ဆရာတော် ဦးခေမာနန္ဒ အဖို့ သူ့ရဲ့ ရဟန်းဘွဲ့ထက် နိုင်ငံရေး လုပ်ရှုားမှုကြောင့် အများကပေးထားတဲ့ နာမည်က ပိုပြီး ထင်ရှားပါတယ်။ ဆရာတော်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ရဟန်းပျိုသမဂ္ဂရဲ့ ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးပြီးချင်း ဖမ်းဆီးခံရပြီးနောက် ထောင်ထဲမှာ ၆ နှစ် အကျဉ်းချခံခဲ့ရလို့ သူသီတင်းသုံးနေတဲ့ တောင်ကြီးမြို့မှာ ရှစ်လေးလုံးဆရာတော် လို့ လူသိများပါတယ်။ ဒီမိုကရေစီမကြိုက်သူဟာ နွားတွေပဲလို့ ဒီနေ့အထိ ယုံကြည်ပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် တောက်လျှောက် ပံ့ပိုးဆောင်ရွက်နေသူ သံဃာတပါး ဖြစ်ပါတယ်။
ဆရာတော်ရဲ့ ထောင်တွင်းဖြတ်သန်းခဲ့ကမှုတွေ၊ ဒီမိုကရေစီအပေါ် ယုံကြည်မှု၊ ဒီပဲယင်း အရေးအခင်းမှာ ပြီးခဲ့တဲ့အာဏာပိုင်တွေနောက်ကွယ်ကပါဝင်မှု၊ လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီးဧရာဝတီ အင်္ဂလိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး က ဆရာတော်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဆွေးနွေးမေးမြန်းထားပါတယ်။
ကျော်စွာမိုး။ ။ တောင်ကြီးမြို့မှာဆိုရင်တော့ ဆရာတော်က ရှစ်လေးလုံးဆရာတော်ဆိုပြီးတော့ ကျော်ကြားတယ် ပေါ့၊ မြန်မာတနိုင်ငံလုံးကို ကြည့်မယ်ဆိုရင် ရှစ်လေးလုံးဆရာတော် ဆိုပြီးတော့ တကယ်လည်း လူသိရှင်ကြား ကမ္ပည်းတင်ရဲတဲ့ ဆရာတော်က ဆရာတော်တပါးပဲ ရှိတယ်လို့ တပည့်တော်ကတော့ မြင်တယ်၊ အဲဒါကလည်း အခု ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရခေတ် မတိုင်ခင်ကတည်းက အဲဒီလို ကမ္ပည်းတင်ခဲ့တာပေါ့နော်၊ ဆိုတော့ ဆရာတော် နည်းနည်းရှင်းပြလို့ရမလား ဘယ်လိုမျိုး ရှစ်လေးလုံးဆရာတော်ဆိုပြီး ဖြစ်လာသလဲ ဆိုတာကို။
ဦးခေမာနန္ဒ။ ။ ဆရာတော်က ရှစ်လေးလုံး ဆရာတော်ရယ်လို့ ဖြစ်ပေါ်လာတာက ဆရာတော်တို့ ၈၈ အရေးတော်ပုံကြီးမှာ တောင်ကြီးမြို့မှာ ရှိတဲ့ မြို့ပေါ်က ကျောင်းတိုင်းက ရဟန်းပျိုတွေက ဘုန်းကြီးတို့ ရှမ်းပြည်နယ် ရဟန်းပျိုသမဂ္ဂ အဖွဲ့ဆိုပြီးတော့ ဖွဲ့စည်းလိုက်တယ်၊ ရဟန်းပျိုသမဂ္ဂ ဖွဲ့တာက ရဟန်းပျို ၁၁ ပါးနဲ့ ဆရာတော်တို့ ဖွဲ့တယ်၊ ဆရာတော်တို့ ဒီ EC (ဦးဆောင်ကော်မတီ) ၁၁ ပါးက ငါတို့တိုင်းပြည်အတွက် အလုပ်လုပ်ကြတဲ့အခါမှာ ဒါကတော့ ပြောရရင်တော့ နိုင်ငံရေးပဲကွာ၊ နိုင်ငံရေးဆိုတာက ငါတို့က အာဏာရရေးမဟုတ်ဘူး။
ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိတဲ့ ဒီအရေးတွေကို ငါတို့ တစိတ်တဒေသကနေ ပါဝင်ဆောင်ရွက်မယ်၊ ဆောင်ရွက်တဲ့အခါမှာ ငါတို့သည် ဧကန်မုချ နိုင်ငံရေးထဲကို ဝင်ရောက်လာသည့်အတွက် သေမယ်၊ ထောင်ကျမယ်၊ ကံဆိုးရင် ငါတို့သေမယ်၊ ကံကောင်းရင် ငါတို့ထောင်ကျမယ်၊ ဆရာတော်တို့က ဒီအဆုံးကို တွက်ပြီးတော့ လုပ်တာပဲ။ ရဟန်းပျိုသမဂ္ဂ ထောင်ပြီးတာနဲ့တပြိုင်နက် တောင်ကြီးမြို့ရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုတဲ့ ပါတီရုံးကြီးကို တက်သိမ်းတာ၊ ပါတီရုံးကြီးတက်သိမ်းတဲ့ အခါကျတော့ ဆရာတော်တို့ကို တော်တော်လေး အငြိုးအတေး ထားထားပါတယ်၊ တယ်လီဖုန်းတွေနဲ့လည်း ဆရာတော်တို့ကို ခြောက်တယ်၊ တယ်လီဖုန်းတွေနဲ့လည်း ဆဲတယ်။
ကျော်စွာမိုး။ ။ အဲဒီတုန်းက ဟိုဘက်က မဆလ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီပေါ့။
ဦးခေမာနန္ဒ။ ။ မဆလ ပါတီပေါ့လေ၊ ဆရာတော်တို့ကို တယ်လီဖုန်းနဲ့လည်းဆဲတယ်၊ ဆဲလည်း အဆဲခံခဲ့တယ် ပေါ့လေ၊ မင်းတို့မောရင် ရပ်သွားမှာပဲ၊ အဲမှာဘယ်လိုဖြစ်လဲဆိုတော့ မြန်မာဆိုရှယ်လစ် ပါတီဝင်ကတ်တွေကို ဆရာတော်တို့ဆီ လာအပ်ကြတယ် ပါတီဝင်တွေက တမြို့လုံးပေါ့။ အကုန်လုံး “တပည့်တော်တို့ ပါတီဝင်မဟုတ်တော့ပါဘူး၊ ပါတီဝင် မဟုတ်တော့ပါဘူး” ဆိုပြီး လာအပ်ကြတယ်ပေါ့လေ။
အဲကျတော့ ဆရာတော်တို့ လက်ခံပါတယ်၊ ညီတော်မောင် မောင်ဥတ္တရ (လန်ဒန် ဆရာတော်) တို့ပဲ လက်ခံတာပေါ့လေ၊ ရှစ်လေးလုံး ဒီမိုကရေစီကိစ္စမှာ ဘုန်းကြီးတို့ ရှမ်းပြည်နယ်မှာ ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့တယ် ပေါ့လေ။ အဲလိုဆောင်ရွက်တဲ့ အခါ မှာ ဆရာတော်တို့ရဟန်းပျို ဥက္ကဋ္ဌ ဦးခေမာနန္ဒ၊ ရဟန်းပျို ဥက္ကဋ္ဌ ဆရာတော် ဦးခေမာနန္ဒ ဆိုပြီးတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာတော့ အထင်ကရဖြစ်ခဲ့တယ်ပေါ့လေ။
