ဖဒို နော်စီဖိုးရာစိန် က ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဒုတိယ ဥက္ကဋ္ဌဟောင်း ဖြစ်ပါသည်။ သူက KNU ၏ ခေါင်းဆောင် အဖြစ် ကာလကြာရှည်စွာ ဆောင်ရွက်ခဲ့သူ တဦး ဖြစ်ပြီး အဖွဲ့အစည်း အတွက် ကျောင်းဆရာမ၊ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ အထွေထွေ အတွင်းရေးမှူး နှင့် ဒုတိယ ဥက္ကဋ္ဌ စသည့်တာဝန်များ ထမ်းဆောင်ခဲ့သည်။
မကြာသေး မီက ပြုလုပ်ခဲ့သည့် KNU ရွေးကောက်ပွဲတွင် အဖွဲ့အတွင်း ခေါင်းဆောင်များ အကြား အာဏာပြိုင်ဆိုင်မှု များကြောင့် ရှုံးနိမ့်ခဲ့ရသည်။ KNU နှင့် မြန်မာ အစိုးရတို့ ကြားမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သတိထား၍ ချဉ်းကပ်ခဲ့သူ ဖြစ်သည့် အတွက် သူ့ကို မြန်မာ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူများ နှင့် လေ့လာစောင့်ကြည်သူ အချို့က သဘောထား တင်းမာသူ အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
ဧရာဝတီသတင်း မီဒီယာမှ အကြီးတန်း သတင်းထောက် စောရန်နိုင်က ဖဒိုနော်စီဖိုးရာစိန် နှင့် တွေ့ဆုံပြီး KNU ရွေးကောက်ပွဲ၊ အသစ် ရွေးချယ်လိုက်သည့် ခေါင်းဆောင်များ နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကြောင်းကို မေးမြန်းထားပါသည်။
မေး။ ။ KNU ညီလာခံမှာ ဆရာမ ပြန်လည် ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။ ပြီးခဲ့တဲ့ ညီလာခံနဲ့ ပတ်သက်လို့ ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ။ ။ ရွေးကောက်ခံရတဲ့ ခေါင်းဆောင်တွေက ဒီညီလာခံအတွက် အစီအစဉ်တွေ ရှိပြီးသားပါ။ တကယ်လို့ သူတို့ ရွေးချယ် ခံရမယ် ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ချောချောမွေ့မွေ့ ရှေ့ဆက်လုပ်နိုင်လိမ့်မယ်လို့ သူတို့က ယုံကြည် ထားပါတယ်။ KNU အတွင်းမှာ အုပ်စု ၂ ခု ရှိတယ်လို့ လူတွေက မြင်တယ်။ အုပ်စု တခုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လိုက်ပါ ဆောင်ရွက်လိုသူ လို့ ထင်ကြတယ်။ နောက်ထပ်အုပ်စု တခုကိုတော့ ငြိမ်းချမ်းရေး မလိုလားသူတွေလို့ သတ်မှတ်တယ်။ သူတို့က ကျမတို့ကို သဘောထား တင်းမာသူ၊ ခေါင်းမာသူတွေလို့ ခေါ်ကြတယ်။ ကျမ အပါအဝင် ပေါ့။
