မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေ လက်ထက် ကျပ် သန်းပေါင်း ထောင်နဲ့ ချီပျောက်ဆုံးနေတဲ့ ရန်ပုံငွေတွေကို လက်ရှိ အစိုးရထံ လွှဲပြောင်း ပေးအပ်ခြင်း မပြုလုပ်ရင် တည်ဆဲဥပဒေတွေနဲ့ အညီ အရေးယူ ဆောင်ရွက် မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရက ညွှန်ကြားချက် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ညွှန်ကြားချက်ထဲမှာ လက်ရှိအစိုးရသစ်ထံ အပ်နှံရမယ့် စာရင်းမှာ အရင်အစိုးရဟောင်း လက်ထက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို လှူဒါန်းခဲ့တဲ့ မကွေးတိုင်း ဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းပိုင် ကျပ် သန်းပေါင်း ၁၇၀၀၊ မကွေးတိုင်း ဒေသကြီး ကြံ့ခိုင်ရေးပါတီကို လှူဒါန်းခဲ့တဲ့ မော်တော်ယာဉ် ၄ စီး၊ ဘတ်ဟိုး ၁ စီး၊ ပဲ့ထောင် မော်တော်ရေယာဉ် ၂ စီး၊ ရွှေသုခ ငွေချေးလုပ်ငန်းကို လွဲပြောင်းပေးခဲ့တဲ့ ငွေကျပ် သန်း ၁၅၇၀ တို့ကို ပြန်လွဲပေးရန် ဆိုပြီး ညွန်ကြား ထားကြောင်း သိရပါတယ်။
ပြည်ထောင်စု အစိုးရရဲ့ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး ဘယ်လိုဆက်လက် ဆောင်ရွက်သွားမယ်ဆိုတာ အပါအဝင် ဆောင်ရွက်နေဆဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး လက်ရှိ NLD အစိုးရ၏ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဦးအောင်မိုးညို ကို ဧရာဝတီ သတင်းထောက် ထွန်းထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ဝန်ကြီးချုပ်ခင်ဗျာ အခုဆိုရင် အစိုးရသစ်တာဝန်ယူတာ တနှစ်ပြည်ပြီ ဖြစ်တဲ့အခါမှာ လုပ်ဆောင်ခဲ့ တာတွေနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်တယောက်အနေနဲ့ ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ အစိုးရအဖွဲ့သစ် တာဝန်ယူခဲ့တာ တနှစ်ပြည်ပါပြီ၊ ဒီနေရာ လုပ်ဆောင်ချက်တွေနဲ့ပတ် သက်လို့ အောင်မြင်ခဲ့တာတွေရှိသလို ဆက်လက် လုပ်ဆောင်ရမှာတွေလည်း ရှိပါတယ်၊ ကျနော်အနေနဲ့က တော့ လုပ်ဆောင်ခဲ့တာတွေအပေါ် အားရကျေနပ်ပါတယ်။ ပြည်သူတွေအနေနဲ့က အစိုးရသစ်အပေါ်မှာ မျှော်လင့်ချက်က အရမ်းကြီးပါတယ်၊ လက်ရှိကျနော်တို့မှာ အစိုးရအဖွဲ့ဟောင်းတုန်းက ပျောက်ဆုံးနေတဲ့ ပိုက်ဆံတွေကို ပြန်ရနိုင်ဖို့ လုပ်နိုင်ခဲ့တယ်၊ ဒါကလဲ ပြုပြင်ပြောင်းလဲမှုတွေထဲက တခုပေါ့။ ပြည်သူတွေက တော့ ဒါမျိုးလေးတွေကို သိပ်ပြီး မမြင်နိုင်ကြဘူး၊ သူတို့အများကြီးမျှော်လင့်ထားကြသလို ကျနော်တို့လည်း ကြိုးပမ်းနေကြပါတယ်။
မေး ။ ။ ဝန်ကြီးချုပ် ပြောတဲ့အထဲမှာ အစိုးရအဖွ့ဲဟောင်းလက်ထက် ပျောက်ဆုံးငွေတွေ ပြန်ယူတာပါတယ်၊ အဲ့ဒီကိစ္စက အခုဘယ်လိုအခြေအနေရှိပါသလဲ။
