မန္တလေးတိုင်းဒေသကြီးမှာ ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီး မကြာခဏ ပျက်နေတာကြောင့် ပြည်သူလူထုက မီးပျက်ရခြင်းရဲ့ အဓိက အကြောင်းရင်းကို သိချင်နေကြပါတယ်။ အဲဒါကြောင့် မန္တလေးတိုင်းအတွက် လျှပ်စစ်မီးရရှိနိုင်မှု အခြေအနေတွေကို သိရှိနိုင်ဖို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန လက်အောက်ရှိ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) ရဲ့ အမှုဆောင်အရာရှိချုပ် ဦးသိန်းလှိုင်ကို ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်း ထားပါတယ်။
မေး။ ။ မန္တလေးတိုင်းမှာ ဒီနှစ်နွေရာသီအတွက် လျှပ်စစ်မီးဖြန့်ဖြူးနေတဲ့အခြေအနေကို သိချင်ပါတယ်ရှင်။
ဖြေ။ ။ ဒီနှစ်မှာ သင်္ကြန်ပြီးနောက်ပိုင်း မိုးစောစောရွာလိုက်တော့ အပူချိန်ကျသွားပြီး မန္တလေးဆို ဓာတ်အား သုံးစွဲမှုကျသွားတယ်။ မန္တလေးမှာဆို မနှစ်က ဒီအချိန်အရမ်းပူတဲ့အတွက် ဓာတ်အားသုံးစွဲမှုက မဂ္ဂါဝပ် ၅၀၀ လောက်အထိ ရောက်သွားတယ်။ ဒီနှစ်မှာ သင်္ကြန်မတိုင်ခင်မှာ သဘာဝဓာတ်ငွေ့ကို ပိုပြီး အားပြုပြီး ရေအားလျှပ်စစ်စက်ရုံတွေမှာ ရေကို မနှစ်ကထက် ပိုပြီးစုဆောင်းထားနိုင်ခဲ့တယ်။ မီးလျှော့သုံးလိုက်တဲ့ အတွက် ရေအားလျှပ်စစ်ကို ချွေတာနိုင်ပြီလို့ တွက်ထားပေမယ့် အခုကျတော့ ကံဆိုးစွာပဲ “ရွှေ” သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းက ကွန်ထရိုးဆားကစ် တခုပျက်သွားလို့ ဓာတ်အားပေး စနစ်တခု ယာယီရပ်ဆိုင်း နေတယ်။ လက်ရှိမှာ ဘာဖြစ်တယ်ဆိုတဲ့ အဖြေကို ရှာဖွေနေဆဲပဲ။ ဒါကလည်း နာရီပိုင်း ရက်ပိုင်းအတွင်း ပြန်ကောင်းချင်လည်း ကောင်းမယ်။ အကြောင်းကြောင်းကြောင့် ကြာချင်လည်း ကြာနိုင်မယ်။ တနိုင်ငံလုံးရဲ့ ဓာတ်အားသုံးစွဲမှုပမာဏက ခန့်မှန်းခြေ မဂ္ဂါဝပ် ၃၀၀၀ ပတ်ဝန်းကျင်ရှိတယ်။ တကယ့် အသုံးအများဆုံး အချိန်မှာ ပြသနာရှိနေတယ်။ လောလောဆယ်မှာ တနိုင်ငံလုံးအတိုင်းအတာအရ ဓာတ်အား မဂ္ဂါဝပ် ၄၀၀ လောက် လိုနေတယ်။ ရွှေက ဂတ်စ်မထုတ်နိုင်သေးတဲ့အတွက် ရေအားလျှပ်စစ် စက်ရုံတွေက သ့ူအစား အဲဒီပမာဏကို ပိုမောင်းပေးနေရတယ်။ ဆည်တွေရဲ့ သဘာဝကလည်း ပိုထုတ်လေ၊ ရေပိုကျလေ။ ရေကျလေ၊ ရေခမ်းတာမြန်လေ ဖြစ်နေတယ်။ အဲဒါကြောင့် စက်ရုံကြီးတွေက ဓာတ်အားထွက် မလာရင်တော့ မရတော့ဘူး ပေါ့နော်။ အခုတော့ ရေအားလျှပ်စစ်ကလည်း ကြိုးစားပြီး မောင်းနေတဲ့အတွက် စဉ်ဆက်မပြတ် ပေးနိုင်ဖို့တော့ ခန့်မှန်းပါတယ်။
မေး။ ။ အဲဒါဆိုရင် လျှပ်စစ်မီးကို အချိန်ပိုင်းပေးဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ။ အချိန်ပိုင်းပေးမလား၊ မပေးမလားဆိုတာကို မိုးစောစောရွာ၊ မရွာပေါ် မူတည်တဲ့အတွက် အပိုင်တော့ ပြောလို့မရသေးပါဘူး။ ဝန်ကြီးချုပ်ကလည်း အများပြည်သူကို ပွင့်ပွင့်လင်းလင်း သိစေချင်တယ်။ အန်ကယ်တို့ကလည်း ပြောချင်ပါတယ်။ ကွယ်ဝှက်စရာမရှိပါဘူး။ ဒါပေမဲ့ MESC ရဲ့ လုပ်ငန်းသဘော ကလည်း ဓာတ်အားဖြန့်ဖြူးရေးသာ လုပ်တာဖြစ်တဲ့အတွက် ဝန်ကြီးဌာန တခုလုံးကို ခြုံပြီး ပြောဖို့ကျတော့ ခက်ပါတယ်။ သတင်းအချက်အလက်ပေးရုံလောက်သာ ပေးနိုင်တာပါ။
မေး။ ။ မန္တလေးတိုင်းအတွင်းမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတိုင်းအတာ ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ မန္တလေးတိုင်းကို အခြေပြုပြီး ဆည်တော်ကြီး၊ ကင်းတား၊ ရဲရွာရေအားလျှပ်စစ်စက်ရုံတွေရှိတယ်။ အဲဒီစက်ရုံတွေက မဂ္ဂါဝပ် ၈၀၀ လောက်ထုတ်နိုင်တယ်။ ရွှေက ရတဲ့သဘာ၀ ဓာတ်ငွေ့ခွဲတမ်းကို လျှပ်စစ်ပြန်ထုတ်တဲ့ Power Plant က မြင်းခြံနဲ့ ကျောက်ဆည်မှာရှိတယ်။ အဲဒီစက်ရုံတွေကနေ မဂ္ဂါဝပ် ၃၀၀ ဆိုတော့ မန္တလေးတိုင်းကနေ စုစုပေါင်း ၁၁၀၀ လောက် ထုတ်နိုင်ပါတယ်။ အဲဒီထွက်ရှိတဲ့ဓာတ်အား ပမာဏတွေ ကို တနိုင်ငံလုံးကိုပေးတဲ့ဓာတ်အားစနစ်ကြီး ပေါ်တင်ပြီးမှ မန္တလေးတိုင်းအတွက် ပြန်ယူရ တဲ့သဘောပါ။
မေး။ ။ တတိုင်းလုံးရဲ့ ဓာတ်အားသုံးစွဲမှု ပမာဏ ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ တရက်ကို အကြမ်းဖျင်းအားဖြင့် မန္တလေးခရိုင်မှာ၂၅၀ မဂ္ဂါဝပ် လောက်ရှိတယ်။ တတိုင်းလုံးဆိုရင် ၅၀၀ မဂ္ဂါဝပ်လောက်ရှိတယ်။ ဒီနှုန်းတွေက ပုံသေတွေတော့ မဟုတ်ပါဘူး။ အများဆုံးသုံးတဲ့နှုန်းကို ပြောတာပါ။
မေး။ ။ မန္တလေးတိုင်း အတွင်း လျှပ်စစ်ဖြန့်ဖြူးတဲ့ နေရာမှာ ဓာတ်အား ပျောက်ဆုံးမှု ရာခိုင်နှုန်း ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ လက်ရှိပေးနေတဲ့ မဂ္ဂါဝပ်ရဲ့ ၁၄ ရာခိုင်နှုန်းလောက် ရှိပါတယ်။
မေး။ ။ မန္တလေးမြို့မှာ သစ်ပင်တွေခုတ်လို့ မီးပျက်တယ်ဆိုတဲ့ ကိစ္စမျိုးတွေကော လာဦးမှာလား။
ဖြေ။ ။ သစ်ပင်နဲ့ ဓာတ်အားလိုင်းဆိုတာကတော့ အမြဲတမ်းရှိနေနိုင်တဲ့ ပြသနာတခုပါပဲ။ သစ်ပင်ဆိုတာ ကလဲ လိုအပ်ချက်အရ ရှိနေသလို ဓာတ်အားလိုင်းကလဲ ဒီလိုပါပဲ။ ပြည်သူတွေ များများ သုံးလာသလောက် ဓာတ်အားလိုင်းတွေ တိုးချဲ့ ဆွဲရတာက လည်း ဒုနဲ့ ဒေးဖြစ်လာတယ်။ အဲဒါကြီးက တကယ်ကို စိန်ခေါ်မှုကြီး တခုပါပဲ။ ဒီကြားထဲမှာ ဒါကိုကျော်ဖို့ မြေအောက်ကေဘယ်လိုင်းတွေ ဆွဲမယ်ဆိုရင် ခန့်မှန်းခြေအရ အခုလက်ရှိထက် ၁၀ ဆလောက် ကုန်ကျစရိတ်က ရှိတယ်။ တကယ်တမ်း နိုင်ငံတော်က လျှပ်စစ်ကနေ ရရှိတဲ့ဝင်ငွေဟာ တနှစ်ကို ၁၅ ဘီလျှံ လောက်ပဲ ရှိတယ်။ အဲဒါကြောင့် နည်းပညာ၊ လုပ်အားတွေရှိပေမယ့် ငွေကြေးက အကန့်အသတ်ရှိနေပါတယ်။
မေး။ ။ လက်ရှိ ဘတ်ဂျက်နှစ်မှာ မန္တလေးတိုင်းလျှပ်စစ်ကဏ္ဍအတွက် ဘတ်ဂျက် ဘယ်လောက်သုံးဖို့ လျာထားပါသလဲ။
ဖြေ။ ။ ၂၀၁၇- ၁၈ ခုနှစ် မန္တလေးတိုင်းဘတ်ဂျက်ကတော့ ၁၅ ဘီလီယံ သုံးဖို့မှန်းထားတယ်။ အဲဒီအထဲမှာ ကျေးလက်မီးလင်းရေး၊ မြို့ပြမှာ ဓာတ်အားခွဲရုံဆောက်ဖို့၊ ထရန်စဖော်မာတွေ အင်အားတိုးဖို့အတွက် လုပ်သွားမှာပါ။
မေး။ ။ မီတာခတွေရော ဈေးနှုန်း ထပ်တက်ဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ။ တက်တော့တက်ရမယ်။ နိုင်ငံတော်က ပုဂ္ဂလိကကဏ္ဍ မြှင့်တင်မယ်ဆိုပေမဲ့ လျှပ်စစ်မှာ အရှုံးပေါ် နေတော့ ဝင်ပြီး ရင်းနှီးမြှပ်နှံမှု မလုပ်နိုင်ဘူး။ တက်တော့ တက်ရမယ်။ ဒါပေမဲ့ အခြေခံလူတန်းစားကို အကြီးအကျယ် မထိခိုက်အောင် လုပ်ရမှာပေါ့။ အဲဒီအတွက် အကျေအလည် ဆွေးနွေးမှုတွေ လုပ်နေဆဲပါ။ အဲဒီဆွေးနွေးမှု အတိုင်းအတာတွေပြီးမှသာ စဉ်းစားမှာပါ။
