၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာရရှိလာပြီးနောက် မြန်မာနိုင်ငံ၏ အချက်အချာကျသော ရန်ကုန်မြို့တွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆက်လက် အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်လာသည်။ လူဦးရေ ၇ ဒသမ ၃၆ သန်း နှင့် နိုင်ငံ၏ ဂျီဒီပီ လေးပုံတပုံနီးပါး ပေါင်းစပ်ဖွဲ့စည်းထားသော ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဦးစီးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ဦးဖြိုးမင်းသိန်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
ရှစ်လေးလုံးအရေးတော်ပုံဟုခေါ်သော ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ရန်ကုန်တက္ကသိုလ် ရူပဗေဒ ကျောင်းသားတဦးဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်သောကြောင့် ထောင် ၁၅ နှစ် ကျခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။ အချိန်တိုအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှေ့တန်းသို့ ရောက်လာပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရ ရွေးကောက်ခံအမတ်ဖြစ်ခဲ့သည်။
အစိုးရသစ်သက်တမ်း ၁ နှစ်အပြီး ရန်ကုန်မြို့ အတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း လက်ရှိလုပ်ဆောင်နေဆဲ ပြုပြင်ပြောင်းလဲရေးနှင့် အခက်အခဲများ၊ ဆက်လက် လုပ်ဆောင်သွားမည့် အစီအမံများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အနာဂတ် မျှော်မှန်း တည်ဆောက်မှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ရဲနည်နှင့် ဧရာဝတီတွင် အာဆီယံရေးရာများ ရေးသားသူ မလေးရှား စာရေးဆရာ ကာရင်မ်ရတ်စလန်တို့က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ ဝန်ကြီးချုပ်အနေနဲ့ ပြီးခဲ့တဲ့ တနှစ်အတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေမှာ ဘယ်စီမံကိန်းတွေက အောင်မြင်တယ်လို့ ဆိုနိုင်မလဲ။ ဘယ်စီမံကိန်းတွေက မအောင်မြင်ဘူးလဲ။ ဝန်ကြီးချုပ်လက်ထက်မှာ အပြောင်းအလဲ ကြီးကြီးမားမားလုပ်ခဲ့တဲ့ YBS ကလည်း ဝေဖန်မှုတွေခံရပြီး ပြဿနာရှိနေတယ် မဟုတ်လား။
ဖြေ။ ။ ကျနော့် အနေနဲ့ ဒီ တနှစ်တာ ဖြတ်သန်းခဲ့တဲ့ အထဲမှာ ကျနော် ကြိုးစားခဲ့တဲ့ ကဏ္ဍပေါင်းစုံ ရှိပါတယ်၊ ဒီ ကဏ္ဍပေါင်းစုံမှာ ဆိုရင် ပြုပြင်ပြောင်းလဲရေး ပေါင်းစုံ လုပ်ပါတယ်၊ နောက်တချက်က ရန်ကုန်မြို့ရဲ့ ရေကြီးရေလျှံမှု၊ ရန်ကုန်မြို့မှာ ရှိတဲ့ ကျူးကျော်တွေ၊ ရန်ကုန်မြို့ရဲ့ လမ်းဘေးဈေးသည် ဒီအခြေအနေတွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ကျနော် ကြိုးစားခဲ့ပါတယ်။ ဒီကြိုးစားမှုတိုင်းမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိပါတယ်။ ဒါပေမယ့် ဒီ အခြေအနေတွေကို ပြောင်းလဲနိုင်ဖို့ အတွက် ပြည်သူလူထုရဲ့ ထောက်ခံမှုတွေ ရှိပါတယ်၊ ပြည်သူလူထုက ပြောင်းလဲချင်တဲ့ ဆန္ဒရှိပါတယ်။
အသွင်ကူးပြောင်းရေး ကဏ္ဍတိုင်းမှာ ဒီလိုပဲ ဖြစ်ကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဘတ်စ်ကားစနစ် ပြုပြင်ပြောင်းလဲ တယ် ဆိုတဲ့ နေရာမှာ ပထမအဆင့် စနစ်ကို ပြောင်းရတာပါ၊ စနစ်ကိုပြောင်းပြီး ဒီအထဲမှာ ဘတ်စ်ကားတွေကို တဖြည်းချင်း တဖြည်းချင်း အဆင့်မြှင့်တင်ရတာ ဖြစ်ပါတယ်။ ကျနော်တို့က အခုက မထသ ကနေ YBS စနစ်ကို ပြောင်းပါတယ်၊ စနစ်ကို ပြောင်းတဲ့အခါမှာ အရင်တုံးက ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ရှိတဲ့ အထဲမှာမှ ကျနော်တို့က ယာဉ်လိုင်းပေါင်း ၈၀ ကျော်ကို ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။
