ဒေါက်တာစင်သီယာမောင်သည် ၁၉၈၈ ခုနှစ်က အတိုက်အခံလှုပ်ရှားသူများကို ရက်စက်ကြမ်းကြုတ် စွာ နှိမ်နင်းမှု အပြီး မြန်မာနိုင်ငံမှ ထွက်ပြေးရပြီးနောက် ၁၉၈၉ ခုနှစ်တွင် ထိုင်းနိုင်ငံမဲဆောက်၌ မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့သည့် ဆရာဝန်နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ဖြစ်သည်။
ထိုဆေးခန်းသည် မြန်မာ ရွှေ့ပြောင်း လုပ်သားများ၊ ဒုက္ခသည်များ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ များနှင့် အခြားသော မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု မရသူများကို အခမဲ့ ကုသပေးပြီး နေ့စဉ် ပြင်ပလူနာ ၁၀၀ မှ ၁၅၀ ကြား ကုသပေးနေရသော ဆေးခန်းလည်း ဖြစ်သည်။
ယခုအခါ ထိုင်း-မြန်မာနယ်စပ်အတွက် ငွေကြေးထောက်ပံ့မှု လျှော့နည်းလာသောကြောင့် မယ်တော် ဆေးခန်း အတွက် လည်း ရန်ပုံငွေ ကျဆင်းလာသည်။
ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် စောရန်နိုင်က ဆေးခန်း၏ လက်ရှိအခြေအနေနှင့် ရန်ပုံငွေ အခက်အခဲများနှင့်ပတ်သက်ပြီး ဒေါက်တာစင်သီယာမောင် ကို တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ပြီးခဲ့တဲ့မေလက ဆေးခန်းနေရာ ပြောင်းရပြီးနောက် ဘာအပြောင်းအလဲတွေ ဖြစ်လာခဲ့သလဲ။
ဖြေ။ ။ ဆေးခန်းက မြို့လယ်ကောင်နဲ့ ဝေးတော့ အဓိက အခက်အခဲက သွားရေးလာရေးပဲ။ လူနာတွေ အတွက်ရော ဝန်ထမ်းတွေ အတွက်ပါ သွားရလာရတာ အထူးသဖြင့် ညဘက်ဆို လုံခြုံရေးကြောင့် မလွယ်ကူဘူး။ ဒါပေမယ့် နေရာသစ်က ပိုကျယ်၊ ပိုသန်ရှင်းပြီး ပိုကောင်းတယ်။ ခြုံပြီးပြောရရင်တော့ ပိုပြီးကောင်းတဲ့ လုပ်ငန်းခွင်ပါပဲ။
မေး။ ။ လူနာအရေအတွက်က တိုးလာလား ဒါမှမဟုတ် ကျဆင်းသွားလား။
ဖြေ။ ။ နေ့စဉ် ပြင်ပလူနာ ၁၀၀ နဲ့ ၁၅၀ ကြား ပုံမှန် လာနေတာပါပဲ။ နောက်ပြီးတော့ ကျမတို့ ဆေးရုံက ကုတင် ၁၆၀ မှာလည်း အမြဲတမ်း အတွင်းလူနာ ၁၅၀ လောက် ရှိနေပါတယ်။ ငှက်ဖျားလူနာ အရေအတွက် ကတော့ ကျဆင်းလာပါ တယ်။ တခြားအပိုင်းမှာတော့ ကိန်းဂဏန်း အတက်အကျ မရှိပါဘူး။
မေး။ ။ နောက်ဆုံးကျရင် ဆေးခန်းကို မြန်မာနိုင်ငံထဲကို ပြန်ရွှေ့ဖို့အစီအစဉ် ရှိပါလား။
ဖြေ။ ။ ကျမတို့က မြန်မာအစိုးရနဲ့ နိုင်ငံရဲ့ တချို့နေရာရောတွေ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ပူးပေါင်း ဆောင်ရွက်နေတာတွေ ရှိတယ်။ ကျမတို့ဆီမှာ လေ့ကျင့်ပေးထားတဲ့ ဆေးဝန်ထမ်းတွေကို မြန်မာနိုင်ငံထဲမှာ အလုပ် လုပ်ဖို့ ခွင့်ပြုချက် တောင်းထားပါတယ်။ လတ်တလောတော့ မြန်မာနိုင်ငံထဲကို ရွှေ့ပြောင်းဖို့ အစီအစဉ် မရှိပါဘူး။