ဖြေ ။ ။ မကွေးတိုင်း အစိုးရအဖွဲ့ဟောင်းကနေ အစိုးရသစ်ကိုလွှဲတဲ့အချိန်မှာ ရေနံလက်ယက်တွင်း ရံပုံငွေ တွေ ကွာဟနေတာနဲ့ ပတ်သက်လို့ ပြည်ထောင်စု အစိုးရကနေ အထူးစုံစမ်းစစ်ဆေးရေး (စစစ) ကို စစ်ဆေး ခိုင်းတဲ့အခါမှာ ပျောက်ဆုံးနေတဲ့ ကျပ်သန်းပေါင်း ၂၈၀၀ မကပဲနဲ့ ကျပ်သန်းပေါင်း ၇၄၅၉ သန်းအထိ ရှိနေ တယ်။ အဲ့ဒါတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ထပ်မံပို့ပေးတဲ့အခါ ယခင်အစိုးရအဖွဲ့ဟောင်း ဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေရယ်၊ မကွေးတိုင်း ဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဥက္ကဌရယ်၊ ရွှေသုခ အသေးစား ငွေချေးလုပ်ငန်း ဥက္ကဌ ဦးညီထွန်းတို့ထံ ဆိုပြီး ညွန်ကြားချက်ကို ဧပြီ ၁၈ ရက်နေ့ ရက်စွဲနဲ့ တိုင်းဒေသ ကြီးအစိုးရထံ ပြန်လည်ပေးပို့ခဲ့တာပါ။ ဒီအထဲမှာ ပျောက်ဆုံးခဲ့တဲ့ ငွေတွေကို ပြန်ပေးဖို့နဲ့ မပေးရင် ဥပဒေအရ အရေးယူဖို့ ညွန်ကြားထားပါတယ်။
မေး ။ ။ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွန်ကြားချက်မှာက ဘယ်လိုအချက်တွေ ပါလဲ။
ဖြေ ။ ။ ညွန်ကြားချက် အပြည့်အစုံက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို လှူဒါန်းခဲ့တဲ့ မကွေး တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းပိုင် ငွေကျပ် သန်းပေါင်း ၁၇၀၀ ကို လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြန်ပေးပါ၊ နောက်ပြီး မကွေးတိုင်း ဒေသကြီး ကြံ့ခိုင်ရေးပါတီကိုလှူဒါန်းခဲ့တဲ့ မော်တော်ယာဉ် ၄ စီး၊ ဘတ်ဟိုး ၁ စီး၊ ပဲ့ထောင်မော်တော်ရေယာဉ် ၂ စီးတို့ကို ပြန်လွဲပေးရန်၊ ရွှေသုခ ငွေချေးလုပ်ငန်းကို လွဲပြောင်းပေးခဲ့တဲ့ ငွေကျပ် သန်း ၁၅၇၀ ကို ပြန်လွဲပေးရန် ဆိုပြီး ညွန်ကြား ထားတယ်၊ အဲ့လိုပြန်လွဲမပေးရင် တည်ဆဲဥပဒေများနဲ့အညီ ဆက်လက်ဆောင်ရွက်သွားရန်ဆိုပြီး ညွန်ကြား ထားတာပါ။
မေး ။ ။ ပြည်ထောင်စုအစိုးရရဲ့ ညွန်ကြားချက်လည်း ရပြီဆိုတော့ တိုင်းအစိုးရအနေနဲ့ ဘယ်လိုဆက် လုပ်သွားမှာပါလဲ။
ဖြေ ။ ။ ဒီနေ့ (ဧပြီ ၂၅) ကျနော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးလုပ်မယ်၊ ဒါတွေကို မကွေးမှာလည်း ရှင်းလင်းပွဲ လုပ်မယ်။ ကျနော်တို့ကတော့ ပြည်သူကို ဗဟိုပြုတဲ့ ၊ အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်နေတာဆိုတော့ အခုဒီငွေတွေက တဦးတယောက်၊ တဖွဲ့တည်းအတွက် ပေးခဲ့တာမဟုတ်ဘူးလေ၊ မကွေးတတိုင်းလုံးမှာ ရှိတဲ့ ပြည်သူတွေ အတွက် ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေက ပေးခဲ့တာလေ။ ဒီအတွက် ဒါတွေကို ပြည်ထောင်စု လွတ်တော်က မေးရင် ကျနော်တို့လည်း ဖြေရတာတွေရှိတယ်၊ ကျနော်တို့ကတော့ ညွန်ကြားချက်အတိုင်း ပြန်ပေးဖို့ ညှိနှိုင်းလုပ်ဆောင်မယ်၊ အဲ့မှာ ပြန်မလွှဲရင်တော့ ညွန်ကြားချက်အတိုင်း ဆက်လုပ်မယ်။