ဆရာတော်က ဥက္ကဋ္ဌ ဆိုတဲ့အခါကျတော့ ဒီတပည့်ဖြစ်တဲ့ ညီတော်တွေကို အထူးသြဝါဒပေးရတယ်၊ ငါတို့က ရဟန်းတော်တွေ ဖြစ်တယ်။ ရဟန်းတော်တွေဖြစ်တော့ ငါတို့က ဗုဒ္ဓရဲ့ ဝိနည်းစည်းကမ်းတွေလဲရှိတယ်၊ ဗုဒ္ဓရဲ့ ဝိနည်းစည်းကမ်းတွေရှိသလို လောကရဲ့ ဥပဒေတွေလည်းရှိတယ်၊ ဒီနှစ်ခုကို ငါတို့မကျိုး မပေါက်အောင် ထိန်းသိမ်းရမယ်၊ အလုပ်တခုလုပ်တဲ့ အခါမှာလည်း ဝိနည်းသိက္ခာကိုလည်း အပြစ်မရှိစေနဲ့၊ လူဥပဒေကိုလည်း မကျူးလွန်စေနဲ့ ဆိုပြီး ဒီမူနဲ့ ဆရာတော်တို့လုပ်တယ်။
ဒီမိုကရေစီကတော့ ငါတို့တတိုင်းလုံး အတူတူပဲ ဒီမိုကရေစီလိုချင်တယ်။ ဒီမိုကရေစီမကြိုက်ဘူးဆိုရင် အဲအချိန်က ဆရာတော် မိန့်ခွန်းတခုမှာ “ဒီမိုကရေစီမကြိုက်တာက နွားပဲ” လို့ပြောခဲ့တယ်။ ခပ်ကြမ်းကြမ်း ပေါ့လေ။ လူသားမှန်သမျှ ဒီမိုကရေစီကို ကြိုက်တယ်။ တို့ ဒီမိုကရေစီအကုန်ကြိုက်တဲ့အခါမှာ ဒီစည်းကမ်း ၂ ခုကိုလည်း မလွတ်စေနဲ့ဆိုပြီးပြောခဲ့တယ်။ ဆရာတေ်ာရဲ့အရှိန်တွေအများကြီးရခဲ့တယ်ပေါ့၊ ထိုနည်းလည်းကောင်းပဲ ဆရာတော်ရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ ရဟန်းပျိုတွေကလည်း ဆရာတော်သြဝါဒ နားထောင်ခဲ့တယ်။
အဲဒီအချိန်မှာ ပါတီကောင်စီက ပုဂ္ဂိုလ်တွေက သူတို့အာဏာရှိစဉ်အခါက လူထုအပေါ်ကို မတော်မတရား လုပ်ခဲ့တဲ့ကိစ္စတွေ များစွာရှိတယ်။ သူတို့ အာဏာစွန့်လွှတ်ရမယ့်အချိန်မှာ အဲဒီ ၈၈ အချိန်အခါမှာ ပါတီကောင်စီ တွေက ပုဂ္ဂိုလ်တွေက ကိုယ့်အိမ်ကို ကိုယ်မအိပ်ရဲကြတော့ဘူး၊အဲလိုတွေဖြစ်သွားတယ်။ ဖြစ်သွားတဲ့အခါကျတော့ ဆရာတော်တို့ကိုလာလျှောက်တယ်၊ “တပည့်တော်တို့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ပေးပါ၊ စောင့်ရှောက်ပေးပါ”။
အေးဟုတ်ပြီ..၊ ဆရာတော် ကလည်းဘယ်လိုဖြစ်သလဲဆိုတော့ တို့က ဒီမိုကရေစီလိုချင်တာ၊ အကြမ်းဖက်တာ မလိုချင်ဘူး၊ သတ်ဖြတ်တာမလိုချင်ဘူး၊ ညှဉ်းပန်းတာမလိုချင်ဘူး၊ နှိပ်စက်တာမလိုချင်ဘူး၊ တို့က ဒီမိုကရေစီ သမားတွေ၊ ဒီမိုကရေစီဆိုတာက ဥပဒေနဲ့ စည်းကမ်းနဲ့ သွားရမယ်၊ ဒါကိုလေးစားလိုက်နာရမယ်၊ ဒါက ဒီမိုကရေစီပဲ၊ ဆရာတော်ရဲ့ ခံယူချက်ပေ့ါလေ။ အဲလိုဖြစ်ပြီးတဲ့ အခါကျတော့ ဆရာတော်က ပါတီကောင်စီက ပုဂ္ဂိုလ်တွေရဲ့ ဘယ်သူ့အိမ်ကိုမှ မဖျက်ဆီးရဘူး၊ ရိုက်တာတောင်မရှိခဲ့ဘူး။
ရှမ်းပြည်က သိပ်အေးတယ်၊ သိပ်ပြီးတော့ ငြိမ်းချမ်းတယ်၊ တကယ့်ကို ဒီမိုကရေစီ စစ်စစ်ပဲ ဘုန်းကြီးတို့ပြောရဲတယ်။ ၈၈ ကာလမှာ။ အဲလိုဖြစ်တဲ့ အခါကျတော့ ဆရာတော်တို့မှာ လုပ်ရကိုင်ရတာ အဆင်ပြေတယ်ပေါ့။ ဒီကြားထဲမှာလည်း စစ်တပ်က တပ်မတော်သားတွေလည်း လာကြပါတယ်။ တပ်မတော်သားတွေ လာကြတော့ အဲအချိန်မှာ စစ်တပ်က အပြင် မထွက်ရဘူးလေ၊ တပ်မတော်သားတွေ အပြင်မထွက်ရဘူး၊ တခါတလေ တပ်မတော်သားတွေ ခရီးလွန်တဲ့ အခါကျတော့ တပ်ကိုမရောက်နိုင်ဘူး မရောက်နိုင်တဲ့ အခါကျတော့ ဆရာတော်တို့ရဟန်းပျိုအဖွဲ့တွေက စနစ်တကျ ခေါ်ဆောင်ပြီးတော့ သူတို့ရဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ပြန်ပြန် အပ်ပေးကြပါတယ်၊ အဲဒီလောက်ထိတောင် ဆရာတော်တို့က အကောင်းမြင်ဝါဒနဲ့ ဒီမိုကရေစီလမ်းကြောင်းကြီးကို လျှောက်လှမ်းခဲ့တယ်။
ကျော်စွာမိုး။ ။ အဲဒါကြောင့်လည်းပဲ ရှစ်လေးလုံးဆရာတော်လို့ ခုအချိန်အထိကို နာမည်တွင်သွားတာပေ့ါ။ ဒါပေမယ့် ဆရာတော်က ရှစ်လေးလုံးပြီးပြီးချင်း တပ်မတော်ကနေ အာဏာသိမ်းလိုက်တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ နောက်ပိုင်းမှာ ချက်ချင်း အဖမ်းခံခဲ့ရတာပေါ့။
ဦးခေမာနန္ဒ။ ။ အာဏာသိမ်းပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဆရာတော်တို့ ရဟန်းပျိုအဖွဲ့ဆီကို လာတယ်၊ ပစ်တယ်။ ပစ်လိုက်တဲ့ အခါကျတော့ ဆရာတော်က ဘာဖြစ်သွားလဲဆိုတော့ ပစ်ပြီ ပစ်တဲ့အသံတော့ကြားရပြီ၊ ကဲ…၊ ငါတို့ကတော့ ညီတော် မောင်ဥတ္တရတို့ ပါတာပေါ့၊ အခုတော့ လန်ဒန်ရောက်သွားပြီ၊ ညီတော်မောင်ရေ…၊ ငါတို့ အရင်ကတည်းက ရဟန်းပျိုစတင် ဖွဲ့စည်းခဲ့ ကတည်းကိုက ငါတို့က ကံကောင်းရင် ထောင်ကျမယ်၊ ကံဆိုးရင် သေမယ် ဒီနှစ်ခုပဲ ငါတို့က လမ်းကြောင်းက ရွေးပြီးသား။
