လက်မှတ် ထိုးပြီးပါလျက်နဲ့ ခွဲခြားဆက်ဆံခံရတယ်

နန်းလွင်နှင်းပွင့်
ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုုပင်လုံ ဒုတိယအစည်းအဝေးကို မေလ ၂၄ ရက်တွင် ကျင်းပမည်ကို သတ်မှတ်လိုက်ပြီ ဖြစ်သော်လည်း အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့အနက် ၂ ဖွဲ့မှာ ယနေ့ထိ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရခြင်း မရှိသေးပါ။

ထိုအဖွဲ့ ၂ ဖွဲ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ ဖြစ်သည်။ RCSS က ၎င်းတို့၏ နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့နှင့် ပင်လုံုမြို့တွင် ကျင်းပခွင့် ပေးရန် တောင်းဆိုရာ တပ်မတော်က တားမြစ်သဖြင့် ယနေ့ထိ ကျင်းပနိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။

ALP ကမူ ဆွေးနွေးပွဲ ကျင်းပရန် အဆင်သင့်ပြင်ဆင် ထားသော်လည်း အစိုးရက အဆင်သင့် မဖြစ်သေးဟု ပြောဆိုထားသည်။

ဧပြီလ ၂၄ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီအရေးကိစ္စများနှင့် ပတ်သတ်ပြီး ထိလွယ်ရှလွယ် နယ်မြေ (Sensitive Area ) ဖြစ်နေသဖြင့် ကျင်းပ၍ မရသေးဟု ပြောဆိုလိုက်သည်။

NCA မူအရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ အစည်းအဝေး ပထမအကြိမ် နှင့် ဒုတိယ အကြိမ်ကြားတွင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြည်နယ်အဆင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော် နှင့် နိုင်ငံရေးပါတီတို့နှင့် စုစည်းပြီး သက်ဆိုင်ရာ ပြည်နယ်များတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရမည် ဖြစ်သည်။

ထိုမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာ နှင့် သဘာဝသယံဇာတ ဆိုင်ရာအကြောင်းအရာများ ဆွေးနွေးကာ စာတမ်းများ ပြုစုပြီး ပြည်ထောင်စုအဆင့်တွင် ဆွေးနွေးနိုင်ရန် တင်ပြကြရမည် ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုခုနှင့် သက်ဆိုင်ရာ ပြည်နယ်က အမျိုးသားအဆင့် မကျင်းပနိုင် ပါက ဒုတိယ အကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ အစည်းအဝေးတွင် ဆွေးနွေးရန် စာတမ်းများ ပြည့်စုံစွာ ရှိမည်မဟုတ်ပါ။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် မရရှိသေးသည့် ကိစ္စအပါအဝင် လက်ရှိကြုံတွေ့နေရသည့် အခြေအနေ များနှင့် ပတ်သတ်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့် က မေးမြန်းထားသည်။

မေး။ ။ ဒုတိယအကြိမ် ၂၁ရာစုပင်လုံ အစည်းအဝေး က မေလ ၂၄ မှာ သတ်မှတ်လိုက်ပြီဆိုတော့ ကြားမှာ တလပဲ လိုတော့ တယ်။ ALP အနေနဲ့ ရခိုင်ပြည်နယ်မှာ ကျင်းပရမယ့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကိစ္စက ဘယ်လို အခြေအနေရှိပါသလဲ ။

ဖြေ။ ။ ကျမတို့က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပထမ UPDJC ၈ ကြိမ်မြောက် အစည်းအဝေးမှာ ကျမတို့ကို အဆင်သင့် မဖြစ်သေးလို့ မပေးသေးဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောခဲ့တယ်။ ဒါကို ကျမတို့က ရခိုင်ပြည်မှာ ရှိနေကြတဲ့ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ANP ပါတီ အပါအဝင် CSOs တွေနဲ့ ဆွေးနွေးပြီးတော့ ဖြစ်မြောက်ရေး ကော်မတီတွေ ဖွဲ့စည်းတယ်။ ကျမတို့ ရခိုင်မှာ ၅ နေရာနဲ့ ရန်ကုန်မှာ ၁ နေရာ စုစုပေါင်း ၆ နေရာ မှာ လူထုရှင်းလင်းပွဲတွေလည်း လုပ်တယ်။

