နေပြည်တော်မှာ မေ ၂၄ ရက်က စတင်ကျင်းပနေတဲ့ ဒုတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ အစည်းအဝေး တက်ရောက်လာသူတွေ ရဲ့ အမြင်သဘောထားတွေကို ဧရာဝတီ သတင်းထောက်တွေ ဖြစ်တဲ့ ငြိမ်းငြိမ်း နဲ့ ထက်နိုင်ဇော်တို့က မေးမြန်းထားတာ ဖြစ်ပါတယ်။
ဦးဇော်ဌေး
ပြောရေးဆိုခွင့်ရှိသူ
နိုင်ငံတော် အတိုင်ပင်ခံရုံး
အဓိကက ကျနော်တို့က NCA လက်မှတ်မထိုးတဲ့ သူတွေကို အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်တယ်။ ဒါ UPDJC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ) ၁၀ ကြိမ် မြောက် အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ပေါ့နော်။
DoC, Deed of commitment ထိုးရင် ညီလာခံမှာ ဆွေးနွေးခွင့်ရှိမယ်။ NCA ထိုးရင် UPDJC မှာ ထိုင်ခွင့် ရှိမယ်။ အဲဒီ ဆုံးဖြတ်ချက်အရ ကျနော်တို့ ဖိတ်လိုက်တာပေါ့နော်။ နောက် မြောက်ပိုင်း ၃ ဖွဲ့ကတော့ ကျနော်တို့နဲ့ သူတို့နဲ့ ညှိနေတာ ရှိတယ်။ အရင်တုန်းကဆို စတိတ်မန့် ထုတ်ရမယ်၊ လက်နက်ကိုင်နည်းလမ်း ဆိုတဲ့ စတိတ်မန့်ထုတ်ရမယ်ပေါ့၊ ကျနော်တို့ ဒီတကြိမ်မှာတော့ သူတို့ိကို Welcoming လုပ်တဲ့အနေနဲ့ အထူး ဖိတ်ကြားသူ အနေနဲ့ ဖိတ်တယ်။
ဖွင့်ပွဲကတော့ ဒီ Participation ပေါ့။ ပါဝင်မှုကို ပြသတဲ့သဘော။ အဓိက အနှစ်သာရက နောက် လေးရက်မှာ လုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲက အဓိကပေါ့။ ဒီဖufဒရယ် အခြေခံသဘောတရားတွေ မူတွေ ကျနော်တို့လုပ်မယ်။ အဲဒါက ဘာလဲ ဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေ အစဉ်အဆက်ပြောနေတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ Solution က ဘာလဲဆိုတော့ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်ပေါ့။ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်ရရင် နိုင်ငံရေး ပြဿနာ ပြေလည်ပြီ ဆိုတဲ့ သဘောရှိတယ်။
အဲဒီတော့ ချဉ်းကပ်မှုက ဘာလဲဆိုတော့ ဒီနေ့ အတိုင်ပင်ခံလည်း မိန့်ခွန်းမှာ သူ့ရဲ့ အစိုးရမူဝါဒ ပြောပါလိမ့်မယ်။ ကျနော် တို့ရဲ့ မူက ဘာလဲ ဆိုတော့ အဓိက နိုင်ငံရေးပြဿနာ ဖြေရှင်းရေးပါပဲ။ အခု အများကပြောနေတယ်။ NCA က ဘာဖြစ် တယ်။ ညာဖြစ်တယ် ပြောနေတယ်။ NCA က Not the end အဆုံး မဟုတ်ဘူး။ ဒီဟာကို ဖြတ်ပြီးမှ ကျနော်တို့က တကယ့် အရေးကြီးတဲ့ Political dialogue ကိုသွားရမယ်။ အခုကျနော်တို့ သွားနေတာက ဇစ်မြစ်ကို ဖြေရှင်းရေး။ PD မှာလည်း ဒီနေ့ ဒီညီလာခံမှာ လာပါလိမ့်မယ်။ ကျနော်တို့ အရင်တုန်းက မဆွေးနွေးဘူးတဲ့ ဆွေးနွေးခွင့်မရခဲ့တဲ့ ကိုယ်ပိုင် ဖွဲ့စည်းပုံ Constitution တွေ ပြည်နယ် (ဖွဲ့စည်းပုံ ရေးဆွဲရေး)တွေ ဒါတွေလာမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဘယ်လို အဓိပ္ပာယ် ဖွင့်မလဲ။ ဘယ်လိုပေးကြမလဲပေါ့။
