တရုတ်-မြန်မာနယ်စပ် မြောက်ပိုင်းနှင့် အရှေ့မြောက် အခြေစိုက် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ် မတော် (UWSA) ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်- မိုင်းလားတပ်ဖွဲ့ (NDAA) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်- ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ ရက္ခိုင့်တပ်မတော် (AA) ၊ ရှမ်းပြည်တိုးတတ်ရေးပါတီ / ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSPP) တို့ စုဖွဲ့ထားသည့် “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ”က အစိုးရနှင့် တွေ့ဆုံပြီး နိုင်ငံရေး မူဝါဒများကို ညှိနှိုင်းကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ကမ်းလှမ်းထားသော်လည်း ယနေ့ထိ တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။
အစိုးရနှင့် တပ်မတော်တို့က ၎င်းတို့ ဆောင်ရွက်နေသည့် NCA လုပ်ငန်းစဉ်အရ ဆွေးနွေးလိုပြီး တပ်မတော်က အရှေ့မြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချို့ကိုလည်း ဆွေးနွေးလိုခြင်း မရှိဟု ပြောဆိုထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် ၇ဖွဲ့အနက် UWSA ၊ KIA ၊ MNDAA ၊ TNLA နှင့် AA ၅ဖွဲ့ကို မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ပါဝင်ညှိနှိုင်းပေးနေသည့် တရုတ်အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်က ယူနန်ပြည်နယ် ကူမင်းမြို့သို့ ဖိတ်ခေါ်ကာ အစိုးရ၊ တပ်မတော်တို့နှင့် တွေ့နိုင်ရေး အတွက် မေလ ၁၀ ရက်နှင့် ၁၁ ရက် တွင် ဆွေးနွေးမှုများ ပြုလုပ်သည်။
မစ္စတာဆွန်ကော့ရှန်နှင့် တိုင်းရင်းသားလက်နက်ကိုင် ၄ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုများအပေါ် ဧရာဝတီ သတင်းဌာနမှ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က TNLA ၊ ဒုဥက္ကဌ ဗိုလ်မှူးချုပ် တာဂျုတ်ဂျား ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ၂ရက်တာ မစ္စတာဆွန်ကော့ရှန်နဲ့ တွေ့ဆုံမှုမှာ ပြောဆိုဆွေးနွေးဖြစ်တာတွေကို ပြောပြပါဦး။
ဖြေ။ ။ ဒီပွဲက အဓိကကတော့ သူဖိတ်တာပါ။ သူသိချင်တာက ကျနော်တို့တွေ ပန်ခမ်း စတုတ္ထအကြိမ် အစည်းအဝေးတုန်းက တယောက်စီပေးခဲ့တဲ့ စာတမ်းတွေကို သူသိချင်တာလို့ ပြောပြပါတယ်။
ကျနော်တို့ဘက်က များများတော့ မပြောဖြစ်ဘူး။ အခု နိုင်ငံရေးလမ်းကြောင်းက ဆုံးသလောက်ဖြစ်နေ ပြီ။ ကျနော်တို့ မြောက်ပိုင်းက ၇ ဖွဲ့ ပန်ဆန်းမှာ သဘောတူညီထားတာလေးတွေကို အစိုးရက လက်မ ခံဘူး ဆိုရင် နိုင်ငံရေးလမ်းကြောင်းက ဆုံးပြီ။ ဒါကို နိုင်ငံရေး လမ်းကြောင်းပွင့်ဖို့ သူ့ဘက်ကနေ ကြိုးစားပေးဖို့ ကျနော်တို့က တောင်းဆိုထားတာလေးတွေ ရှိပါတယ်။
မေး။ ။ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းက တိုင်းရင်းသားတပ်ဖွဲ့တွေကို တွေ့မယ်လို့ မေလ ၆ ရက်က ထုတ်ပြန်ပေမယ့် NCA အရပဲ ညှိမယ်ဆိုတာ ပါတယ်။ တပ်မတော်ကလည်း မြောက်ပိုင်း ၃ဖွဲ့အပေါ် သဘောထား ပြောင်းတာမရှိဘူး။ ဒီကိစ္စတွေရော ပြောဖြစ်ပါသလား။