မေး ။ ။ ရေနံလက်ယက်တွင်း ရံပုံငွေနဲ့ပတ်သက်လို့ လက်ရှိအစိုးရအဖွဲ့အနေနဲ့ ဆက်လက်ကောက်ခံတာ ရှိပါသလား။
ဖြေ ။ ။ အရင်ကလိုပဲ ကျနော်အနေနဲ့ ဆက်လက်ကောက်ခံနေတာရှိပါတယ်၊ ကျနော်တို့ မကွေးတိုင်းမှာက ရေနံချက်စက်ရုံလို ရေနံချက်တဲ့ ဖိုတွေမရှိဘူး၊ ဒီတော့ စစ်ကိုင်းတိုင်း၊ ကျောက်ကာ ဒေသမှာရှိတဲ့ ရေနံချက်ဖိုကို လက်ယက်တွင်းက ရတဲ့ရေနံတွေကို သွားပြီးတော့ချက်လုပ်ရတယ်၊ အခုဒီမှာက ပေ တထောင်တူးခွင့် ပေးထားတယ်၊ အဲ့ကရတဲ့ ရေနံတွေကို စစ်ကိုင်းတိုင်းကနေ မန္တလေးအထိ သယ်ယူရာမှာ မကွေးတိုင်းကို ဖြတ်သွားရတဲ့အတွက် ဖြတ်သန်းခ ရေနံ ၁ ပီပါကို ကျပ် သုံးထောင် နှုန်းနဲ့ ကောက်ပါတယ်၊ အဲ့လိုကောက်တဲ့ ပိုက်ဆံတွေက NLD အစိုးရ တက်လာပြီးနောက် ၂၀၁၆ ခုနှစ်၊ ဇွန် ၂ ရက်နေ စကောက်တာ တနှစ်မပြည့် သေးဘူး။ ကျပ်သန်းပေါင်း ၁၂၀၀ ကျော်ရတယ်၊ ဒါကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွံ့ဖြိုးရေးမှာသုံးသလို ပြည်ထောင်စု အစိုးရအဖွဲ့ကို ပေးတာတွေလည်းရှိတယ်။
မေး ။ ။ ဒီလိုအခွန်ငွေကိစ္စတွေမှာ ယခင်အစိုးရဟောင်းနဲ့ အစိုးရသစ်ကြား ရရှိတဲ့ လေလံကြေးတွေမှာလည်း များစွားကွာနေတာတွေ ရှိတယ်ပေါ့၊ ဒီအပေါ် ဝန်ကြီးချုပ်ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ အရင်လက်ထက်တွေတုန်းက ဘယ်လိုတွေလုပ်ခဲ့လို့ ဘာတွေမမှန်မကန်တွေ ရှိခဲ့လည်း မသိဘူး၊ လက်ရှိကျနော်တို့ ကိုယ်တိုင် လုပ်တဲ့အခါမှာ ရတဲ့အခွန်ငွေတွေက အရင်စာရင်းတွေနဲ့ များစွာကွာတယ်၊ ဥပမာအားဖြင့် ဂန့်ဂေါမြို့နယ်မှာ ယာဉ်ဘီးခွန်တွေကောက်တယ်၊ အဲ့မှာ ပြီးခဲ့တဲ့နှစ် ကျနော်တို့အစိုးရ မတက်ခင် ရခဲ့တဲ့လေလံဈေးက ၇၆ သိန်းပဲရှိတယ်၊ ကျနော်တို့တက်လာတော့ ရတဲ့တင်ဒါအောင်တဲ့ ငွေက ကျပ်သိန်း ၄၅၀ ရှိပါတယ်၊ အများကြီးတိုးလာပါတယ်၊ ဒါဟာငွေကြေး ဖောင်းပွမှုကြောင့် မဖြစ်နိုင်ပါဘူး၊ အရင်တုန်းကတော့ ဘယ်လိုတွေလုပ်ခဲ့ကြလဲမသိဘူး။
မေး ။ ။ မကွေးတိုင်းအတွင်း တခြားဘယ်လိုကဏ္ဍတွေမှာ အခွန်ရရှိတဲ့အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ ။ ။ မကွေးတိုင်းဒေသကြီး အစိုးရရဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စည်ပင်အခွန် အရပ်ရပ်က လိုင်စင်ရတဲ့ ငွေတွေကလည်း အစိုးရဟောင်း လက်ထက်ကနဲ့ စာရင် တနှစ်ကို သန်းပေါင်း ၁၉၀၀ လောက် ပိုရခဲ့ပါတယ်။