မနက်ခင်း ၆ နာရီလောက်ပေါ့လေ၊ ဆရာတော်တို့ ကဲ အားလုံး ၁၁ ပါး အဖမ်းခံမယ်ဆိုပြီးထွက်လာတာ။ ထွက်လိုက်တဲ့ အခါကျတော့ ဆရာတော်တို့ ၁၁ ပါးလုံးက ကဲဖမ်းပါ၊ ဖမ်းပါဆိုတဲ့အခါကျတော့ ဒုဗိုလ်မှူးကြီး အောင်ဆန်း ခမရ ၁၇ ၊ သူက စစ်ကြောင်းမှူး တာဝန်ကျတယ်ပေါ့။ သူကစစ်ကြောင်း အမှတ်တံဆိပ်လေးနဲ့ ကျန်တဲ့ဆရာတော်တွေ မလိုချင်ဘူး၊ သူက ဆရာတော် ဦးခေမာနန္ဒ တပါးတည်းပဲ လိုချင်တယ် တဲ့။ ကဲဒကာကြီး ဆရာတော်ပဲ၊ ဆရာတော်က ဝါတွင်းကို သက်သတ်လွတ်စားတယ်၊ အဲတော့ အေးတဲ့အခါကျတော့ သက္ကလပ်ခြုံထည်လေး ခြုံထားတယ်၊ နောက်ကနေ ဆရာတော်က ဗုဒ္ဓဂါယာက နံသာဖြူပုတီးလေးနဲ့ ပုတီးစိပ်နေတာ။
အဲလိုဖြစ်တဲ့ အခါကျတော့ ဗိုလ်ကြီးမြင့်လွင်နဲ့ ဗိုလ်နိုင်ဦးက ဆရာတော်ကို သေနတ်တွေနဲ့ လာထောက်ထားတာ၊ နာမည်တွေတော့သိတယ်။ ကိုယ်ပိုင်နံပတ်တွေတော့ ဘုန်းကြီးမမြင်ရဘူး။ ဗိုလ်ကြီးမြင့်လွင်နဲ့ ဗိုလ်နိုင်ဦး၊ သူတို့တွေက သေနတ်တွေလာချိန်ထားတယ်။
“ဒကာတို့ ဆရာတော်မှာ ဘာမှမရှိဘူး၊ ဘာလို့ ဒီဟာတွေကိုချိန်ရတာလဲ၊ မင်းတို့ငရဲကြီးမယ်”၊ ဆရာတော်က သင်္ကန်းတွေ အကုန်လှန်ပြလိုက်တာ၊ အဲဒီတော့မှ သူတို့သေနတ်တွေကို အောက်ချသွားတယ်၊ အောက်ချသွားတော့ ရှေ့မှာဆရာတော်တို့ ရဟန်းပျိုအဖွဲ့ကို စောင့်ရှောက်နေတဲ့ ဝေယျာဝစ္စလုပ်ပေးနေတဲ့ ရင်မောင်သန်းဆိုတဲ့ ကလေးလေးပေါ့၊ ဘုန်းဘုန်းတို့ရှေ့မှာ တုံးလုံးလေးဖြစ်နေတယ်၊ သေတော့မယ်၊ သေနတ်ကလည်း မှန်ထားတော့ ညာဘက်က ပစ်လိုက်တာဆိုတော့ ဘယ်ဘက်ပါးကြီး ပွင့်သွားတာပေါ့၊ ၈ တန်းကျောင်းသားလေးပဲ ရှိသေးတယ်။
ဘုန်းဘုန်းက စိတ်မကောင်းဘူးလေ။ ဘုန်းဘုန်းလည်း ဖမ်းနေပြီဆိုတော့ ဒီကလေးလေး ငါဘယ်လိုကယ်ရပါ့မလဲ၊ အသက်တော့ မထွက်သေးဘူးပေါ့၊ အသက်ရှူတာ ဖူးဖူးနဲ့ဆိုတော့ ဘယ်ဘက်ပါးကပွင့်သွားတဲ့ အခါကျတော့ သွေးတွေက ထွက်နေတာ။
အဲတော့ ဘုန်းဘုန်းက ဘာမှမတတ်နိုင်တော့ဘူးပေါ့၊ ဘုန်းဘုန်းကို ဖမ်းသွားတာပေါ့။ ဖမ်းသွားတဲ့အခါကျတော့ ဒုဗိုလ်မှူးကြီး အောင်ဆန်းက ရှေ့ကပေါ့၊ ဗိုလ်မှူးမြင့်လွင်နဲ့ အောင်နိုင်ဦးတို့က ဘုန်းဘုန်း နောက်ကပေါ့၊ သေနတ်တွေနဲ့ ဖမ်းသွားတယ်။ အဲမှာ ရဟန်းပျိုမယ်၊ ဘုန်းဘုန်းတို့က လုံခြုံဥက္ကဋ္ဌဆိုတဲ့ ဦးပညာဝံသဆိုပြီး ရှိတယ်။ ဘုန်းဘုန်းတို့က သူ့ဟာနဲ့သူ တာဝန်ပေးထားတာပေါ့၊ ဦးပညာဝံသ၊ သူက စစ်ထွက်၊ စစ်တပ်အကြောင်းနားလည် တယ်၊ သေနတ်အကြောင်း နားလည်တယ်၊ သူက စစ်ထွက်ဆိုတော့ သူ့ကို လုံခြုံဆိုပြီး တာဝန်ပေးထားတယ်။
သူ့ကို တာဝန်ပေးလိုက်တဲ့ အခါမှာ အဲချိန်မှာ စစ်တို့၊ ရဲတို့ကမထွက်ရဘူး၊ သေနတ်လည်းမကိုင်ရဘူး။ အဲအချိန်မှာ ရဲကနေပြီးတော့ ကိုနုဆိုတဲ့ပုဂ္ဂိုလ်က နေပြီးတော့ ဘီ ၅၂ စတင်းဂမ်းဆိုတဲ့ သေနတ်နဲ့အပြင်ကို ထွက်တာ အရပ်ဝတ်ကြီးနဲ့ အရပ်ဝတ်ကြီးနဲ့ အဲလိုထွက်လိုက်တဲ့ အခါကျတော့ ဒီတောင်ကြီးဟိုတယ်မှာ လုံခြုံရေးစောင့်တဲ့ ခမောက်နီဆိုတဲ့ ဘုန်းဘုန်းရဲ့တပည့်တွေ ရှိတယ်။ သူတို့ကနေ ဒီလူကိုမသင်္ကာလို့ဆိုပြီး၊ ဘယ်သူတွေလဲဆိုပြီး အဲလူကို ဖမ်းပြီးတော့ သေနတ်ကို သိမ်းတာပေ့ါ၊ သိမ်းတဲ့ အဲခါကျတော့ လုံခြုံ ဥက္ကဋ္ဌ ဦးပညာဝံသဆီ အပ်ထားတယ်၊ အပ်ထားတဲ့ အခါကျတော့ ဆရာတော်က ဘာမှမသိရှာဘူး၊ မသိရှာတဲ့အခါကျတော့ ဆရာတော်ကို ဖမ်းပြီးတော့ မိန်းလမ်းပေါ် ရောက်တော့မှ ဦးပညာဝံသ လူတွေကလည်းအများ ကြီးပေါ့၊ အဲတော့ ဦးပညာဝံသက ဒကာကြီး ညတုန်းက ရဲနဲ့ဒီကလေးတွေနဲ့ ပြဿနာဖြစ်လို့ ညတုန်းက ဒီသေနတ်၊ ရဲကို ပြန်အပ်လိုက်ရမလား၊ ဒကာကြီးတို့ကို ပြန်အပ်လိုက်ရမလားဆိုပြီး၊ ဦးပညာဝံသ သေနတ်ကြီးထောင်လိုက်တာ ဘုန်းဘုန်းက ဝေးဝေးကမြင်လိုက်တာပေါ့။
ပေးဆိုပြီးတော့ယူတာ၊ ဒုဗိုလ်မှူးကြီး အောင်ဆန်းက ယူလာတဲ့အခါကျတော့ ရွှေကိန္ဒရီပေါ့ ရှမ်းမင်းသား လက်ဖက်ရည်ဆိုင် ဆိုတာရှိတယ်၊ ရှမ်းမင်းသားလက်ဖက်ရည်ဆိုင်နားကျတော့ ဒုဗိုလ်မှူးကြီး အောင်ဆန်း ဆိုတဲ့ပုဂ္ဂိုလ်က ထောက်လှမ်းရေးပုဂ္ဂိုလ်ကို ဒီမှာတဲ့ ဒီကိုယ်တော်ကို ဒီသေနတ်ကြီးနဲ့ မိပြီဆိုပြီး တင်ပြတာ၊ ဒီမှာဆရာတော်က ဟဲ့ကောင် မင်းကတပ်မတော်က အရာရှိတယောက်ဖြစ်ပြီးတော့ ဒီလိုဘာလို့ လိမ်ရသလဲ၊ ငါဒီမှာ ဒီလိုမဟုတ်တာတွေ လုပ်တာမကြိုက်လို့ ဒီ ဒီမိုကရေစီအရေး အခင်းမှာပါတာ၊ မင်းမဟုတ်တာကို မတင်ပြနဲ့ မင်းသေနတ် မင်းဘာသာယူလာတာ ငါနဲ့ဘာဆိုင်လို့တုန်း၊ မင်းအမှန်ကို အမှန်အတိုင်းတင်ပြဆိုပြီး ပြောတာ။