မြန်မာ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူတွေနဲ့ အပြင်လူတွေက ကျမနဲ့ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ (KNU ဒုတိယ စစ်ဦးစီးချုပ်) တို့လို လူတွေက သဘောထားတင်းမာတဲ့ သူတွေ၊ ကျမတို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မထောက်ခံဘူး လို့ ထင်ကြတယ်။ အဲဒါက KNU အပေါ် သက်ရောက်မှု ကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကိုယ်တိုင်ကတောင် ကျမတို့ကို သဘောထား တင်းမာသူတွေလို့ သတ်မှတ်ကြ တယ်။ သတင်းတွေ ဖြန့်ချိခဲ့ကြပါတယ်။
ဒီညီလာခံက စိုးရိမ်စရာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဥရောပ သမဂ္ဂ(EU) အပါအဝင် နိုင်ငံတကာ အစိုးရတွေက ဘယ်သူတွေ ရွေးချယ်ခံရမှာလဲ ဆိုတာ စိုးရိမ်ခဲ့ကြပါတယ်။ မြန်မာတပ်မတော်နဲ့ အရင် အစိုးရကလည်း သဘောထား တင်း မာသူတွေ ရွေးချယ်ခံရမှာကို စိုးရိမ်ခဲ့ကြပါတယ်။
မေး။ ။ ဝါဒဖြန့်ချမှုတွေကြောင့် မြန်မာ့တပ်မတော်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက လူတွေက ဆရာမကို သဘောထား တင်းမာသူလို့ ထင်သွားစေခဲ့တယ် လို့ ပြောခဲ့ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဘယ်လို ဖြေရှင်းချင် ပါသလဲ။
ဖြေ။ ။ ကျမတို့ကိုယ် ကျမတို့ သဘောထား တင်းမာသူလို့ မမြင်ပါဘူး။ KNU ခေါင်းဆောင်တွေထဲမှာ ငြိမ်းချမ်းရေးကို မချစ်တဲ့ သူတယောက်မှ မရှိပါဘူး။ ဒါပေမယ့် လူတွေက ကျမတို့ကို သဘောထား တင်းမာသူလို့ ထင်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့က ကျမတို့ရဲ့ မူဝါဒကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခဲ့လို့ ဖြစ်ပါတယ်။ ဥပမာ ပြရင် ကျမက မြန်မာ့တပ်မတော်နဲ့ အလွယ်တကူ သဘောမတူပါဘူး။ ညစာ စားပွဲတခုမှာ မြန်မာ့တပ်မတော်က ကိုယ်စားလှယ်တွေက ဘားအံက ဆက်ဆံရေး ရုံးမှာ အသုံးပြုဖို့ ကား ၂ စီးပေးမယ် လို့ ပြောပါတယ်။ ဒါပေမယ့် ဆက်ဆံရေးရုံး မဖွင့်ခင်မှာ ကားတွေကို စီးပွားရေး အတွက် သုံးကြမယ် ဆိုပြီး ပြောဆိုကြတယ်။ အဲဒီ အကြံကို ကျမ ငြင်းခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့ KNU ခေါင်းဆောင်တွေ ကြားမှာ စီးပွားရေး အကြောင်း မဆွေးနွေးရသေးလို့ ဖြစ်ပါတယ်။ ကျမတို့ သေသေချာချာ မဆွေးနွေး ရသေးရင် ကျမက အလွယ်တကူ လက်မခံ ပါဘူး။ အဲဒါကြောင့်လဲ သူတို့က ကျမကို သဘောထား တင်းမာသူလို့ မြင်ကြ ပါတယ်။
မေး။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဘာကြောင့် သတိထားတာပါလဲ။ ဘာတွေကို စိုးရိမ်ပါသလဲ။
ဖြေ။ ။ ကျမတို့ လက်နက်ကိုင်ပြီး စတင် ဆန့်ကျင်ခဲ့တာ နှစ် ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ ငြိမ်းချမ်းရေး အတွက် အဖြေတခုကို ခုချက်ချင်း ကျမတို့ မရှာနိုင်ပါဘူး။ ကျမတို့ သတိထားပြီး အလုပ် လုပ်ရပါမယ်။ တနိုင်ငံလုံးမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ရိုးသားရပါမယ်။ ကျမတို့ အခြေခံကောင်းတခု လိုပါတယ်။ တဆင့်ချင်း သွားဖို့ လိုပါတယ်။ အလျင်အမြန်သွားဖို့ အတွက် ကျမတို့ကို ဖိအားပေးခံခဲ့ရပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကို အလျင်အမြန် တည်ဆောက် နိုင်မယ် လို့ ကျမ မထင်ပါဘူး။
၂၀၁၁ ခုနှစ်မှာ အစိုးရကိုယ်စားလှယ် အဖွဲ့တခုနဲ့ ကျမ ပထမဆုံး တွေ့တော့ ကျမ သံသယ ရှိခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က ကျမတို့ ငြိမ်းချမ်းရေးကို အမြန်ဆုံး ရဖို့ လိုတယ်။ ဒီလိုမှ မဟုတ်ရင် စစ်တပ်က အာဏာ ပြန်သိမ်းသွား လိမ့်မယ် လို့ ပြောခဲ့ပါတယ်။ ကျမတို့ ပထမဆုံး တွေ့ဆုံတဲ့ အချိန် ဖြစ်တာတောင်မှ ကျမတို့ ခြိမ်းခြောက် ခံရသလို ဖိအား ပေးခံရသလို ကျမ ခံစားခဲ့ရပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ် အတွက် ကျမ တွန့်ဆုတ်သွားပြီး ယုံကြည်မှု ပျောက်ဆုံးခဲ့ ရပါတယ်။
မေး။ ။ အသစ် ရွေးချယ်ခံလိုက်ရတဲ့ KNU ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ ဘယ်လို မျှော်လင့်ထားပါသလဲ။
ဖြေ။ ။ ကျမရဲ့ အကြီးဆုံး စိုးရိမ်မှုက မြန်မာ့တပ်မတော် ဖြစ်ပါတယ်။ သူတို့ အနေနဲ့ KNU ပိုင်နက်နယ်မြေတွေ ကနေ သူတို့ တပ်တွေကို ပြန်ရုပ်သိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် အရပ်သား အိမ်တွေနဲ့ နီးတဲ့ နေရာတွေ ဖြစ်ပါတယ်။
ကျမရဲ့ ဦးစားပေးကတော့ အစိုးရတပ်တွေ ပြန်လည် ရုပ်သိမ်းဖို့ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရွှေ့ပြောင်း နေထိုင် နေရတဲ့ အရပ်သားတွေ အတွက် ဘေးကင်းလုံခြုံမှု ရှိသင့်လို့ ပါ။ တကယ်လို့ မြန်မာ့တပ်မတော်က ကျေးရွာတွေ ကနေ ပြန်လည် ဆုတ်ခွာသွားမယ် ဆိုရင် အရပ်သားတွေလည်း သူတို့အိမ်ကို ပြန်ပြီး ကြောက်ရွံ့မှု မရှိဘဲ နေနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ အတွက် ကျမတို့ ၂၀၁၂ ခုနှစ်ကတည်းက တောင်းဆိုခဲ့ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ထိုးပြီးတဲ့ အချိန်မှာ အဲဒါတွေ ဖြစ်လာမယ် လို့ ကျမတို့ ယုံကြည်ခဲ့ပါတယ်။ ဒါ ပေမယ့် NCA လက်မှတ်ထိုးပြီးလို့ ၁ နှစ်လောက် ကြာတဲ့ အခါမှာတောင် ဖြစ်မလာပါဘူး။ ဘယ်သူကမှလည်း ဒါကို ဆက်မပြော ကြတော့ဘူး။ ခေါင်းဆောင်သစ်တွေ အနေနဲ့ အရပ်သားတွေရဲ့ အကျိုးအတွက် ဒီကိစ္စကို ဖိအားပေးတာကို ကျမ မြင်ချင်ပါ တယ်။