ဒီစနစ်ကို ပြောင်းပြီးတဲ့အခါမှာ တဖြည်းဖြည်း အဆင့်မြှင့်ရတာပါ၊ အဆင့်မြှင့်တဲ့ နေရာမှာပဲ ဒီထဲမှာ ပါဝင်နေတဲ့သူတွေ အားလုံး အောင်အောင်မြင်မြင်နဲ့ ထွက်ခွာသွားနိုင်အောင်၊ အောင်အောင်မြင်မြင်နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်လာအောင် ကျနော်တို့က ကြိုးစားရတာ ဖြစ်ပါတယ်။ ဒီလိုကြိုးစားခဲ့တာ ဖြစ်တဲ့ အတွက် စနစ်ပြုပြင် ပြောင်းလဲရေးကတော့ အောင်မြင်သွားပြီ၊ အဆင့် မြှင့်တင်ရေး ကိစ္စကတော့ အနည်းဆုံး တနှစ်လောက်တော့ အချိန်ယူရမယ်။ ဒီနေရာမှာ ကားတွေ အားလုံးက အဆင့်အတန်းမီတဲ့ ကားတွေ အားလုံးဖြစ်ဖို့ လုပ်နေပါတယ်။
နောက်တချက်က ကျနော်တို့နိုင်ငံက Bus operator မရှိဘူး၊ Bus operator မရှိတဲ့ အတွက် ကျနော်တို့က Bus operator ကို တပ်ဆင်လိုက်တယ်၊ တပ်ဆင်လိုက်တဲ့ အချိန်မှာပဲ တဦးချင်းပိုင် မော်တော်ယာဉ်ကားတွေ အပ်ခံလိုက်ပြီ။ ဘာကြောင့်လဲ ဆိုတော့ GPS စနစ်နဲ့ တပ်ဆင်လိုက်ပြီး Bus operator က ထိန်းချုပ်လိုက်ပြီ ဆိုရင် သူတို့ ဆောင်ရွက်ချင်တာ ဆောင်ရွက်လို့ မရတော့ဘူး။ ဒီလိုအခြေအနေမျိုးတွေကို၊ ပြုပြင်ပြောင်းလဲရေးတွေကို ကျနော်တို့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကျနော်ကတော့ YBS စနစ်ရဲ့ ပြုပြင်ပြောင်းလဲမှုကို တဆင့်ချင်း တဆင့်ချင်း ခိုင်ခိုင်မာမာနဲ့ ခြေလှမ်း တလှမ်း လှမ်းနိုင်ပါပြီ၊ ဒီအပေါ်မှာလည်း ကျနော်တို့ ကျေနပ်မှု ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ ၃ လလောက် အတွင်းမှာ အဆင့်တဆင့် တိုးသွားနိုင်ပြီ၊ ဒီကနေပြီး မကြာခင်မှာ ကားအသစ်တွေ ဖြစ်လာမယ်၊ Bus operator တွေ ဖြစ်လာမယ်၊ ကျနော်တို့ ကားတွေ အားလုံး control လုပ်နိုင်မယ်။ ဒီစနစ်နဲ့ ကျနော်တို့ ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်၊ နောက် တချက်က ကျနော်တို့ မကြာမီ ဘတ်စ်ကား မှတ်တိုင်တွေကိုလည်း ကျနော်တို့ တင်ဒါခေါ်ယူ ထားပါတယ်။ ပြင်သစ်နိုင်ငံကနေ ဘတ်စ်ကားမှတ်တိုင် ၅၀၀ ကို ၂ နှစ် အတွင်းမှာ တည်ဆောက်ဖို့ အတွက် ပထမအဆင့် ကျနော်တို့ ဘတ်စ်ကား မှတ်တိုင် ၂၅၀ ကို တည်ဆောက်သွားဖို့ ရှိပါတယ်။
ကျနော်တို့ ဆီမှာ ရှိတဲ့ ဘတ်စ်ကားမှတ်တိုင်တွေ ကိုလည်း YCDC က ဆောင်ရွက်သွားဖို့ ပြင်ဆင်နေပါတယ်၊ ဒီ YCDC က တည်ဆောက်တဲ့ နေရာမှာလည်း တကယ့်ကို အဆင့်အတန်း ပုံသဏ္ဍာန် ဖြစ်နိုင်တဲ့ အခြေအနေကို တည်ဆောက် သွားဖို့ ကျနော်တို့ လုပ်ထားပါတယ်။
အခု ဘတ်စ်ကား စနစ်နဲ့ ပတ်သက်ပြီး ကျနော်တို့ ပြောင်းလဲလိုက်တဲ့ အပေါ်မှာ ကျနော်ကတော့ ကျေနပ်ပါတယ်။ ဒါဟာ ပြုပြင်ပြောင်းလဲမှုတိုင်းမှာ ဒီလိုပဲ ကြုံဆုံရမှာ ဖြစ်ပါတယ်။ ဒီကြုံဆုံရတဲ့ အပေါ်မှာလည်း ၂ ပိုင်း ရှိပါတယ်။ တစ်အချက်က နိုင်ငံရေးအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆောင်ရွက်နေမှု အပေါ်မှာ အမြဲတမ်း မပြတ် အတိုက်အခံလုပ်ရမယ် ဆိုတဲ့ အခြေအနေ တခုကြောင့် ကျနော်တို့ ကြုံဆုံရတဲ့ အခြေအနေတွေ ရှိပါတယ်။ နောက်တခု ကတော့ ဒီနေရာမှာ အကျိုးစီးပွားတခု ရှိပါတယ်၊ အကျိုးစီးပွားကြောင့် ပေါ်ပေါက်နေတဲ့ အခြေအနေတွေလည်း ရှိပါတယ်။
မထသ ဆိုတာ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ် အောက်ကနေပြီးတော့ လာခဲ့တာပါ၊ ဒီနေရာမှာ ကြီးစိုးနိုင်တဲ့ အဖွဲ့အစည်းတွေလည်း ရှိခဲ့ပါတယ်၊ ဒါကြောင့်မို့လို့ ဒီဟာတွေ ပျက်သုန်းသွားတဲ့ အချိန်မှာ အကျိုးစီးပွားဆိုင်ရာ ရိုက်ခတ်မှုတွေ ရှိပါတယ်၊ ဒီလို ပြုပြင် ပြောင်းလဲလိုက်တဲ့ အခြေအနေအပေါ်မှာ အကျိုးစီးပွားဆိုင်ရာ မလိုလားမှုတွေ ရှိလာပါတယ်။