မေး။ ။ နယ်စပ်မှာ ရန်ပုံငွေ ထောက်ပံ့မှု ကျဆင်းလာတော့ ဘာအခက်အခဲတွေ ရင်ဆိုင်ရလဲ။
ဖြေ။ ။ အကူအညီတွေက မြန်မာနိုင်ငံထဲကို ပိုပေးလာတော့ နယ်စပ်အကူအညီ အတွက် ရန်ပုံငွေက သိသိသာသာ ကျဆင်းသွားတယ်။
Global Fund က ထိုင်းနိုင်ငံက တီဘီနဲ့ ခုခံမှုကျရောဂါ အစီအစဉ်တွေ အတွက် ဘဏ္ဍာရေး အကူအညီကို ဖြတ်တောက် လိုက်တော့ ကျမတို့ ဆေးခန်းကို ထိခိုက်လာတယ်။
ခုခံအားကျဆင်းရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ လူနာတွေကို ကုသဖို့၊ အရေးပေါ် ခွဲစိတ်မှုတွေ ပြုလုပ်ဖို့ ခက်ခဲလာတာပေါ့။ ထိုင်းအစိုးရ ဆေးရုံတွေကို လူနာတွေကို လွှဲပြောင်းပေးဖို့ ကုန်ကျ စရိတ်ကို ကာမိဖို့လည်း ခက်ခဲလာတယ်။
ကျမတို့ အတွက် ရန်ပုံငွေက စီမံချက်တွေပေါ်မှာ မူတည်ပြီး စီမံချက် တော်တော်များများက အောက်တိုဘာ၊ နိုဝင်ဘာမှာ ပြီးတော့မှာ။ အဲဒီ နောက်ပိုင်းဆိုရင်တော့ ကျမတို့ရဲ့ ရန်ပုံငွေ တော်တော်များများကို ရန်ကုန်ကနေ ယူရပြီး ဒီ ရန်ပုံငွေတွေ ကျေးလက်ဒေသကို ရောက်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ အလှူရှင်တွေနဲ့ ဆွေးနွေးရမှာပဲ။ မြန်မာနိုင်ငံထဲက ဘဏ္ဍာငွေရဖို့ ဆိုတာ ခက်ခဲတော့ ရှေ့နှစ်တွေမှာ အခက်အခဲ ကြုံရမယ်လို့ မျှော်လင့်ထားပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ အခုဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘယ်လို မြင်လဲ။ အထူးသဖြင့် ကရင်ပြည်နယ်နဲ့ မဲဆောက် ပတ်ဝန်းကျင်ပေါ့။ ပြုပြင်ပြောင်းလဲရေးက ဒီဒေသတွေက လူတွေနဲ့ ကျန်းမာရေး ကဏ္ဍ အပေါ် အကျိုးဖြစ်စေသလား။
မြန်မာနိုင်ငံမှာက လူသားရင်းမြစ်၊ စွမ်းဆောင်ရည်၊ လုပ်ငန်းသုံး ပစ္စည်းကိရိယာနဲ့ အဆောက်အအုံ၊ ဆေးဝါး ဘာမှ မလုံလောက်ဘူး။ ဒါကြောင့် လူနာတွေ အဲဒီက ဆေးရုံတွေမှာ ပြန်ပြီး ကုသခံဖို့ ခက်ခဲတယ်။
ကရင်ပြည်နယ်မှာက ထိုင်းနယ်စပ် တလျှောက်ပြန့်ကျဲနေတဲ့ လူတွေ အများကြီး ရှိတယ်။ ဒီအသိုင်းအဝန်းကို လက်လှမ်းမီဖို့ အစိုးရနှစ်ခု ပူးပေါင်းဆောင်ရွက်သင့်တယ်။ ရွှေ့ပြောင်း အခြေချ အသိုင်းအဝန်း အတွက် တရားဝင် ကျန်းမာရေး ဝန်ဆောင်မှု ရရှိနိုင်တဲ့ စနစ်ကောင်းကောင်း မရှိသေးဘူး။ သူတို့ အများစုကလည်း လွတ်လပ်စွာ ခရီးသွားဖို့ တရားဝင် စာရွက်စာတမ်း မရှိကြတော့ အရမ်းကို အကန့်အသတ် ရှိနေတယ်။