ရခိုင်တွေက အားလုံး အဆင်သင့် ဖြစ်ပါပြီ ဆိုတာကို ၃ ကြိမ် တိတိ ကျမတို့ အစိုးရကို တင်ပြခဲ့ဖူးတယ်။ အရင်ကတော့ အဆင်သင့် မဖြစ်ဘူးဆိုပြီးတော့မှ ကျမတို့ကို မပေးဘူး။ အဆင်သင့် ဖြစ်ပါပြီလို့ ပြောတဲ့အခါမှာ မသိသယောင် ၊ မသိကျိုးကျွံပြုတာ ခံနေရတယ်။ အဲ့တာကတော့ အရှင်းဆုံးစကားပဲ။

အဲ့တာကို ကျမတို့က ရရှိဖို့အတွက်လည်း EAOs တွေအတွင်းမှာ အများကြီး ဆွေးနွေးတယ်။ မနေ့တနေ့က ကျင်းပတဲ့ JICM အစည်းအဝေးမှာ ဆွေးနွေးတယ်။ ဆွေးနွေးပြန်တော့လည်း ဒေါ်အောင်ဆန်းစုကြည် ဘက်က ပြောလာတဲ့ စကားက ကျမတို့ ရခိုင်တွေ လက်ခံလို့ ရတဲ့ စကား မဟုတ်ဘူး။ အဲ့လိုမျိုး စကားနဲ့ ကျမတို့ ခုထိ ကျင်းပခွင့် မရသေးတဲ့ အခြေအနေကို ကြုံနေရဆဲ ဖြစ်တယ်။

မေး။ ။ ရခိုင်တွေ လက်မခံနိုင်တဲ့ စကားမျိုး ဆိုတာက ဘယ်လိုမျိုးလဲ ပြောပြပေးပါ။

ဖြေ။ ။ အတိအကျပြောဖို့တော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ ရခိုင်ပြည်ကို သူတို့က ပြောတယ်။ Sensitive Area တခုလို့ သတ်မှတ်တယ်။ Sensitive Area မဟုတ်တဲ့ ရခိုင်ပြည်မှာ ၁၇ မြို့နယ်မှာ ကြိုက်တဲ့ နေရာမှာ ကျမတို့ ကျင်းပလို့ ရတယ်လို့ ကျမတို့ မြင်တယ်။ Sensitive Area လို့ သတ်မှတ်ထားတာက ဘယ်နေရာ ကို ပြောတာလဲပေါ့ ။ အဲ့တာကြောင့် ကျမတို့မှာ လုပ်လို့ ရနိုင်တဲ့ နေရာက နေရာအနှံ့မှာ ရှိတယ်။ ၁၇ မြို့ နယ်မှာ ကျမတို့ ကြိုက်တဲ့ နေရာမှာ လုပ်လို့ ရတယ်လို့ မြင်တယ်။ ဒါ့ကြောင့် သူတို့ဘက်က ပြောလာတဲ့ စကားက သက်သေမခိုင်လုံဘူး။ ရခိုင်တွေက လက်မခံနိုင်ဘူးဆိုတာကို ကျမအနေနဲ့ ပြန်ပြောချင်ပါတယ်။

မေး။ ။ ရခိုင်ပြည်နယ် အနေနဲ့ ALP အနေနဲ့ ခုထိ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးတော့ ပြည်ထောင်စု အဆင့်မှာ ဆွေးနွေးဖို့ ဘယ်လို လုပ်ဖို့ စဉ်းစားထားပါသလဲ ။

ဖြေ။ ။ ကျမတို့က မကျင်းပရသေးဘူးဆိုရင် ဒီပင်လုံက ပြည့်စုံတဲ့ ပင်လုံတခု ဘယ်လိုလုပ် ဖြစ်လာမလဲ ။ ပြည့်စုံတဲ့ ပင်လုံတခု ဖြစ်တယ်လို့ ကျမတော့ မမြင်ဘူး။

လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ လက်မှတ် ထိုးပြီး ပါလျက်နဲ့ ခွဲခြားဆက်ဆံခံရတယ်။ အခုကြည့်ပါလား။ ရှမ်းမှာ သွားလုပ်လိုက်ပြန်ပြီ ဒေသ အဆင့်။ လူမျိုးအဆင့်ကို မပြည့်စုံပဲနဲ့ ။ ထင်သလို သွားနေတဲ့မူနဲ့ လုပ်နေတာမျိုးတော့ ကျမတို့ လက်မခံ နိုင်ဘူး။