ဒါပေမယ့် ပြည်သူလူထု တရပ်လုံး အတွက် ပိုမို ကောင်းမွန်လာတဲ့ ဝန်ဆောင်မှုတခု ဖြစ်ဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ယာဉ်လိုင်းတွေကို သတ်မှတ်တဲ့ နေရာမှာလည်း ကျနော်တို့က ကျနော်တို့ဘာသာ စိတ်ဆန္ဒ တခုတည်းနဲ့ သတ်မှတ်လို့ မရပါဘူး။ ဒါက နည်းပညာရပ်နဲ့ သေသေချာချာ စီစဉ်ပြီးတော့ နိုင်ငံတကာမှာ ဘယ်လို လုပ်သလဲ၊ ဒီအတွက်ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုပြီးတော့ အခြေခံကနေ စပြီးတော့ ဒီအတွက် ဒီဆောင်ရွက်မှုတွေကို ကျနော်တို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကနေပြီးတော့ ဒီအစိုးရသစ် လက်ထက်မှာ ကျနော်တို့ အတွက် သမိုင်းမှတ်တမ်းတခု အနေနဲ့ ကျန်ရစ်အောင် ကျနော်တို့က ကြိုးစားသွားမှာပါ။
မေး။ ။ ဝန်ကြီးချုပ်က အစတုန်းကဆိုရင် နိုင်ငံရေးအကျဉ်းသား အနေနဲ့ ထောင်ထဲမှာ နေခဲ့ရတယ်။ အခုဆိုရင် ရန်ကုန်ကို စီမံခန့်ခွဲရတဲ့ ဝန်ကြီးချုပ်တယောက်ဖြစ်လာပြီပေါ့၊ ဒီလို ဝန်ကြီးချုပ် ဖြစ်လာဖို့ အရင်တုန်းက စိတ်ကူး ရှိခဲ့လား။
ဖြေ။ ။ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ကျနော်က ကျောင်းသားအနေနဲ့ ပါဝင်ခဲ့ကြတယ်၊ ကျနော်က ပြုပြင်ပြောင်းလဲရေး တရပ်မှာ ကျနော်တို့ နိုင်ငံအနေနဲ့ ဒီမိုကရေစီစနစ်နဲ့ လူ့အခွင့်အရေး အပြည့်အဝရှိတဲ့ နိုင်ငံတခု ဖြစ်စေချင်ပါတယ်။ အဲဒီလို ပါဝင်ခဲ့စဉ်တုန်းက လွှတ်တော် အမတ်တယောက်ဖြစ်ဖို့၊ ဝန်ကြီးချုပ်တယောက် ဖြစ်ဖို့ စိတ်ကူး မရှိခဲ့ပါဘူး၊ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအပေါ်မှာ ကျနော်တို့က ကျောင်းသား တယောက်အနေနဲ့ အမှန်တရားဘက်က ရပ်တည်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေကနေ ကျနော့်ကို အသက် ၁၉ နှစ်မှာ စစ်ထောက်လှမ်းရေးကနေ ဖမ်းဆီးခဲ့တယ်။ ကျနော်က ထောင်စကျတဲ့ အချိန်မှာ ၇ နှစ်ပဲ ကျခဲ့တာကိုး၊ ၅ နှစ်နေတဲ့ နှစ်မှာ … စစ်ထောက်လှမ်းရေးက လုပ်ချလိုက်တယ်၊ အဲဒီလိုမျိုးပဲ ကျနော်က ထောင်ထဲမှာ ၂ ကြိမ် ၅ နှစ်နေတိုင်း ထောင် တခါ ထပ်ကျ ခံရတယ်။ ၅ နှစ်နဲ့ ၃ လဆို ထောင်လွတ်နိုင်ရက်သားနဲ့၊ ၅ နှစ်နေတိုင်း နောက်ထပ် ထောင်တခါ ကျခံရတယ်။ ဆိုတော့ လူရဲ့ စိတ်ထဲမှာ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုခံစားသွားရမလဲ။ ကိုယ့်ကို ထောင်ဝင်စာ လာတွေ့နေတဲ့ မိသားစုတွေကြောင့် တော်တော့်ကို နလန်ထူခဲ့တာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီ အခြေအနေတွေမှာ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေမှာ ကျနော် အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်။
ဒီဟာ အဆိုးဘက်က ကြည့်မယ် ဆိုရင်တော့ ဒေါသတွေ မကျေနပ်ချက်တွေ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဒီကိစ္စကို ကြည့်ပြီး ကျနော် ရင့်ကျက်မှုကို ပိုပြီး ဖြစ်စေပါတယ်။ ဒီနေရာမှာ ကျနော် တောင့်ခံထားခဲ့နိုင်တာ အဓိကက ၂ ချက် ရှိပါတယ်၊ ပထမ တချက်က ကျနော်တို့ရဲ့ နိုင်ငံရေး ယုံကြည်မှု၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ယုံကြည်မှုပဲ၊ ဒေါ်အောင်ဆန်းစုကြည် ဟာ အခက်အခဲ အမျိုးမျိုးကြားက မိန်းမသား တယောက်အနေနဲ့ ရုန်းကန်လှုပ်ရှားပြီးတော့ ကြိုးစားခဲ့တာ၊ ကျနော်တို့လို လူငယ် ကျောင်းသားတယောက်က ဘာဖြစ်လို့ မလှုပ်ရှားနိုင်ရမှာလဲ။ ဒီအခြေအနေတွေ ဟာ ကျနော်တို့ကို စိတ်ဓာတ်ခွန်အား ဖြစ်စေခဲ့ပါတယ်။
ဒီအပြင် ဒေါ်အောင်ဆန်းစုကြည် လို နှိပ်စက်ခံရတဲ့သူက လက်တုံ့ မပြန်ဘူး ဆိုတော့ ကျနော်တို့ဟာ ပိုပြီး ခံနိုင်ရည် ရှိရမယ် ဆိုတာကို ရစေပါတယ်။ ကျနော်တို့ရဲ့ ယုံကြည်မှုနဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်မှုကို ပိုပြီးတော့ စံပြုနိုင်မယ့် အခြေအနေ တရပ် ဖြစ်လာခဲ့တာပေါ့။