အဲတော့ ထောက်လှမ်းရေးတပ်မှူးကနေပြီးတော့ တပည့်တော် ဖြေရှင်းပေးပါ့မယ် ဘုရားဆိုပြီး ဆရာတော်ကို အချုပ်ကားထဲ တင်လိုက်ကြတာပေါ့။ အဲတော့ နိုင်ငံတော်မှာ ဘယ်လိုဖြစ်သလဲဆိုတော့…၊ ရှမ်းပြည်နယ် ရဟန်းပျိုဥက္ကဋ္ဌ ဆရာတော်က ဘီ ၅၂ စတင်းဂန်းနဲ့ မိပါတယ်ဆိုပြီးတော့ ရေဒီယိုကနေကြေညာတာ၊ ဆရာတော်က အမှန်လိုချင်တဲ့ ဆရာတော် တပါးဆိုတော့ မမှန်တာကို ဘယ်လိုမှ လက်မခံနိုင်ဘူး။ အဲကိစ္စကို ဆရာတော်က သဲကြီးမဲကြီးပြောတာ၊ အဲဒီလိုဖြစ်တဲ့အခါကျတော့ သူတို့က မကျေနပ်ကြဘူး။
ထိုစဉ်အခါက (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်) တိုင်းမှူးဆိုတာ ဗိုလ်ချုပ်မောင်အေးပေါ့။ အခုအခါတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အတူ အနားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီး မောင်အေးပေါ့။
ကျော်စွာမိုး။ ။ အဲအချိန်တုန်းက သူကဒီမှာတိုင်းမှူးပေါ့။ ဘုန်းဘုန်းရဲ့ဖမ်းဆီးမှုနဲ့ သူက ဘယ်လိုပတ်သက်သလဲ။
ဦးခေမာနန္ဒာ။ ။ သူက ဘုန်းဘုန်းနဲ့ ဖမ်းဆီးမှုမှာ အဓိကတာဝန်ရှိတာပေါ့။ တောင်ကြီးမြို့မှာဆိုရင် သူက အဓိကတာဝန် အရှိဆုံး ပုဂ္ဂိုလ်ပဲ။ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဆိုတာ ဘုန်းဘုန်းဘယ်လို ပြောရမလဲဆိုတော့…၊ ဘုန်းဘုန်းတို့ ဖမ်းတယ်၊ ဖမ်းတဲ့အခါကျတော့ အဲနေရာမှာ အချုပ်ကားလာတယ်၊ အဲအချုပ်ကားပေါ် ဘုန်းဘုန်း ရောက်သွားတဲ့ အခါကျတော့ အချုပ်ကားပေါ်မှာ ဘယ်သူ တွေ့သလဲဆိုတော့ ဒေါက်တာတင်ဝင်း ဆရာဝန်တွေ့တယ်၊ သပိတ်ဥက္ကဋ္ဌ ပေါ့လေ။ နောက် EPC ဦးချို တွေ့တယ်၊ ဘဏ်မန်နေဂျာကြီး ဦးဝင်းမောင် တွေ့တယ်၊ ကျူရှင်ဆရာ ကိုမြင့်သန်းကို တွေ့တယ်။
ဘုန်းဘုန်းအရင် သူတို့ကို ဖမ်းလာတာ။ သူတို့မှာ ခေါင်းစွပ်တွေ စွပ်ထားတယ်။ အဝတ်အစားတွေ ကျတော့ ဒီဒကာတွေ က ဘုန်းဘုန်းနဲ့ အတူတူသွားလာ နေတဲ့သူတွေဆိုတော့၊ အဝတ်အစားတွေ ကြည့်လိုက်တော့ ဒီဒကာတွေ ဖြစ်နေတာကိုး။ ဘုန်းဘုန်းကတော့ ဘာမှမပါဘူးလေ၊ သင်္ကန်းလေးနဲ့ ဒီလိုပဲလိုက်သွားတာပေါ့။ ဘုန်းဘုန်း အသံကြားတော့ ဘဏ်မန်နေဂျာကြီး ဦးဝင်းမောင်က ဆရာတော် ရောက်လာတာလားဆိုတော့ ဟုတ်တယ်ဒကာကြီးလို့ ပြောတော့ “ဆရာတော် တပည့်တော် အသက်ရှူလို့မရဘူး” ဆိုတော့ ဆရာတော်က ဒကာကြီးခေါင်းကို စွပ်ထားတဲ့ အစွပ်ကိုချွတ်ပေးလိုက်တော့ နောက်ကစောင့်တဲ့ရဲဘော်က ဆရာတော်ဘာလို့ ချွတ်ပေးလိုက်ရတာလဲဆိုတော့ ဟ မင်းလူပဲ မချွတ်ပေးရင် သေသွားမှာပေါ့၊ မင်းတို့ဖမ်းတာကဖမ်း၊ ထောင်ချတာကချပေါ့၊ လူသားတယောက်ကို ဒီလိုမလုပ်သင့်ဘူးဆိုပြီး ဆရာတော်ချွတ်ပေးလိုက်တာ။
နောက် ဆရာတော်တို့ကို အဲဒီကားကြီးနဲ့ ရပက (အရှေပိုင်းတိုင်း စစ်ဌာနချုပ်) ကိုခေါ်သွားတာပေါ့။ ရပက ရောက်တော့ ဆရာတော်ကိုလည်း ငါးခြောက်အိတ်နဲ့ စွပ်တာပေါ့လေ။ ရဲဘော်လေး တယောက်က ဆရာတော်ကို စွပ်ရမှာလားဆိုပြီး အနောက်ကို အမိန့်ပြန်ခံတယ်။ ဆရာတော်မျက်စိကလည်း မြင်တယ်၊ နားနဲ့လည်းကြားတယ်၊ ဟေ့ကောင် ဒီကားပေါ်ရောက်ရင် ဆရာတော်မဟုတ်တော့ဘူး၊ “စွပ်” ဆိုတဲ့အသံကြားရတယ်။ အဲတော့ ငါးခြောက်အိတ်နဲ့ လာစွပ်တာပေါ့။ ငါးခြောက် ထည့်ထားတဲ့ ဆာလာအိတ် နံစော်နေတာပေါ့၊ ဘုန်းဘုန်း အသက်တောင် မရှုနိုင်ဘူး နံ့လိုက်တာမှ၊ အခုထက်ထိ ဆရာတော်က ငါးခြောက်မြင်တိုင်း အဲဒီရက်ကို သတိရတယ်၊ ဆွမ်းပွဲမှာ ငါးခြောက်ပါရင် တန်းသတိရတော့တာပဲ။
ကျော်စွာမိုး။ ။ အဲဒါနဲ့ ဆရာတော်က တခါတည်း ထောင်ထဲ အထည့်ခံလိုက်ရတာပေါ့၊ ထောင်ထဲမှာ ဘယ်နှနှစ်လောက် နေလိုက်ရသလဲ။
ဦးခေမာနန္ဒ။ ။ ထောင်ထဲမှာ ၉၃ မှ လွတ်တာပေါ့။ ၈၈ ကတည်းကဆိုတော့၆ နှစ်လောက်ရှိတာပေါ့။ အဲဒီမှာ တော်တော်လေးကို တွေ့ရပါတယ်၊ ဆရာတော်တို့ ဟိုထဲရောက်တော့ ဒုက္ခသုက္ခပေါင်းစုံပေါ့လေ၊ စစ်ကြောရေးမှာ လည်း ဒီလိုပဲပေါ့၊ မင်းတို့က ဘာဒီမိုကရေစီလဲ၊ ဟိုကုလားမတောင် ငါတို့က သူ့အဖေမျက်နှာကြည့်နေလို့ပေါ့။
ကျော်စွာမိုး။ ။ အဲဒါ စစ်ကြောရေးဘက်က ပြောတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွန်းပြီးပြောတာပေါ့။
ဦးခေမာနန္ဒ။ ။ ဟုတ်တယ်။ ဟုတ်တယ်။ သူ့အဖေ (ဗိုလ်ချုပ်အောင်ဆန်း) မျက်နှာရှိနေလို့ပေါ့လေ။
ကျော်စွာမိုး။ ။ အခုဆိုရင် ၁၉၈၈ ခုနှစ်တည်းက တွက်မယ်ဆိုရင် တပည့်တော်တို့ နှစ်ပေါင်းကမနည်းတော့ဘူး၊ နှစ်ပေါင်း ၃၀ လောက်ရှိပြီပေ့ါနော်၊ ဆိုတော့ ခေတ်တွေကလည်း ပြောင်းခဲ့တာပေါ့နော်၊ မဆလခေတ်၊ ပြီးတော့ စစ်အစိုးရခေတ် ၂ ဆက်ရှိခဲ့တယ်၊ ပြီးတော့ ဦးသိန်းစိန်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ခေတ်ပေါ့နော်၊ ပြောရမယ်ဆိုရင် စစ်တပ်က ဗိုလ်ချုပ်ဟောင်းတွေ အုပ်ချုပ်တဲ့ ခေတ်တခေတ်ပေါ့၊ အခုဆိုရင် ဆရာတော်ကိုယ်တိုင် ထောက်ခံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရက အုပ်ချုပ်နေပြီပေါ့..၊ တိုင်းပြည်ကို။ ဆိုတော့ အဲဒီတလျှောက်လုံး နိုင်ငံရေးကို သုံးသပ်မယ်ဆိုရင် ဆရာတော်အနေနဲ့ ဘယ်နေရာမှာ ရောက်နေပြီလို့ သုံးသပ်လို့ရသလဲ၊ ကျေနပ်စရာကောင်းလား။
ဦးခေမာနန္ဒ။ ။ ကျေနပ်စရာ မကောင်းပါဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီသွားတဲ့ အခါမှာ ပြုပြင်ပြောင်းလဲရမယ့် နေရာတွေကတော့ အများကြီးရှိတာပေါ့၊ သူ့ကဏ္ဍနဲ့ သူ့ကဏ္ဍအလိုက်ပေါ့လေ။ ဆရာတော်ကတော့ ဒီမိုကရေစီကတော့ အာရုဏ်ပဲ လာတယ်လို့ပြောလို့ရတယ်၊ အလင်းရောင်မလာသေးဘူး၊ အာရုဏ်တက်ပါပြီ လင်းဖို့ပဲကျန်ပါတော့တယ်။
ကျော်စွာမိုး။ ။ ဘယ်လိုနေရာတွေကို အဓိက ဆရာတော်ပြောင်းဖို့ လိုအပ်တယ်လို့မြင်သလဲ၊ ဘယ်လိုပြောင်းလို့ ရမယ်ထင်သလဲ။ အားလုံးသိတဲ့ အတိုင်းပေါ့လေ…၊ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ခံဖြစ်သွားပြီ၊ ဦးထင်ကျော်ကလည်း ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားတဲ့ သမ္မတဖြစ်တယ်၊ ဒါပေမယ့်လည်းပဲ ဝန်ကြီးဌာန တွေမှာ ဆိုရင် တပ်မတော်ဘက်ကနေ အဓိက ထိန်းချုပ်ထားတဲ့ ဝန်ကြီးဌာန ၃ ခုပေါ့လေ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ပေါ့၊ ပြီးတော့ အစိုးရယန္တရား တခုလုံးကို ကြည့်မယ်ဆိုရင် တကယ့် ထိပ်ပိုင်းလေးတွေမှာတင်ပဲ NLD ဘက်က လူတွေကိုခန့်ထားတာကို ကျန်တဲ့နေရာတွေက အရင်အစိုးရ နေရာအတိုင်းပဲ ဆိုတော့ ဘယ်နေရာကနေ စပြောင်းဖို့လိုမယ်လို့ ထင်သလဲ။ ခုနဆရာတော် ပြောတဲ့အထဲမှာ။
ဦးခေမာနန္ဒ။ ။ ပြောင်းရမယ့် အများကြီးထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းရမှာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရပဲသွားရမှာ။ ဒီလိုမှ မသွားနိုင်ဘူးဆိုရင် ဘယ်လိုမှမကောင်းနိုင်ဘူး။
ကျော်စွာမိုး။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာဆိုရင် အားလုံးပြောနေကြတဲ့ တပ်မတော်က ၂၅ ရာခိုင်နှုန်း ရွေးကောက်မခံဘဲ ရထားတဲ့အချက်လိုဟာမျိုးကို ဆိုလိုတာပေါ့။
ဦးခေမာနန္ဒ။ ။ ဒါပေါ့ ဆရာတော်တို့က ဒီမိုကရေစီလေ၊ ဒီမိုကရေစီကျကျပဲ ပြောရမှာကိုး။
ကျော်စွာမိုး။ ။ အဲဒီဟာကျတော့ရော ဆရာတော် ဒီလောက်လွယ်ပါ့မလား၊ လက်တွေ့ကျကျဖြစ်ပါ့မလား၊ အခုအချိန်မှာ ဘာပဲပြောပြော၊ တပ်မတော်က အင်အားကြီး အဖွဲ့အစည်းတခုပဲ၊ တပည့်တော်တို့ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်ကတည်းက နိုင်ငံရေး၊ စီးပွားရေး၊ နယ်ပယ်အသီးသီးမှာ သူကပတ်သက်နေတာကိုး၊ ထိန်းချုပ်ထားတာကိုး။ အရင်တုန်းကဆိုရင် မြန်မာ့နိုင်ငံရေး ၁၀၀ ရာခိုင်နှုန်းအပြည့် တပ်မတော်က ထိန်းချုပ်ထားတယ်လို့ ပြောလို့ရတယ်။ အခုကျတော့လည်း လျှော့အုပ်ချုပ်တယ် သို့ပေမယ့်လည်းပဲ အများကြီးရှိနေတုန်းပဲ၊ ဖွဲ့စည်းပုံ အရ ဆိုတော့ လွယ်ပါ့မလား။
ဦးခေမာနန္ဒ။ ။ ဒါက ဒီလိုရှိတယ်၊ လွယ်ပါ့မလားဆိုတဲ့ မေးခွန်းနဲ့ ကိုယ်လိုချင်တဲ့အဖြေကို ရအောင်တော့ လုပ်ယူရမှာပဲ၊ ကိုယ်လိုချင်တဲ့ အဖြေရအောင်ယူမယ် ဆိုတာက တပ်မတော်ပိုင်းကလည်း ခုနအရေးကြီးတဲ့ အပိုင်းတွေကိုင်ထားတယ် ဆိုတာ တနေ့ကျလို့ရှိရင် လွှတ်မယ်၊ လွှဲမယ်၊ လိုက်လျောမယ်ဆိုတာ ဆရာတော် ယုံကြည်ပါတယ်။
ဒါပေမယ့် ဘယ်လောက် ကြာမယ်ဆိုတာတော့ ဆရာတော်တို့ ခန့်မှန်းလို့ ခက်တာပေါ့လေ။ ဘယ်လောက် ကြာမယ်ဆိုတာ တော်တော်လေးစောင့်ကြည့်ရမှာပေါ့လေ။ စောင့်ကြည့်ရမယ်ဆိုတာ ဆရာတော်တို့ တခါတလေကျလို့ရှိရင် မထင်တာတွေကလည်း ဖြစ်လာတတ်တဲ့ အနေအထားမျိုး ရှိတာကိုး။ အခုဘာဖြစ်လဲ ဟိုတနေ့က ရန်ကုန်မှာ ဦးကိုနီတို့ သေတဲ့ကိစ္စတွေ၊ အကြမ်းဖက်လုပ်ကြံခံရတဲ့ကိစ္စတွေ…၊ ဒါတွေကတော့ အလွန်တရာမှ အစွန်းရောက်တဲ့ အကြမ်းဖက်တဲ့ကိစ္စ၊ ဆရာတော် အမြဲတမ်းပြောတယ်၊ တိုင်းပြည်မှာဆရာတော်တို့က လူမျိုးရေးစကား မပြောဘူး၊ ဘာသာရေး ဘယ်တော့မှ ဘုန်းကြီးစကားမပြောဘူး၊ သူ့ယုံကြည်ချက်၊ ကိုယ့်ယုံကြည်ချက်ပဲ။