မေး။ ။ မီးပျက်ခဲ့ရင် အများပြည်သူအနေနဲ့ဘယ်ကိုဆက်သွယ်ပြီး မေးမြန်းလို့ ရနိုင်ပါသလဲ။
ဖြေ။ ။ MESC မှာ ကွန်ပလိန်းဌာနရှိပါတယ်။ အဲဒီဌာနမှာ ဖုန်း ၄ လုံးရှိပါတယ်။ ၀၂ ၃၉၃၃၀၊ ၀၂ ၇၂၆၁၆၊ ၀၂ ၇၂၆၁၇၊ ၀၂ ၇၂၆၁၈ တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ “Mesc Mesc” ဆိုတဲ့ဖေ့ဘုတ် အကောင့် မှာလည်း အများပြည်သူသိသင့်တဲ့ သတင်းအချက်အလက်တွေ အမြဲတင်ပေးထားပါတယ်။
မေး။ ။ လျှပ်စစ်မီးပေးနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး အများပြည်သူကို ဘာလိုမျိုါ် မက်ဆေ့ချ်ပေးချင်ပါ သေးသလဲ။
ဖြေ။ ။ ဒီနေ့အထိတော့ မန္တလေးတိုင်းမှာ ရောက်ရှိလာတဲ့ဓာတ်အားကို ဖြန့်ဖြူးဖို့ ပြည်သူတွေ အပြည့်အ၀ သုံးနိုင်ဖို့ အကုန်လုံးအဆင့်သင့်လုပ်ထားပါတယ်။ အချိန်အပိုင်းအခြား၊ ဓာတ်အားပိတ်ဖို့က စာရွက်ပေါ်မှာ ရှိပါတယ်။ ဒါပေမဲ့ ရာသီဥတုအခြေအရ အန်ကယ်တို့ဘက်မှာ ရှိလာပြီမို့ အဲဒါကို လုပ်ဖို့ အစီအစဉ်မရှိ တော့ပါဘူး။ အလွန်ဆုံး မေလကုန်လောက်အထိ တွက်ချက်ပြီးတော့ လုပ်ထားပါတယ်။ တလိုင်းက မလာရင် တလိုင်းကနေ ခွဲပေးနိုင်ဖို့အတွက် ထရန်စဖော်မာကို တိုးချဲ့ပြီး လုပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆို မန္တလေးတတိုင်းလုံးက ဓာတ်အားခွဲရုံ ၁၈ ရုံက ထရန်စဖော်မာအင်အားတွေ တိုးချဲ့ ခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေအရ ဓာတ်အားဖြန့်ဖြူးမှု အနေအထားကို အကောင်းဆုံး လုပ်ပေး နေပါတယ်။ ဟိုတလောက မီးနည်းနည်းပျက်သွားတယ်။ အဲဒါကလည်း တံခွန်တိုင်ခွဲရုံမှာ ထရန်ဖော်စမာ လဲတပ်တဲ့အချိန်မှာ မိုးရွာလိုက်တော့ ထင်ထားထက်ပိုကြာသွားတယ်။ တန် ၁၀၀ ကရိန်းနဲ့ ထရန်ဖော်စမာ ကို ချလိုက်တဲ့အချိန်မှာ မြေကျွံသွားတယ်။ တော်တော်လေးဒုက္ခရောက်သွားတယ်။ အဲဒါကြောင့် အချိန်ကြာ မီးပျက်တာတွေ၊ မီးအားကျသွားတယ်။ အဲဒီလို ဖြစ်သွားတဲ့အတွက်လည်း အနူးအညွတ်တောင်းပန်ပါတယ်။