နောက်တခုကတော့ ဘာသာတရားပဲ၊ ကျနော်တို့က အကျဉ်းထောင်ထဲမှာ နေရတဲ့ အခါကျတော့ ကျနော်တို့မှာ ဘာမှ လုပ်စရာ မရှိပါဘူး၊ စာဖတ်တာ တခုတည်းပဲ၊ စာအုပ် တအုပ်ကို ဖတ်ရဖို့ တော်တော် ရုန်းကန်ကြိုးစားရပါတယ်။ အခန့်မသင့်ရင် ထောင်ခြေချင်းခတ် ခံရပြီး လှောင်ပိတ်ခံရတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။
ဒါပေမယ့် ကျနော်တို့ အဲဒီ အခြေအနေမှာ အများဆုံး လုပ်ဖြစ်တာကတော့ ဘာသာတရားပဲ၊ ဘာသာတရားရဲ့ အဆုံးအမကို ကျနော်တို့ ဆောင်ရွက်ပါတယ်၊ ဗုဒ္ဓဘာသာရဲ့ အဆုံးအမက မေတ္တာတရားနဲ့ တုံ့ပြန်ရမယ် ဆိုတဲ့ ဟာက ကျနော်တို့ ကြိုးစားခဲ့ ပါတယ်။
ကျနော်တို့ ဖြတ်သန်းလာတဲ့ ၁၅ နှစ်ကာလမှာ ကျနော်တို့ စိတ်မှာ အနာတရ ရစရာတွေ ချည်းပဲ။
ကျနော်တို့ ဒီနေရာမှာ ရောက်နေတဲ့ အခြေအနေအပေါ်မှာ ကျနော်တို့ ပြုပြင်ပြောင်းလဲရေး တရပ်ကို လုပ်ချင်တယ် ဆိုတဲ့ ဆန္ဒနဲ့ လုပ်ခဲ့ကြတယ်။ ပြုပြင်ပြောင်းလဲမှုကို လုပ်ခဲ့ကြတယ်။ ဒီနေရာကို ရောက်လာတယ် ဆိုတာ ပြည်သူလူထုရဲ့ ခန့်အပ်မှုကြောင့် ပဲ။ ဒီအတွက် ကျနော် အစွမ်းကုန်ကြိုးစားမှာပါ။ ကျနော်ရဲ့ ရှိတဲ့ အချိန်တိုင်းအပေါ် လုပ်ငန်းတခုကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်အောင် ကြိုးစားနေပါတယ်၊ အဲဒီ အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ လုပ်ငန်းသစ်တွေ ပြုပြင်ပြောင်းလဲရေး အသစ်တွေ အမြဲတမ်း ကျနော်တို့ လုပ်ပါတယ်။ ဘာကြောင့်လဲ ဆို ကျနော်တို့ ရန်ကုန်တိုင်း အတွင်းမှာ ပြုပြင်ပြောင်းလဲစရာ မရှိပါဘူးဆိုတဲ့ လုပ်ငန်းဆိုတာ မရှိပါဘူး။ အကုန်လုံးက ဗရမ်းပတာ ဖြစ်နေကြတဲ့ အခြေအနေတွေထဲ ကနေ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ခဲ့တာပါ၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ကျနော်တို့ လုပ်ခဲ့တာပါ။
ဒီကြိုးပမ်းမှု အတွက် ကျနော်တို့ အကျဉ်းထောင်ထဲမှာ နေရတဲ့ ဖြိုးမင်းသိန်း ဘဝရယ်၊ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဖြိုးမင်းသိန်း ဘဝရယ် ဘာမှ ဖက်တွယ်စရာ မရှိပါဘူး။ လူ့ဘဝကြီးဆိုတာ ကောင်းတာတွေလည်း ကြုံနိုင်တယ်၊ ဆိုးတာတွေလည်း ကြုံနိုင်တယ်၊ ကိုယ့်ရဲ့ စိတ်ဓာတ်ကို ဖြူစင်တဲ့ ပုံစံနဲ့ ရိုးရိုးသားသား ကြိုးပမ်းနေမယ် ဆိုရင် ကျနော်တို့ရဲ့ ဆောင်ရွက်မှုဟာ လူ့လောကကြီး အတွက် အကျိုးပြုလာမှာပါ။ ကျနော်က ဒီထိုင်ခုံမှာ ထိုင်နေရတဲ့ အတွက် တအားကြီး အောင်မြင် ကျော်ကြားသွားပြီလို့ ကျနော်လုံးဝ မတွေးပါဘူး။
မေး။ ။ ဒေသတွင်းမှာ ဂျပန်မှာပဲ ကြည့်ကြည့်၊ စင်ကာပူမှာပဲ ကြည့်ကြည့် အကုန်လုံးက ဝန်ကြီးချုပ်ကို ထင်တာ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် နောက်မျိုးဆက်သစ်ရဲ့ခေါင်းဆောင်လို့ မြင်နေကြတယ်၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကနေ ဝန်ကြီးချုပ်အနေနဲ့ ဘာတွေများ အားကျစရာ၊ အတုယူစရာ တွေ ရှိခဲ့ပါသလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် နောက်မျိုးဆက်သစ် တယောက်အနေနဲ့ ကျနော်ကိုယ် ကျနော် မသတ်မှတ်ထား ပါဘူး။ ကျနော် လုပ်ချင်တာက ကျနော်တို့ တိုင်းပြည်ရဲ့ အခက်အခဲကို ကျနော် ဘယ်နေရာက ဝင်ဖြေရှင်း ပေးနိုင်မလဲ၊ ကျနော် ရန်ကုန်မှာ တာဝန်ကျပါတယ်၊ ရန်ကုန်မြို့ရဲ့ စိန်ခေါ်မှု ပြဿနာ အခြေအနေတွေကို ကျနော် ဖြေရှင်းပေးနိုင်ပါတယ်။ ဖြေရှင်းပေး နိုင်ရင်တော့ ငါတခုခု ဖြစ်ရချည်ရဲ့ ဆိုပြီး မျှော်လင့်ချက် ကျနော့်မှာ မရှိပါဘူး။ ဒါကတော့ ကျနော် ရှင်းရှင်းလင်းလင်း ပြောတာပါ။
နောက်တချက်က ကျနော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တာဝန်ပိုကြီးတဲ့ နေရာတခု ရလာဖို့ အတွက် မျှော်လင့်ထားတဲ့သူထဲမှာ ကျနော် မပါပါဘူး။ ကျနော် လုပ်နိုင်တဲ့ အချိန်ကာလ အတွင်းမှာ ကျနော် အကောင်းဆုံး လုပ်နိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် က ကျနော်တို့ကို အများကြီး သင်ကြားခဲ့ပါတယ်၊ ပြီးခဲ့တဲ့ ကျနော် ဝန်ကြီးချုပ် မဖြစ်ခင်က ဒေါ်အောင်ဆန်းစုကြည် ဆီမှာ ၃ နှစ်၊ ၄ နှစ်လောက် တာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်၊ တာဝန်ယူခဲ့ရတဲ့ အချိန်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ လွှတ်တော်တူတူ တက်ခဲ့ရတာ ဖြစ်ပါတယ်။ လွှတ်တော် တက်ခဲ့ရတဲ့ အချိန်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ဆီက ကျနော်တို့ အများကြီး သင်ယူခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က အမြဲတမ်း ပြောပါတယ်၊ လူတွေဟာ ဆုံးမလွယ်ကူတဲ့သူ ဖြစ်ဖို့လိုတယ်၊ သင်ကြားလို့ ရတဲ့ လူ ဖြစ်ဖို့ လိုတယ်။ ကျနော်တို့က သင်ကြားလို့ ရတဲ့လူ ဖြစ်အောင် ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆို ကိုယ်က အားလုံး သိနေရင်၊ အားလုံးတတ်နေရင် ဘာမှ သင်ကြားလို့ မရဘူးလေ။ အရာရာကို ပိုမို သိရှိအောင် ကြိုးစား ဆောင်ရွက်သွားမှ ငါ့မှာ ဒါတွေ အားလုံး သိရှိနေမှ ဖြစ်မယ် ဆိုပြီး ကျနော်တို့ ကြိုးစား သင်ယူခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် က ဒီပြည်သူတွေ အားလုံးအပေါ်မှာ မေတ္တာတရားနဲ့ ဆောင်ရွက်ရမယ်၊ အကောင်းဘက်ကို ရှေးရှုနိုင်ရမယ်၊ လုပ်ငန်းတခုကို လုပ်ဆောင်တဲ့ နေရာမှာ စနစ်တကျ ဆောင်ရွက်တတ်ဖို့ လိုတယ်။
နောက်တချက် ကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ တိုင်းပြည်ရဲ့ အကျိုးကို ရှေ့ရှု့ဖို့ ကတော့ ကျနော်တို့ အတွက် အကောင်းဆုံး နမူနာယူစရာ ကိစ္စတွေပဲ ဖြစ်ပါ တယ်။ ဒီနမူနာယူမှု တွေဟာ ကျနော်တို့ရဲ့ ဘဝတွေကို ပိုပြီးတော့ တောက်ပြောင်စေခဲ့တယ် လို့ ထင်ပါတယ် ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အမေ တယောက်လို တန်ဖိုးထားပါတယ်။ ဒီအတွက် အမေစုဆီကနေ ကျနော်တို့ကို သွန်သင်ပေးနိုင်မှုနဲ့ ကျနော်တို့ နိုင်ငံအတွက် အကောင်းဆုံး လမ်းပြပေးနိုင်တဲ့ သူတွေကို ကျေးဇူးတင်ပါတယ်။
မေး။ ။ ဘာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ရန်ကုန်ကို လာပြီးတော့ ရင်းနှီးမြှုပ်နှံသင့်တယ်လို့ ဝန်ကြီးချုပ်အနေနဲ့ ပြောမလဲ။
ဖြေ။ ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ လာရင်းနှီးမြှုပ်ရင်တော့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ခိုင်မာစေချင်တယ်၊ သူတို့ရဲ့ ဆန္ဒပေ့ါ၊ ဒါကြောင့် ကျနော်တို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ပြဋ္ဌာန်းပြီးတော့ ဗဟိုချုပ်ကိုင်ခွင့်ကို လျော့ချပြီး တိုင်းဒေသကြီးတွေကိုပါ လုပ်ပိုင်ခွင့် ခွဲပေးလိုက်တဲ့ အခြေအနေ ရှိပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ရန်ကုန်မြို့ကို ဘာကြောင့် လာလုပ်သင့်သလဲ ဆိုတော့ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ vision & mission လေး ရေးဆွဲထားတာတွေ ရှိပါတယ်။ အဲဒီထဲမှာ ကျနော်တို့ရဲ့ မျှော်မှန်းချက်က ရန်ကုန်မြို့ဟာ တကယ့်ကို ရှေးဟောင်း အမွေအနှစ်တွေနဲ့ စိမ်းလန်းပြီး နေချင်စဖွယ် စီးပွားရေး မြို့တော်ကြီး ဖြစ်ဖို့ ဖြစ်ပါတယ်။