အဲဒီတော့ ဆရာတော်က ဦးကိုနီရက်လည် ၇ ရက်ပြည့်လို့ ကုသိုလ်ကောင်းမှုတွေ လုပ်တယ်၊ ဆရာတော်ပြောတယ် အစ္စလာမ် ဘာသာတွေ များတယ်၊ ရေစက်ချတဲ့အခါမှာ ဆရာတော်က ရေစက်ချပေးတယ်။ အဲ အစ္စလာမ်ဘာသာတွေ အကုန်လိုက်ဆို…၊ တို့ဗုဒ္ဓဘာသာမို့လို့ ရှိခိုးတာမဟုတ်ဘူး၊ ငါးပါးသီလ ဗုဒ္ဓံသရဏံ ဆိုတာမဟုတ်ဘူး၊ ရေစက်ချတယ် ဆိုတာ ဘာသာတရားတော်အရ မင်းတို့သိထားတဲ့အတိုင်း ဆုတောင်းတာ၊ မေတ္တာပို့တာ၊ အမျှဝေတာ၊ ဘာသာတိုင်း လုပ်လို့ရတဲ့ဟာ ဒီဟာလုပ်လို့ ဘာသာ မပျက်ဘူးဆိုတော့ သူတို့အကုန်လုံး လိုက်လိုက်လျောလျော လိုက်ဆိုကြတယ်၊ သူတို့ကျေနပ်သွားတယ်။
ဒီတော့ မတူတာတွေ တူလာအောင်၊ မသိတာတွေ သိလာအောင် ဒီလိုပြောဆိုတဲ့ အခါမှာ ဒီလိုတွေ့ဆုံတဲ့အခါမှာ ဒါတွေက အကုန်ပူးပေါင်းသွားမှာ။ ဆရာတော် အဲဒီနေ့ကပြောတယ်၊ ဦးကိုနီဟာ အစ္စလာမ် ဘာသာဝင် ယုံကြည် သက်ဝင်ပြီးတော့ သေဆုံးသွားတယ်၊ တိုင်းပြည်ရဲ့တကယ့်ကိုမှ ဥပဒေပညာရှင် တယောက် ဆုံးရှုံးသွားတယ်၊ ငါတို့တော်တော် ခံစားရတယ်၊ ဘာဖြစ်လို့လဲ ငါတို့တိုင်းပြည်အတွက် လုပ်ကျွေးသမှု ပြုရမယ့်ပုဂ္ဂိုလ် တယောက်။ ကျန်တဲ့ဟာတွေ မပြောနဲ့ အစ္စလာမ် မပြောနဲ့၊ ဘာသာမပြောနဲ့ လူမျိုးမပြောနဲ့ ဘုန်းကြီးက ဒီဟာကိုပြင်းပြင်း ထန်ထန် ပြောခဲ့တယ်။ တို့ ဦးရာဇာတ်ကြီး အာဇာနည်ထဲမှာပါတယ်။ သံအမတ်ကြီး ဦးဖေခင် ဘယ်လောက်တော်သလဲ၊ အခုတခါ ဦးကိုနီဘယ်လောက် တော်သလဲ။ ငါတို့က တိုင်းပြည်အတွက် အသုံးချရမယ့်ပညာရှင်တွေ ဆုံးရှုံးသွားတာ၊ ဒီဟာတွေက တကယ်တမ်း တိုင်းပြည်နာတယ်ကွ။
ကျော်စွာမိုး။ ။ ဦးကိုနီအကြောင်း ဘုန်းဘုန်းပြောတဲ့ အတွက်ပေါ့နော်၊ ဦးကိုနီ ကိစ္စဆိုလည်း သူက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်ဖို့အတွက်ကိုလည်း တစိုက်မတ်မတ် ပြောဆိုခဲ့တယ်၊ ခုန ဘုန်းဘုန်းပြောသလိုပေါ့၊ နောက်ပြီးတော့လည်း တခြား NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ တရားရေးနဲ့ ပတ်သက်ပြီးတော့လည်း တကယ့် အကြံပေးပေါ့။ ဒီကိစ္စကို အားလုံးပြောနေကြတာတော့ သို့လော သို့လောပေါ့နော်၊ ဘယ်သူသတ်သလဲပေါ့။ သတ်တဲ့တရားခံလည်း တပည့်တော်တို့ မိထားတာတွေ့ရတယ်။ ဒါပေမယ့်လည်း နောက်မှ မမြင်ရတဲ့လက်တွေ ရှိတယ်လို့ပြောကြတယ်၊ ဘုန်းဘုန်းဘယ်လို အဲအပေါ်မှာသုံးသပ်လို့ရသလဲ။
ဦးခေမာနန္ဒ။ ။ ဘုန်းဘုန်းကတော့ ဦးကိုနီ(အသတ်ခံရ) ပြီလို့ ပြောကတည်းက ဘုန်းဘုန်းနဲ့ ပတ်သက်တဲ့ ဒကာ၊ ဒကာမတွေကို ပြောတယ် ဒီသတ်တဲ့အကောင်က ကြေးစားသမားပဲလို့ တန်းပြောတာ၊ ပိုက်ဆံရလို့ လုပ်တဲ့အကောင်ပဲ၊ ဒီဟာကလည်း ဘုန်းဘုန်းတို့ တိုင်းပြည်မှာ အမြဲတမ်းသတိထားရမယ့် ကိစ္စပဲ။
အခုဆရာတော်က ဘယ်လိုဖြစ်သလဲဆိုတော့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ကိုသိပ်ပြီးပြောချင်တာ။ ဘာဖြစ်လဲ သူက ပြည်သူချစ်တာကိုး၊ ဒကာမကြီးက ပြည်သူကို ချစ်တယ်၊ ပြည်သူကလည်း ဒကာမကြီးကိုချစ်တယ်၊ အဲတော့ ဘုန်းဘုန်းတို့ ဗမာလူမျိုးတွေက ဘာဖြစ်လဲ ချစ်တဲ့အခါကျတော့ ဥပမာ ပန်းလေးပေးတာတို့၊ အမေစု မိန့်ခွန်းလေး ပြောပေးပါလို့ အစရှိသဖြင့် လက်ဆောင်လေး ပေးတာတို့ လုံခြုံရေးဘက်က ပြောရမယ်ဆိုရင် စိုးရိမ်စရာ ကောင်းတယ်။
ဘာဖြစ်လို့လဲ စိုးရိမ်စရာကောင်းသလဲ ဆိုတော့ ဒီဟာတွေက သင်ခန်းစာတွေက မရှေးမနှောင်းမှာ ၇ ရက်၊ ၈ ရက်လောက်ပဲ ရှိသေးတယ်။ နောက်ပြီးတော့ ရန်ကုန်မြို့လယ်ကောင်ကြီးမှာ နေ့ခင်းကြီးမှာ လူမြင်ကွင်းကြီးမှာ ဒီလိုလုပ်တယ်ဆိုတဲ့ ဟာက ဒကာကျော်စွာရေ သိပ်စဉ်းစားစရာကောင်းနေပြီ၊ အရူးကွက် နင်းတာလား၊ သို့မဟုတ်ရင် နတ်သားကွက် နင်းတာလား၊ ဘာအကွက်ကို နင်းမှန်းမသိဘူး၊ ဆရာတော်ကတော့ ဒီလိုပဲ သုံးသပ်တယ်လေ။ နောက်ကွယ်မှာ ဧကန်မုချရှိတယ်။ နောက်ကွယ်မှာရှိတဲ့ ပုဂ္ဂိုလ်ကိုလည်း တို့တိုင်းပြည်မှာ နောင်ဒီဟာမျိုးကြီး မဖြစ်အောင် ဖော်ထုတ်ရမယ်၊ ဥပဒေနဲ့အညီအရေးယူရမယ်။