မေး။ ။ အစိုးရက ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS) ကိုလည်း ခွင့်မပြုသေးပဲ ဒေသအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကတိုက်ကရိုက်လုပ်ခဲ့တာ တွေ့ရတယ်။ ဒီတော့ အစိုးရ သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ALP အနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ ။

ဖြေ။ ။ ကျမတို့ NCA ကို လက်မှတ်ထိုးခဲ့တာက စစ်အစိုးရက လူဝတ်လဲလာတဲ့ အစိုးရနဲ့ ကျမတို့ လက်မှတ် ထိုးခဲ့ တယ်။ အခု ဒီမိုကရက်တစ်အစိုးရ လက်ထက်မှာ ကျမတို့ လုပ်ချင်တာတွေ အများကြီး အောင်မြင် လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဒီလို အဖြစ်တွေနဲ့ ကြုံလာရတော့ ကျမတို့ ခံစားလို့ မကောင်းဘူး။ အရမ်း ခံစားချက် မကောင်းဖြစ်တယ်။ ဒါမျိုးက လုပ်ကိုမလုပ်သင့်ဘူး။ နိုင်ငံတော်အစိုးရ တရပ်ဟာဆိုရင် ဒီ ၈ ဖွဲ့က လက်မှတ်ထိုးခဲ့တာ ဒီ ၈ ဖွဲ့ အပေါ်မှာ ကျောသားရင်သား ခွဲခြားဖို့ကို မသင့်ဘူး။ ခွဲခြားလို့ကို မရဘူး။

တကယ်လို့ ဆိုပါစို့။ ရခိုင်ပြည်ရဲ့ အခြေအနေက စိုးရိမ်ရတယ်ဆိုရင် ALP နဲ့ အစိုးရ ထိပ်တိုက်ဆွေးနွေး ပါလား။ ဆွေးနွေးကြည့်ရအောင်။ ဘယ်သောအခါက ကျမတို့ကို လမ်းကြောင်း ဖွင့်ပေးခဲ့လို့လဲ ။ ကျမတို့ကို ဘာစာတစောင်မှ စာပြန်ခဲ့တာ မရှိဘူး။ ကျမတို့ ၃ ကြိမ် တိတိ စာရေးခဲ့တယ်။ ဒါတွေဟာ တခုခု ဖြစ်လာရင် ကျမတို့ အားနည်းချက် မဟုတ်ဘူး။ အစိုးရရဲ့ အားနည်းချက်ပဲ ဖြစ်တယ်။ အစိုးရက လုပ်ချင်တိုင်း လုပ်တာ ကို ကျမတို့ ခံနေရတာပဲ ဖြစ်တယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ကို Sensitive Area လို့ ပြောပြီး အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ခွင့်မပြုတဲ့ အပေါ် ALP ဘက်က ဘာတွေများ ပြန်ပြောဖြစ်ခဲ့ပါသလဲ။

ဖြေ။ ။ အစည်းအဝေးမှာ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးဘက်က သူတို့ ပြောနိုင်သမျှကို ပြန်ပြောခဲ့ကြ ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဘက်က ပြောလာတဲ့ အနေအထားက သူ့မှာ ပုံစံတခု ပါလာတယ် လို့ မြင်တယ်။ အဲ့ပုံစံက ဘာလည်းဆိုတော့ ပြည်ထောင်စု ညီလာခံကို ကျင်းပဖို့ ရက်သတ်မှတ်ဖို့ ဒါပဲတွေ့ရတယ်။ ကျမတို့ တိုင်းရင်းသားတွေက အရမ်းရိုးကြတယ်။ ရိုးသားပြီး အားနာတယ်။ အဲ့တာမျိုး တွေက သမိုင်းတလျောက်လုံးမှာလည်း ကျမတို့ ကြုံခဲ့ပြီးပါပြီ။ ဆက်လက်ပြီးတော့ အားနာ နေမယ်။ အစိုးရ ပြောတိုင်းကို လိုက်လုပ်ပေးနေရမယ်ဆိုရင် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုရော ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်ချက်ထိကို ကျမ စိုးရိမ်မိနေပါတယ်။ ကျမ ဒီလောက်ပဲ ပြောချင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading