘ၊ ဒေါသ၊ မောဟတွေ ရှိနေသေးသရွှေ့ကတော့ စိတ်၏ ငြိမ်းချမ်းမှုကိုတော့ ကျနော်တို့ ရရှိခံစားရမှာ မဟုတ်ပါဘူး။ အဲ့တော့ လောဘ၊ ဒေါသ၊ မောဟ တရားတွေကင်းစင်ကြပါလို့ ကျနော်ပြောချင်တယ်။ ဒါပေမယ့် ဘယ်သူ့ဘယ်သူမှတော့ ကင်းစင်လို့ရမှာမဟုတ်ဘူး။ သို့သော် နည်းနိုင်သမျှ နည်းအောင်တော့ ပြုမူကျင့်ကြံနေထိုင်ပြီးတော့ စိတ်ရဲ့ ငြိမ်းချမ်းရေးကို ပထမဦးဆုံး တဦးချင်းစီက တည်ဆောက်ဖို့ လိုမယ်လို့ ထင်ပါတယ်။
အဲတော့ ကျနော်တို့ တဦးချင်းစီက စိတ်ရဲ့ ငြိမ်းချမ်းရေး ကိုတည်ဆောက်ရင်းနဲ့ ကျနော်တို့ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အဲလိုပြုမူမှုမျိုးကို ကျင့်ကြံကြဖို့ လိုတယ်လို့ ကျနော်ထင်ပါတယ်။ အဲ့လိုမျိုး ကျနော်တို့ လူ့အသိုင်းအဝိုင်းတခုက အနေအထားမျိုး နဲ့စိတ်ရဲ့ ငြိမ်းချမ်းရေး၊ ရုပ်ရဲ့ ငြိမ်းချမ်းရေး အဲ့ငြိမ်းချမ်းရေး နှစ်ခုစလုံးကို ယှဉ်တွဲပြီး တည်ဆောက်နိုင်တယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ နေထိုင်တဲ့ လူ့အသိုင်းအဝိုင်းကြီးရဲ့ ငြိမ်းချမ်းရေးက အမှန်ရရှိမှာပဲလို့ ကျနော်ကတော့ အတိအကျယုံကြည်ပါတယ်။
အဲဒါကြောင့်မို့လို့ ကျနော်တို့ ပြည်သူလူထုတရပ်လုံးအနေနဲ့ကတော့ ရှင်းရှင်းပြောရရင် စိတ်ရဲ့ငြိမ်းချမ်းရေးလည်း မရှိပါဘူး၊ ရုပ်ရဲ့ ငြိမ်းချမ်းရေးလည်းမရှိပါဘူး။ ဒါကတော့ ကျနော်တို့ ဖြတ်သန်းလာရတဲ့ ဘဝအခြေအနေလို့ပဲ ပြောရမလားမသိပါဘူး။ အားလုံး အားလုံးကတော့ ငြိမ်းချမ်းရေးကို မျှော်လင့်ကြမှာပါ။ အတူတကွ စိတ်သစ် လူသစ်တည်ဆောက်နိုင်ဖို့အတွက် အတူတကွပဲ အတာသင်္ကြန်နှစ်သစ်ကူးအလွန်ပြီးရင်တော့ အတူတကွပဲ နှစ်ဟောင်းကရှိခဲ့သမျှ ကျနော်တို့ရဲ့ မကောင်းခြင်း အတွေးတွေ အမြင်တွေ ခံယူချက်တွေ လုပ်ဆောင်ချက်တွေကို နှစ်ဟောင်းမှာ ချန်ခဲ့ပြီးတော့နှစ်သစ်မှာ ပိုကောင်းတဲ့ အတွေးအခေါ်အယူအဆသစ်တွေပြုမူကျင့်ကြံမှုတွေနဲ့ပဲ သွားကြပါစို့လို့ ကျနော်ကတော့ မေတ္တာပို့ပါတယ်။
ကိုမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
အဓိကကတော့ ကျနော်တို့ နှစ်ဟောင်းမှာဖြစ်ခဲ့တဲ့ ပြသနာတွေကို နိုင်ငံရေးဆန်ဆန်ပဲပြောချင်တယ်။ နှစ်ဟောင်းမှာဖြစ်ခဲ့တဲ့ ပြသနာတွေ များစွာရှိပါတယ် မြန်မာပြည်ငြိမ်းချမ်းရေးက အရေးကြီးတယ်လို့ မြင်ပါတယ်။ မြန်မာပြည်ငြိမ်းချမ်းဖို့အတွက် နှစ်သစ်မှာ နှစ်ဟောင်းက အညစ်အကြေးတွေ အတာရေနဲ့ ဖြန်းပတ်ပြီးတော့မှ ဆေးကြောသလိုမျိုးပဲကျနော်တို့ ဖြစ်ခဲ့တဲ့ ပြသာနာရပ်တွေအားလုံး တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်အုပ်စုနဲ့ တစ်အုပ်စုဒီတိုင်းပြည် အတွင်းမှာ ဖြစ်နေတဲ့ ပြဿနာရပ်တွေ အားလုံးကို နှစ်ဟောင်းမှာ ထားခဲ့နိုင်ရင် နှစ်သစ်မှာ ငြိမ်းချမ်းရေးလမ်းစဉ် ခြေလှမ်းကို အပီအပြင် ဖော်ဆောင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ မြန်မာပြည်သူ ပြည်သားအားလုံး ကျန်းမာချမ်းသာကြပါစေ။
ဦးစိုင်းညွန့်လွင် အထွေထွေအတွင်းရေးမှူး (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – SNLD)