ဒီအခြေအနေအပေါ်မှာ စီးပွားရေးမြို့တော်ကြီး ဘာကြောင့် ဖြစ်လာနိုင်သလဲ ဆိုရင် ကျနော်တို့ ရန်ကုန်မြို့ဟာ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ပါတယ်။ ဒီရန်ကုန်မြို့ စတင် ထူထောင်ခဲ့စဉ် ကာလတုန်းက ရန်ကုန်ဟာ ပင်လယ်ရဲ့ ထွက်ပေါက်မှာ ရှိတဲ့ အတွက် စီးပွားရေးမြို့ တမြို့အဖြစ် ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ အင်္ဂလိပ် ကိုလိုနီအောက်မှာလည်း ရန်ကုန်မြို့ဟာ ပိုပြီး ဆိပ်ကမ်းမြို့ တခုအနေနဲ့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ တချိန်ကလည်း မြန်မာနိုင်ငံရဲ့ မြို့တော်ကြီး ဖြစ်ပါတယ်။
အခုအချိန်မှာ ရန်ကုန်မြို့ကို လာရင်းနှီးမြှုပ်နှံတဲ့သူတွေ ဘာကြုံရသလဲ ဆိုတော့ သူတို့ရဲ့ အခက်အခဲက မြေဈေး ကြီးတဲ့ အခက်အခဲကို ကြုံရပါတယ်။ အခု ကျနော်တို့ အစိုးရသစ် တက်လာတဲ့ အချိန်မှာ မြေဈေးကို ကျနော်တို့ တတ်နိုင်သလောက် ထိန်းနိုင်အောင် ကြိုးစားလာပါတယ်။ ဒီ အခြေအနေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို လွယ်လွယ်ကူကူနဲ့ လာနိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေကို လွယ်လွယ်ကူကူနဲ့ လာရောက် ဆောင်ရွက်နိုင်ဖို့ အတွက် စက်မှုဇုန်တွေ၊ မြို့သစ်စီမံကိန်းတွေ အိမ်ယာစီမံကိန်းတွေကို ကျနော်တို့ အများကြီး တည်ဆောက်ထားပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာမှ အလုပ်အကိုင် အခွင့်အလမ်းတွေ ရမှာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အတူ ကျနော်တို့ နည်းပညာတွေ ရမှာပါ၊ ကျနော်တို့ နိုင်ငံဟာ နောက်ကျခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး နည်းပညာတွေနဲ့ ကျနော်တို့ နိုင်ငံကို နောက်ဆုံး ဖွံ့ဖြိုးတိုးတက်တဲ့ အဆင့် တခုကို ကူးပြောင်းနိုင်ဖို့ အတွက် ကျနော်တို့ လုပ်နေပါတယ်။
ရန်ကုန်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေကို တွေကို ရှာဖွေဖို့ ရန်ကုန်ကို ဝင်လာတဲ့ အင်အားတွေ တော်တော်များများ ရှိပါတယ်။ ဒီအခြေအနေတွေမှာ ကျနော်တို့ဆီမှာ ကျူးကျော်ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ဒီပြဿနာကို ကျနော်တို့ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ဒီလူတွေဟာ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒီလူတွေရဲ့ ဘဝတွေ မြင့်တက်သွားအောင် ကျနော်တို့ ကြိုးစားပေးမယ်၊ စနစ်တကျ ပြန်လည် နေရာချထား ပေးနိုင်အောင် ကြိုးစားပေးမယ်။ ဒီအတွက်လည်း ကျနော်တို့ ကျူးကျော်တွေကို စနစ်တကျ စာရင်းကောက်ခံဖို့ လုပ်နေပါတယ်။ စာရင်းကောက်ရာမှာ လူတွေကို မထပ်၊ မလပ်ရအောင် ကျနော်တို့က စနစ်တကျ လုပ်ပါတယ်။ ဒါပေမယ့် သူတို့ အတွက် အခက်အခဲတွေ စိန်ခေါ်မှုတွေ ကြုံရတိုင်း သူတို့ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရနိုင်ဖို့ ဆိုရင်တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ များများ လာနိုင်ဖို့ အတွက် ဖြစ်ပါတယ်။
နိုင်ငံတကာ ခရီးစဉ်တွေထဲမှာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ ဖိတ်ခေါ်ပါတယ်။ လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ကလည်း မြန်မာနိုင်ငံမှာ ဆောင်ရွက်ရတာ သူတို့အတွက်လည်း အကျိုးရှိတယ်၊ မြန်မာပြည် အတွက်လည်း အကျိုးရှိတယ် ဆိုတဲ့ သူတို့ နှစ်ဖက်စလုံး အတွက် အကျိုးရှိတဲ့ ပုံသဏ္ဌာန်မျိုးနဲ့ ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရန်ကုန်ကို လာရောက် ရင်းနှီးမြှုပ်နှံနိုင်ဖို့ အတွက် ကျနော်က အမြဲတမ်း ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။
မေး။ ။ အခု YBS ကိစ္စတွေရော၊ မြို့ပတ်ရထား ကိစ္စတွေရော၊ water taxi ကိစ္စတွေရော၊ ဟိုင်းဝေးကိစ္စတွေရော၊ အကြီးအကျယ် စဉ်းစားပြီးတော့ ပြင်ဆင်နေတယ်။ ဆိုတော့ ဒီ project တွေ လုပ်ဖို့ အတွက်ကို ငွေကြေးက ဘယ်ကနေလာ ပါသလဲ၊ တရုတ်ကပဲ လာတာလား၊ ဂျပန်ကပဲ လာတာလား ဒါမှ မဟုတ်လို့ ရှိရင် အားလုံးကို ဖွင့်လှစ်ထားပြီးတော့ ကြိုဆိုတာလား။
ဖြေ။ ။ အားလုံးကို ဖွင့်ပေးပြီး ကြိုဆိုတာ ဖြစ်ပါတယ်၊ ဒီ infrastracture တွေနဲ့ ပတ်သက်ပြီး ဂျပန်နဲ့ တရုတ်နဲ့က ပိုပြီးတော့ စိတ်ဝင်စားပါတယ်၊ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ဂျပန်ကတော့ သီလဝါစီးပွားရေးဇုန်ကြီး တည်ဆောက်ထားတာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီသီလဝါ ကော်ရီတာတခုကို သူ လုပ်ချင်ပါတယ် ပေ့ါ၊ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိစပ်နေတယ်၊ တရုတ်ရဲ့ ကုန်းတွင်းပိုင်း အနောက်ဘက် တံခါးပေါက် တခုလို ဖြစ်နေတဲ့ အခြေအနေတခု ကုန်စည်စီးဆင်း နိုင်ဖို့ အတွက် မြန်မာနိုင်ငံက သူ့အတွက် စီးပွားရေး ဈေးကွက် တခုမှာ ပါဝင်နေတဲ့ အခြေအနေတခုမှာ infrastructure ဆိုတဲ့ အပိုင်းမှာ တရုတ်နိုင်ငံ အနေနဲ့ ဂျပန်နိုင်ငံ ထက် ပိုပြီးတော့ စိတ်ဝင်စား ပါတယ်။
ကိုရီးယားနိုင်ငံကလည်း စိတ်ဝင်စားတာ ရှိပါတယ်၊ တခြားကုန်သွယ်ဘက် နိုင်ငံတွေ အားလုံး ကလည်း အနည်းနဲ့ အများ စိတ်ဝင်စားမှု ရှိကြပါတယ်။
ဒီအပေါ်မှာ ကျနော်တို့ အစိုးရ ဘက်ကတော့ အားလုံးကို ကျနော်တို့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပါတယ်။ ဘာကြောင့်ဆို အားလုံးဟာ ကိုယ်လုပ်နိုင်တဲ့ နေရာကနေ အားလုံးကို အပြိုင်အဆိုင်နဲ့ ပူးပေါင်း ကြမယ် ဆိုရင် ကျနော်တို့ နိုင်ငံကြီး မြန်မြန် ဖွံ့ဖြိုးတိုးတက် သွားနိုင်ပါတယ်၊ ဒီအတွက်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကတော့ ကျနော်တို့ နိုင်ငံမှာ မဖြစ်မနေ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပါတယ်။
ကျနော်တို့မှာ ရှိတဲ့ အင်အားနဲ့ ကျနော်တို့ တည်ဆောက်နိုင်ဖို့ လုပ်နိုင်မှာ မဟုတ်ပါဘူး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပေါင်းစပ်ပြီး ကျနော်တို့ အဓိကကတော့ Public and Private Partnership -PPP ပုံစံမျိုးပေါ့ ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော် ခုန ပြောတဲ့ PPP ဆိုတာကတော့ လုပ်ငန်းတိုင်းမှာ ဆောင်ရွက်လို့မရပါဘူး၊ ဒါနှစ်ဖက် ညှိနှိုင်းဆောင်ရွက်လို့ အကျိုးအမြတ် ရှိနိုင်မယ် ဆိုတဲ့ အခါကျမှ PPP က လုပ်လို့ရမှာပါ။
မေး။ ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဘယ်လို မြင်ပါသလဲ။ မွတ်စလင် အသိုင်းအဝိုင်းတွေပေါ်မှာရော ဝန်ကြီးချုပ် သဘောထား ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့နိုင်ငံမှာ အားလုံးကတော့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု ရှိကြတဲ့ နိုင်ငံတခုပါ၊ တယောက်နဲ့ တယောက် ပြဿနာဖြစ်ကြတဲ့ အခြေအနေ မရှိပါဘူး၊ ဆူးလေဘုရားကြီးနားကို သွားလိုက်ရင် အားလုံး တွေ့ရမှာပါ။ အစ္စလာမ်ဘာသာဝင်တွေ ရော၊ ဗုဒွဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေရော၊ ခရစ်ယာန် ဘာသာဝင်တွေရော လက်ဖက်ရည်ဆိုင်တဆိုင်ထဲမှာ အတူတူထိုင်သောက်ပြီး ပြောကြဆိုကြ နောက်ကြ၊ ဒီလိုပဲ နေကြတာပဲ။ မြင်တာနဲ့ အမုန်းပွားနေကြတဲ့ အခြေအနေတွေ ကျနော်တို့နိုင်ငံမှာ မရှိပါဘူး။