ကျော်စွာမိုး။ ။ ဒီနေရာမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘုန်းဘုန်းရဲ့သဘောထားကို သိချင်တာကတော့ အဲဒါ တပည့်တော်တို့ နိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကတည်းကိုက ၁၉၄၇ မှာ အာဇာနည်ခေါင်းဆောင်တွေ အသတ်ခံရတယ်၊ တလျှောက်လုံးမှာလည်း နိုင်ငံရေးကြောင့် ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီးတို့ အသတ်ခံရတယ်၊ နောက်ပြီးတော့ ကွန်မြူနစ်ထဲမှာ ဆိုရင်လည်း မတူညီတဲ့ ကွန်မြူနစ်တွေ ဟိုဘက်ဒီဘက် သတ်တာတွေ အများကြီးရှိခဲ့တယ်။ ၂၀၀၈ မှာဆိုရင် KNU ခေါင်းဆောင် ဖဒိုမန်းရှာ အသတ်ခံရတယ်။ အခုဆိုရင် ၉ နှစ်လောက်ရှိတဲ့ အထဲမှာ ဦးကိုနီပေါ့။ အဲဒီသံသရာကရော တကယ်ပဲ နိုင်ငံရေးအစွန်းရောက်တွေနဲ့ ပတ်သက်တာပဲ။ တပည့်တော်တို့ နိုင်ငံမှာ အခုထိ မဆုံးသေးဘူး။ အနာဂတ်မှာဆိုရင်ရော ဘယ်လို ဆုံးလို့ရမယ်ထင်လဲ။
ဦးခေမာနန္ဒ။ ။ ဆရာတော်ပြောချင်တာက ဒီသံသရာကြီးကို ဆုံးအောင်ဆိုတဲ့ဟာက ဘာတွေလုပ်ရမလဲဆိုတဲ့ အခါကျတော့ ဘုန်းဘုန်းတို့ လူတွေဟာ ညံ့တော့မညံ့ဘူး ပေါ့လေ၊ ဒါပေမယ့် ဘုန်းဘုန်းတို့လူတွေက အ,တယ်။ ညံ့တာနဲ့ အ,တာနဲ့ ဒီဟာ ခွဲခြားသိဖို့လိုတယ်၊ ဘာဖြစ်လဲဆိုတော့ ကိုကြည်လင်း ဦးကိုနီကိုသတ်တယ်၊ ဘုန်းကြီးတို့ ဒကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂဠုန်ဦးစောတို့က လုပ်ကြံတယ်။ ဒီလူတွေကို ပြန်ကြည့်တဲ့ အခါကျတော့ ဒီလူတွေ လူညံ့တွေတော့ မဟုတ်ဘူးလို့ ဆရာတော်သုံးသပ်မိတယ်။ သူတို့ကို ချီးကျူးတာမဟုတ်ဘူးနော်၊ အမွှန်းတင်နေတာ မဟုတ်ဘူး။ ဒီကောင်တွေ အစွန်းရောက်ပြီးတော်နေတဲ့ ပုဂ္ဂိုလ်တွေပေါ့လေ။
ဒီသံသရာကြီးကို ဆုံးအောင် ဘယ်လို လုပ်ရပါ့မလဲဆိုတော့ ဆရာတော် အမြဲတမ်းပြောပါတယ်၊ တို့လူမျိုးတွေဟာ တို့တိုင်းပြည်ကို ဗုဒ္ဓဘာသာလို့ အမည်ခံထားတဲ့ ဗုဒ္ဓဘာသာဝင်တွေအများကြီး ဖြစ်ပါတယ်၊ ဗုဒ္ဓရဲ့ယဉ်ကျေးမှုတွေအရ ဘုန်းကြီးတို့ရဲ့ နံပတ်တစ် စည်းကမ်းအရ ပါဏာတိပါတာ သူများ အသတ်ကို မသတ်ပါဘူးလို့ စည်းကမ်းချက်ကြီးကို ဆိုထားပြီးတော့ ဗုဒ္ဓဘာသာလို့ အမည်ခံထားပြီးတော့ တိရိစ္ဆာန်လေးတောင် မသတ်ရပါဘူးလို့ ဆိုထားတဲ့ဟာက လူကိုသတ်တယ်ဆိုတော့ ဘုန်းကြီးတို့က ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာလို့ပြောတာ ရှက်စရာကောင်းတယ်။
အဲနေ့က ဘုန်းဘုန်းက ပြောလိုက်သေးတယ် ဦးကိုနီ သေသွားတော့ အစ္စလာမ်ဘာသာဝင်တွေ တခွန်းမှကိုမပြောဘူး၊ အဲဒီနေရာမှာ ဥပဒေပညာရှင် ဗမာတယောက်ကို ကုလားက သတ်လိုက်စမ်းပါ တို့တိုင်းပြည်မှာ ဘာဖြစ် သွားနိုင်မလဲပေါ့။ ဆိုတော့ ဘုန်းကြီးတို့လူမျိုးတွေက ဒီသံသရာကြီးကို ဆုံးအောင် လုပ်မယ်ဆိုရင် အသိဉာဏ်တွေ ရင့်ကျက်ဖို့ လိုလိမ့်မယ်။ ဒီလိုအသိဉာဏ်တွေ ကိုယ်ပိုင် အသိဉာဏ်တွေမှာ ဉာဏ်မပွင့်လင်းဘူး ဆိုရင်တော့ ဒီလိုမျိုးတွေ ဆက်ဖြစ်နေမှာပဲလို့ ဆရာတော်ပြောချင်တယ်။
ကျော်စွာမိုး။ ။ ဆရာတော်ရဲ့ ကျောင်းတိုက်မှာ ကြည့်မယ်ဆိုရင် ၂၀၀၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့ လာရောက်လည်ပတ်ခဲ့တာ တွေ့တယ်ပေါ့၊ အဲဒါပြောမယ်ဆိုရင် ၂၀၀၃ ခုနှစ် ဒီပဲရင်းအရေးအခင်းပေါ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ကားတန်းကြီးကို ဒီပဲယင်းမှာ ဝင်ရောက်ပြီးတော့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာ တွေပေါ့၊ အဲဒီမတိုင်ခင်မှာ ဆရာ့တော့်ကျောင်းကို လာတာတွေ့ရတယ်ဆိုတော့ အဲဒီကာလမှာဆိုရင် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော် ဘာတွေသိထားတာရှိသလဲ။ ဒီပဲယင်းမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ဘာတွေပြောဆို ဆွေးနွေးခဲ့တာရှိသလဲ။
ဦးခေမာနန္ဒ။ ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ဘုန်းဘုန်းဆီလာကန်တော့တဲ့ အချိန်မှာ နိုင်ငံရေးမုန်တိုင်း ကတော့ အလွန်တရာပြင်းထန်တယ်၊
ကိုကျော်စွာမိုး။ ။ အဲဒါ ၂၀၀၂ ခုနှစ်ကပေါ့။
ဦးခေမာနန္ဒ။ ။ ဟုတ်တယ်။ ထောက်လှမ်းရေးတွေကလည်း ကြီးစိုးတဲ့အချိန်ကိုး၊ လျှမ်းလျှမ်းတောက်တဲ့အချိန်။ ဒကာမကြီးဒေါ်အောင်ဆန်းစုကြည် ကျောင်းကိုလာကန်တော့တဲ့ အချိန်ကျတော့ ဆရာတော်က သိပ်ပြီးတော့ ပီတိဖြစ်တယ်၊ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတော့ လှိုက်လှိုက်လှဲလှဲဆရာတော်ကြိုဆိုတယ်။ အဲမှာဘာဖြစ်လဲဆိုတော့ ဆရာတော်ကျောင်းနားလေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ ရှိတယ်၊ အဲဒီပုဂ္ဂိုလ်တွေက ဆရာ့တော်နားကို ဆတ်ဆတ် ကြားရပါတယ်။ တို့ရပ်ကွက်ကို ဒီအမျိုးသမီးမလာရဘူး လာရင်တော့ ရိုက်မယ်ဆိုပြီး ဒီလောက်ထိတောင် ဆရာတော်ကိုယ်တိုင် ကြားရတယ်။