ဦးဆမ်လော့
ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)
တာချီလိတ် ပြင်ပ ဆက်ဆံရေးရုံး တာဝန်ခံ
ပထမပင်လုံကတည်းက တက်ဖို့ ဆုံးဖြတ်ထားတယ်။ ပထမအသုတ်တုန်းက ဧည့်သည်တော်အဖြစ်ပဲ ဖိတ်ကြားတဲ့ အတွက် ကျနော်တို့ ပြီးဆုံးတဲ့အထိ မတက်ခဲ့ဘူး။ ကျနော်တို့ တရားဝင်ကိုယ်စားလှယ်လည်း မဟုတ်ဘူး။ အဲ့ဒီလို အသတ်မှတ် မခံရ လို့ မတက်ခဲ့တာ။
ပင်လုံကို တိုင်းရင်းသားတွေ အခြေခံမူနဲ့ပတ်သက်တဲ့ လိုအပ်တဲ့ စာတမ်းတွေ တင်ပြမှာပါ။
လာရောက်ပူးပေါင်းဖြစ်တာက အထက်နိုင်ငံတော်အတိုင်ပင်ခံရဲ့ ရည်မှန်းချက်အတိုင်း ပန်းတိုင် ပိုပြီး ဖြစ်မြောက်အောင်၊ အောင်မြင်အောင်လို့ ကျနော်တို့က လာတက်ခြင်းဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အားလုံး တန်းတူ ညီမျှ ကျနော်တို့ တိုင်းပြည်ရဲ့ နှစ်ရှည်လများ ဖြစ်နေတဲ့ အဖြစ်အပျက် ပြဿနာတွေ အမြန်ပြေလည်အောင် ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ တက်ဖြစ်ပါတယ်။
ကျနော်တို့ NCA လမ်းကြောင်းအတိုင်း မသွားတယ်ဆိုတာက NCA က တတိုင်းပြည်လုံး ငြိမ်းချမ်းရေးဆိုပြီး ပြောပြီး ယနေ့ ငြိမ်းချမ်းရေးစကား ပြောပေမယ့် လက်နက်သံ တချိန်လုံး ကြားနေရတယ်။ အဲဒါ ပြောတဲ့စကားလုံးနဲ့ လုပ်နေတဲ့ လုပ်ရပ် တွေက ညီမျှမှု မရှိဘူး။ ငြိမ်းချမ်းရေးဆိုပြီး တတိုင်းပြည်လုံးဆိုပြီး ဖယ်ချန်ထားတဲ့ အုပ်စုတွေကလည်း ရှိတယ်။
လဖိုင်ဆိုုင်းရော်
ပါဝင်သင့်ပါဝင်ထိုက်သူ
စားပွဲပေါ်မှာ ကျမတို့ရဲ့ နှစ်ပေါင်း ၇၀ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို အခုလို စုစုဝေးဝေးနဲ့ ဆွေးနွေးမယ်ဆိုရင် အဖြေရမယ်ဆိုတာ လက်ခံယုံကြည်တယ်။ ဒါကြောင့်မို့ ဒီနေရာမှာ ကျမ ပါဝင်ခြင်း ဖြစ်တယ်။ တဘက်တည်းမှာလည်း ကျမတို့ရဲ့ ပါဝင်မှုဟာ မပြီးပြည့်စုံသေးဘူး။ ဘက်ပေါင်းစုံ မပါသေးဘူး။ ဒါ့ကြောင့် အားလုံးပါဝင်လာအောင် လမ်းဖွင့်ဖို့ လို တယ်။ ဆက်ပြီးတော့လည်း ကြိုးစားဖို့လိုတယ်လို့ မြင်ပါတယ်။
ဖဒိုစောကွယ်ထူးဝင်း
KNU ဒု ဥက္ကဌ နှင့် UPDJC အထွေထွေ အတွင်းရေးမှူး