ဒီနှစ် နှစ်သစ်ကူးမှာမြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အခြေအနေတွေပေါ်နေတယ် အဲဒီအခြေအနေတွေ ကတော့ ငြိမ်းချမ်းရေး အပစ်အခတ်တိုက်ခိုက်ဖို့ ရပ်စဲရေးရရှိအောင် အစွမ်းကုန်ကြိုးစားနေတဲ့ ကာလဖြစ်တယ်။ ဒါနဲ့တိုက်တိုက် ဆိုင်ဆိုင် လာပြီးတော့ ဖြစ်လာတယ်။ မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးသည် အမြန်ဆုံးရရှိပါစေ။ စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ပါစေ။ စစ်ပွဲတွေ ရပ်စဲပြီးရင် ကျနော်တို့နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို အားလုံးလက်တွဲ လုပ်ဆောင်နိုင်ပါစေ လို့ ဆန္ဒပြုလိုပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ – (ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် -PNLO)
၂၀၁၇ မြန်မာ့ရိုးရာနှစ်သစ်ကူးမှာ ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောကြားချက်အတိုင်း ငြိမ်းချမ်းရေးနှစ် ဖြစ်ရမယ်ဆိုတာ လက်တွေ့ အကောင်အထည် ဖော်ဖို့လိုတယ်။ ပြည်သူတွေကအစ တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင် အဖွဲ့အစည်းအားလုံး ပါဝင်ပြီးတော့ ဂုဏ်သိက္ခာရှိသော ကျနော်တို့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ လိုပါတယ်။
ဒီကိစ္စမှာတော့ ဒီအခြေခံဖြစ်တဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA မှာ ပါဝင်လက်မှတ် ရေးထိုးခြင်း အဲ့ဒီကနေတဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပူးပေါင်းပါဝင်ခြင်း၊ အဲ့ဒီကနေတဆင့် နိုင်ငံရေးဆုံးဖြတ်ချက် ဖြစ်တဲ့ ပြည်ထောင်စု စာချုပ်ကို ချုပ်နိုင်တဲ့အထိ သွားမှသာလျှင် ကျနော်တို့က ငြိမ်းချမ်းရေး ခိုင်ခိုင်မာမာဖြစ်ပြီးတော့ လိုချင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအထိ လျှောက်လှမ်းနိုင်မှာဖြစ်တယ်ဆိုတာကို ကျနော် နှစ်သစ်ကူးမှာ တင်ပြချင်ပါတယ်။
ညီပုလေး (စာရေးဆရာ)
နှစ်သစ်မှာ မြန်မာပြည်သူပြည်သားတွေ ငြိမ်းချမ်းပါစေလို့ဆုတောင်းပါတယ်။ တရားဥပဒေ စိုးမိုးတဲ့နိုင်ငံ ငြိမ်းချမ်းတဲ့နိုင်ငံ ဖြစ်စေချင်ပါတယ်။
ဒေါက်တာအေးမောင် ဥက္ကဋ္ဌ (ရခိုင်အမျိုးသားပါတီ- ANP)
ကျနော်တို့က နှစ်အဟောင်းတွေကို ကျော်ဖြတ်ခဲ့ကြတာပေါ့နော် နှစ်အသစ်တွေကို ရောက်လာကြတာကတော့ ဓမ္မတာပဲလေ။ နှစ်အဟောင်းတွေက သင်ခန်းစာတွေကိုယူပြီးတော့မှ လာမယ့် နှစ်အသစ်တွေအတွက် သင်ခန်းစာတွေ ယူပြီးမှ ပြင်စရာရှိတာလေးတွေပြင် တည့်မတ်စရာရှိတာလေးတွေကို တည့်မတ်ပြီးတော့မှ ငြိမ်းငြိမ်းချမ်းချမ်း ဖွံ့ဖွံ့ဖြိုးဖြိုးနဲ့ အားလုံး ရင်ကြားစေ့နိုင်မယ်ဆိုရင် အခုကူးပြောင်းတော့မယ့် နှစ်သစ်ကူးအခါဟာ မြန်မာနိုင်ငံသား နိုင်ငံသူအားလုံးအတွက် အင်မတန် မင်္ဂလာရှိနိုင်ပါတယ်။
အဲဒါကြောင့် ဖြစ်ပြီးခဲ့သမျှကို လွတ်လပ်ရေးအလွန် ၆၉ နှစ်တာကာလ အားလုံးကို သင်ပုန်းချေကြပါ။ အတိတ်က သင်ခန်းစာ တွေကို ယူပါ။ ငြိမ်းချမ်းမှု ဖွံ့ဖြိုးမှု တိုးတက်မှု ဆိုတဲ့ အလွန်ကောင်းမွန်တဲ့ အသီးအပွင့် ရလဒ်ကို နောင်လာ နောက်သား သားသမီးတွေကို အခုထက် တင်ပေးနိုင်အောင် ကြိုးစားကြပါ။ ကျနော်တို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ညှိညှိနှိုင်းနှိုင်းနဲ့ သင်ပုန်းချေပြီးမှ အမျိုးသားရင်ကြားစေ့နိုင်အောင် ကျနော်တို့လည်း ကြိုးစားလိုပါတယ်။ ဒါကြောင့် အားလုံးလည်း ပူးပေါင်းပြီးတော့မှ မြန်မာပြည်ကြီး ငြိမ်းချမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။
ဦးထွန်းဇော် – တွဲဖက် အတွင်းရေးမှူး (၁) (ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ -UNFC )
မြန်မာနှစ်သစ်ကူးမှာ မြန်မာပြည်သူ ပြည်သားအပေါင်း ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ကျနော်တို့ ဒီမြန်မာ နှစ်သစ်ကူးမှာ နှစ်ဟောင်းက ကြုံတွေ့ခဲ့ရတဲ့ ခေတ်ရဲ့ ခေတ်ဆိုးရဲ့ အနိဋ္ဌာရုံတွေ ပျောက်ကွယ်ပြီးတော့မှ ခေတ်သစ်မှာ နှစ်သစ်မှာ ကောင်းသော မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံပြီးတော့မှ ကျနော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းခြင်း ပြည့်ဝမှုနဲ့အတူ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက် နိုင်ဖို့အတွက် အားသစ်၊ ခွန်သစ်တွေ ရရှိကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းဘက်ကတော့ ကျနော်တို့ စိတ်ရင်း စေတနာမှန်နဲ့ ဒီလမ်းကြောင်းပေါ်မှာပဲ ဆက်သွားနေပါတယ်။ ကျနော်တို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဖြစ်စဉ်ကနေတဆင့် ကျနော်တို့ တိုင်းပြည်ရဲ့ တကယ့်ကိုစစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးရရှိရေး အပေါ်မှာ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို တက်သွားဖို့အတွက် ကျနော်တို့ ပြင်ဆင်နေတာရှိပါတယ်။ အဲ့ဒီပြင်ဆင်မှုတွေဟာ ဒီနှစ်သစ်မှာ ပိုပြီးတော့မှ ခရီးတွင်လာပါစေလို့လည်း ဆန္ဒပြုပါတယ်။
ဗေလုဝ (ရုပ်ရှင်သရုပ်ဆောင်)
မင်္ဂလာနှစ်သစ်မှာ မြန်မာနိုင်ငံသူနိုင်ငံသားများနဲ့ ကမ္ဘာ သူကမ္ဘာသားများ စိတ်သစ်လူသစ် ဘဝသစ် အိမ်မက်သစ် စိတ်ကူးသစ် အလုပ်သစ်တွေနဲ့ အနာဂတ်ကာလကို လျှောက်လှမ်းကြပါစို့လို့။ နှစ်သစ်မှာအေးချမ်းသာယာတဲ့ ငြိမ်းချမ်းသာယာတဲ့ ဘဝမျိုးတွေဖြစ်စေချင်ပါတယ်။
ဦးကြည်မြင့် ပြောခွင့်ရပုဂ္ဂိုလ် (အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်- မိုင်းလားတပ်ဖွဲ့ – NDAA)
ကျနော်တို့ တိုင်းပြည်က ငြိမ်းချမ်းသာယာပြီး တိုးတက်တဲ့ တိုင်းပြည်ဖြစ်အောင် ပြည်သူလူထုတွေ ရွှင်ရွှင်ပျော်ပျော် နဲ့ နေထိုင်နိုင်တဲ့ တိုင်းပြည်ဖြစ်ပါစေလို့ဆုတောင်းပါတယ်။ အားလုံးက နှစ်သစ်မှာ မင်္ဂလာရှိစွာနဲ့ ရွှင်ရွှင်ပျော်ပျော် နေနိုင် ကြပါစေ။ တိုက်ပွဲတွေမဖြစ်စေချင်ဘူး။ ကျနော်တို့ အနေနဲ့ကတော့ တိုက်ပွဲတွေမရှိဘူး။ အားလုံးက အပစ်ရပ်ပြီးတော့ ပြည်သူလူထုကတော့ ရွှင်ရွှင်ပျော်ပျော်နဲ့ လုပ်ချင်တာ လုပ်နိုင်အောင်ပဲ မျှော်လင့်နေတာပဲ။