မေး။ ။ အသစ်ရွေးချယ်ခံရတဲ့ ဗဟိုအလုပ်အမှုဆောင် အချို့က နိုင်ငံရေးအတွေ့ အကြုံမရှိဘူး။ ဆရာမတို့လို အတွေ့ အကြုံရှိတဲ့ လူတွေက အရွေးချယ် မခံရဘူး။ ခေါင်းဆောင်သစ်တွေနဲ့ ပတ်သက်လို့ စိုးရိမ်မှု ရှိပါသလား။
ဖြေ။ ။ ဒါက ကျမတို့ ကရင်တွေ တွေးခေါ်မှု ယဉ်ကျေးမှု တခုလို့ ပြောရမလားပဲ။ လူတွေက ဆွေးနွေးရတာ ငြင်းခုန်ရတာကို နှစ်သက်တဲ့ သူ တွေကို မလိုချင်ဘူး။ ရွေးချယ်ခံရတဲ့ ခေါင်းဆောင် တချို့က စကားသိပ် မပြောကြဘူး။ သူတို့က တခြားသူတွေရဲ့ အားနည်းချက်တွေကို စောဒက တက်တာ သို့မဟုတ် ထောက်ပြတာတွေ မလုပ်ကြဘူး။ သူတို့ စောဒက တက်ရင် မကြိုက်ကြတော့မှာ စိုးရိမ်တယ်။ မဟုတ်ရင်လည်း အေးအေးဆေးဆေး နေချင်ကြတယ်။ အချေအတင် ဆွေးနွေးရတာကို သဘောကျတဲ့ ခေါင်းဆောင်တွေ အရွေးမခံရဘူး ဆိုတော့ ခေါင်းဆောင်ပိုင်းမှာ အတိုက်အခံ မရှိတော့ဘူး။
မေး။ ။ KNU ခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ အမျိုးသမီး မရှိဘူး။ အမျိုးသမီးတွေ ခေါင်းဆောင်မှု နေရာနဲ့ ဘာကြောင့် ဝေးနေရတာပါလဲ။
ဖြေ။ ။ ခေါင်းဆောင် တချို့က အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ သိပ်များများ မတွေးကြဘူး။ တကယ်လို့ အမျိုးသမီးတွေ အရည်အချင်း ရှိရင် ခေါင်းဆောင်ပိုင်းမှာ ပါဝင်လိမ့်မယ်။ တကယ်လို့ အရည်အချင်း မရှိဘူး ဆိုရင် သူတို့ ကျန်ခဲ့လိမ့်မယ်လို့ ထင်ကြတယ်။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ မတူတဲ့ အတွက် စကားများတယ်၊ စပ်စုတတ်တယ် လို့လည်း သူတို့ ထင်တယ်။ အမျိုးသမီးတွေက ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ ဒါပေမယ့် အမျိုးသားတွေကတော့ တယောက် နဲ့ တယောက် ပွင့်ပွင့်လင်းလင်း မပြောရဲဘူး။ အမျိုးသမီးတွေက တဲ့တိုး ပြောတတ်တယ်။
စစ်ပွဲကြောင့် အမျိုးသမီးတွေ ထိခိုက်နစ်နာ ကြတယ်။ ပဋိပက္ခဒေသတွေမှာ တချို့က ဒေသအသိုင်းအဝိုင်း ခေါင်းဆောင် အဖြစ်ဆောင်ရွက်ကြတယ်။ အရပ်သားတွေ ဘေးကင်းလုံခြုံရေးက အမျိုးသမီးတွေရဲ့ အရေးပဲ။ အမျိုးသားတွေက အမျိုးသမီးတွေလို မခံစားရဘူး။ အမျိုးသမီးတွေက စစ်ပွဲပြီးတဲ့ အချိန်မှာတောင် နစ်နာ ဆုံးရှုံးရတယ်။ ဒါပေမယ့် အမျိုးသားတွေက နားမလည်ဘူး။ ငြိမ်းချမ်းရေး လုပ်ဆောင်တယ် ဆိုတာ တိုက်ပွဲတွေ ရပ်ရုံ သက်သက် မဟုတ်ဘူး။ အရပ်သားတွေ အထူးသဖြင့် အမျိုးသမီးတွေ ဘေးကင်းလုံခြုံဖို့ ဖြစ်တယ်။ ခေါင်းဆောင်မှု အပိုင်းမှာ အမျိုးသမီးတွေ ပါဝင်သင့်ပါတယ်။ ။