ဒါပေမယ့် ရခိုင်မှာ ဖြစ်နေတဲ့ ရိုဟင်ဂျာ ပြဿနာကတော့ တမျိုးပါ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းကို အစဉ်အဆက် ပြုစုခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစဉ်အဆက် ပြုစုခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းထဲမှာ လူမျိုးစုတွေ အဖြစ်နဲ့ သတ်မှတ်ခဲ့တဲ့ ၁၃၅ မျိုးထဲမှာ ဒီလူမျိုးစုကို သမိုင်းအစဉ်အလာ ပြုစုတဲ့ အထဲမှာ ဘာကြောင့် မပါဝင်တာလဲ ဆိုတာကတော့ မေးခွန်းထုတ်ရမယ့် ကိစ္စတခုပဲ ဖြစ်ပါတယ်။ ဒါ ကျနော်တို့ ပြုခဲ့တဲ့သမိုင်း မဟုတ်ပါဘူး၊ သမိုင်းပညာရှင်တွေ အားလုံးက ပြုစုခဲ့တာပါ၊
အခုမှ နောက်ထပ် လူမျိုးစုတစု ထပ်ထည့်ဖို့က တာဝန်ယူ၊ တာဝန်ခံမှုတွေ အများကြီး ရှိပါတယ်။ ရှေးက လူတွေက မွတ်ဆလင်မို့လို့ မပေးခဲ့ဘူး ဆိုတာတော့ ကျနော် မယုံကြည်ဘူး၊ ဘာလို့ဆို ကမန်ဆို မွတ်စလင် ကိုးကွယ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို ဒီကိစ္စက အင်မတန် သိမ်မွေ့ပါတယ်၊ ဒီရိုဟင်ဂျာ လူမျိုးရှိတယ် လို့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ တောက်လျှောက် ရေးသားပြုစုလာခဲ့တာ မပါလာခဲ့ပါဘူး။ အဲဒါဟာ အခု လွတ်လပ်ရေး ရပြီး နောက်ပိုင်းအခြေအနေတွေမှာ ရာစုနှစ် တဝက်ကျော် ဒီဘက်နောက်ပိုင်းပေါ့ ပါလီမန်ဒီမိုကရေစီ ဦးနုလက်ထက် နောက်ပိုင်းကျမှ ပဋိပက္ခတွေ ကျနော်တို့ ကြားလာရတာပဲ ဖြစ်ပါတယ်။
ရှေ့က ကျနော်တို့ နိုင်ငံရဲ့ သမိုင်းတွေမှာ ဆိုရင်လည်း အနောက်နိုင်ငံက ပါဝင်ပတ်သက်ခဲ့တာ အများကြီးပဲ၊ ဒီလို ဆောင်ရွက်ခဲ့တဲ့ အပေါ်မှာ အခြေအနေတွေကတော့ မရှိခဲ့ဘူး ဆိုတာ ဖော်ပြခဲ့တယ်။ ရှေ့က လူတွေ ရေးခဲ့တဲ့ သမိုင်းကို ကျနော်တို့ ဆိုလိုတာပါ။
ဒီတော့ ကျနော်တို့နိုင်ငံ အနောက်ဘက်မှာ ဖြစ်နေတဲ့ ပဋိပက္ခကို ကျနော်တို့ သေသေချာချာ သုံးသပ်ဖို့ လိုအပ်မယ် လို့ ထင်ပါတယ်။ ဒီနိုင်ငံမှာ ကျနော်တို့အားလုံး မွတ်စလင်ပဲ ဖြစ်ဖြစ်၊ ဗုဒွဘာသာပဲ ဖြစ်ဖြစ် မတူညီတဲ့ အရာအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ် အတူယှဉ်တွဲ နေထိုင်ပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နိုင်ငံတခု ဖြစ်အောင် ကျနော်တို့ ကြိုးပမ်းရမှာပါ။ ဒါကလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရင့်ကျက်မှုနဲ့ ဆိုင်လိမ့်မယ် လို့ ကျနော် ထင်ပါတယ်။ ဒီအခြေအနေတွေကို ရောက်နိုင်ဖို့ အတွက် ကျနော်တို့ ကြိုးစားသွားကြရမှာ ဖြစ်ပါတယ်။
မေး။ ။ မင်္ဂလာတောင်ညွှန့်မှာ ဖြစ်ပွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် အနေနဲ့ ကိုင်တွယ်ဖြေရှင်းတာတွေ သိချင်ပါတယ်၊
ဖြေ။ ။ မင်္ဂလာတောင်ညွှန့်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကတော့ ဖန်တီးမှုတခု ဖြစ်ပါတယ်၊ ဒီဖန်တီးမှုကို ဥပဒေအနေနဲ့ အရေးယူသွားမှာ ဖြစ်ပါတယ်။ အရေးယူ ဆောင်ရွက်မှုတွေကိုလည်း စတင်နေပါပြီ။
မေး။ ။ တရုတ်နိုင်ငံရဲ့ One Belt, One Road plan အပေါ်မှာ ဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ One belt, One Road ရဲ့အစီအစဉ်ထဲမှာ ကျနော်တို့မြန်မာနိုင်ငံကလည်း ရှိနေတာ ဖြစ်ပါတယ်။ ဒီအတွက် ဒီလမ်းမကြီးတွေရဲ့ ဆက်သွယ်မှုတွေ၊ ပို့ဆောင် ဆက်သွယ်ရေးတွေ ကောင်းလာမယ် ဆိုရင် လမ်းပန်းဆက်သွယ်ရေးက ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရမ်းကို အထောက်အကူ ဖြစ်သွားမှာပါ။ ဒီလိုမျိုး လမ်းတွေ ဆက်သွယ်မှုတွေ ကောင်းလာမယ် ဆိုရင် ကျနော်တို့ နိုင်ငံရဲ့ ဒေသအတွင်းမှာလည်း ဖွံ့ဖြိုးတိုးတက် လာနိုင်ပါတယ်၊ ဒီဖွံ့ဖြိုး တိုးတက်ရေးရဲ့ လုပ်ငန်းရပ်တွေမှာလည်း ကျနော်တို့ နိုင်ငံရဲ့ အကျိုးစီးပွားကို မထိခိုက်စေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။