ပါတီဝင် ကိုယ်တိုင်ပြောတာနော်၊ အဲဒီပုဂ္ဂိုလ်လည်း သက်ရှိထင်ရှားရှိတယ် အခုထိ။ ဆရာတော်က တုန်လှုပ်သလား ဆိုတော့ တုန်လှုပ်စရာ အကြောင်းမရှိဘူး။ ဒီပုဂ္ဂိုလ်တွေက သူတို့အယူဝါဒနဲ့ သူတို့ခံယူချက်နဲ့ သူတို့အတွေး အခေါ်အမျှော်အမြင်နဲ့ သူတို့ပြောတာ သူတို့ပြောပါစေ။ ဒကာမကြီးလာတဲ့ အခါမှာလည်း ဆရာတော်က အထူးသဖြင့်တော့ အဲဒီ အချိန်အခါမှာလည်း လုံခြုံရေးတွေပေးတယ်၊
လုံခြုံရေးအတွက် စိတ်ပူတယ်၊ ပူတဲ့အခါ ကျတော့ ထိုစဉ်အခါက တာဝန်ရှိတဲ့ရဲတွေပေါ့လေ၊ တချို့ထောက်လှမ်းရေးထဲကလည်း ဆရာတော့် ဒကာတွေရှိပါတယ်၊ လာရောက်ပြီးတော့ လျှောက်ကြပါတယ်၊ ဆရာတော် ဒကာမကြီးရဲ့ ခရီးစဉ်ကို ဆရာတော်တို့ သိပ်စိုးရိမ်စရာ ကောင်းပါတယ်၊
ကျော်စွာမိုး။ ။ ဒါကအတွင်းစကားပေါ့။
ဦးခေမာနန္ဒ။ ။ ဟုတ်တယ်။ ဘာကို စိုးရိမ်းစရာကောင်းတာလဲ မေးတော့ ဆရာတော် တပည့်တော်တို့က ပြည့်ပြည့်စုံစုံ လျှောက်တာလည်း မကောင်းဘူး၊ စိုးရိမ်စရာ ကောင်းတယ်ဆိုရင် ဆရာတော်လည်း အတွေ့အကြုံတွေ ရှိနေတာပဲ၊ ဒါလေးပဲ ဆရာတော်သုံးသပ်ပါ လို့ ပြောတယ်။ ဆရာတော်က ငါတို့ကတော့ မစိုးရိမ်ပါဘူးကွာ၊ ဒကာမကြီးက ပြည်သူအတွက် လုပ်တာပဲ၊ ပြည်သူအတွက်လုပ်တဲ့ ပုဂ္ဂိုလ်တယောက်ကို ငါတို့စိုးရိမ်စရာ ဘာမှမရှိဘူး၊ ဒီကြားထဲ မင်းတို့ လုပ်ချင်လည်း လုပ်ပေါ့ဆိုတော့ အဲဒီအချိန်အခါမှာ ဆရာတော်တို့ ဒီရဲတွေက ဒုတ်တွေနဲ့ ဒိုင်းတွေနဲ့ သူတို့ လေ့ကျင့်ခန်းတွေ လုပ်နေပြီ။
ထိုစဉ်က ဆရာတော်က ရဲမင်းကြီးလုပ်တဲ့ဒကာကို မေတ္တာရပ်ခံတယ်၊ ဒကာတို့ ဒါဘာလုပ်မှာလဲ ဆိုတော့ အထက်က ခိုင်းလို့ လို့ပြောတယ်။ အထက်ကဘာလဲလို့ ကွဲပြားအောင်မေးတော့၊ အဲဒီအချိန်မှာ ပြည်ထဲရေးဝန်ကြီးပေါ့။ “ကဲ မင်းတို့တောင်ကြီးက ဘာဖြစ်ချင်တာတုန်း ငါတို့ ရန်ကုန်ကတောင် လွတ်ပေးပြီးပြီ” ဆိုတော့မှ ဘာမှ မလုပ်ဖြစ်တော့ဘူး။ ဒီအတိုင်းပဲ ဒကာမကြီးက အေးအေး ဆေးဆေးနဲ့ ပြန်သွားတယ်။ ပြန်သွားတဲ့ အခါမှာလည်း ဒကာကြီး ဦးတင်ဦးနဲ့ ဒကာမကြီးကိုလည်း လုံခြုံရေးကိစ္စ စိုးရိမ်တယ်လို့ သြဝါဒပေးလိုက်တယ်။
ဒီလိုနဲ့ ဒီပဲယင်းမှာ ကျတော့ ဒကာမကြီးရဲ့ သတင်းတွေကြားသိရပါတယ်၊ ကြားသိရတဲ့အခါကျတော့ ဆရာတော်က ပိုစိတ်မကောင်းတာ ဘာလဲဆိုတော့..၊ ဆရာတော်က သာသနာတော် အတွင်းမှာနေရတယ်ဆိုတော့ မန္တလေးကနေ အမရပူရ၊ အမရပူရကနေ တဆင့် စစ်ကိုင်းကိုသွားမှာကိုး။ အဲမှာအမရပူရမှာ ဆရာတော်ရဲ့ နောင်တော် တယောက်ရှိတယ်။ အဲဒီနောင်တော်ကနေ ဖုန်းဆက်လာတယ်၊ ညီတော်တို့ တောင်ကြီးမှာဘာဖြစ်သလဲပေါ့၊ ဘာမှဖြစ်ဘူးပေါ့၊ ဒီမှာတော့ သံဃာတော် ၁၀၀ လောက်စုပေးထားလို့ ပြောတယ်။
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် ရိုက်ဖို့တဲ့၊ ဟာ နောင်တော် ဒါက ဘယ်လိုဖြစ်ရတာလဲ ဒါမဖြစ်သင့်တဲ့ကိစ္စပါ၊ သမိုင်းမှာ တရားခံဖြစ်မယ်။ နောင်တော်မလုပ်သင့်ဘူးလို့ လုံးဝ လက်မခံနဲ့ ဆိုတော့ နောင်တော်က လက်မခံဘူး။ ဘယ်မှာရိုက်မှာလဲဆိုတော့ စစ်ကိုင်းတံတားမှာ၊ တိတိကျကျကိုပြောတာ။ ဒါတွေက ဒကာကျော်စွာ သမိုင်းတွေနော်။
ကျော်စွာမိုး။ ။ စုခိုင်းတာ ကျတော့ရော အထက်ကဆိုတာ။
ဦးခေမာနန္ဒ။ ။ အထက်ကဆိုတာ ဆရာတော် ဘယ်သူပါလဲဆိုတော့ လာလျှောက်တာကတော့ မယက (မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) က လာလျှောက်တယ်လို့ပြောတယ်။ ဒီဟာတွေက အမှန်တွေ။ ဒကာစဉ်းစားကြည့်လေ စစ်ကိုင်းတံတားပေါ်ရိုက်ရင်တော့ ရေထဲကျတာနဲ့ သေမှာလေ၊ မရိုက်ရင်တောင် တွန်းချတာနဲ့ သေမှာလေ။ ဒီဟာတွေက ဆရာတော် ဘာပြောချင်တာလဲ ဆိုတော့ သံဃာတော် တွေတောင်မှ ဒီလို အသုံးချတယ် ဆိုတဲ့ဟာကို မိမိရဲ့အာဏာ၊ အာဏာဆိုတာ သိပ်ကြောက်စရာကောင်းတယ်၊ ဒီအာဏာ ယစ်မူးတဲ့အခါကျတော့ ဘုရားမှန်းလည်း မသိတော့ဘူး၊ တရားမှန်းလည်း မသိတော့ဘူး၊ သံဃာမှန်းလည်း မသိတော့ဘူး၊ မိဘဆရာသမား ဘာမှမသိတော့ဘူး၊ ဒီအာဏာကို မက်မောဖက်တွယ်တဲ့ အခါကျတော့ သံဃာလည်း အသုံးချတာပဲ၊ သိပ်ကြောက်စရာကောင်းတယ်၊ ဒါတွေက မလုပ်သင့်တဲ့ မဖြစ်သင့်တဲ့ကိစ္စတွေပဲ။
ကျော်စွာမိုး။ ။ ဘုန်းဘုန်း ကျေးဇူးအများကြီးတင်ပါတယ်။ ။
ရုပ်/သံ ကြည်ရှု့ရန် – https://web.facebook.com/theirrawaddyburmese/videos/1536372313073582/