ဖြေ။ ။ ဒါတွေကို မပြောပြဖြစ်ဘူး။ ဒါကတော့ လမ်းဆုံးနေပြီလေ။ NCA က အလုပ်မဖြစ်တော့ ဒါကို ကျနော်တို့ မပြောဘူး။ သိပ်ကို မဆွေးနွေးဖြစ်ဘူး။
အစိုးရနဲ့ တပ်မတော်ကို တွေ့ဖို့ သူ( မစ္စတာဆွန်ကော့ရှန်) ကတော့ တိုက်တွန်းပါတယ်။ တွေ့ဆုံမှပဲ လမ်းကြောင်းက ပွင့်မယ်လေ။ ကျနော်တို့လည်း လက်ခံတယ်။ အဓိကက အစိုးရနဲ့ တပ်နဲ့က ဖိတ်ကြားမယ် ဆိုရင် ကျနော်တို့ လက်ခံတယ်။ အစိုးရဘက်က ၂ ဖွဲ့ ၊ ၃ ဖွဲ့ အဲ့လို ကွက်ပြီး ခေါ်ရင်တော့ ကျနော်တို့ တွေ့မှာ မဟုတ်ဘူး။ အဓိက က ၇ ဖွဲ့လုံး တွေ့မှပဲ ကျနော်တို့ တွေ့ပါမယ်။
မေး။ ။ UWSA နဲ့ တပူးပေါင်းတည်းဆိုရင် တပ်မတော်ဘက်က မြောက်ပိုင်းက တပ်ဖွဲ့တွေကို မတွေ့လိုဘူး လို့ သတင်းရင်းမြစ်အချို့ဆီက သိထားရပါတယ်။ ဒီအခြေအနေတွေကိုရော ဆွေးနွေးဖြစ်ပါသလား။
ဖြေ။ ။ အဓိကကတော့ ကျနော်တို့ ၃ဖွဲ့က ဒေါက်တာတင်မျိုးဝင်းနဲ့ တခါတွေ့တယ်။ အခုလည်း တခါ။ ဒါပေမယ့် ကျနော်တို့က ၇ ဖွဲ့လုံးကို တွေ့မှပဲ လက်ခံမယ်။ ပန်ဆန်းမူမှာလည်း ဒီလိုပဲ ချမှတ်ထားတယ်။ ဒါက ကျနော်တို့ဘက်က ရှင်းပါတယ်။
မေး။ ။ ဒါဆို ၇ဖွဲ့လုံးကို တစုတည်း အစိုးရက မတွေ့ရင် နိုင်ငံရေးလမ်းကြောင်းဆုံးပြီလို့ မစ္စတာ ဆွန်ကော့ရှန်ကို သတင်းစကားပါး လိုက်တာလား။
ဖြေ။ ။ ဒီလိုပဲသက်ရောက်တာပဲ။ ဒါပေမယ့် သူကတော့ တွေ့ဆုံခိုင်းတာပေါ့။ တွေ့မှပဲ လမ်းကြောင်းက ပွင့်မယ်လေ။ အခု အစိုးရက ၁ဖွဲ့ ၊ ၂ဖွဲ့ ၊ ၃ဖွဲ့နဲ့ ခွဲခြားပြီး တွေ့တယ်။ ဒါဆိုကျနော်တို့ မတွေ့ဘူး ။ အားလုံး ပါမှပဲ တွေ့မယ်။ ဒါကိုလည်း သူ့ (မစ္စတာဆွန်ကော့ရှန်) အနေနဲ့တော့ ကြိုးစားပေးမယ်လို့ ပြောပါတယ်။
မေး။ ။ မြောက်ပိုင်းတိုင်းရင်းသားတွေဘက်က အဖွဲ့ခွဲတွေ့တာကို လက်မခံဘူးလို့ ပြောနေပေမယ့် ဒါကို အစိုးရ၊ တပ်မတော်တို့က လက်မခံဘူး။ ဘာ့ကြောင့်လို့ သုံးသပ်မိပါသလဲ။
ဖြေ။ ။ ဒါက စစ်တပ်ကို ပြောမယ်ဆိုရင် တလျှောက်လုံးက တိုင်းရင်းသားတွေကို စုစည်းမှု မရှိအောင် ခွဲပြီးတော့ တွေ့ကြတယ်။ ဒါက သူ့ရဲ့ တိုက်ကွက်ပဲ ။ သူ့ရဲ့ ပုံစံပဲ။ ရှည်ရှည်ဝေးဝေးတော့ တွေးစရာမလိုပါဘူး။
မေး။ ။ ပန်ခမ်းက ဘုံသဘောတူထားတဲ့ အထွေထွေမူဝါဒတွေကို ပြောပြတဲ့အခါ မစ္စတာဆွန်ကော့ရှန်က ဘာတွေများ ပြန်ပြောပါသလဲ။
ဖြေ။ ။ သူက ကောင်းကောင်းတော့ မဖတ်သေးဘူး။ သူ့ကို ကျနော်တို့ကတော့ ဖတ်တော့ ဖတ်ပြတယ်။ ဒါပေမယ့် သူက ပြန်ပြီးတော့ လေ့လာသုံးသပ်မယ်ပေါ့။ သူမကြားဖူးတဲ့ အချက်တွေလည်း သူကြား တယ်ပေါ့။ သူ တချို့အပိုင်းတွေလည်း သူအံ့သြတယ်။ ဒါ ငြိမ်းချမ်းရေးအတွက်တော့ အထောက်အကူ ပြုမှာပေါ့ ။ အခုလည်း နောက်မကျပါဘူး။ သူက အစိုးရနဲ့ စစ်တပ်ကို နားလည်အောင် ရှင်းပြမယ်လို့တော့ ပြောပါတယ်။
မေး။ ။ ဒီတခါ မစ္စတာဆွန်ကော့ရှန်နဲ့ တွေ့တာ ဗိုလ်မှူးချုပ်တို့အနေနဲ့ ငြိမ်းချမ်းရေးအတွက် ဘာတွေများ အထောက်အကူဖြစ်မယ်လို့ ယူဆပါသလဲ ။
ဖြေ။ ။ ကျနော်တို့ရဲ့ ခံစားချက်၊ ကျနော်တို့ရဲ့ သဘောထားတွေကို သူသယ်ဆောင်ပြီးတော့ မြန်မာအစိုးရရော စစ်တပ်ကိုရော သူနားလည်အောင် ရှင်းပြပေးမယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်။