ကျနော်တို့က မူလသဘောထား ရှိတဲ့အတိုင်းပဲ ပထမအကြိမ်တုန်းက ကျနော်တို့ ငြိမ်းချမ်းရေး အုတ်မြစ်ချနိုင်တယ်။ ဒုတိယအကြိမ်မှာကျတော့ အားလုံးပါဝင်တဲ့ အားလုံးပိုင်ဆိုင်တဲ့ ငြိမ်းချမ်းရေး စတင်နိုင်ဖို့၊ တတိယအကြိမ်မှာ အားလုံး လက်ခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူ ဒါကိုရရှိဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်။ ကျနော်တို့ ဒီအစည်းဝေးမှာတော့ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေက ဆွေးနွေးပြီးတော့ အားလုံးလက်ခံတဲ့ အခြေခံမူတခု ရရှိဖို့ ဆွေးနွေးသွားမှာပါ။
တဖက်ကလည်း ကျနော်တို့ဒီ အားလုံးမပါပေမယ့် အားလုံးပါမယ့် သဘောထားကို ညီလာခံ အပြင်ဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး စုစည်းဆောင်ရွက်တဲ့ အပိုင်းလည်း ရှိပါတယ်။ ဒါက ကျနော်တို့ ညီလာခံမှာ ဆက်ပြီးတော့ ဆွေးနွေးရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။
ဒီဒီမိုး
ဖိတ်ကြားသော တိုင်းရင်းသား ကိုယ်စားလှယ်
ပလောင် (တအာင်း) အမျိုးသားပါတီ
ဒီတကြိမ်တော့ မြောက်ပိုင်း မဟာမိတ်တွေလည်း ပါလာတယ်ဆိုတော့ ဒါက ငြိမ်းချမ်းရေးလမ်းစ အရင်ကထက်စာရင် နည်းနည်းလေးပို ပွင့်လင်းလာတယ်လို့ မြင်တယ်။ ဒါပေမယ့် အများကြီးတော့ မမျှော်လင့်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုမှ အစပဲ ရှိသေးတယ်။ ဒီနေ့ ဒီအချိန် ဒီမှာ ညီလာခံလုပ်နေတယ် ဆိုပေမယ့် ကျမတို့ ဒေသမှာက တိုက်ပွဲတွေက နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတယ်ဆိုတော့ တကယ့်ငြိမ်းချမ်းရေးက အများကြီး မျှော်လင့်လို့မရသေးဘူး။ ဒါပေမယ့် ပထမ တခေါက်နဲ့စာရင်တော့ အများကြီး တိုးတက်လာတယ်လို့ မြင်တယ်။
ဦးခွန်မြင့်ထွန်း
ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်
NCA လမ်းကြောင်းအတိုင်း သွားသင့်မသင့် စဉ်းစားနေတဲ့ ညီနောင်တွေ မြောက်ပိုင်း ညီနောင်တွေ အနေနဲ့လည်း ဒီပွဲမှာ ပါဝင်ပြီးတော့ ဆောင်ရွက်တာဟာ ကျနော်တို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အင်မတန် အရှိန်အဟုန်နဲ့ အားကောင်းသွားမယ်လို့ မျှော်လင့်ပါတယ်။
အရင်ညီလာခံမှာတော့ အားလုံးရဲ့ သဘောတူညီချက်ဆိုတာ မရှိခဲ့ပါဘူး။ ဒီညီလာခံမှာတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်များ အားလုံးရဲ့ သဘောထား၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင် ကဏ္ဍက အချို့သော အခြေခံမူတွေကို ကျနော်တို့ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။
အဲဒီကဏ္ဍအလိုက် မူဝါဒ အဆိုပြုလွှာတွေကို ဒီနေ့တင်သွင်းမှာ ဖြစ်ပါတယ်။ လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်လို့လည်း အဆို ပြုလွှာ မတင်နိုင်ပေမယ့် တခုတည်းသော တပ်မတော် ထားရှိရေး ဆိုတာကို မူအားဖြင့် သဘောတူကြတယ်။
အားလုံးပါဝင်ရေး မူဆိုတာ NCA ရဲ့ အခြေခံမူတရပ် ဖြစ်ပါတယ်။ အခု အားလုံး မပါဝင်နိုင်သေးတာကလည်း အကြောင်း တွေ ရှိပါတယ်။ ဒီမူကိုတော့ ကျနော်တို့ စွန့်လွှတ်လို့ မရဘူး။ အားလုံးပါဝင်နိုင်အောင် အားလုံး လက်ခံနိုင်တဲ့ မူဝါဒတွေ ချမှတ်နိုင်အောင် ဆက်လုပ်သွားရမှာပါ။
ဦးခွန်ဆိုင်း
သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ်
အခုလောလောဆယ်ကတော့ မျှော်လင့်ချက်နဲ့ပဲ လုပ်ရမှာပေါ့။ သူတို့မပါလာလို့ ဆက်မလုပ်ဘူးဆိုရင်လည်း ကျနော်တို့ လုပ်နေတဲ့ လုပ်ငန်းက ရပ်တန့်သွားမှာပဲ။ သူတို့မပါဘူး ဆိုရင်လည်း ကြားမှာပဲ။ တဖက်က ရပ်တန့်ပြိုကွဲသွားမှာနဲ့ တဖက် က ကြာမှာနဲ့ ချင့်ချိန်ပြီးတော့ သူတို့ ပါလာအောင် ဘယ်လို လုပ်မလဲဆိုတာ ဝိုင်းဝန်းစဉ်းစားဖို့ လိုပါတယ်။
ဥပမာ ဆိုပါတော့ ဒီအဖွဲ့တွေကို NCA လက်မှတ်ထိုးပါ ဆိုရုံလောက်နဲ့တော့ မပြီးဘူး။ လက်မှတ်ထိုးရင် ဘာအကျိုးတွေ ရမလဲဆိုတာပါ သေချာ ရှင်းပြဖို့ လိုပါတယ်။ အဲဒီလိုဆိုရင်တော့ သူတို့ပါတဲ့ လမ်းက ပိုများလာမယ်လို့ ထင်ပါတယ်။
ဦးကျော်ဝင်း
မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ
ငြိမ်းချမ်းရေး လုပ်ရတာ ကျနော်တို့ တိုင်းပြည်က ပိုခက်တယ်။ လူမျိုးစုတိုင်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတယ်။ တချို့ဆို တဖွဲ့တောင် မကဘူး။ အဲဒီအနေအထားမှာ All Inclusive ဆိုတာက လက်တွေ့ကျတော့ သိပ်မလွယ်ဘူး။ ဒါပေမယ့် အများဆုံး ပါနိုင်ရင်တော့ ကောင်းတာပေါ့။
ဘာကြောင့်လဲဆိုတော့ Constitution လမ်းကြောင်းအတိုင်း ဆိုရင် သိပ်ခက်တယ်။ ဒီ NCA ကနေလာတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကနေ ပြင်ဖို့ဆိုရင် ဖြစ်နိုင်တယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့ သွားနေတဲ့ ၂၁ ရာစု ပင်လုံကို မူအရ ထောက်ခံတယ်လို့ ပြောရမှာပဲ။ ဒါက ဖြစ်နိုင်ခြေ အများဆုံးပဲ။
NCA လမ်းကြောင်းက ဖြစ်နိုင်ခြေများတယ်။ သေချာပေါက်တော့ ပြောလို့မရဘူး။ လက်ရှိ ရှိနေတဲ့အထဲမှာတော့ ဒီလမ်းကြောင်း က ဖြစ်နိုင်ခြေ အများဆုံးပဲ။
အခုက UPDJC က အတည်ပြုထားတဲ့ ၄၁ ချက်ကို ဆွေးနွေးမယ်ဆိုတာတော့ သိတယ်။ ဘာတွေပါလဲဆိုတာ မသိဘူး။ ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာလည်း သိပ်နားမလည်ဘူး။ သတင်းစာထဲမှာ ပါတာလည်း မရှင်းဘူး။ ဘာမှန်းကို မသိသေး တာ။