မေး ။ ။ နောက်တခုက မန်းရွှေစက်တော်ဘုရားကြီး ဂေါပကအဖွဲ့ဝင် ပြုပြင်ပြောင်းလဲခဲ့သလို ပွဲတော်ရက်အတွင်း စည်းကမ်း တွေကိုလည်း အစိုးရသစ်အနေနဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့ကြတယ်၊ အဲ့မှာ အသံတွေလည်း မျိုးစုံထွက်လာခဲ့တယ်၊ အခုရော ဘယ်လိုအခြေအနေရှိသေးလဲ ခင်ဗျာ။
ဖြေ ။ ။ မန်းရွှေစက်တော် ဘုရားပွဲနဲ့ပက်သက်လို့ ကျနော်တို့ စည်းကမ်းတွေ တိကျစွာလုပ်ခဲ့တယ်၊ တည်းကျောင်း (တည်းခိုဆောင်) တွေ ကိုလည်း ပုံမှန်ဈေးနှုန်း သတ်မှတ်ပေးပြီး ချောင်းနဲ့ နီးရင် သုံးသောင်း၊ ဝေးရင် နှစ်သောင်းဆို ပြီးတော့ လုပ်ခဲ့တယ်။ အရင်တုန်းက ပွဲတော်ရက် လူများပြီဆို ငါးသောင်း၊ တသိန်းတွေ ဖြစ်ကုန်ကော။ အခု လို စည်းကမ်းနဲ့ လုပ်တဲ့ အခါကျတော့ မတန်မရာ ခံစားခွင့်လိုချင်တဲ့သူတွေရှိတယ်၊ ခွဲတမ်းမကျ၊ မဲမပေါက် သူတွေက ဆန္ဒပြမယ် ဘာမယ်တွေက ရှိသေးတယ်၊ ဒီကြားထဲ သတင်းထောက်ဆိုပြီး ဟိုသတင်းထဲရေးမှာ၊ ဒီသတင်းထဲထည့်မှာနဲ့ အရင်ကတော့ တည်းကျောင်းတွေ ဘာတွေ ပေးရတယ်လို့ ကြားတယ်။ အခုကတော့ အဲ့လိုစည်းကမ်းနဲ့ မညီတဲ့ အလေအလွင့် ဆုံးရှုံးမှုတွေ မရှိတော့ဘူး။
မန်းရွှေစက်တော် ဘုရားကြီးရဲ့ ဘဏ္ဍာငွေတွေနဲ့ ပတ်သက်လို့လည်း အရင်ကတော့ ဘယ်နှစ်ခုနှစ်ကစလို့ ဘယ်နှနှစ်စာ ဘဏ္ဍာငွေတွေလည်း တော့မသိဘူး၊ ဘုရားကြီးရဲ့ ဘဏ္ဍာငွေဆိုပြီး ကျနော်တို့အစိုးရအဖွဲ့ကို အပ်တဲ့အချိန်မှာတော့ စုစုပေါင်း ဘဏ်မှာရှိတဲ့ ငွေက ကျပ်သိန်းပေါင်း သုံးသောင်းကျော်ရှိတယ်၊ ဒီနှစ် ကျနော်တို့စကိုင်တဲ့နှစ်မှာပဲ ဘုရားကြီး ရဲ့ ရံပုံငွေ ကျပ်သိန်းပေါင်း တသောင်းကျော် ရရှိခဲ့တယ်၊ အဲ့ပိုက်ဆံငွေနဲ့ မန်းချောင်းပေါ်မှာ ၁၂ ရာသီသွား လာနိုင်မယ့် ကွန်ကရစ်တံတား ဆောက်မယ်၊ ပြည်သူတွေ ကြိုက်တဲ့ အချိန်ဖူးလို့ရနိုင်အောင်ပေါ့။ ကျနော်တို့ အနေနဲ့ ဒီလိုရလာတဲ့ ငွေတွေ အပေါ်မှာ တိုင်းပြည်အတွက် ပြည်သူတွေအတွက် အကျိုးရှိမယ့် ပညာရေး၊ ကျန်းမာရေးအတွက် ပိုမိုသုံးစွဲသွားနိုင်မယ်ဆိုရင် ပိုပြီးတော့ ပြည်သူတွေအတွက် ကောင်းမွန်လာမှာပါ။
မေး ။ ။ ဝန်ကြီးချုပ်အနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။
ဖြေ ။ ။ ကျနော်တို့လည်း အုပ်ချုပ်ရေးပိုင်း အတွေ့အကြုံ မရှိကြပါဘူး၊ ဒီအတွက် အားလုံးတိုင်ပင်ပြီး ကြိုးပမ်းလုပ်ဆောင် နေကြပါတယ်၊ ပြည်သူတွေက အရမ်းကြီး အပြောင်အလဲကို မျှော်လင့်ထားကြတယ်၊ ကျနော်တို့ကတော့ အရာအားလုံးကို နေ့ချင်း ညချင်းပြောင်းလဲသွားအောင် လုပ်လို့တော့မရပေမယ့် ကျနော်တို့ ကြိုးစားနေကြပါတယ်၊ ပြည်သူပိုင်ငွေတွေကို ပြည်သူတွေ အကျိုးရှိမယ့် လုပ်ငန်းတွေမှာပဲ ထိထိရောက်ရောက် သုံးစွဲသွားနိုင်အောင် ကျနော်လုပ်နေကြပါတယ်။